Saturday, September 14, 2019

ပြည်ထောင်စု ပြိုကွဲမှာ ဒို့မကြောက်ပါ

``ပြည်ထောင်စု ပြိုကွဲမှာ ဒို့မကြောက်ပါ´´ ဤပြည်ထောင်စုတိုင်းပြည်ကြီးသည် မပူးပေါင်းခင်တုန်းက ``အကွဲကြီး´´ဖြစ်ပြီး ပူးပေါင်းသည့်နေရာတွင်လည်း ``ခွဲထွက်ပိုင်ခွင့်´´ကို အပြန်အလှန် ကတိကဝတ်များ ပြုခဲ့ကြခြင်းကြောင့် ခွဲရေး၊တွဲရေးကိစ္စသည် ကြောက်စရာကောင်းရမည့်ကိစ္စ မဟုတ်ရပေ ။ ထို့ပြင် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၀ ၊ ပုဒ်မ ၂၀၂ တွင်လည်း ``ပြည်နယ်များသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မှစ၍ နောင် ၁၀ နှစ် အတွင်း ခွဲထွက်ခွင့်အာဏာကို အသုံးမပြုရ´´ဟူ၍ ပြဋ္ဌာန်းထားခြင်းကြောင့် ဤပြည်ထောင်စုတိုင်းပြည်ကြီးသည် ၁၉၅၇-၅၈ ကတည်းကပင် ဥပဒေကြောင်းအရ အသာလေး ပြိုကွဲလို့ရနေပြီဖြစ်၏ ။ ထို့ကြောင့် ပြည်ထောင်စုပြိုကွဲခြင်းသည် ကြောက်စရာကောင်းရမည့်ကိစ္စ မဟုတ်ရပေ ။ တစ်ခါ လောကနိယာမအရလည်း ``ကိုယ့်လူမျိုးကိုယ်ပြန်အုပ်ချုပ်ခွင့်နှင့် ကိုယ့်အမျိုးသားနိုင်ငံတော်ဖြင့် ကိုယ်နေချင်မည်´´ဟူသော ဆန္ဒများကို ကိုယ်ချင်းစာကြည့်သော် ပြည်ထောင်စုပြိုကွဲရေးသည် သာ၍ပင် ကြောက်စရာ မကောင်းတော့ပေ ။ သို့သော် ပြည်ထောင်စုတစ်ခုသည် အားတိုင်းယားတိုင်း ပြိုကွဲနေ၍တော့ မဖြစ် ။ ``ပူးပေါင်းထားပြီးအကျိုးမရှိမှ´´ ``ပူးပေါင်းထားပြီး အကျိုးယုတ်နေမှ´´သာလျှင် ပြိုကွဲထိုက်သည် ဖြစ်၏ ။ ထို့ကြောင့် ဤပြည်ထောင်စုတိုင်းပြည်ကြီးသည် ပူးပေါင်းထားခြင်း၌ အကျိုးမရှိပြီလော ? သို့တည်းမဟုတ် ပူးပေါင်းထားခြင်း၌ အကျိုးယုတ်နေပြီလော ? ဟူ၍ မေးခွန်းထုတ်ဖို့လို၏ ။ ဟုတ်ကဲ့ ။ ထိုသို့မေးခွန်းထုတ်သော် ထိုမေးခွန်းများ၏အဖြေသည် မြို့ပြနေပြည်သူလူထုအတွက် ``ဖင်မယားစမ်းပါနဲ့ကွာ´´ဟု အဖြေထွက်သော်လည်း ကျေးလက်နေ တိုင်းရင်းသားလူမျိုးများအတွက်မူ ``မေးရက်လိုက်တာဗျာ´´ဟူ၍ အဖြေထွက်၏ ။ ယခုလက်ရှိအနေအထားတွင် တိုင်းရင်းသားလူမျိုးများသည် အမျိုးသားတန်းတူညီမျှမှု ဆုံးရှုံးနေခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ပါးနေကြပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိခြင်းကြောင့်လည်း လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေကြခြင်းဖြစ်၏ ။ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်ရရှိရန်နှင့် ပြည်ထောင်စုမပြိုကွဲစေရန်အတွက်ဆိုလျှင် အနာဂတ်ပြည်ထောင်စုဖွဲ့စည်းပုံတွင် အမျိုးသားတန်းတူညီမျှမှုကို ပုံဖော်ပေးပြီး တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်များကို အပြည့်အဝ ပြဋ္ဌာန်းပေးထားဖို့လို၏ ။ ထို့ပြင် ``ခွဲရေး၊တွဲရေး´´ကိစ္စကိုလည်း တည့်တည့်ဖြောင့်ဖြောင့် ရေးပေးထားဖို့လို၏ ။ ဥပမာ - အောက်ပါပြဋ္ဌာန်းချက်နှင့်ညီလျှင် ဘယ်သောအခါမှ ခွဲထွက်ပိုင်ခွင့် မရှိစေရ - (က) မိုးရွာသောနေ့များ… ( ခ ) မိုးမရွာသောနေ့များ… ( ဂ ) ……………………………… (ဃ) ……………………………… အောက်ပါပြဋ္ဌာန်းချက်များနှင့်ညီလျှင် ခွဲထွက်ပိုင်ခွင့် ရှိစေရမည်- (က) မိုးအုံ့နေသောနေ့များ… ( ခ ) မုန်တိုင်းရှိသောနေ့များ… ( ဂ ) ………………………………… (ဃ) ………………………………… စသဖြင့် တည့်တည့်ဖြောင့်ဖြောင့် ရေးထားဖို့ လို၏ ။ ဤနေရာတွင် ကျွန်ုပ်တစ်ဦးတည်း၏ ပုဂ္ဂလဓိဋ္ဌာန်အမြင်ကို ပြောရသော် ``ခွဲထွက်ပိုင်ခွင့် မရှိစေရ´´ဟူသောနေရာတွင် ``State အသီးသီးသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိနေသမျှ ကာလပတ်လုံး ဘယ်သောအခါမှ ခွဲထွက်ပိုင်ခွင့် မရှိစေရ´´ဟု ထည့်သွင်းထားမည်ဆိုသော် တိုင်းရင်းသားလူမျိုးများသည် ကိုယ့်ပြည်နယ် ကိုယ့်ကိုယ်ပိုင် အပြည့်အဝ ပြဋ္ဌာန်းပိုင်ခွင့် ရှိနေခြင်းကြောင့် သဘောတူကြလိမ့်မည် ဖြစ်၏ ။ ထို့ပြင် အစိုးရနှင့်ဗမာလူမျိုးတို့သည်လည်း ကိုယ့်အိတ်ကပ်ထဲက စိုက်ပေးရသည့်အလုပ် မဟုတ်သောကြောင့် သဘောတူကြလိမ့်မည် ဖြစ်၏ ။ တစ်ခါ ``ခွဲထွက်ခွင့် ရှိသည်´´ဆိုသော နေရာတွင်လည်း ``State အသီးသီးသည် အစိုးရကသော်လည်းကောင်း ၊ ဗမာလူမျိုးများကသော်လည်းကောင်း တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ချိုးဖောက်လာခဲ့သော် ခွဲထွက်ပိုင်ခွင့် ရှိစေရမည် ။ ထိုခွဲထွက်ခွင့်အား ပြည်နယ်လွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ် ( - ) ရာခိုင်နှုန်းက သဘောတူလျှင်ဖြစ်စေ ၊ သို့တည်းမဟုတ် ဆန္ဒခံယူပွဲကျင်းပ၍ အများဆန္ဒအတိုင်း ဆောင်ရွက်ရမည်´´ ဟူ၍ ဖြစ်စေ ပြဋ္ဌာန်းသင့်၏ ။ ထိုသို့ဆိုလျှင် ဤပြည်ထောင်စုတိုင်းပြည်ကြီး၏ ``ခွဲရေး၊တွဲရေး´´ကိစ္စသည် အစိုးရနှင့်ဗမာလူမျိုးတို့၏ လက်ထဲတွင် အခရာကျနေပြီး အစိုးရနှင့်ဗမာလူမျိုးများ လူ့ကျင့်ဝတ်ကို စောင့်ထိန်းနေသမျှကာလပတ်လုံး ဤပြည်ထောင်စုသည် ပြိုကွဲစရာ အကြောင်းမရှိတော့ပေ ။ အစိုးရနှင့်ဗမာလူမျိုးများ တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လေးစားနေသမျှ ကာလပတ်လုံး ဤပြည်ထောင်စုသည် ပြိုကွဲစရာအကြောင်း မရှိတော့ပေ ။ ထို့ကြောင့် ပြည်ထောင်စု ပြိုကွဲရေးသည် ကြောက်နေရမည့်ကိစ္စမဟုတ်ဘဲ လေးစားလိုက်နာနေရမည့်ကိစ္စသာဖြစ်ကြောင်း ၊ ထို့ပြင် အစိုးရနှင့်ဗမာလူမျိုးများအတွက် ပြည်ထောင်စုမပြိုကွဲရေးဆိုသည်မှာ သူများကိုချည်း တာဝန်ပေးနေ၍မရဘဲ ကိုယ်ကလည်း တာဝန်ယူဖို့လိုအပ်ကြောင်း တင်ပြလိုက်ရပါ၏ ။ ဆုံပါဦးမည် ။ ။ credit ;............

0 comments: