Wednesday, August 28, 2019

လူလားမမြောက်သေးတဲ့ မြန်မာစစ်တပ်


မေမြို့ကို တိုက်လို့ TNLA က လူမဆန်ဘူးဆိုရင် ထားလိုက်ပါ။ ဒါပေမယ့် ဒါကို တိုက်တာ TNLA တစ်ဖွဲ့ထဲ မဟုတ်ဘူး။ မြောက်ပိုင်းမဟာမိတ်အနေနဲ့ တိုက်တာပါ။ Federal Union Army အနေနဲ့ တိုက်တာပါ။ အမှန်ကို ပြောရရင် ဗမာစစ်တပ်နဲ့ ဖက်ဒရယ်တပ်မတော်တို့ကြား တိုက်တဲ့ စစ်ပွဲပါ။ ပြဿနာက တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်-ထွန်းထွန်းညီက တကယ်ပဲ အဲ့လို အယုံအကြည် ရှိပြီး ပြောခဲ့သလားဆိုတာပဲ။ ဘာကြောင့်လဲဆိုခဲ့ရင် သတင်းမှန် ပြန်ကြားပါတယ်ဆိုတဲ့ ဒီဗမာစစ်တပ်ဟာ အလိမ်အညာ ပလီပလာ အပြောဆုံးအဖွဲ့ ဖြစ်နေလို့ပဲ။ တိုင်းပြည်အတွက် လုပ်တာ အားလုံး တရားတယ်လို့ ဦးနှောက်အဆေးခံထားရတဲ့ ဒီနယ်ရုပ်ဗိုလ်ချုပ်တွေမှာ အမှန်တရားကို ရင်ဆိုင်ဖို့ သတ္တိ ဘယ်တုန်းကမှ မရှိခဲ့လို့ပါပဲ။ ၂၀၁၄ ခုနှစ်၊ နိုင်ဝင်ဘာလ (၁၉)ရက်နေ့က ကချင်ပြည်နယ် ခယာဘွန် အခြေစိုက် မြန်မာအစိုးရ ခြေမြန်တပ်ရင်း (ခမရ-၃၈၉) တပ်ဖွဲ့ကနေ ၁၀၅ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ KIA အရာရှိဗိုလ်သင်တန်းကျောင်းကို ထိမှန်ခဲ့တယ်။ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးရပြီး ၂၀ ဦး ဒဏ်ရာရခဲ့ကြတယ်။ အဆိုပါတိုက်ခိုက်မှုနဲ့စာရင် လက်ရှိ DSTA တိုက်ခိုက်ဟာ မပြောပလောက်ပါဘူး။ အဲ့ဒီတုန်းက တိုက်ခိုက်မှုအပြီးမှာ UNFC အဖွဲ့က မြန်မာစစ်တပ်ကို ရှုတ်ချခဲ့တယ်။ KIA ကတော့ လိုင်ဇာနား ချထားတဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးစခန်းတွေကို ရုပ်သိမ်းပေးဖို့ပဲ တောင်းဆိုခဲ့တာပါ။ အဲ့ဒီတုန်းက ကျဆုံးသွားတဲ့ ဗိုလ်လောင်းတွေထဲမှာ တအာင်း (ပလောင်)ဗိုလ်လောင်းတွေက အများဆုံး ဖြစ်ပြီး ရခိုင်ဗိုလ်လောင်းတွေလည်း မနည်းခဲ့ပါ။ ဗိုလ်ချုပ်ထွန်းထွန်းဦးအနေနဲ့ အဆိုပါ ဖြစ်ရပ်ကို မေ့ခဲ့မှာ မဟုတ်ပါ။ ဒါပေမယ့် အဲဒီဖြစ်ရပ်ဟာ လူမဆန်တဲ့ လုပ်ရပ်ပါလို့ မြန်မာစစ်တပ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ ငြိမ်းချမ်းရေးကို အနှောင့်အယှက် ဖြစ်စေတယ်လို့လည်း မကျေညာခဲ့ပါဘူး။ ဗိုလ်လောင်းသင်တန်းကို တိုက်လို့ လူသားမဆန်ဘူးဆိုခဲ့ရင် မြန်မာစစ်တပ်က ရွာတွေကို မီးရှို့ခဲ့တာ၊ ဘုရားကျောင်းတွေကို ဖျက်ဆီးခဲ့တာ၊ အရပ်သားတွေကို ဖမ်းဆီးချုပ်နှောင်ခဲ့တာ၊ အပြစ်မဲ့တွေကို နှိပ်စက်သတ်ဖြတ်ခဲ့တာ၊ အမျိုးသမီးတွေကို အုပ်စုလိုက်မုဒိမ်းကျင့်ပြီး အလောင်းဖျောက်ခဲ့တာတွေဟာ လူသားဆန်ခဲ့သလားလို့ မေးရပါ့မယ်။ ပြည်တွင်းစစ် ဖြစ်တယ်ဆိုတာ ပြည်မမှာ ဖြစ်နေတာမဟုတ်၊ ပြည်နယ်တွေမှာ ဖြစ်ခဲ့လို့ ဗမာမဟုတ်တဲ့လူမျိုးတွေက ဒီဒဏ်ကို ခံစားရပါတယ်။ ဒါဟာ ဘယ်သူကမှ ငြင်းဆိုလို့ မရတဲ့ အချက်တွေပါ။ ဒါပေမယ့် မေမြို့ရှိ DSTA အတိုက်ခံရတာနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေကြောင်း၊ ရှုတ်ချပါကြောင်း ပြောနေရုံနဲ့ မပြီးပါ။ မြန်မာစစ်တပ် အတိုက်ခံရလို့ NLD အစိုးရလည်း ကျေညာချက်တွေ ထုတ်ပြန်၊ တရုတ်အစိုးရလည်း ကျေညာချက်တွေ ထုတ်ပြန်ပြရုံနဲ့ အများက ယုံကြမှာမဟုတ်ပါ။ ဘာကြောင့်လဲ။ သတင်းမှန်ပြန်ကြားရေးအဖွဲ့ဆိုပြီး ပြောတိုင်း ပြည်သူတို့က အယုံအကြည်ရှိကြမှာမဟုတ်လို့ပဲ။ မကြာခင်က စစ်တပ်နဲ့ ပတ်သက်တဲ့ အကောင့်ပေါင်း (၂၀၀)ခန့်ကို ပိတ်လိုက်တာက သက်သေပါ။ ဒါက မြန်မာစစ်တပ်မီဒီယာဆိုတာ ဘာလဲ ဘယ်လဲ ဆိုတာ နိုင်ငံတကာက အသိပေးလိုက်ခြင်းပဲ ဖြစ်တယ်။ ပရိုဖက်ရှင်နယ် မဆန်တဲ့ စစ်တပ်ပါလို့ ကမ္ဘာကို အသိပေးလိုက်ခြင်းလည်း ဖြစ်တယ်။ စစ်တပ်နောက်ကြောခံ အဆိုပါ အကောင့်တွေဆိုတာ လက်ရှိ သတင်းမှန်ပြန်ကြားရေးအဖွဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်နေခဲ့တယ်ဆိုတာ မေးစရာတောင် မလိုပါ။ အမှန်ကို ပြောရရင် အခြားဘာသာဝင်များမုန်တီးရေး၊ အခြားလူမျိုးများကြား သွေးကွဲစေရေး စတဲ့ အဖျက်အမှောင့်ဝါဒဖြန့်မှုတွေအားလုံးဟာ ဒီအကောင့်တွေဆီက လာတာ ဖြစ်တယ်။ မွန်တွေကို သမိုင်းနဲ့ တိုက်ပြီး မွန်သမိုင်းကို ပျက်စေရမယ်လို့ ကြုံဝါးနေတဲ့ အုပ်စုတွေကလည်း စစ်တပ်ရဲ့ ကျောထောက်နောက်ခံကို ရရှိထားကြောင်း မိမိ အစဉ်တစိုက် ရေးခဲ့ပါတယ်။ ဒီမှာ ပြောချင်တာက မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ဟာ ပြုပြင်ပြောင်းလဲဖို့ ဘယ်တုန်းကမှ စိတ်မဝင်စားကြပါဘူး။ သူတို့ဟာ လူလားမမြောက်သေးတဲ့ ကလေးတစ်ယောက်လို သူတို့ဖြစ်ချင်ရာကိုပဲ ဇွတ်လုပ်နေကြတယ်။ အထင်ရှားဆုံးကတော့ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုကို ထူထောင်ဖို့ အစိုးရရော စစ်တပ်ပါ စိတ်ဝင်စားပုံ လုံးဝမပြပါဘူး။ ၂၁ ရာစု ပင်လုံအတုညီလာခံမှာ ရရှိထားတဲ့ အချက်ပေါင်း(၅၁)ချက်ဆိုတာကလည်းပဲ နာဂစ်ဖွဲ့စည်းပုံလိုပဲ တပြည်ထောင်နိုင်ငံတစ်ခုကိုပဲ မွေးထုတ်နိုင်ပါလိမ့်မယ်။ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ရေးမှာလည်းပဲ အခြားလူမျိုးများက ကိုယ့်ဆိုင်ရာပါတီတွေကို မဲမပေးခဲ့လို့ ဖွဲ့စည်းပုံပြင်ဖို့၂၀ ရာခိုင်နှုန်းတောင် မရှိပါ။ အခု တင်လိုက်တဲ့ အချက်ပေါင်းများစွာကိုလည်းပဲ စစ်တပ်က သဘောတူလက်ခံမှ အတည်ပြုနိုင်မှာမို့လို့ စစ်တပ်က ပြင်ချင်ရင် ပြင်လို့ရမယ်၊ မပြင်ချင်ရင် ဘယ်သူကမှ ပြင်လို့ မရဘူးဆိုတဲ့ သဘောပါပဲ။ ဒီတော့ အဓိကဂြိုဟ်ကောင်ကတော့ စစ်တပ်ပါပဲ။ ဒီစစ်တပ်က professional ဖြစ်အောင် လုပ်မယ်ကြုံးဝါးနေပေမယ့် အရပ်သားအစိုးရအောက်ကို ဝင်ရောက်ဖို့ ခုထိ အရိပ်အယောင် မပြသေးပါ။ အရပ်သားအစိုးရအောက် မဝင်ရောက်တဲ့ စစ်တပ်တစ်ခုအနေနဲ့ ပရိုဖက်ရှင်နယ်စစ်တပ်တို့ ဘယ်နည်းနဲ့ ပြောလို့ ရပါ့မလဲ။ အရပ်သားအစိုးရအောက် ရောက်သွားမှာစိုးလို့ လွှတ်တော်တွင်းဖွဲ့စည်းပုံရေးကိုလည်း မလေးစားသလို လွှတ်တော်ပြင်ပဖွဲ့စည်းပုံပြင်ရေးကိုလည်းပဲ အမျိုးမျိုးအနှောင့်အယှက်ပေးခဲ့ပါတယ်။ စစ်တပ်က နေရာတကာမှာ ဝင်ရောက်စွက်ဖက်နေလို့လည်း ဘယ်နေရာမှာမှ အဆင်မပြေလှပါ။ သန္ဓေမှားလို့ ဖက်ဆစ်ဂျပန်တွေဆီကနေ ပေါက်ဖွားလာခဲ့တဲ့ ဒီ BIA တပ်ဖွဲ့ဟာ လွှတ်လပ်ရေးမရခင်ကတည်းက စပြီး ဒီကနေ့အထိ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီး လုပ်ခဲ့တယ်။ နောက်လည်း စစ်ရာဇဝတ်မှုတွေ အများကြီး လုပ်နေပါအုံးမယ်။ ဘာကြောင့်လဲလို့ မေးရင် သူတို့ဘက်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေကို ဘယ်တုန်းကမှ ဘယ်သူကမှ အရေးယူအပြစ်ပေးခဲ့ခ်ြငးမရှိလို့ပါပဲ။ ဒီတော့ BIA မွေးကတည်းက ဒီကနေ့အထိ နှစ်ပေါင်း ၇၀ ကျော် ရှိခဲ့ပေမယ့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် မြန်မာစစ်တပ်ဟာ ခုထိ လူလားမမြောက်သေးပါဘူး။ သူတို့ကို လူကြီးလို သဘောထားပြီး ဆက်ဆံနေလို့လည်း အပိုပါ။ ဒီဖွဲ့စည်းပုံကို မပြင်နိုင်ခဲ့ရင် ဖွဲ့စည်းပုံအသစ် ရေးဆွဲရေးလမ်းကြောင်းကို ရွေးချယ်သင့်ပါတယ်။ ဒီလမ်းကြောင်း အောင်မြင်ဖို့ NLD အစိုးရအပေါ်မှာလည်း မူတည်တယ်။ ဘာကြောင့်လဲဆိုခဲ့ရင် မြန်မာစစ်တပ်ကို အကူအညီပေးခဲ့တဲ့နေရာမှာ NLD အစိုးရဟာ ဖွတ်အစိုးရထက် ပိုတာဝန်ရှိခဲ့လို့ပါပဲ။ credit ; U Ravika