Tuesday, August 7, 2018

တိုင်းရင်းသား လက်ရှိနိုင်ငံရေး အေုခအနေအကြပ်အတည်း

ဒီလိုစဉ်းစားဖူးပါသလား တိုင်းရင်းသားများ
(စာက ရှည်ပေမယ့် ဖတ်စေချင်)
-----------
၂၀၀၉ ခုနှစ်က စပြီး မိမိ ရေးခဲ့ဖူးတဲ့အချက် (၃)ချက် ရှိတယ်။ အဲဒါကတော့ အခြားမဟုတ်ဘူး။

၁။ ၂၀၀၈ ဖွဲ့စည်းပုံကို အံတုဖို့ တိုင်းရင်းသားအင်အားစုတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲအရှိန်ကို မြင့်တင်ရမယ်ဆိုတဲ့ အချက်ရယ်၊
၂။ ABSDF ကျောင်းသားတပ်မတော်ကို ပါဝင်စေလျက် ဖက်ဒရယ်တပ်မတော်တစ်ရပ်ကို ထူထောင်ပြီး လွတ်မြောက်နယ်မြေတစ်ခုကို ဖန်တီးကာ ပြည်နယ်များလွတ်မြောက်ရေးကို ဦးတည်စေမယ့် တော်လှန်ရေးအဆင့်အထိ တိုက်ပွဲပုံစံကို ပြောင်းလဲရမယ်ဆိုတဲ့ အချက်ရယ်၊
၃။ အကျယ်ချုပ် ကျနေတဲ့ ဒေါ်စုကို ဗဟိုပြုပြီး ၂၀၀၈ ကနေ ဖြစ်တည်လာမယ့် စစ်ကျွန်အစိုးရကို ယှဉ်နိုင်တဲ့ စင်ပြိုင်ဖက်ဒရယ်အစိုးရတစ်ရပ်ကို ထူထောင်ကာ သီးခြားရွေးကောက်ပွဲတွေကို ကျင်းပနိုင်ရမယ်ဆိုတဲ့ အချက်ရယ်ပါ။

၂၀၁၀ ခုနှစ်မှာ နိုင်ငံရေးပါတီ မထူထောင်ပါဘူးလို့ ကတိပြုခဲ့တဲ့ ပြည်ခိုင်ဖြိုးအဖွဲ့က နိုင်ငံတော်အဆောက်အုံတွေကို သုံး၊ မဲတွေကို ခိုးပြီး အစိုးရဖွဲ့နိုင်ခဲ့တယ်။ သိန်းစိန်ရဲ့ ပထမဆုံးမိန့်ခွန်းမှာ ဒီမိုကရေစီအင်အားစုများနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေက ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ဝင်ရောက်လာဖို့ သူ လုပ်ဆောင်မယ်ဆိုတဲ့အချက် ပါခဲ့တယ်။ တိုင်းရင်းသားလူငယ်တွေဟာ လက်နက်အစား လက်(ပ်)တော့ကို ကိုင်စေမယ်လို့ ကြုံးဝါးခဲ့တဲ့ သိန်းစိန်ပါ။

အဲ့နောက်မှာ CEFU, UNFC ဖြစ်တည်လာတော့ သိန်းစိန်အစိုးရကို အံတုနိုင်မယ့် တပ်ပေါင်းစုတစ်ခု ရခဲ့ပြီဆိုပြီး မျှော်လင့်ချက်တွေ တသီတတန်းကြီး ထားခဲ့ဖူးတာပေါ့။ နာဂစ်ဖွဲ့စည်းပုံကို " ဤနေရာတွင် စပြီး ဤနေရာတွင် ဆုံးပါသည်" ဆိုပြီး ပြက်ရယ်ပြုခဲ့ပါသေးတယ်။

ဒါပေမယ့် ၂၀၁၂ ခုနှစ်မှာ သိန်းစိန်အစိုးရက ဒေါ်စုနဲ့ ညှိနိုင်ခဲ့ပြီး ဒီချုပ်ဟာ CRPP နဲ့ ရွှေဂုံတိုင်ကျေညာချက်ကို ကျောခိုင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ဝင်ရောက်သွားခဲ့တယ်။ ၂၀၁၅ ခုနှစ်မှာ UNFC ကနေ ပဲ့ထွက်သွားတဲ့ KNU နဲ့ ရှမ်းအမျိုးသားရေးစိတ်ဓာတ် ပြင်းထန်တဲ့ RCSS တို့က PNLO နဲ့ CNF တွေကို စည်းရုံးကာ NCA ကို လက်မှတ်ထိုးလိုက်ခြင်းဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအောက် ဝင်ရောက်သွားခဲ့တယ်။

ဒီတော့ မိမိတို့က ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ဒေါ်စုတို့ ရွေးကောက်ပွဲ နိုင်ခဲ့ရင် ဖွဲ့စည်းပုံပြင်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အဆင်ပြေနိုင်လောက်တယ်ဆိုပြီး ဒီချုပ်ကို အားပေးခဲ့တယ်။ ဒေါ်စုကိုယ်တိုင်က NCA ကို အလျင်စလို လက်မှတ်မထိုးကြဖို့ ဆော်အော်ခဲ့သေးရာ ဒါဟာ ပြတ်ပြတ်သားသား ရပ်တည်မယ့် သဘောထားဖြစ်တယ်လို့ တွက်ဆခဲ့မိတယ်။ UNFC ခေါင်းဆောင်တွေကိုယ်တိုင်ကလည်း သိန်းစိန်အစိုးရနဲ့စာရင် ဒီချုပ်အစိုးရနဲ့ ညှိနှိုင်းရတာ ပိုလွယ်ကူမှာ ဖြစ်ကြောင်း မျှော်လင့်ချက် ထားခဲ့တယ်။ အဲ့နောက်မှာ UNFC ကနေ မြောက်ပိုင်းမဟာမိတ်တွေက ခွဲထွက်သွားပြီး FPNCC တပ်ပေါင်းစုအသစ်ကို ဖွဲ့စည်းခဲ့တယ်။

ဒါပေမယ့် ဒေါ်စုက ရွေးကောက်ပွဲကို အနိုင်ရတဲ့အခါ သစ်ခုတ်သမားတွေ မလိုတော့ပြီ၊ ပန်းပုပညာရှင်တွေပဲ လိုတယ်လို့ ပြောပြီး ဒီမိုကရေစီအင်အားစုတွေနဲ့ အဆက်ဖြတ်ခဲ့တယ်၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေကို ပြိုင်ဖက်အဖြစ် သတ်မှတ်ခဲ့တယ်။ လူမျိုးချင်းတူတဲ့ ဗမာလက်နက်ကိုင်တွေနဲ့ စေ့စပ်ညှိနှိုင်းတဲ့ အလုပ်တစ်ခုကိုပဲ ဦးစားပေး လုပ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ရိုက်ဆက်ဆံမယ့်အစား ဗမာလက်နက်ကိုင်တွေကနေတဆင့်ပဲ ဆက်ဆံလာခဲ့သည်မှာ ဒီကနေ့အထိ ဖြစ်တယ်။ အခု ကြားဖြတ်ရွေးကောက်ပွဲ ရှိတော့ ဒီချုပ်ပြောရေးဆိုခွင့်ရှိသူတွေက " ဖက်ဒရယ်အကြောင်း" ပြောလာပြန်ပါပြီ။ ဒီချုပ်အစိုးရဟာ အလုပ်ဖြစ်တဲ့ အစိုးရမဟုတ်ဘူးဆိုတာ တိုင်းရင်းသားတွေ မပြောနဲ့၊ ဗမာတွေကိုယ်တိုင်က သိနေခဲ့ကြပါပြီ။ ပုဂ္ဂိုလ်ရေးအစွဲ၊ လူမျိုးရေးအစွဲတွေ ရှိနေလို့သာ " ဒေါ်စုက လွဲပြီး အခြားခေါင်းဆောင်တွေ ရှိသေးလား"ဆိုပြီး ပလီပလာ ပြောကြရတဲ့အခြေအနေအထိ အကြောင်းဆိုက်ခဲ့ရပါတယ်။

ဒါပေမယ့် ICC စတဲ့ နိုင်ငံတကာဖိအားပေးမှုနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာအစိုးရနဲ့ မြန်မာလက်နက်ကိုင်တွေကို ဒီတစ်ခါ ဝင်ကယ်လိုက်တဲ့ အဖွဲ့အစည်းတွေကတော့ NMSP ခေါ် မွန်ပြည်သစ်ပါတီနဲ့ LDU ခေါ် လာဟူးဒီမိုကရက်တစ်အစည်းအရုံးတို့ပဲ ဖြစ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ဝင်ရောက်သွားကြတာပဲ ဖြစ်တယ်။ NCA လက်မှတ်ထိုးပြီး ၂၀၀၈ ဖွဲ့စည်းပုံအောက် ရောက်မရောက် သိချင်ရင် KNU ကို ပူပူနွေးနွေး သွားမေးကြည့်လို့ ရတယ်။ ကရင့်အာဇနည်နေ့မှာ NCA လက်မှတ်ထိုးပြီးသား KNU အနေနဲ့ စစ်ရေးမပြရဘူးဆိုပဲ။ NCA မှာ စစ်ရေးမပြရ မပါပေမယ့် အခြားပုဒ်မတွေမှာ ပါတဲ့ အချက်တွေကို အသုံးပြု၊ ၂၀၀၈ ဖွဲ့စည်းပုံအရ တည်ရှိနေတဲ့ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို အသုံးချပြီး တားမြစ်နေခြင်းပဲ ဖြစ်တယ်။

အခု ဒီချုပ်အစိုးရက မြန်မာလက်နက်ကိုင်တွေကတဆင့် မြောက်ပိုင်းမဟာမိတ်တွေနဲ့ ဝအဖွဲ့တွေ သွေးကွဲစေဖို့၊ KIA နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေ အထင်အမြင်လွဲမှားစေဖို့၊ NCA လက်မှတ်ထိုးပြီးသား RCSS ကို တည်ကြက်လုပ်ပြီး နယ်မြေအရှုပ်အရှင်းဖြစ်အောင် ဖန်တီးတာတို့ လုပ်ဆောင်နေဆဲမို့ ရှမ်းအချင်းချင်း ဖြစ်ပေမယ့် RCSS နဲ့ SSPP တို့ တိုက်ကြတဲ့အထိပါ။ ဒီလိုအနေအထားမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ မြန်မာအစိုးရနဲ့ မြန်မာလက်နက်ကိုင်တို့နဲ့ တန်းတူ ဆွေးနွေးနိုင်မှာမဟုတ်ဘူး။ နောက်ပြီး FPNCC ကို ဦးဆောင်နေတဲ့ UWSP မှာကိုးက မြန်မာလက်နက်ကိုင်ကို လိုလားတဲ့ အုပ်စုတွေ ရှိနေရာ ရင်လေးစရာတွေ အများကြီး ရှိပါတယ်။ ဒီအချိန်မှာ မြန်မာအစိုးရနဲ့ မြန်မာလက်နက်ကိုင်တွေက တရုတ်အစိုးရကိုပါ အသုံးချပြီး မြောက်ပိုင်းမဟာမိတ်တွေကို ဖိအားပေးစေခဲ့တာပါ။

အခု အတော့်ကို သေချာလွန်းနေပြီ။

မြန်မာအစိုးရနဲ့ မြန်မာလက်နက်ကိုင်တွေအပါအဝင် မြန်မာလူမျိုးအချို့က စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို လက်ခံဖို့ ဝန်လေးနေကြတယ်ဆိုတာ၊ ဒီချုပ်နဲ့မြန်မာလက်နက်ကိုင်တွေ သင့်မြတ်သွားတဲ့နောက်မှာ စစ်မှန်တဲ့ ဒီမိုကရေစီထက် တိုင်းပြည်ဖွံ့ဖြိုးဖို့က အဓိကလို့ သဘောထားနေကြတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်တယ်။ ဘာကြောင့် ဒီလိုအခြေအနေအထိ တိုင်းရင်းသားတွေ ခံခဲ့ရသလဲလို့ မေးရင် အချောင်သမားစိတ်ဓာတ်ကြောင့်လို့ ပြောရမှာ ဖြစ်တယ်။ ဖက်ဒရယ်ကို အချောင်နှိုက်လို့ ရတယ်ဆိုတဲ့ သေးသိမ်တဲ့ ခံယူချက်ကြောင့် ဖြစ်တယ်။

ဒီတော့ ဒီလိုစဉ်းစားဖူးပါသလား။

RCSS နဲ့ UWSP တို့က CEFU ထဲကို ဝင်၊ ဒါမှမဟုတ် UNFC ထဲကို ဝင်ပြီး EAOs တွေအားလုံး နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ စစ်ရေးအရပဲဖြစ်ဖြစ် central command တစ်ခုကို ထားနိုင်ခဲ့ရင်၊ စစ်အင်အားတစ်သိန်းကျော်ကို အခြေခံပြီး လွတ်မြောက်နယ်မြေတစ်ခုကို ထူထောင်နိုင်ခဲ့ရင်၊ အဲ့လွတ်မြောက်နယ်မြေတွေမှာ FCDCC ရဲ့ ဖက်ဒရယ်မူအတိုင်း ရွေးကောက်ပွဲကို ကျင်းပပြီးသီးခြားဖက်ဒရယ်အစိုးရတစ်ရပ်ကို ထူထောင်နိုင်ခဲ့ရင် နိုင်ငံတကာသံတမန်ရေးမှာ ဘယ်အတိုင်းအတာအထိ ထိုးဖောက်နိုင်မယ်ထင်သလဲ။ အခု ဘင်္ဂါလီတွေ ခရီးရောက်တာထက် အစပေါင်းများစွာ သာနေပါလိမ့်မယ်။

အဲ့ဒီ ဖက်ဒရယ်အစိုးရနဲ့ ဗမာအစိုးရ ညှိလိုက်ရင် ငြိမ်းချမ်းရေးရပါတယ်။ ရေသာချောင်ခိုချင်လို့ လုပ်နေတဲ့ လက်ရှိငြိမ်းချမ်းရေးဆိုတာ ပြည်တွင်းစစ်ကို အဆုံးသတ်ပေးနိုင်မှာမဟုတ်ဘူး။ အဲ့လို အယုံအကြည် မရှိလို့လည်း ထရွမ့်ရဲ့ ကုန်သွယ်ရေးစစ်ပွဲကို အံတုဖို့ တရုတ်က ထိုင်းနဲ့ ဗီယက်နာမ်ကိုပဲ ရွေးသွားခဲ့ပြီး (မြန်မာ)နိုင်ငံကို ကျော်သွားခဲ့တယ်။ တကယ်လို့ မိမိတို့မှာ ဖက်ဒရယ်အစိုးရနဲ့ ဖက်ဒရယ်တပ်မတော်တစ်ခု ရှိနေခဲ့ရင် လက်ရှိအနေအထားမှာ

(၁) ဗမာအစိုးရနဲ့ ဗမာလက်နက်ကိုင်တွေက မိမိတို့နဲ့အတူ ဖက်ဒရယ်ပြည်ထောင်စုမှာ နေမလား၊ ရုရှားက ဘောရစ်ယဲ့လ်ဆင်လိုမျိုး သီးခြားဗမာနိုင်ငံကို ထူထောင်မလား စိန်ခေါ်လို့ ရတယ်၊
(၂) တကယ်လို့ မိမိတို့နဲ့အတူ ဖက်ဒရယ်ပြည်ထောင်စုမှာ နေလိုခဲ့ရင် လူများစုဗမာတွေအနေနဲ့ ဗဟိုအစိုးရနဲ့ တိုင်းများကို ချုပ်ကိုင်ထားတဲ့ လက်ကို ဖြေလျှော့ပေးရမှာ ဖြစ်ပြီး ဗမာပြည်နယ်တစ်ခုကို ချက်ချင်းဖွဲ့စည်းရမှာ ဖြစ်တယ်။
(၃) UPDJC ရှိနေမှာမဟုတ်သလို မူလပင်လုံကို ဖျက်ဆီးမယ့် ၂၁ ရာစုပင်လုံလည်း ပေါ်လာစရာ မရှိတော့ပါ။ အဲ့အစား ကုလသမဂ္ဂမှာ မိမိတို့ကိုယ်စားလှယ်တွေနဲ့ ဗမာ့ကိုယ်စားလှယ်တွေက နိုင်ငံတကာအသိသက်သေတွေရှေ့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနေကြလောက်ပါပြီ။

0 comments: