Wednesday, March 22, 2017

သူပုန်ဖြစ်ရတာ ဂုဏ်ယူကြပါ...


(တိုင်းရင်းသားတိုင်း ဖတ်စေချင်တယ်)

မွန်၊ ရခိုင်၊ တနသာင်္ရီမှာ ဓာတ်ငွေ့ထွက်တယ်။ သယံဇာတတွေ ထွက်တယ်။ ရေနက်ဆိပ်ကမ်းတွေ လုပ်လို့ ရတယ်။ ရေလုပ်ငန်း၊ ရာဘာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ အကြီးအကျယ် လုပ်လို့ရတယ်။ လမ်းပန်ဆက်သွယ်ရေးကလည်း အင်္ဂလိပ်လက်ထက်ကဆိုရင် အကောင်းဆုံးပါပဲ။ ခရီးသွားလုပ်ငန်းတွေအတွက် နိုင်ငံခြားအရံငွေတွေ ဒေါ်လာသန်းပေါင်းများစွာ ရှာပေးနိုင်တဲ့ အခွင့်အလမ်းရှိတယ်။ လူဦးရေနဲ့ ပညာတတ်မှုနှုန်းကလည်း ဖွံ့ဖြိုးအောင် လုပ်ဖို့ လုံလောက်တယ်။ ဒါပေမဲ့ မွန်၊ ရခိုင်၊ တနသာင်္ရီမှာ မြို့ကြီးတွေ ဆုတ်ယုတ်သွားတယ်။ ပြည်မမှာ မြို့ကြီးတွေ ပေါ်ထွန်းလာတယ်။

ချင်းပြည်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်တို့မှာ သဘာဝခရီးသွားလုပ်ငန်းတွေ လုပ်လို့ ရတယ်။ သတ္တုတွင်းတွေ ထူထောင်လို့ ရတယ်။ စိုက်ပျိုးရေး အရမ်းကို အောင်မြင်မယ့် ပြည်နယ်တွေပဲ။ ချင်းပြည်နယ်မှာဆိုရင် လှေခါးထစ်စိုက်ပျိုးရေးတွေ လုပ်နိုင်ခဲ့ရင် ကမ္ဘာလှည့်ခရီးသည်တွေ လာကြမှာပါ။ အထူးသဖြင့် လက်ဖက်ခင်းတွေကို လှပအောင် စိုက်ပျိုးနိုင်ရင် အရမ်းကို လှပသွားမှာပါ။ လူသူမရောက်သေးတဲ့ တောတောင်သဘာဝတွေဟာ ကမ္ဘာပေါ်မှာ အင်မတန်မှ တန်ဖိုးရှိပါတယ်။ ရေအားလျပ်စစ်လုပ်ငန်းတွေ အကြီးအကျယ်လုပ်လို့ ရတဲ့ ပြည်နယ်တွေပါပဲ။ ဒါပေမယ့် ဒီပြည်နယ်တွေဟာ ရစရာမရှိလောက်အောင် နောက်ကျကျန်နေခဲ့ရပါတယ်။ အင်္ဂလိပ်အစိုးရလက်ထက်တုန်းကဆိုရင် ဒီဒေသတွေဟာ အင်မတန်မှ ငြိမ်းချမ်းခဲ့ပါတယ်။ ကရင်နီနယ်ဆိုတာ လွတ်လပ်တဲ့နယ်တစ်နယ်ပါ။

ကချင်နဲ့ ရှမ်းတို့ဟာ သူတို့မှာသာ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိနေခဲ့ရင် အင်မတန်မှ ချမ်းသာကြွယ်ဝတဲ့ ပြည်နယ်တွေ ဖြစ်နေမှာပါ။ ကချင်ပြည်မှာဆိုရင် ကျောက်သံပတ္တမြားတွေ အကြီးအကျယ် ထွက်ရှိပါတယ်။ ရှမ်းမှာလည်း အဲ့လိုပါပဲ။ နောက်ပြီး ဒီပြည်နယ်ကြီး(၂)ခုဟာ တိုင်းပြည်ငယ်များလည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဒီပြည်နယ်နှစ်ခုထက် သေးငယ်တဲ့ တိုင်းနိုင်ငံတွေဟာ ဒါဇင်ပေါင်းများစွာ ရှိပါတယ်။ ပလောင်ဒေသဟာ လက်ဖက်ပြည်နယ်တစ်ခု ဖြစ်လာပါ့မယ်။ ကချင်ဒေသဟာ နှင်းကျနေတဲ့ တစ်ခုတည်းသော အရှေ့တောင်အာရှဒေသတစ်ခုပါ။ ဝဒေသမှာလည်း ရှားပါးတဲ့ မြေသားထွက်ရှိပြီး ဖုန်းစတဲ့ ဖိုင်ဘာပစ္စည်းများထုတ်လုပ်ရာမှာ အများကြီး အကူအညီ ပေးနိုင်ပါလိမ့်မယ်။ ပအိုဝ်းနဲ့ ရှမ်းတို့ရဲ့ ဒေသတွေမှာလည်း တွင်းအောက်သယံဇာတတွေ ထွက်ရှိပြီး အင်လေးရေကန်ကြီးဟာ ခရီးသွားတွေ အင်မတန်မှ နှစ်ခြိုက်တဲ့ နေရာတစ်ခုပါ။ တွေးကြည့်လေ...ကချင်ပြည်နယ်ဟာ တောင်ကိုရီယားနည်းပါး ရှိပါတယ်။ ရှမ်းပြည်ကြီးဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘောဒီယားနိုင်ငံလောက် ကြီးပါတယ်။ ဒီလိုနယ်မြေမျိုးဟာ ပြည်မကနေ ဘာမှ မရှိတဲ့ မြန်မာလူမျိုးတို့ရဲ့ လာရောက်ခြယ်လှယ်ခြင်းကို ခံနေကြရတာ ဖြစ်တယ်။

တိုင်းရင်းသားလူမျိုးများဟာ မိမိတို့ဒေသရဲ့ တန်ဖိုးကို မသိရှိကြပါဘူး။ မိမိတို့မှာ ရှိတဲ့ စစ်မှန်တဲ့ အင်အားကိုလည်း မသိရှိကြပါဘူး။ မိမိတို့မှာ ရှိနေတဲ့ အင်အားအစစ်အမှန်ကို မေ့ပြီး ပြည်မကနေ လာရောက်တဲ့ မြန်မာအုပ်ချုပ်သူတွေကို အားကိုးကြပါတယ်။ မိမိတို့ဒေသမှာ ထွက်ရှိတဲ့ သယံဇာတတွေကို သူတို့ထုတ်ယူသွားကြတာကို ဒီအတိုင်း ကြည့်နေခဲ့ကြပါတယ်။ မိမိတို့က အခွန်ကို ဆောင်ရပြီး မိမိတို့ကို အမှန်ကတယ် ကိုယ်စားပြုနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မရရှိကြပါဘူး။ မိမိတို့ပြည်နယ်မှာတောင် မိမိတို့လူမျိုးဟာ ဒုတိယနိုင်ငံသားအဖြစ်နဲ့ ကျေနပ်နေကြရပါတယ်။ အချိန်ကြာလာတော့ မိမိတို့ဘိုးဘွားပိုင်ရေမြေလေအားလုံးဟာ မြန်မာပိုင်လိုလို ဖြစ်သွားခဲ့ပါတယ်။ ဒါကို လက်သင့်ခံလို့ မရပါဘူး။ တော်လှန်ပုန်ကန်ရမှာ ဖြစ်တယ်။ 

ဒီလိုတော်လှန်ပုန်ကန်တဲ့နေရာမှာ လူမျိုးတစ်မျိုးချင်း၊ အဖွဲ့အစည်းတစ်ခုချင်း၊ သူရဲကောင်းဆန်ဆန်နဲ့ လုပ်လို့ မရပါဘူး။ ပြောက်ကြားစနစ်ကိုပဲ အရင်းခံပြီး တော်လှန်ရေးအဆင့်အထိ အဆင့်မမြှင့်တင်နိုင်ခဲ့ရင်လည်း အလုပ်မဖြစ်ပါဘူး။ အားလုံးဟာ တပ်ပေါင်းစုအသွင်နဲ့ တမိန့်တသံထဲ တော်လှန်ရပါ့မယ်။ တပ်ပေါင်းစုအသွင် လှုပ်ရှားနိုင်ဖို့ လူမျိုးအရ အမြင်ကျယ်ဖို့ လိုပ့ါမယ်။ နယ်မြေအရလည်း သဘောထားကြီးဖို့ လိုပါ့မယ်။ ဒီလိုမျိုး အမြင်မကျယ်ခဲ့ရင်၊ သဘောထားမကြီးနိုင်ခဲ့ရင် ရှိရှိသမျှလူမျိုးတွေဟာ ပြည်မအစိုးရကို အညံ့ခံမိရာ ရောက်ပါတယ်။ အန္တရာယ်ကို ဖိတ်ခေါ်ရာရောက်နေပါတယ်။ တိုင်းရင်းသားတို့ဒေသကို လာရောက်ကြပါ၊ သိမ်းပိုက်လိုက်ကြပါ၊ မိမိတို့က ဗမာတွေရဲ့ လက်အောက်ကို ဝင်ရောက်ကြပါ့မယ်လို့ ဖိတ်ခေါ်နေသလိုပါပဲ။

၁။ ကချင်ဝန်ကြီးချုပ်ဟာ ကချင်လူမျိုးပါ။ KIA ဟာလည်းပဲ ကချင်လူမျိုးပါ။ ဒါပေမဲ့ ကချင်ပြည်နယ်အစိုးရက ကချင်လွတ်လပ်ရေးအဖွဲ့ကို " အကြမ်းဖက်သမား"လို့ ပြောခဲ့ရပါတယ်။

၂။ နိုင်သက်လွင်ဟာ မွန်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဖြစ်ဖူးပါတယ်၊ သူ့သမီးဟာ ဗမာနဲ့ ညားပြီး NLD မှာ အမတ်ဖြစ်ပါတယ်။ အခု မွန်တွေနဲ့ ထိပ်တိုက်တိုးရမယ့်နေရာမှာ NLD က ဒီမိသားစုကို သုံးခဲ့ပါတယ်။

၃။ ရခိုင်မှာလည်းပဲ အတူတူပဲ ဖြစ်ပါတယ်။ ဒေါက်တာအေးမောင်ကို တိုက်ဖို့ ဦးအေးသာအောင်ကို သုံးပါတယ်။ ရှမ်းတွေမှာလည်း အတူတူပဲ ဖြစ်ပါတယ်။ ပလောင်တွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ကရင်တွေမှာဆို အခြေအနေက ပိုဆိုးပါတယ်။ ဒေသအသီးသီးမှာလည်းပဲ ဒီအတိုင်းပဲ ငါးကြင်ဆီနဲ့ ငါးကြင်ကြော်နေကြတာကို တွေ့နိုင်မှာပါ။

လူမျိုးအမြင်ကျဉ်းတယ်လို့ စွတ်စွဲချင်စွတ်စွဲပါ။ ဗမာအချင်းချင်း မညီကြဘူးဆိုပေမဲ့ သူတို့မညီကြလို့ တိုင်းရင်းသားတွေက အခွင့်အရေးပိုရသွားကြတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒါပေမဲ့ သူတို့မညီညွတ်ကြတာကိုပဲ အသုံးချပြီး တိုင်းရင်းသားတို့ဒေသမှာ သူတို့နည်းသူတို့ဟန်နဲ့ နယ်ချဲ့လာကြတာကိုလည်း လေ့လာတွေ့ရှိနိုင်ပါတယ်။ ဒါကို မသိရှိဘဲ တော်လှန်ရေးကို လုပ်နေခဲ့ရင် လူကျွံဘော မဖမ်းတတ်ဘဲ ဂိုးတက်သွင်းဖို့ ကြိုးစားမိတာနဲ့ အတူတူပါပဲ။

ဒီတော့ ခင်ဗျားတို့မှာ တိုင်းရင်းသားစိတ်ဓာတ် အမှန်တကယ် ရှိနေကြလား။ ရှိကြရင် တိုင်းရင်းသားတွေရဲ့ လွတ်မြောက်ရေးအတွက် အရင်လုပ်ပါ။ သူပုန်ဖြစ်ရတာ ဂုဏ်ယူပါ။ အကြမ်းဖက်သမားတွေပါလို့ အစွတ်စွဲခံရရင်လည်း အကြမ်းဖက်သမားအဖြစ်ကို လက်ခံလိုက်ပါ။ ဒါပေမဲ့ မိမိတို့ဒေသကို ဒုက္ခပေးဖို့ ရောက်လာတဲ့ အဝေးက ဧည့်သည်တွေကိုတော့ ဘယ်တော့မှ မျက်နှာသာ မပေးမိကြပါစေနဲ့။ သူတို့ဟာ အလာကောင်းတဲ့ ဧည့်သည်တွေ မဟုတ်ကြပါ။ သူတို့ရောက်လေရာမှာ ပြဿနာတွေချည်းပဲဆိုတာ ကွက်ကွင်ကွင်းကွင်း တွေ့မြင်နေတာပဲမဟုတ်လား။

U Ravika

0 comments: