Saturday, August 13, 2016

၂၁- ရာစု ပင်လုံ နဲ့ ၂၁ - ရာစု လက်နက်ချည်း ********


 အုပ်စိုးသူအစိုးရအဆက်ဆက်ကခေါ်ဆိုခဲ့ကြတဲ့ “ ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဆိုတာမှာ သူတို့ဟာ ငြိမ်းချမ်းရေး လိုလားကြောင်း ပြည်သူလူထုကိုလှည့်စားဖို့နဲ့ လက်နက်ကိုင်အင်အားစုတွေ လက်နက်ချလာစေဖို့ ဆိုတဲ့ မျက်နှာစာ၂ ဖက် ပါဝင်စမြဲဖြစ် တယ်။ ဒါ့အပြင် မဖြစ်နိုင်တဲ့၊ တစ်ဖက်သတ်အပေါ်စီးယူတဲ့ တောင်းဆိုချက်တွေ တောင်းဆိုပြီး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တဖက် သတ်ဖျက်ဆီးပစ်သူ/ ရုပ်သိမ်းသွားသူဟာ အုပ်စိုးသူအစိုးရတွေပဲဖြစ်တယ်။ နိဂုံးချုပ်လိုက်တော့ တချို့သော လက်နက်ကိုင်အဖွဲ့အစည်းထဲကနေ တချို့ခွဲထွက်၊ ပဲ့ထွက်သွားပြီး အစိုးရထံလက်နက်ချ သွားတယ်။ ဒါကို အုပ်စိုးသူတွေက “ငြိမ်းချမ်းရေး” လို့ နာမည်တပ်တယ်။ “အလင်းဝင်ခြင်း၊ လက်နက်ချခြင်း၊ လက်နက်နဲ့ဒီမိုကရေစီ လဲလှယ်ခြင်း၊ လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ခြင်း၊ လက်နက်စွန့်လွှတ်အပ်နှံခြင်း၊ တပ်မတော်ရဲ့သဘောထားအမှန်ကို သိမြင်သဘော ပေါက်လာခြင်း” စသဖြင့် ဝေါဟာရမျိုးစုံသုံးလေ့ရှိတယ်။ ဘယ်စကားလုံးသုံးသုံး အနှစ်သာရက လက်နက်ချတာပဲဖြစ်တယ်။ လက်နက်ချ ခိုင်းတာပဲဖြစ်တယ်။ ဒါကြောင့် အုပ်စိုးသူအစိုးရရဲ့ “ငြိမ်းချမ်းရေး” ဆိုတဲ့ အပေါ်ယံစကားလုံးကို ဘယ်လိုမိတ်ကပ်တွေလိမ်းခြယ်ဖုံးကွယ်ထားနေပါ စေ “လက်နက်ချရေး” ဆိုတဲ့ အနှစ်သာရကို ဖုံးကွယ်ထားလို့ မရပါဘူး။ လူတစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်းမှာ လက်နက်ချချင်ရင် လွတ်လပ်စွာလက်နက်ချခွင့် ရှိပါတယ်။ လက်နက်မချပါနဲ့၊ လက်နက်ချလိုက်ပါလို့ ဘယ်သူကမှ တိုက်တွန်းတောင်းဆိုလို့မရပါဘူး။ မိမိယုံကြည်ချက်၊ ရပ်တည်ချက်နဲ့အညီ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချ ကြရမှာပါ။ အခုနောက်ဆုံးပေါ်နည်းက ယခင့်ယခင်နည်းတွေနဲ့ အနှစ်သာရအရတော့ ဘာမျှသိပ်မခြားနားပါဘူး။ လောလောဆယ် လက်နက်ကိုင်ထားနိုင်သေးတယ်။ ဒါပေမယ့် “လက်ချပါ့မယ် ကတိပြုကြောင်း တိုင်းသိပြည်သိ ထုတ်ဖော် ကြေညာပေးရမယ့်” နည်းဖြစ်တယ်။ ပါတီအဖွဲ့အစည်းတွေ လက်နက်ကိုင်လမ်းစဉ်စွဲကိုင်လာရတဲ့သမိုင်းကို အကြမ်းဖျင်းစိစစ်ကြည့်ရင် ယုံကြည်ရာနိုင်ငံရေးအတွေး အခေါ်အယူအဆတစ်ခုခု(သို့မဟုတ်) ရပ်တည်ကိုယ်စားပြုရာ လူမျိုးရဲ့တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးဆိုတဲ့ ခံယူချက် အတွက်၊ ယေဘုယျအားဖြင့် ဒီမိုကရေစီအခွင့်အရေးအတွက် ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြတာကို လက်နက်နဲ့ အကြမ်းဖက်ဖိနှိပ်တာခံရလို့လက်နက် စွဲကိုင်ပြီး ပြန်လည်ခုခံတော်လှန်ရတာဖြစ်တယ်ဆိုတဲ့ သမိုင်းအချက်အလက်ကို အထင်အရှားတွေ့ရမှာပါ။ “လက်နက်နဲ့အကြမ်းဖက်ဖိနှိပ်တာကို လက်နက်စွဲကိုင်ပြီးခုခံတော်လှန်တာဟာ တရားမျှတပြီး ဘယ်တော့မဆို မှန်ကန်တယ်” ရန်လိုမုန်းတီးမှု သက်သက်နဲ့ “သွေးဆာ” လို့ လက်နက်ကိုင်ခဲ့ကြတာတော့မဟုတ်ပါ။ အနီးကပ်ဆုံးသာဓကဖြစ်တဲ့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ အသီးအပွင့်တစ်ခုဖြစ်တဲ့ (ABSDF)ကျောင်းသားတပ်မတော် ပေါ်ပေါက်လာရပုံ ကိုကြည့်ပါ။ ကျောင်းသားတွေ “လက်နက်ကိုင်တော်လှန်ရေး” ဆိုတဲ့ အလံကို လွှင့်ခဲ့ကြရတယ် မဟုတ်လား။ အရင်းစစ်လိုက်တော့ “ လက်နက်ကိုင်ပြီး နိုင်ငံရေးအခွင့်အလမ်း တောင်းဆိုတဲ့ နည်းလမ်းကို စွန့်လွှတ်ပါတယ်” လို့ ပထမ တစ်ချက် ကတိကဝတ်ပြုရမယ်။ ဒုတိယအချက်က ဒီလိုကတိပြုထားတာကို လူသိရှင်ကြား ထုတ်ဖော်ကြေညာပေးရမယ်ဆိုတာပါပဲ။ ဒီနည်းလမ်းက ယုံကြည်ချက်၊ အတွေးအခေါ်၊ ခံယူချက်လက်ကိုင်ပြုထားတာရှိတယ်ဆိုရင်၊ ယုံကြည်ချက်၊ အတွေးအခေါ်၊ ခံယူချက်အရ ဒူးထောက်၊အညံ့ခံခိုင်းတဲ့ နည်းဖြစ်ပါတယ်။ “၂၁ ရာစု ပင်လုံ” တက်ရောက်နိုင်ခွင့်ရရှိရေးအတွက် “၂၁ ရာစု လက်နက်ချနည်း” လို့ ဆိုရင် ရမယ်ထင်ပါရဲ့။ ဒီလိုလက်နက်ချနည်းကို လက်ခံလိုက်နာဖို့ ဒီချုပ်ပါတီအစိုးရဖွဲ့စည်းပေးလိုက်တဲ့ ငြိမ်းချမ်းချမ်းရေးကော်မရှင်က တောင်းဆို နေပါတယ်။ လက်နက်ချမှ၊ လက်နက်ချပါ့မယ်လို့ ကတိပြုကြေညာမှသာ “၂၁ ရာစုပင်လုံ” တက်ရောက်ဆွေးနွေးခွင့်ရမယ်ဆိုတာပါပဲ။ ဗိုလ်သိန်းဇော်၊ဗိုလ်ခင်ဇော်ဦး၊ ဗိုလ်အောင်ကြည်တို့ပါဝင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်က ကိုင်စွဲတောင်းဆိုနေတဲ့ ဒီသဘောထား နဲ့ရပ်တည်ချက်ဟာ စစ်တပ်က ကိုင်စွဲထားတဲ့ “ ငြိမ်းချမ်းရေးရေးနှင့်ပတ်သက်တဲ့မူဝါဒ ၆ ရပ်” ဆိုတာကို ပဲ့တင်ထပ်လိုက်ခြင်း၊ ကိုယ်စား ပြုလိုက်ခြင်းပဲမဟုတ်ပါလား။ တချို့က “တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ရွေးချယ်တင်မြှောက်ထားတဲ့ခေါင်းဆောင်ကို ထိပ်တိုက်ရင်ဆိုင်ဆန့်ကျင်တာ မျိုးတော့ မဖြစ်ဖို့ လိုပါတယ်” – “ ကျောက်နံရံကို ခေါင်းနဲ့ တိုက်တာဖြစ်တယ်” လို့ ဆိုကြပါတယ်။ ကျောက်နံရံကို ခေါင်းနဲ့တိုက်တာဟာ ဦးနှောက်ပုံမှန်မရှိသူရဲ့ အပြုအမူပဲဖြစ်ပါလိမ့်မယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ “ပဝါလှလှလေး”နဲ့ ကာဗာယူထားတဲ့ စစ်အာဏာရှင်စနစ်နံရံကို တိုက်ဖျက်ဖြို ချနေကြတာပါ။ ဖွင့်ချနေရတာပါ။ ပဝါလေးကို အသာမပြီး နောက်ကွယ်က အရုပ်ဆိုးအကျည်းတန်လှတဲ့ စစ်အုပ်စုနဲ့ စစ်အာဏာရှင် စနစ်ရဲ့ လုပ်ရပ်တွေခြေလှမ်းတွေကို ဖော်ထုတ်ဖွင့်ချတိုက်ခိုက်ဆန့်ကျင်နေတာပါ။ ဒီပဝါလေးက အဲဒီအရုပ်ဆိုးအကျည်းတန်မှုတွေကို ကာဆီး ကာဆီးလုပ်ပေးနေမယ်ဆိုရင်တော့ မလွှဲသာမရှောင်သာ ပွတ်တိုက်မိတာတွေတော့ ရှိမှာပါ။ ဒါပေမယ့် ပကတိသဘောထား အမှန်ကတော့ လှပတဲ့ပဝါလေး ညစ်ပေစွန်းထင်းသွားမှာ သိပ်စိုးရိမ်ပါတယ်။ ဒါကြောင့် ဒီပဝါလေးကို လွှဲဖယ်လို့ရသမျှ လွှဲဖယ်၊ ရှောင် လွှဲပြီး စစ်အုပ်စုကို ထိုးနှက်နေတာပါ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ပဝါလေးကို ပြည်သူလူထုရဲ့အကျိုးစီးပွားနဖူးပြင်မှာ အစဉ်ထာဝရ ချည်နှောင်ထား နိုင်ဖို့ပဲ အစဉ်အမြဲလိုလားတာပါ။ ဒါ့အပြင် ဒီ “ပဝါလေး” ကို ဗန်းပြပြီး စစ်အုပ်စုရဲ့ “ဒီမိုကရေစီအတုနဲ့ ဖက်ဒရယ်အတု” အစွံထုတ် နေတာမျိုး၊ လက်နက်ချခိုင်း နေတာမျိုးလည်း ဘယ်လို နည်းနဲ့မျှ မဖြစ်စေချင်ပါဘူး။

မိုးမခ

Monday, August 1, 2016

မိုင်ဂျာယန်မျက်နှာစုံညီအစည်းအဝေးမှသည် စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေးသို့



(၁) ဖက်ဒရယ်ဖွဲ့စည်းပုံကို အတည်ပြု

မိုင်ဂျာယန်မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၂၆)ရက်နေ့မှ စပြီး ဇူလိုင်လ (၃၀)ရက်နေ့အထိ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ အကြောင်းအရာ(၈)မျိုးကို ဆွေးနွေးခဲ့ပြီး ၁၉၅၈-၁၉၆၂ ခုနှစ်က တောင်ကြီးမူ(၆)ချက်အနက် ခွဲထွက်ရေးကို ချန်လှပ်ထားပြီး ကျန်(၅)ချက်ကို ဆက်လက်တောင်းဆိုကြမည်ဟု သိရသည်။ ဤတောင်းဆိုချက်မှာ အထူးအဆန်းမဟုတ်၊ ပင်လုံကို အခြေခံသည့် ဒီမိုကရေစီ၊ လူမျိုးတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ပင် ဖြစ်သည်။ 

ဤမျက်နှာစုံညီအစည်းအဝေး၏ ထူးခြားချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပြင်ဆင်ထားသော “ဖက်ဒရယ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း)” ကို သဘောတူညီမှု ရရှိနိုင်ခဲ့ခြင်းဖြစ်သည်။ FCDCC ၏ ပထမမူကြမ်းကို UNFC က အနည်းငယ်ပြင်ဆင်ပြီး တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဤဖွဲ့စည်းပုံအရ ဖက်ဒရယ်ပြည်ထောင်စုသည် တန်းတူသော အမျိုးသားပြည်နယ်များကို အခြေခံမည်ဖြစ်သည်။

(၂) ဆက်လက်တောင်းဆိုမည့် မူ(၅)ချက်

တောင်ကြီးမူထဲက အချက်(၅)ချက်ကို အကျဉ်းမျှ ဖော်ပြလိုသည်။

၁။ ပြည်မကို ပြည်နယ်တစ်ခုအဖြစ် ဖွဲ့စည်းရေး၊
၂။ လွှတ်တော်နှစ်ရပ်ကို အာဏာတူပေးရေး၊
၃။ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းမှ တူညီသော ကိုယ်စားလှယ်များသာ စေလွှတ်ရေး၊
၎။ ပြည်နယ်များက မိမိတို့ဆန္ဒအလျောက် လွှဲအပ်ထားသော အာဏာများကို ပြည်ထောင်စုအစိုးရထံသို့ ကန့်သတ်၍ ကျန်ရှိသော အာဏာများကို ပြည်နယ်များထံတွင် ထားရှိရေး၊
၅။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို နိုင်ငံရေးအာဏာ(၃)ရပ်စလုံး အပ်နှင်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝ ကျင့်သုံးနိုင်ရေးအတွက် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြည်ထောင်စုဖွဲ့စည်းပုံနှင့် ဆန့်ကျင်ခြင်းမရှိစေဘဲ လွတ်လပ်စွာ ရေးဆွဲပြဌာန်းခွင့်ရှိရေး

ဟူသော (၅)ချက်ပင် ဖြစ်သည်။ ဤနေရာ၌ မြန်မာ့တပ်မတော်၊ မြန်မာအစိုးရနှင့် မြန်မာပြည်သူတို့အတွက် သတင်းကောင်းမှာ ခွဲထွက်ခွင့်ကို တောင်းဆိုမထားခြင်းပင် ဖြစ်သည်။ အထက်ဖော်ပြပါ(၅)ချက်သည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ရန် မဖြစ်မနေ အကောင်အထည်ဖော်ရမည့် အချက်အလက်များသာ ဖြစ်သည်။

(၃) သုံးပွင့်ဆိုင်ကို စွဲကိုင်ထားဆဲ

တိုင်းရင်းသားခေါင်းဆောင်တို့က သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမူကို ကိုင်စွဲထားဆဲ ဖြစ်ပြီး ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍနှင့်ပတ်သက်၍လည်း ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်တစ်ခုကို ဖွဲ့စည်း၍ အရပ်ဘက်အုပ်ချုပ်ရေးအောက်မှာ ထားရှိရန် သဘောတူညီခဲ့ကြသည်။ ကျန်ရှိသည့် အချက်အလက်များကို ဆက်လက်၌ ဆွေးနွေးညှိနှိုင်းရန် လုပ်ငန်းကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ဤနေရာ၌ သုံးပွင့်ဆိုင်ဟု ဆိုရာမှာ ယခင်ရှိခဲ့ဖူးသည့် (၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ (၂) မြန်မာ့တပ်မတော်နှင့် (၃) တိုင်းရင်းသားများအစား (၁) ဒီချုပ်အစိုးရ+ပြည်ထောင်စုလွှတ်တော်+မြန်မာ့တပ်မတော်ဆိုသည့် အစုအဖွဲ့တစ်ခု (၂) နိုင်ငံရေးပါတီများဆိုသည့် အစုအဖွဲ့တစ်ခုနှင့် (၃) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများဆိုသည့် အစုအဖွဲ့တစ်ခုတို့ဖြင့် ဆွေးနွေးကြရန် ဖြစ်သည်။

(၄) မိုင်ဂျာယန်မျက်နှာစုံညီအစည်းအဝေးမှသည် 

ဤမျက်နှာစုံညီအစည်းအဝေးသို့ မတက်ရောက်နိုင်သည့် အဖွဲ့(၄)ဖွဲ့ကို ရှင်းလင်းတင်ပြရန်လည်း ရှိသည်။ ဝနဲ့ မိုင်လားအဖွဲ့၊ ပလောင်အဖွဲ့၊ ကိုးကန့်အဖွဲ့နှင့် နာဂအဖွဲ့တို့သည် အခြေအနေအရပ်ရပ်ကြောင့် ဤအစည်းအဝေးကို တက်ရောက်နိုင်ခြင်းမရှိခဲ့ပါ။ အကယ်၍ အဆိုပါမတက်ရောက်နိုင်သည့် အဖွဲ့အစည်းများသည်လည်း ဆုံးဖြတ်ချက်များကို လက်ခံသဘောတူခဲ့လျှင် မိုင်ဂျာယန်မျက်နှာစုံညီအစည်းအဝေးသည် အောင်မြင်သည့် အစည်းအဝေးတစ်ခုဖြစ်သည်ဟု ဆိုရမည်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိုင်ဂျာယန်မျက်နှာစုံညီအစည်းအဝေးသည် ညီညွတ်ရေးကို ဆောင်ကျဉ်းပေးနိုင်မည်ဟု မျှော်လင့်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတက်ရင်း မိန့်ကြားခဲ့သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ပီဂျေ နမ်ဘီယားကလည်း ခက်ခဲ့သည့် အလုပ်ဖြစ်၍ အချိန်ယူညှိနှိုင်းရမည်ဟု ဆိုခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးသံတမန် မစ္စတာဇွန်ဂေါင်ဇင်ကလည်း သြဂုတ်လတွင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို တွေ့မြင်ရမည်ဟု မျှော်လင့်ထားကြောင်း ပြောကြားသည်။

အစုအဖွဲ့ (၃)ခုအနက် အစိုးရ၏ NRPC အဖွဲ့သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးအတွက် အဆင်သင့် ဖြစ်နေလောက်ပြီဟု ခန့်မှန်းရသည်။ အလားတူစွာ နိုင်ငံရေးပါတီများအစုအဖွဲ့သည်လည်း ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်ထားရတော့မည်ဖြစ်သည်။ ယခုလောလောဆယ်တွင် မိုင်ဂျာယန်မျက်နှာစုံညီအစည်းအဝေးကို အခြေပြု၍ အပစ်ရပ်မရပ်၊ အစည်းအဝေးတက်မတက် ပတ်သက်သမျှ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသည် (၂၁ ရာစုပင်လုံ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ရန် နိုင်ငံရေးမူဘောင်များနှင့် ကာကွယ်ရေးနှင့်လုံခြုံရေးမူဘောင်များကို အဆင်သင့် ပြင်ဆင်ထားနှင့်ပါပြီ။

(၅) စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုဆီသို့

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို ညီလာခံသို့ တက်ရောက်ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့် ပေးပြီး တိုင်းရင်းသားတို့သဘောတူညီထားသည့် FCDCC + UNFC ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ မူဝါဒများကို မြန်မာ့တပ်မတော်+ပြည်ထောင်စုလွှတ်တော်နှင့်အစိုးရအစုအဖွဲ့က လက်ခံလျှင် ပြည်တွင်းစစ်ကြီး ပြီးဆုံးဖို့ မျှော်လင့်ချက် ရှိမည်ဖြစ်သည်။ မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွဲ့စည်းပုံကို ပြင်သင့်သည့်အချိန်မှာ ပြင်မည်၊ ပြည်တွင်းငြိမ်းချမ်းရေးကို ရလျှင် တပ်မတော်က စစ်တန်းလျားကို ပြင်မည်ဟု ဝန်ခံကတိပြုထားသည်ရှိ၍ မဏ္ဍိုင်ကြီး(၃)ရပ်နှင့် စပ်လျဉ်းပြီး မည်သို့မည်ပုံ အပေးအယူလုပ်ကြမည်၊ မည်သို့မည်ပုံ ဆွေးနွေးကြမည်ကို ပြည်ထောင်စုသားတိုင်း စိတ်ဝင်တစား ရှိနေမည်မှာ သေချာလှသည်။ စိတ်ရင်းစေတနာကောင်းသာ ထားရှိကြလျှင် ကမ္ဘာ့အရှည်ကြာဆုံး သမိုင်းဝင်ပြည်တွင်းစစ်ကြီးတစ်ခုကို အဆုံးသတ်ပြီး ပြည်နယ်ပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတစ်ခုကို ထူထောင်နိုင်ကြပါလိမ့်မည်။ ငြိမ်းချမ်းရေးရမရ ပြည်တွင်းစစ်ပြီးမပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ပေါ်ပေါက်လာနိုင်ခြေရှိမရှိ မြန်မာ့တပ်မတော်၏ လက်ထဲ၌သာ ရှိသည်။

I Ravika