Sunday, May 29, 2016

သံသယကိုယ်စီနဲ့ ငြိမ်းချမ်းရေးခရီး



အချို့က တိုင်းရင်းသားတွေ ဘာလိုချင်ကြလဲ မသိဘူးတဲ့။ ကောင်းပြီ။ ထပ်ပြောရတာပေါ့။ တိုင်းရင်းသားတွေက-

၁။ စစ်မှန်တဲ့ ဒီမိုကရေစီကို လိုချင်တယ်။ 
၂။ စစ်မှန်တဲ့ ပြည်ထောင်စုကို လိုချင်တယ်။
၃။ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို လေးစားတဲ့ အစိုးရတစ်ရပ်ကို လိုချင်တယ်။

အချို့ဆို ဘာလုပ်ပေးရမှန်းတောင် မသိဘူးတဲ့။ ဒါဆို ကောင်းပြီ။ ပြန်ပြောရတာပေါ့။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှာ ချုပ်ဆိုထားတဲ့ ပင်လုံစာချုပ်ပါ ကတိကဝတ်အတိုင်း လိုက်နာပေးပါလို့။

ဒေါ်စုက ဒီတိုင်းပြည်နဲ့ မတန်တော့ဘူးလို့ မရွဲ့ပါနဲ့။ ဒေါ်စုက တာဝန်ခံချင်လို့ နိုင်ငံရေးလုပ်တာလို့ ယုံကြည်တယ်။ တာဝန်ခံမှုမရှိတဲ့ မြန်မာအစိုးရအဆက်ဆက်ကြောင့် ဒီတိုင်းပြည် ရစရာမရှိလောက်အောင် ယိုယွင်းခဲ့တာကို အပြောင်းအလဲလုပ်ချင်လို့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို ဝင်ခဲ့တာ ဖြစ်တယ်။

ရွေးကောက်ပွဲတုန်းက NLD က အထင်ကရတိုင်းရင်းသားလူကုံထံအချို့ကို စည်းရုံးခဲ့လို့ တိုင်းရင်းသားပါတီတွေ အငိုက်မိခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေရဲ့ အရေးကို အပြည့်အဝ ဆောင်ရွက်ပေးနိုင်ဖို့ ပြည်နယ်တွေမှာလည်း NLD က အပြည့်အောင်နိုင်မှ ဖြစ်မယ်လို့ မဲဆွယ်ခဲ့ပါတယ်။ တိုင်းရင်းသားတွေကလည်း NLD ကိုပဲ မဲပေးခဲ့ကြတာပါ။

ဒီတော့ ဒေါ်စုက အခုထိ မငြီးပါ။ သူ လုပ်စရာရှိတာကို ပုံမှန် လုပ်နေပါတယ်။ ဒါပေမဲ့ အမေ့သားသမီးအချို့ကိုးက သိပ်ကဲချင်ကြတယ်။ ကျုပ်တို့ငယ်ငယ်တုန်းက အတွေ့အကြုံအရ အမေကို အချွဲဆုံးကလေးဟာ လက်ကြောမတင်းတဲ့ ကလေးဖြစ်တာ များပါတယ်။

ကောင်းပါပြီ။ ဆက်ပြောကြည့်ရအောင်။ တိုင်းရင်းသားပါတီတွေက နိုင်ငံရေးမသေဖို့ အခုကတည်းက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် စုစည်းညီညွတ်ကြဖို့ နှိုးဆော်နေကြရပြီ။ 

နောက်ပြီး NCA မှာ ပါဝင်နိုင်ဖို့ မျှော်လင့်ရင်းနဲ့ အစိုးရတပ် ထိုးစစ်ဆင်နေတာကိုလည်း ခုခံနေကြရပါတယ်။ ပြည်သူတို့က မဲပေးလို့ NLD ကသာ အစိုးရ ဖြစ်လာတာပါ။ ဆန္ဒပြခွင့် မရှိသေးပါ။ လမ်းလျှောက်သူကိုလည်း ဖမ်းပါတယ်။ မြန်မာအစိုးရတပ်က အရင်လိုပဲ ရွာကို မီးရှို့နေတုန်းပါ။ လူကို အရှင်လတ်လတ် မီးရှို့သတ်နေတုန်းပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD လွှတ်တော်က ကြားနာတာမျိုး မရှိပါဘူး။ စစ်တပ်ကလည်း သူတို့လုပ်ရပ်ကို စာနယ်ဇင်းတွေမှာ ဖော်ပြတာကို ခွင့်မပြုသလို လွှတ်တော်မှာ ဆွေးနွေးခွင့်ကိုလည်း ပိတ်ပင်ပါတယ်။

ဒါ့အပြင် NLD အစိုးရမှာ NLD မဟုတ်သူများက ပိုများပေမဲ့ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးတို့ကိုပဲ ပြန်သုံးထားတာ များပါတယ်။ တိုင်းရင်းသားများကို ယူသုံးတာ ရှိပေမဲ့ NLD အစိုးရမှာလည်းပဲ ပြည်ထောင်စုအငွေ့အသက် နည်းနည်းမှ မရှိပါ။ အခု ဖွဲ့စည်းလိုက်တဲ့ UPDJC မှာတောင် တိုင်းရင်းသားဆိုရင် ဒုဥက္ကဋ္ဌတစ်နေရာပဲ တွေ့ရတယ်။ ပါတဲ့ လူကလည်း ဖဒိုကွယ်ထူးဝင်းပါ။ ဒါပေမဲ့ ဒေါ်စုက ၂၁ ရာစုညီလာခံကို ခေါ်ယူမယ်လို့ ပြောတော့ တိုင်းရင်းသားခေါင်းဆောင်တွေက စိတ်အားတက်ကုန်ကြတယ်။ ဒေါ်စု ပြောလို့တောင် မပြီးဘူး။ မအလက ကိုးကန့်၊ ရခိုင်နဲ့ ပလောင်တွေက လက်နက်ချပြီးမှ ငြိမ်းချမ်းရေးစကား ပြောရမယ်လို့ တဖက်သတ်ရာဇသံ ပေးလိုက်ပြန်ပါပြီ။ 

စစ်တပ်က နည်းနည်းလေး လေသံဟလိုက်တာနဲ့ ဒေါ်စုက ကမန်းကတန်း အိနြေ္ဒပြန်ဆည်ရပါတယ်။ သူ ပြောတဲ့ ၂၁ ရာစု ပင်လုံညီလာခံဆိုတာ သိန်းစိန်အစိုးရလက်ထက်က ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသာ ဖြစ်ကြောင်း ဆိုတော့ မျှော်လင့်နေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေမှာ ဟာခနဲ ဟင်းခနဲနဲ့ပါ။ ဒေါ်စုနဲ့ စစ်တပ်တို့အပေါ် သံသယစိတ် နည်းနည်းလေး ပွားလာကြတယ်။ အထင်ကရတိုင်းရင်းသားခေါင်းဆောင်အချို့က NLD ကို ဝေဖန်လာရတဲ့အထိပါပဲ။

ဒီတော့ တိုင်းရင်းသားတွေက ပိုမတောင်းကြပါဘူး။ တောင်းလွန်းလို့ စိတ်ညစ်နေကြရင် တန်ရာတန်ကြေးကို ပေးလိုက်ပေါ့။ အမှန်မတော့ အစိုးရအဆက်ဆက်က ပင်လုံစာချုပ်ကို မလေးစားလို့ ဖြစ်ပွားရတဲ့ ပြည်တွင်းစစ်ပဲ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ မရလို့ တိုင်းရင်းသားတွေက လက်နက်ကိုင်ခဲ့ရတယ်။ အခု နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမလား၊ အရင်လိုပဲ စစ်ရေးနည်းနဲ့ ပြည်တွင်းစစ်ကို ဆက်ထိန်းချင်သလား အစိုးရနဲ့ မြန်မာ့တပ်မတော်ရဲ့ အဆုံးအဖြတ်မှာ ရှိပါတယ်။ အနှိပ်စက်ခံနေရတဲ့လူတွေ၊ ရွာပျက်ရတဲ့လူတွေ၊ သေနေရတဲ့လူတွေက စိတ်မညစ်ရဘူး။ အာဏာရနေသူတွေ၊ သတ်နေတဲ့လူတွေ၊ ရွာမီးရှို့နေတဲ့လူတွေ၊ အဲ့လူတွေကို ထောက်ခံနေတဲ့လူတွကပဲ စိတ်ညစ်နေလို့ မဖြစ်ဘူး။

ဒီတော့ ပြန်ပြောမယ်။

၁။ ပြည်နယ်တွေကို ကိုယ်ပိုင်ပြဌာန်းခွင့် ပေးပါ။
၂။ ဗမာတွေ ပြည်နယ်တစ်ခု ယူပါ။
၃။ အာဏာတူညီတဲ့ လွှတ်တော်နှစ်ရပ် ထားရှိပါ။
၎။ အမျိုးသားလွှတ်တော်ဟာ ပြည်ထောင်စုကို ကာကွယ်မယ်။
၅။ ပြည်သူ့လွှတ်တော်ဟာ ဒီမိုကရေစီနဲ့ ပြည်သူတို့ကို ကာကွယ်မယ်။
၆။ အမျိုးသားလွှတ်တော်က နိုင်ငံတော်အဓိပတိကို ရွေးမယ်။
၇။ ပြည်သူ့လွှတ်တော်က အစိုးရအကြီးအကဲဖြစ်တဲ့ ဝန်ကြီးချုပ်ကို ရွေးမယ်။
၈။ အာဏာသုံးရပ်ကို ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ ညီတူညီမျှ ခွဲဝေကြမယ်။ 
၉။ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ အင်္ဂလိပ်စာကို ပြည်ထောင်စုရုံးသုံးလုပ်ပြီး ပြည်နယ်များမှာ သင့်တော်သလို ဘာသာစကားတွေကို ရုံးသုံးအဖြစ် ပြည်နယ်လွှတ်တော်က သတ်မှတ်ပေးမယ်။
၁၀။ စစ်တပ်က နိုင်ငံရေးမှာ လုံးလုံးမပါဘဲ တိုင်းပြည်ကာကွယ်ရေးကိုပဲ လုပ်ဖို့ပါပဲ။ ကာကွယ်ရေးဝန်ကြီးတောင် အရပ်သား ဖြစ်သင့်တယ်။

အနှစ်ချုပ်ကတော့ ဒါပဲ။ မရှင်းရင် ပြန်ဖတ်ပါ။ စိတ်ချည်းပဲ ညစ်မနေကြနဲ့။ ညီနောင်တိုင်းရင်းသားအချင်းချင်းတွေပဲ။ စာနာစိတ်၊ ရိုင်းပင်းကူညီချင်တဲ့စိတ်နဲ့ အချင်းချင်း အနိုင်မကျင့်ကြရင် ရပြီ။ ပြန်ပြောလိုက်အုံးမယ်။ အလုပ်လုပ်ချင်လို့ မဲဆွယ်ခဲ့တယ်။ အာဏာပြချင်လို့၊ စိတ်ညစ်ဖို့ မဟုတ်ဘူး။ စိတ်နုလို့ အညစ်မခံနိုင်ရင် အွန်လိုင်း တက်မလာနဲ့ပေါ့လေ။ တိုင်းပြည်ငြိမ်းချမ်းဖို့၊ ပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့ ဒေါ်စုလည်း အပင်ပန်းခံ ကြိုးစားလုပ်နေတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း အများကြီး မျှော်လင့်ထားကြလို့ ပူးပေါင်းဆောင်ရွက်ကြမှာပါ။ ဒါပေမဲ့ စစ်တပ်က အလျှော့ပေးဖို့ သိပ်မရှိဘူးလို့ မြင်နေရပါတယ်။ သံသယတွေအများကြီး မွေးဖွားစပြုနေပြီဖြစ်ပေမဲ့ ဒီအချိန်အခါမျိုးဟာ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ဖို့ အကောင်းဆုံး မဟာအခွင့်အရေးပါပဲ။ စိတ်ရှည်ရှည်နဲ့ သည်းခံပြီး အတူတူလုပ်သွားကြဖို့ပါပဲ။

U Ravika

Tuesday, May 10, 2016

သေခါနီး မီးထတောက်တာ

                               TNLA

ဖေဖော်ဝါရီ ၈ ရက်မှာပြီးသွားတဲ့ မင်းအောင်လှိုင်တို့ လေးလပတ်အစည်းအဝေးဆုံးဖြတ်ချက်အရ တပ် အရွှေ့အပြောင်းကို မန္တလေးယာဉ်သိုလှောင်ရေးတပ်က ကားအစီး ၅၀၀ နဲ့၊ အကောင်ရေမသိတဲ့ မြင်း-လား ဝန်တင်တွေနဲ့ ဖေဖော်ဝါရီလ ၂၃ မှာ စလုပ်ခဲ့တယ်။ ကား ၅၀၀ ဆိုတော့ တပ်မ ၈ ခု-၁၀ ခုစာ ဖြစ်တယ်။ ဒါဟာ ဗမာပြည် လွတ်လပ်ရေးရပြီးနောက် စစ်သမိုင်းမှာ မတွေ့ဖူးသေးတဲ့ ဧရာမတပ်လှုပ်ဖြစ်နေတယ်။ ဘာရည်ရွယ်ချက်လဲ။ အကျိုးအမြတ် ဘယ်လောက်ရှိသလဲ။

တကယ်တော့ ရှေ့တန်းမှာနှစ်ပေါက်နေပြီဖြစ်တဲ့ တပ်တွေကို နောက်တန်း ဒါရိုက်မပြန်ခိုင်းဘဲ သမတရွေးမယ့်အချိန်၊ အာ ဏာလွှဲရမယ့်အချိန်မှာ လူမျိုးစုတွေရဲ့မညီညွတ်မှုကို ကောင်းကောင်းအသုံးချပြီး ယွက်စစ်နဲ့ညှိ ဇာတ်ထုပ်ခင်း ပေရှည်နေ တာဖြစ်တယ်။ ရွေးကောက်ပွဲအလွန် အာဏာလွှဲကာလမှာ တခွင်တပြင်လုံး သေနတ်သံ ကြိုးကြားမြည်နေရေးအပြင် ၂၀၀၅ တုံးက လုံးဝလက်နက်ချခဲ့ပြီးမှ အခုနှစ်အနည်းငယ်အတွင်း အင်အား အဆရာထောင်ပြန်တိုးလာတဲ့ ပလောင်ကို ကောင်း ကောင်းကြီးဆုံးမဖို့လဲ ရည်ရွယ်တာဖြစ်တယ်။

ဒီလိုနဲ့ ဦးတည်ရန်သူတွေဖြစ်တဲ့ TNLA နဲ့ KIA တပ်မဟာ ၄+၆ ကို အစိုးရသစ်မတက်ခင် နောက်ဆုံး အစွမ်းပြချက်အဖြစ် ထိုးစစ်ကြီးဆင်လိုက်ပါတော့တယ်။ မြင်းလားတွေပါတဲ့အတွက် သယ်ယူပို့ဆောင်ရေး ခက်ခဲ အလှမ်းဝေးတဲ့ အတွင်းပိုင်းနယ်စွန်နယ်ဖျားတွေအထိ စစ်ဆင်ရေးလုပ်မယ့်သဘော ဖြစ်တယ်။ အမြောက်ကြီးတွေလဲ ပါနေပြီး နမ့်ဆန်မှာ ၁၀၅မမ ဟောင်ဝစ်ဇာ ၂ လက်နဲ့ ၁၂၀မမ မော်တာ ၂ လက် တင် ထားတယ်လို့ဆိုတယ်။ TNLA ဆိုတာ ပျောက်ကျားတပ်ဖြစ်တော့ MNDAA လောက်တောင် စခန်းခိုင်ခိုင် ခန့်ခန့်မရှိလို့ TNLA အပေါ်ထိရောက်မှာမဟုတ်ပေမဲ့ ပလောင်လူထု ခြောက်ခြား ကြောက်လန့်အောင် ပလောင်ရွာတွေကို အရမ်းလျှောက်ပစ်မယ့်သဘော၊ တချိန်ကနာမယ်ဆိုးလွန်းခဲ့တဲ့ ဖြတ်လေးဖြတ်ပုံစံ မျိုး လူထုဖိနှိပ်ရေးအကွက်တွေခင်းမယ့်ပုံစံ တွေ့ရတယ်။ (တကယ်တော့ တောင်တန်းဒေသ တိုင်းရင်းသားနယ် မြေတွေမှာ ဖြတ်လေးဖြတ် မထိရောက်ကြောင်း ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းနယ်မြေနဲ့ ကယန်းနယ်မြေ၊ ကရင်ပြည်မြောက်ခြမ်းနဲ့ ကရင် နီပြည်တွေမှာ သက်သေပြခဲ့ပြီးဖြစ်တယ်။)

ဗမာစစ်တပ်က RCSS နဲ့ TNLA နှစ်ဖွဲ့စလုံး ပြဿနာနေရာကထွက်ဖို့ပြောတာကို ယွက်စစ်က မဆုတ်နိုင်ဘူးလို့ ဝူးဝါး ဝူးဝါးပြန်လုပ်ခဲ့သေးတယ်။ ဒါကြောင့် ပြောတာနားမထောင်တဲ့ နှစ်ဖွဲ့စလုံးကို “ပြည်သူလူထုရဲ့ တောင်းဆိုချက်အရ” အပြတ် ရှင်းမယ်လို့ စစ်တပ်ကပြောခဲ့တယ်၊ နောက်ပိုင်းမှာတော့ RCSS ကလိမ္မာတယ်၊ စကားနားထောင်ပြီး ကျောက်မဲနယ် နေရာ တချို့က ဆုတ်ပေးလိုက်တယ်လို့ ဗမာတပ်ကဆိုပြန်တယ်။ (တကယ်တော့ RCSS က သူတို့လာခဲ့တဲ့ တောင်ဘက် လွယ် တိုင်းလျန်အထိ ပြန်မဆုတ်ပါ။ မဆုတ်တဲ့အပြင် နောက်ထပ်တပ်မဟာတခုကို ထိုင်းနယ်စပ် လွယ်တိုင်းလျံကနေ ဖေဖော်ဝါရီ ၂၆ ရက်မှာ ကား လမ်းမကြီးတွေအတိုင်း မြောက်ဖက် သီပေါနယ်ထဲက SSPP ဗဟိုနေရာဟောင်း၊ လက်ရှိ SSPP တပ်မဟာ ၃ တဖြစ်လဲ စိန်ကျော့ပြည်သူ့စစ်နယ်မြေ မန်ပန်းကိုထပ်လွှတ်လိုက်သေးတယ်၊ အရင်တခေါက်လို ဗမာ စစ်တပ်ကားကြီးတွေနဲ့ ပို့ပေးတာမဟုတ်ဘဲ ကိုယ့်ဟာကိုယ် ကားချောဆွဲလာတာ ဖြစ်တယ်။)

TNLA ဟာ နမ်းခမ်း၊ ကျောက်မဲ စတဲ့ ပလောင်နယ်မြေအစပ်က ရှမ်းလူမျိုးနေထိုင်ရာနယ်မြေတွေမှာ စည်း ရုံးလှုပ်ရှားနေခဲ့တာ ၃ နှစ်ရှိပြီဖြစ်တယ်၊ ဒါပေမဲ့ ရှမ်းလူထုတွေကို နှိပ်စက်တယ်၊ သတ်တယ် ဖြတ်တယ် ဆိုတဲ့သတင်းထွက်တာ တခါမှမရှိခဲ့ဘဲ အခု RCSS ရောက်လာတော့မှ ပလောင်က ရှမ်းတွေကိုသတ်တယ်၊ ရှမ်းကပလောင်ကိုသတ်တယ် ဘာညာဆိုပြီး သတင်း တွေထွက်လာတာ၊ လူမျိုးချင်းပဋိပက္ခလိုလိုဖြစ်လာ တာ ဖြစ်တယ်။ အခုတော့ TNLA လဲမသတ်၊ RCSS လဲမသတ်ဘဲ ရှမ်းရွာသားတွေ၊ ပလောင်ရွာသားတွေ ဘယ်သူသတ်မှန်းမသိ သေကြတာလဲ ရှိနေတယ်။

၂၀၀၀ ခုဝန်းကျင်က RCSS ကို ဗမာစစ်တပ်နဲ့ UWSA ပေါင်းတိုက်ခဲ့သလို အခုတော့ ဗမာစစ်တပ်နဲ့ RCSS ပေါင်းပြီး UWSA ရဲ့မဟာမိတ် TNLA ကိုတိုက်တာ တရားတယ်ဆိုတဲ့ အာဘော်ကလဲ ထွက်နေတယ်။ တကယ်တော့ RCSS ကို UWSA တိုက်ခဲ့တုံးက ပလောင်လဲ မပါခဲ့ပါဘူး။ ဒါပေမဲ့ ဗမာတပ်ကော၊ RCSS ကော၊ ဝ ကို တည့်တည့်သွားမတိုက်ရဲတော့ ဝ တပည့် လို့ သူတို့ယူဆထားတဲ့ ပလောင်အပေါ် ဗိုလ်သွားကျနိုင်တာကို အဟုတ်ထင်နေပုံရတယ် (အရင်ကတော့ ကချင်တပည့်လို့ သတ်မှတ်ခဲ့သေးတယ်)။

TNLA အနေနဲ့လဲ ဗမာစစ်တပ်ကိုရင်ဆိုင်ရတာ မမှုခဲ့ပေမဲ့ တောလူအချင်းချင်းရင်ဆိုင်ရတဲ့အခါမှာတော့ ထိခိုက်မှုတွေ ရှိလာ ခဲ့တယ်။ ဒီတော့ ဝ အနေအထား၊ KIA အခြေအနေ၊ SSPP အခြေအနေတို့ကို ဆုပ်ကိုင် လို့ရပြီ ထင်နေတဲ့ မင်းအောင်လှိုင်တို့ဟာ TNLA အားနည်းချိနဲ့သွားပြီလို့ အပိုင်တွက်ပြီး ဒီမိုကရေစီ အရပ်သားအစိုးရသစ် အာဏာအခြေမတည်မီ တဖက်သတ် ထိုးစစ်ကြီးကို ဆင်နွှဲလိုက်တာဖြစ်တယ်။

KIA တပ်မဟာ ၆ ကလဲ ၂၀၁၅ ၉ လပိုင်းကတည်းက သတင်းတွေမှာ ပါနေခဲ့ပြီး ဖြစ်ပေမဲ့ အခု တရားဝင် ဖွင့်ပွဲလုပ်တော့မှ သဘောတူချက် ချိုးဖောက်တယ် ဘာညာနဲ့ ပြဿနာရှာနေတယ်။

အခုအချိန်ဟာ MNDAA တဖက်သတ်အပစ်ရပ်ထားချိန်၊ TNLA နဲ့ KIA တို့က အပစ်အခတ်ရပ်စဲရေး-ငြိမ်း ချမ်းရေးဖြစ်မြောက်နိုင်ဖို့အတွက် တဖက်သတ်စစ်ရှိန်လျှော့ထားချိန်၊ သူတို့ရဲ့ အဓိကမဟာမိတ်ကြီး UWSA က ဒေါ်အောင်ဆန်းစုကြည် အာဏာအလွှဲအပြောင်း မထိခိုက်ရေးအတွက် မိမိဖာသာထိန်းချုပ်မှု ကျင့်သုံး နေချိန်ဖြစ်တယ်။ ဒီလိုအချိန်မှာ မင်းအောင်လှိုင် တို့က ဝ ရဲ့မဟာမိတ် TNLA ကို ဗမာကိုယ်ပွားတပ် RCSS နဲ့ ပထမဦးစွာတိုက်စေခြင်းဖြင့် ဝ ကျွံထွက်လာအောင် စောင့် ဖမ်းခဲ့ပြီး အကြောင်းကြောင်းကြောင့် ဝ ကျွံထွက်မလာရင်လဲ တကိုယ်တော်ပလောင်ကို အပိုင်ချေမှုန်းနိုင်မယ်လို့ တွက်ချက် ခဲ့တယ်။

ပလောင်ကို RCSS က မချေမှုန်းနိုင်ခဲ့ပေမဲ့ လူမျိုးရေးခေါင်းစဉ်တပ်မှုကတော့ တစုံတရာအောင်မြင်ခဲ့ပြီး SNLD အပါအဝင် ရှမ်းတော်တော်များများက RCSS ကို စာနာသလို ထောက်ခံသလို ဖြစ်လာခဲ့တယ်။ ဗမာစစ်အုပ်စုဟာ ယွက်စစ် RCSS ကိုသုံးပြီး ခွန်ထွန်းဦးတို့ရဲ့ SNLD နဲ့ ဗိုလ်ချုပ်ဆေထင်တို့ရဲ့ SSPP ကို ဆွဲယူ ဖဲ့ယူဖို့ ကြိုးစားနေတာကို မတ်လဆန်းက ရန်ကုန်မှာလုပ်သွားတဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ ညီလာခံမှာလဲ တွေ့ခဲ့ရသေးတယ်။

အခုစစ်ဆင်ရေးအဆင့်ဆင့်ကိုကြည့်ရင် ဖေဖော်ဝါရီ ၂၃ ရက်မှာ ကလေးမြို့အခြေစိုက် စကခ ၁၀ မန္တလေး ကနေ လောက် ကိုင်ကို တက်လာတယ်။ မိုင်းနောင်အခြေစိုက် စကခ ၂ နဲ့ ကလောအခြေစိုက် တပ်မ ၅၅ တို့လဲ မိုင်းနောင်-ကျေးသီး-မိုင်းရယ်-လားရှိုး-ကွန်လုံလမ်းအတိုင်း  လောက်ကိုင်ကိုဝင်လာတယ်။ ၂၃ ရက် က ၂၆ ရက်ထိကာလအတွင်း စကခ ၁၀ က တပ်မ ၁၁ ကို၊ စကခ ၂ က တပ်မ ၃၃ ကို၊ တပ်မ ၅၅ က တပ်မ ၆၆ ကို တာဝန်လဲယူလိုက်ကြတယ်။ ဒီကာလအတွင်းမှာဘဲ သံလွင်အနောက်ဘက် မုန်းစီးဂွင်မှာရှိတဲ့ တပ်မ ၁၁ အထိုင်စခန်းတွေကိုလဲ တပ်မ ၉၉ က လာလဲပေးလိုက်တယ်။

ဖေဖော်ဝါရီ ၂၅ ရက်မှာ မန္တလေးက ကားအစီး ၂၀၀ ထပ်တက်လာတယ်။ ဒီထဲမှာ အစီး ၃၀ လောက်က အမြောက် တွေတင်လာပြီး ကျန်တာက အင်အားဖြည့်စစ်သည်၊ ရိက္ခာနဲ့ခဲယမ်းတွေဖြစ်တယ်။ အစီး ၂၀၀ ထဲ က တဝက်က နမ့်စန်ကို ဝင်သွားတယ်။ ကျန်တာက လားရှိုး၊ ကွတ်ခိုင်နဲ့ နမ်းခမ်းဘက် အသီးသီးခွဲသွားကြ တယ်။

ဖေဖော်ဝါရီ ၂၉ ရက်မှာ ကချင်ပြည် မန်ဝိန်းကြီးမှာရှိတဲ့ တပ်မ ၈၈ တဗျူဟာနဲ့ ၃ ရင်းကို ဗန်းမော်အခြေစိုက် စကခ ၂၁ က တာဝန်လဲယူလိုက်ပြီး အဲဒီတပ်မ ၈၈  တပ်တွေဟာ ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းဘက်မှာ ရှိတဲ့ တပ်မ ၈၈ တပ်တွေဆီ လာပူးပေါင်းလိုက်တယ်။ ၂၅ ရက်မှာဘဲ လိုင်ဇာဝန်းကျင်က တပ်မ ၁၀၁ ကို မိုးကောင်းအခြေစိုက် စကခ ၃ ကလာလဲလိုက်ပြီး တပ်မ ၁၀၁ ဟာ ပခုက္ကူ နောက်တန်းကို ပြန်သွားခဲ့ တယ်။

ကိုးကန့်နယ်မြေမှာ တာဝန်လဲပြီးသွားတဲ့ တပ်မ ၁၁၊ ၃၃ နဲ့ ၆၆ တို့ဟာ နောက်တန်းမပြန်ရဘဲ လမကုန်ခင် သံလွင် အနောက်ဘက် ကူးလာပြီး စစ်ဆင်ရေးတာဝန်သစ် ယူရတယ်။ တပ်မ ၁၁ က လားရှိုးတဝိုက်နဲ့ လားရှိုး-ကွမ်းလုံလမ်းကြောင်း၊ ကျောက်မဲ-သီပေါလမ်းကြောင်းတွေကို ထိန်းရတယ်။ တပ်မ ၆၆ ကတော့ တာမိုးညဲ/မုန်းစီး-ကိုးကန့်လမ်းကြောင်းကို ချုပ် ကိုင် ရှင်းလင်းရတယ်။ တပ်မ ၃၃ က ကြူကုတ်ပန်ဆိုင်း-မူဆယ်-ကိုးကန့်လမ်းကြောင်းဘက်ကရှင်းလင်းရတယ်။

အခု ပလောင်နယ်မြေ မြောက်ခြမ်း နမ်းခမ်းဂွင်မှာ တပ်မ ၈၈ က ၈ ရင်းနဲ့ တပ်မ ၃၃ က ၈ ရင်းထိုးနေပြီး ပလောင်နယ် မြေတောင်ခြမ်း ကျောက်မဲဘက် နဲ့ အနောက်ခြမ်း-အလယ်ခြမ်း-နမ့်စန်ဂွင်တွေမှာတော့ တပ်မ ၇၇ က ၈ ရင်းနဲ့ ကျောက်မဲ စကခ ၁ က ၈ ရင်း ထိုးနေတယ်။ တခြားတိုင်းတပ်တွေ၊ RCSS တပ်တွေနဲ့ ပန်ဆေးကျော်မြင့်ရဲ့ ပြည်သူ့စစ်တပ်တွေကလဲ လိုရင်လိုသလို ပေါင်းစပ်ပါဝင်ပေးနေကြတယ်။ တနည်းအား ဖြင့် ကျောက်မဲ-သီပေါ-လားရှိုး-ကွတ်ခိုင်-မူဆယ်-နမ့်ခမ်းလမ်း အနောက်ခြမ်းမှာ တပ်ရင်း ၅၀ ကျော်နဲ့ ထိုး နေတယ်။

ပလောင်နယ်မြေအရှေ့ဘက် လားရှိုး-ကွတ်ခိုင်-မူဆယ်-နမ့်ခမ်းကားလမ်းအရှေ့ခြမ်း သံလွင်အနောက် ကမ်းက KIA တပ်မဟာ ၄၊ တပ်မဟာ ၆၊ TNLA တပ်တချို့ နဲ့ MNDAA တပ်မဟာ ၅၁၁ တို့ကိုတော့ တပ်မ ၉၉၊ တပ်မ ၆၆၊ တပ်မ ၁၁၊ စကခ ၁၀ တချို့အပါအဝင် တပ်ရင်း ၂၀ လောက်နဲ့ ထိုးနေတယ်။ အဲဒီနယ်မြေမှာ အခုစစ်ဆင်ရေးမတိုင်ခင် ဖေဖော်ဝါရီ ၁၈-၁၉-၂၀ တုံးက ကိုးကန့်တပ်မဟာ ၅၁၁ နဲ့ သုံးရက်တိုက်တာ မင်းအောင်လှိုင်တပ် အထိနာပြီး သေနတ် ၁၂ လက်ဆုံး ထားတယ်။

အခုစစ်ဆင်ရေးပွဲဦးထွက်မှာတော့ မတ်လ ၆ ရက်နေ့က နမ်းခမ်းတောင်ဘက်ခြမ်းကတိုက်ပွဲတပွဲမှာ တပ်မ ၃၃ က ၁၀ လောင်းကျန်၊ ၄ လက်ဆုံးပြီး ခံလိုက်ရတယ်။ ၁၃ ရက်မှာလဲ နမ့်ဆန်နယ်မှာ မိုင်းပဒေသာ ကြောင့် စကခ ၁ က ၃၀ ကျော်ထိခဲ့တယ်။ ဒီတော့ ဗမာစစ်တပ်ကလဲ အစဉ်အလာမပျက် ရွာတွေကို ပစ် မှတ်ထားမီးရှို့၊ ရွာသားတွေလိုက်ပစ်သတ်၊ ပစ္စည်းတွေလုယက်ခိုးဝှက် လုပ်တော့တာပါဘဲ။ အခုဆိုရင် ရှမ်း ပြည်မြောက်ပိုင်း ပလောင်ဒေသနဲ့ကချင်ဒေသ နှစ်ခုစလုံးမှာ နေ့တိုင်း တိုက်ပွဲ ၄-၅ ပွဲမက သေနတ်သံ ထွက်နေတယ်။ ဒါပေမဲ့ ဗမာတပ်တွေဟာ တပ်ရင်းနံပတ်အရသာများပြီး အမှန်တကယ်အင်အားအရတော့ တရင်းကိုအလွန်ဆုံး ၁၀၀ လောက်ဘဲရှိလို့ မနိုင်မနင်း ကသီလင်တနဲ့ စစ်ဆင်ရေးလုပ်နေ ရရှာတယ်။

မင်းအောင်လှိုင်ဟာ ဖဲသမားလိုဘဲ ရန်ကုန်လုံခြုံရေးကို လွှတ်ထားပြီး ရှမ်းပြည်မြောက်ပိုင်းစစ်ဆင်ရေးကို ပုံအောစွန့်စားလိုက် တာ ဖြစ်တယ်။ ရန်ကုန်လုံခြုံရေးအတွက် အရံထားတဲ့ ပဲခူးကတပ်မ ၇၇၊ ပြည်-အင်းမ ကတပ်မ ၆၆၊ ရဲမွန်ကတပ်မ ၁၁ တို့ကို ထုတ်သုံးပစ်လိုက်ပြီး ဖူးကြီးကစကခ ၄ ကိုလဲ ကရင်ပြည်ဘက် လွှတ်ဖို့ရှိတယ် ကြားနေရတယ်။ မန္တလေးလုံခြုံရေးဆိုရင်လဲ အခုမှပြန်ရောက်လာတဲ့ တပ်မ ၁၀၁ တခုဘဲရှိ နေတယ်။ မကွေးကတပ်မ ၈၈၊ မိတ္ထီလာကတပ်မ ၉၉၊ စစ်ကိုင်းကတပ်မ ၃၃ အားလုံးကိုထုတ်သုံးထား တာဖြစ်တယ်။

အာဏာမလွှဲခင် နောက်ဆုံးထိုးစစ်ဖြစ်လို့ တပ်မ ၁၁၊ ၆၆၊ ၈၈ တို့ကိုတော့ မတ်လမကုန်ခင် နောက်တန်း ပြန်နားပေးရမှာလဲ ရှိနေပြီး ‘အောင်ပွဲရ’ရှေ့တန်းပြန်ကြိုဆိုရေးတွေ တပ်ရင်းလိုက်စီစဉ်ခိုင်းထားတယ်။ ဒီတပ်မတွေ နောက်တန်းမပြန်ရ သေး ချိန်မှာတော့ နောက်တန်းပြန်နားနေတဲ့တပ်မက ပခုက္ကူက ၁၀၁ နဲ့ ဘားအံက ၂၂ ဘဲရှိနေတယ်။

လောလောဆယ် ကိုးကန့်ဂွင်မှာတော့ တပ်မ ၅၅၊ စကခ ၂ နဲ့ စကခ ၁၀ တို့ရှိနေပြီး SSPP ကိုတော့ မိုင်းပန်အခြေစိုက် စကခ ၁၇ နဲ့ဘဲထိန်းထားတယ်။ ထူးခြားချက်တခုက ဖေဖော်ဝါရီ ၂၃ ရက်က တပ်မ ၅၅ နဲ့ စကခ ၂ မိုင်းနောင်-လားရှိုး-ကွန်လုံ လမ်းသွားဖို့ SSPP ထံခွင့်တောင်းပြီး SSPP ခွင့်ပြုချက်နဲ့ ကိုးကန့်ထဲ ဝင်လာတာလို့လဲ ထူးထူးဆန်းဆန်းကြားရတယ်။ အခု တပ်လှုပ်ရှားမှုမှာ တချက်ခုတ်နှစ်ချက်ပြတ်အဖြစ် အနာဂတ်ကိုးကန့်စစ်ဆင်ရေးအတွက် ရိက္ခာ ခဲယမ်းစုပုံတာကိုလဲ လုပ်နေ တယ်။

အောင်မင်း-ခင်ဇော်ဦးတို့ကလဲ MNDAA ဆိုရင် လုံးဝ ငြိမ်းချမ်းရေးမဆွေးနွေးနိုင်ဘူး၊ TNLA ကိုတော့ ပအိုဝ်း PNO လိုမျိုး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ ပြည်သူ့စစ်အဖြစ်ထားပေးမယ်၊ AA လဲ ALP လက်အောက်ခံတပ်အဖြစ်နေရင် လက်ခံမယ်လို့ အထူးအခွင့်အရေးပေးသလိုလိုနဲ့ ပလောင်တိုင်းရင်းသားနဲ့ ရခိုင်တိုင်းရင်းသားတွေကို ပန်းသေအောင်ဆေး ထိုးဖို့ ကြံနေတယ်။ ပလောင်သမိုင်းက မိုင်ကျော်ရင်-အိုက်မုန်းတို့လို ဖြစ်လာဖို့၊ လက်နက်ချဖို့ မျှော်လင့်နေတယ်။

တိုင်းရင်းသားလက်နက်ကိုင်စစ်မျက်နှာမှာ အဲသလိုဖြစ်နေချိန် ပြည်မနိုင်ငံရေးစစ်မျက်နှာမှာလဲ တပ်မတော် ကိုယ်စားပြု ဒုသမတဆိုပြီး တကယ်တန်း တပ်မတော်ကမကြိုက်တဲ့ တရုတ်အားကိုး အကျင့်ပျက်ခြစား ဗိုလ်ချုပ်ဟောင်းတယောက်ကို စာဖတ်သူကြီးအလိုကျတင်ပေးရလို့ တပ်ထဲမှာရော၊ လူထုထဲမှာပါ အကြီးအကျယ် သိက္ခာကျနေတယ်။ ဒါကြောင့် မင်းအောင်လှိုင်စစ်တပ်ရဲ့ စစ်ရေးနဲ့နိုင်ငံရေးအခြေအနေဟာ သေခါနီးဆီမီးခွက်က မီးထတောက်တာလား၊ နောက်ဆုံးအား ကုန်သုံးညှစ်နေရတဲ့ စမြင်းတုံးလား၊ တခု မဟုတ်တခု ဖြစ်နေပါပြီ။

အောင်သဇင်