ရက် (၁၀၀) ပြည့်တော့ NLD အစိုးရအခြေအနေကို မိမိတို့ခန့်မှန်းလို့ ရခဲ့ပြီ။ စာနယ်ဇင်းကဏ္ဍ တိုးတက်မှု မရှိဘူး၊ ပြုပြင်ပြောင်းလဲမှု မရှိဘူး။ တရားဥပဒေစိုးမိုးရေးကလည်း အရင်အတိုင်းပဲ တရားမျှတမှု မရှိသေးဘူး။ အရင်က ကာချုပ်ကို ထိလို့ မရတဲ့အခြေအနေမှာ အခု ဒေါ်စုကိုပါ ထိလို့ မရတော့တဲ့အခြေအနေပါ။ ဒါဟာ ဒေါ်စုကို ပုဂ္ဂိုလ်ရေးအရ လမ်းလွဲအောင် စနစ်တကျလုပ်နေကြတာပါ။
ထောက်ခံသူကြားမှာလည်းပဲ လမ်းလွဲအောင် လုပ်နေကြသူတွေ ရှိပါတယ်။ ဥပမာ-ဒေါ်စုကို ထိရင် လုံးဝသည်းမခံသူများ၊ ဒေါ်စုကို ယုံတယ်ဆိုပြီး ချီးမွမ်းခန်းပဲ ဖွင့်နေသူများကို မွေးထုတ်လိုက်တယ်။ ဒေါ်စုကို မှန်ရင် မှန်သလို၊ မှားရင် မှားသလို ဝေဖန်ထောက်ပြနေတဲ့ ထောက်ခံသူများဟာ ရာခိုင်နှုန်းအနည်းငယ်ပဲ ကျန်ပါတယ်။ ဒီထဲမှာ အာဏာရလို့ ယစ်မူးသွားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဒါက ပကတိအခြေအနေပါ။ အစိုးရအုပ်ချုပ်ရေးမှာ စစ်တပ်နဲ့ ဖွတ်တွေ အကြီးအကျယ် ပါနေလို့ဆိုတဲ့ ဆင်ခြေကို ပေးလို့မရပါဘူး။ သူတို့ကိုလည်း NLD က တာဝန်ခံရမှာမို့ပါပဲ။
ငြိမ်းချမ်းရေးကဏ္ဍမှာလည်းပဲ အလားတူအဖြစ်မျိုးကို လေ့လာတွေ့ရှိနိုင်ပါတယ်။ NLD က စစ်တပ်ရဲ့ ဖိအားကြောင့် ငြိမ်းချမ်းရေးကဏ္ဍမှာလည်းပဲ အရင်က အခင်းအကျင်းနဲ့ပဲ ဆက်လုပ်ခဲ့ရပါတယ်။ အခု အားလုံးပါဝင်ရေးမူကိုတောင် အာမခံချက်မပေးနိုင်သေးပါ။ UNA နဲ့ ENAC တွေ့ဆုံပွဲမှာ ဦးအေးသာအောင်က MNDAA, TNLA, နဲ့ AA တို့ ပါရမယ်လို့ ပြောနေဆဲပါ။ NLD အစိုးရကလည်း ဆွေးနွေးပွဲမှာ အားလုံးပါနိုင်ရေးဟာ အရေးကြီးတယ်လို့ ပြောနေတုန်းပါ။ ဒါပေမဲ့ UNFC က မေးမြန်းတဲ့အခါ ဘာမှ မရေရာသေးသလို ဖြစ်နေတယ်။ ဒီနေ့ ဗိုလ်ချုပ်အင်ဘန်လနဲ့ တွေ့တဲ့အခါ ပိုမိုတိကျတဲ့ အဖြေတစ်ခုကို ဒေါ်စု ပေးနိုင်မယ်လို့ မျှော်လင့်ရတယ်။
နောက်ထပ်သတိထားမိတာ တစ်ခု ရှိသေးတယ်။ စစ်တပ်က စစ်အာဏာရှင်ဝါဒကို ပုံသွင်းဖို့ ကြိုးစားနေတဲ့ အချိန်မှာ ဒီမိုကရေစီအတိုက်အခံလောကတစ်ခု ပျောက်ကွယ်သွားခြင်းပဲ ဖြစ်တယ်။ ဒါဟာ ဒီမိုကရေစီတိုက်ပွဲအတွက် အင်မတန်မှ အန္တရာယ်များလှပါတယ်။ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ အစိုးရရဲ့ လိုအပ်ချက်များကို ထောက်ပြမိပါက စုပေါင်းဆဲဆိုကြပါတယ်။ ဒါဟာ စစ်တပ်နဲ့ NLD ကို တသားထဲ ထားပြီး စစ်တပ်နဲ့ NLD ကို ဆန့်ကျင်ပါက ဘဝပျက်သွားမယ်လို့ ခြိမ်းခြောက်နေတဲ့အဆင့် ဖြစ်တယ်။ ဒါကို ကြောက်လန့်လို့ စာရေးဆရာအတော်များများဟာ အရင်ကထက် ကြောက်စိတ်ဝင်နေကြတာကိုလည်း တွေ့ရှိနိုင်ပါတယ်။ ဒါဟာ ဘာကို ပြနေသလဲလို့ မေးရင် NLD အစိုးရလက်ထက်မှာ ပြည်သူလူထုတွေနဲ့ တိုင်းရင်းသားတွေရဲ့ ဘဝဟာ ပိုပြီးတော့ လုံခြုံမလာဘူးဆိုတဲ့ သဘောပါ။
အဆိုးဆုံးမှာ မအလပြောတဲ့စကားကို NLD နဲ့ တိုင်းရင်းသားမဟာမိတ်တွေက ယုံကြည်နေကြခြင်းပဲ ဖြစ်တယ်။ ငြိမ်းချမ်းရေးညီလာခံအောင်မြင်ခဲ့လို့လည်း မအလက နိုင်ငံရေးကနေ ထွက်ဖို့ မမြင်ပါ။ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ စတဲ့ ဖက်ဒရယ်နိုင်ငံတွေအကြောင်း အာဝဇ္ဇန်းရွှင်ရွှင်နဲ့ ပြောကြပေမဲ့ ဖွဲ့စည်းပုံကို မပြင်နိုင်ခဲ့ရင် အဲဒါမှ လေပေါနေတာ ဖြစ်တယ်။ ဒီနေရာမှာ ထောက်ပြစရာရှိသေးတာကတော့ ဝေါဟာရအသုံးအနှုန်းတွေပဲ ဖြစ်တယ်။ ၂၁ ရာစုပင်လုံညီလာခံတို့၊ တိုင်းရင်းသားလူမျိုးများညီလာခံတို့၊ မြန်မာ့နည်းမြန်မာ့ဟန်တို့၊ မြန်မာနိုင်ငံနဲ့ ကိုက်ညီမဲ့စနစ်တို့ ဘာတို့ညာတို့ပေါ့။
သတိထားစရာအကောင်းဆုံးကတော့ အခု သုံးနေတဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ် ဖြစ်တယ်။ ဒီမိုကရေစီနဲ့အညီ ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်ဖို့ မအလတို့စစ်တပ်က ပြောနေပါတယ်။ ဒီမိုကရေစီကို အခြေခံပြီး ဖက်ဒရယ်စနစ်ကို ထူထောင်ခဲ့မယ်ဆိုခဲ့ရင် လူများစုဗမာတွေအလိုကျ ထူထောင်တာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်က မရှိသေးပါဘူး။ ဒါကြောင့် စစ်တပ်ကပဲ ဒီဖက်ဒရယ်စနစ်ကို ပုံဖော်သွားမှာ ဖြစ်တယ်။ တိုင်းရင်းသားတွေ သုံးသလို ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သုံးပါ။ ဖက်ဒရယ်ပြည်ထောင်စုကို တန်းတူရေးစံနှုန်းနဲ့ ထူထောင်ပြီး အဲဒီဖက်ဒရယ်နိုင်ငံမှာ ဒီမိုကရေစီထွန်းကားအောင် လုပ်ရမှာပါ။ ဒီကအစ NLD အစိုးရက သတိထားရပါ့မယ်။ အခု လောလောဆယ်အခြေအနေမှာ အကုန်လုံးနီးပါး လမ်းလွဲနေတာပါ။ ဒါတွေအားလုံးဟာလည်းပဲ စစ်တပ်ကြောင့်ပဲမို့ စစ်တပ်ပြောတိုင်း နားမထောင်ကြဖို့လည်း လိုအပ်ပါတယ်။
U Ravika
Saturday, July 2, 2016
NLD ကို လမ်းလွဲအောင် လုပ်နေသူများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment