Monday, January 11, 2016

NCA အောက်က ရှမ်းပြည်မြောက်ပိုင်းစီမံကိန်း

(အပိုင်း ၁)(အပိုင်း ၂)

၁၉၈၉ ခုနှစ် စက်တင်ဘာလမှာ SSPP/SSA ရှမ်းပြည်တပ်မတော်က နဝတ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့ ပါတယ်။ အဲဒီအချိန်က SSA ဟာ ကျေးသီး-မိုင်းရှူးမှာ တပ်မဟာ ၁၊ ကျောက်မဲ-သီပေါ-နမ့်ခမ်းဒေသမှာ တပ်မဟာ ၂၊ လွယ်ခေး-နမ့်လန်မှာ တပ်မဟာ ၃၊ ကာလိ-ကွန်ဟိန်း-ကျိုင်းတောင်းမှာ တပ်မဟာ ၇ တို့ရှိနေတယ်။ SSA အပစ်ရပ် ချိန်မှာ လက်နက်ကိုင်တော်လှန်ရေးဆက်လုပ်ချင်တဲ့ ဥက္ကဌစိုင်းလိတ်ဟာ ရွှေလီ-နမ့်ခမ်းကို တိမ်းရှောင်ခိုအောင်းနေခဲ့ တယ်။ သိတ်မကြာခင်မှာ ခွန်ဆာနဲ့ အဆက်အသွယ်လုပ်ပြီး MTA ဆီရောက်သွားခဲ့ပေမဲ့ ဘိန်းဘုရင်ခွန်ဆာကိုစည်းရုံး ပြီး ရှမ်းအမျိုးသားတော်လှန်ရေး ဆက်လုပ်ဖို့အိပ်မက်ကို အကောင်အထည်မဖော်နိုင်ဘဲ နောက်ဆုံးမှာတော့ ခွန်ဆာရဲ့ အဆိပ်ခတ်လုပ်ကြံမှုကို ခံလိုက်ရတယ်။

၁၉၉၅ ဇွန်လမှာ ခွန်ဆာရဲ့ MTA အဖွဲ့ကနေ ကန်းရွက်ခေါင်းဆောင်တဲ့ SSNA အဖွဲ့ ခွဲထွက်လာပြီး နဝတ နဲ့ အပစ် အခတ်ရပ်စဲရေးလုပ်ခဲ့တယ်။ ၁၉၉၆ ဇန်နဝါရီလမှာတော့ ခွန်ဆာရဲ့ MTA တဖွဲ့လုံး လက်နက်ချလိုက်တဲ့အခါ တပ်မှူး တွေဖြစ်တဲ့ မဟာဂျာ၊ ဆံမွန်း၊ ဘိုမွန်၊ လောမား၊ ယိရှေး၊ ဝီလ်ဆင်မိုး၊ အဂ္ဂ၊ နော်ခမ်း (၂၀၁၃ မှာ တရုတ်အစိုးရက သေဒဏ်ပေးခံရသူ)၊ ခွန်းမိန်း၊ လီချန်၊ လင်းဆိုင်တို့ကို ပြည်သူ့စစ် (ပသစ) သို့မဟုတ် သောင်းကျန်းသူဆန့်ကျင်ရေး အဖွဲ့ (သကဆဖ) တွေအဖြစ် ရှမ်းပြည်မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ ဖြန့်ခွဲ နေရာချပေးခဲ့ တယ်၊ သက်ဆိုင်ရာနယ်မြေခံ အစိုးရတပ်ရင်းတွေရဲ့ ထိန်းချုပ်ကြီးကြပ်မှုအောက်မှာ နေရတယ်ဆိုပေမဲ့ မူးယစ်ဆေး လုပ်ငန်းတွေ လွတ်လွတ်လပ်လပ်ဆက်လုပ်ခွင့်၊ တခြားစီးပွားရေးလုပ်ခွင့်တွေရခဲ့တယ်။

MTA ထဲမှာပါတဲ့ ကွယ်လွန်သူမိုးဟိန်းရဲ့ SURA တပ်ဖွဲ့ဝင်တချို့ကတော့ ခွန်ဆာနဲ့အတူ လက်နက်မချဘဲ ရွက်စစ် ဦးဆောင်ပြီး SURA အဖြစ် ပြန်လည်လှုပ်ရှားကြတယ်။

ဒါကြောင့် SNLD ဥက္ကဌ ခွန်ထွန်းဦးနဲ့ SSPP နာယက ဗိုလ်ချုပ် ဆေထင်တို့က ၁၉၉၆ စက်တင်ဘာလမှာ SSA-SSNA-SURA ရှမ်း ၃ ဖွဲ့ ညီညွတ်ရေးစာချုပ် ချုပ်ဆိုပြီး ရှမ်းအဖွဲ့အစည်းတခုတည်း ရှမ်းတပ်မတော် SSA တခုတည်းဖြစ်ရေးကို သဘော တူခဲ့ကြတယ်။ သွေးကွဲရေးကိုဘဲ အမြဲတွေ့ချင်တဲ့ စစ်အုပ်စုဟာ အဲဒီကိစ္စကို အကြီးအကျယ်စိုးရိမ်ပြီး လက် တွေ့အကောင် အထည်မဖြစ်အောင် အပြင်းအထန်ဖိအား ပေးဟန့်တားခဲ့တယ်။ တဖက်မှာလဲ အပစ်မရပ်တဲ့ SURA ကို ထိုးစစ်ဆင် ဖြတ်လေးဖြတ်လုပ်တဲ့အတွက် SSA တပ်မဟာ ၇ နဲ့ SSNA တို့ဟာ ၁၉၉၆ နှစ်မကုန်ခင် ကျိုင်းတောင်း-ကျိုင်းခမ်းဂွင်က ဆုတ်ပေးလိုက်ရတယ်။

ရှမ်း ၃ ဖွဲ့ပေါင်းစည်းရေးပျက်သွားပေမဲ့ SURA ကတော့ သဘောတူစာချုပ်မှာပါတဲ့အတိုင်း SSA နာမယ်ပြောင်းပြီး ဘက်တံဆိပ်တွေပါ ပြောင်းတပ်ခဲ့တဲ့အတွက် မီဒီယာတွေမှာ SSA-တောင်ပိုင်းအဖွဲ့အဖြစ် နာမယ်ထွက်လာခဲ့တယ်။ အရင် မိုးဟိန်းအဖွဲ့အစား နိုင်ငံရေးအဖွဲ့အစည်းအဖြစ် RCSS ကိုလဲ တည်ထောင်ခဲ့တယ်။ ခွန်ဆာနဲ့ပေါင်းခဲ့လို့ အရင်က မိုးဟိန်းဌာနချုပ်လုပ်ထားတဲ့ ထိုင်းပိုင်နက် ပိန်းလုံမှာ နေမရတော့ဘဲ ထိုင်းနယ်စပ် လွယ်တိုင်းလျံမှာ ဌာနချုပ်အသစ် တည်ခဲ့ရတယ်။

ရှမ်းညီညွတ်ရေးကို အမြဲမရှုစိမ့်တဲ့ စစ်အုပ်စုဟာ SSA နဲ့ မြို့ပေါ်နိုင်ငံရေးအင်အားစုတွေ ဆက်ဆံမှု ပူးပေါင်းလုပ်ကိုင်မှု များလာတာကို စိုးရိမ်လာတဲ့အတွက် ၂၀၀၅ ဖေဖော်ဝါရီလမှာ ဗိုလ်ချုပ်ဆေထင်၊ ခွန်ထွန်းဦးစတဲ့ ရှမ်းခေါင်းဆောင် တွေကို မရေရာတဲ့အကြောင်းပြချက်တွေနဲ့ ဖမ်းပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချခဲ့တယ်။ ဗိုလ်ချုပ်ဆေထင်ကို ထောင် ဒဏ်အများဆုံး အဖြစ် ၁၀၆ နှစ်အထိချခဲ့တယ်။

အဲသလိုနှိပ်ကွပ်ပြီးနောက် ၂၀၀၅ ဧပြီနဲ့မေလတွေမှာ တဆင့်တက်ပြီး SSA တပ်မဟာ ၂ ကို သီပေါ-ကျောက်မဲဂွင်က ဆုတ် ခိုင်းတာ၊ ရွှေလီ-နမ့်ခမ်းကဆုတ်ခိုင်းတာ၊ မဟာမိတ်ဖြစ်တဲ့ PSLA ပလောင်အပစ်ရပ်အဖွဲ့ကို လက်နက်ချခိုင်းတာ၊ ညီနောင် SSNA အပစ်ရပ်အဖွဲ့ကိုလဲ လက်နက်ချခိုင်းတာတွေ လုပ်လာလို့ နောက်ဆုံးမှာ SSA တပ်မဟာ ၂ လဲ တပ် ပျက်၊ PSLA လဲ လက်နက်ချ၊ SSNA လဲ တပ်မဟာ ၃ ခု လက်နက်ချလိုက်ရပြီး စိုင်းရီနဲ့ အနည်းစုဘဲ SSA-တောင်ပိုင်း ဆီ သွားပူးပေါင်း လိုက်ရတယ်။

၁၉၉၄ ဖေဖော်ဝါရီလမှာ KIA အပစ်အခတ်ရပ်စဲရေးလုပ်တော့ ABSDF မြောက်ပိုင်းအဖွဲ့ထဲက သံချောင်း ဦးဆောင်တဲ့ ရှမ်းနီကျောင်းသားတွေဟာ ရှမ်းပြည်ဘက်ကို ထွက်လာပြီး SSA ကို ရောက်လာခဲ့တယ်။ ကာလတခု ခိုနေပြီးနောက် အပစ်အခတ်ရပ်စဲရေးထဲမှာ မနေချင်ဘူး၊ လက်နက်ကိုင်တိုက်ပွဲ ဆက်တိုက်ချင်တယ်ဆိုလို့ SSA က သူတို့အဖွဲ့ကို SSA-တောင်ပိုင်း ဆီပို့ပေးခဲ့တယ်။

သံချောင်းအဖွဲ့ဟာ SSA-တောင်ပိုင်းအဖွဲ့ဝင်အဖြစ် ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာဘဲ ၁၉၉၈ ခုက ၂၀၀၅ ခုအထိ စစ်တိုက်လှုပ်ရှားနေခဲ့တယ်။ ၂၀၀၅ ခုနှစ်လယ် ရှမ်းပြည်မြောက်ပိုင်းမှာ ဟာကွက်ဖြစ်သွားတော့ SSA-တောင်ပိုင်းဟာ အခွင့်ကောင်းယူပြီး ဒုဗိုလ်မှူးကြီးစဝ်ခွန်ကျော် နာမယ်ခံထားတဲ့ သံချောင်းနဲ့အဖွဲ့ကို SSA-တောင်ပိုင်းရဲ့ တပ်ရင်း ၇၀၁ အဖြစ် နမ့်ခမ်း-ရွှေလီ ထိုးဖောက်အခြေချဖို့ ထိုင်းနယ်စပ်ကတက်ခိုင်းခဲ့တယ်။ ဒါပေမဲ့ ဒီဇင်ဘာလထဲမှာ ဗမာစစ်တပ်ရဲ့ ပိတ်ဆို့ချေမှုန်းတာ ခံလိုက်ရတယ်။

နဂိုက SSPP/SSA အမာခံနယ်မြေဖြစ်တဲ့ နမ့်ခမ်း-ရွှေလီဒေသက ရဲဘော်ဟောင်းတွေဟာ အပစ်အခတ်ရပ်စဲလိုက်တဲ့ လွယ်မောင်းတို့ရဲ့ ပစ်ပယ်မှုကိုခံရတော့ ၂၀၀၇ ခုမှာ SSA-တောင်ပိုင်း ဌာနချုပ်ကို သွားဆက်သွယ်တဲ့အခါ သူတို့ကို ၇၀၁ တပ်ဖွဲ့အဖြစ် အသိအမှတ်ပြုလိုက်တယ်။ ဒါပေမဲ့ လူ ၄-၅၀ ထက်မပိုဘဲ ကုန်သည်တွေ စီးပွားရေးလုပ်ငန်းတွေ ကားလိုင်းတွေကို အခွန်ကောက်၊ မပေးရင်ဗုံးခွဲတဲ့အလုပ်ဘဲ လုပ်နေတော့တယ်။ ဗမာစစ်တပ်ပိုင် မြဝတီဘဏ်ကို တောင် ဆက်ကြေးတောင်းလိုက်သေးတယ်။ သြဇာရှိတဲ့ သံချောင်း (ခေါ်) ခွန်ကျော်လဲ ထောင်ကျသွားပြီဖြစ်လို့ ထိုင်းနယ်စပ် လွယ်တိုင်းလျံက SSA-တောင်ပိုင်းဌာနချုပ်ကလဲ တရုတ်နယ်စပ်က ၇၀၁ တပ်ဖွဲ့ကို စိတ်မဝင်စားတော့ ပါဘူး။ ဒီတပ်ဖွဲ့ဟာ ၂၀၁၃ မှာ ဗမာစစ်တပ်ကတိုက်လို့ အထိနာသွားပြီး လူ ၂၀ လောက်ဘဲကျန်လို့ KIA ကို မှီခိုနေခဲ့ရ တာ အခု စစ်ဆင်ရေးမစခင်အထိ ဖြစ်တယ်။

ဒီအချိန်မှာ SSA ထဲမှာလဲ ရန်သူကို အလျှော့ပေးလိုက်လျောပြီး အမျိုးသားရေးထက် စီးပွားရေးဘဲပိုလုပ်ချင်တဲ့ လွယ် မောင်း-ကိုင်ဖှဂိုဏ်းက အသာစီးရနေတော့ သီပေါ-ကျောက်မဲ-ရွှေလီ-နမ့်ခမ်း စည်းရုံးရေးကို ခေါင်းထဲမထည့်တော့တဲ့ အခြေအနေဖြစ်နေရာက နောက်ဆုံး ၂၀၀၉ ခုနှစ်မှာ နအဖစစ်အစိုးရအလိုကျ လွယ်မောင်းဦးစီး စိန်ကျော့ပြည်သူ့စစ် နဲ့ ကိုင်ဖှဦးစီး ကာလိပြည်သူ့စစ်တွေဖြစ်သွားပြီး မူးယစ်ဆေးလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းတွေထဲနစ်သွားတယ်။ (ဒီနှစ် ဒီဇင်ဘာလဆန်းမှာတောင် ဘိန်းချက်စက်ရုံ၊ မြင်းဆေးစက်ရုံတွေအတွက် ဆက်ကြေးမပေးလို့ ကွန်ဟိန်းဘက်မှာ ရလခ တပ်တွေက ကာလိပြည်သူ့စစ်ကိုလာတိုက်တာ ရှမ်းပြည်သူ့စစ် ၄ ယောက် ကျသွားသေးတယ်။) တချိန်က SSA အမာခံနယ်မြေတွေဖြစ်တဲ့ ဟိုခဲ-ဟမ်းငိုင်း-ပန်ကေတုဂွင်တွေကိုတောင် လက်လွှတ်လိုက်ရုံမက ဗကပ မရှိတော့တဲ့ ဗကပ အမာခံနယ်မြေတွေ အင်တော-ကျောက်ဂူ-နောင်လုံ-နောင်ဝိုး-မိုင်းယွန်းဆင်တောင်-မိုင်းပျင်းလက်သဲ့တို့ကိုပါ SSA-တောင်ပိုင်းက လွှမ်းမိုးသွားခဲ့တယ်။

စစ်အစိုးရကိုအလျှော့ပေးရေးလက်မခံတဲ့ ပန်ဖှ ဦးဆောင်တဲ့ SSA တပ်မဟာ ၁ ကတော့ နဂိုမူလ SSPP/SSA အဖြစ် ဆက်လက်ရပ်တည်ပြီး ဗိုလ်ချုပ်ဆေထင်နဲ့အတူ ရှမ်းအမျိုးသားတော်လှန်ရေးတာဝန်ကို ပုခုံးပြောင်း ထမ်းဆောင်ခဲ့ တယ်။ ၂၀၀၉ မတိုင်ခင်က SSA တပ်မဟာ ၁ မှာ အင်အား ၁၀၀၀ မပြည့်ပေမဲ့ အခုတော့ အင်အား ၅၀၀၀ အထိ ဖြစ်လာတယ်။ ဒါပေမဲ့ အကန့်အသတ်တွေကြောင့် မူလ SSA နယ်မြေအားလုံးကို ပြန်မထိန်းနိုင်သေးဘဲ ဖြစ်နေတယ်။

၁၉၉၁ ခု ဧပြီလမှာ PSLA ပလောင်လက်နက်ကိုင်အဖွဲ့ဟာ နဝတ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့ပြီး ရှမ်း မြောက်အထူးဒေသ(၇) အဖြစ် ရပ်တည်ခဲ့ရာက ၂၀၀၅ ခု မေလမှာ အပြီးအပိုင်လက်နက်ချလိုက်ရတယ်။ ဒါကို မကျေ နပ်တဲ့ ပလောင်လူငယ်တွေဟာ PSLF အဖွဲ့အဖြစ် ထိုင်းနယ်စပ်နဲ့ တရုတ်နယ်စပ်မှာ အခြေစိုက်ပြီး ပလောင်ဒေသ ထဲကို လျှို့ဝှက်စည်းရုံး လှုပ်ရှားနေခဲ့တယ်။ ၂၀၁၁ ခုမှာ ဗမာအစိုးရနဲ့ KIA အပစ်အခတ်ရပ်စဲရေးပျက်လို့ စစ်ပြန်တိုက် တဲ့အခါ PSLF ဟာ KIA အကူအညီနဲ့ TNLA လက်နက်ကိုင်တပ်ပြန်ထူထောင်ပြီး ၂၀၁၂ ခုမှာ လူ ၂၂ ယောက် သေ နတ် ၂၂ လက်နဲ့ ကချင်နယ်မြေကနေ ပလောင်နယ်မြေကို ရွှေလီမြစ်ကူး ဝင်လာခဲ့တယ်။ ၃ နှစ်အကြာ ၂၀၁၅ မှာတော့ အင်အား ၄၀၀၀ ကျော်ဖြစ်လာပြီး မင်းအောင်လှိုင်ရဲ့ တပ်မ ၇၇၊ ၈၈၊ ၉၉၊ ၅၅၊ စကခ ၁၊ စကခ ၁၆ တွေ ဝိုင်းတိုက်တာကို ကောင်းကောင်းနှိမ်နင်း ရပ်တည်နေနိုင်ပြီ ဖြစ်တယ်။

ဒါတွေဟာ NCA လက်မှတ်မထိုးခင် ရှမ်းပြည်မြောက်ပိုင်းအနေအထားဖြစ်ပါတယ်။

NCA လက်မှတ်ထိုးပြီးနောက်မှာတော့ RCSS ဟာ ဗမာစစ်တပ်ရဲ့ အားပေးပံ့ပိုးမှုနဲ့ ရှမ်းပြည်ထဲက တခြားတိုင်းရင်းသား နယ်မြေတွေကိုပါ စိုးမိုးဖို့၊ တခြားတိုင်းရင်းသားတပ်ဖွဲ့တွေကို မောင်းထုတ်ချေမှုန်းဖို့အထိ ရည်ရွယ်လှုပ်ရှားလာတယ်။ ပလောင်နယ်မြေသိမ်းပိုက်ရေးသက်သက် ရည်ရွယ်တာမဟုတ်ဘဲ အဲဒါအောင်မြင်ရင် ရှမ်းပြည်ကနေ ကချင်ပြည် ကူးပြီး ရှမ်းနီအမျိုးသားရေးကြွေးကြော်သံနဲ့ KIA ဆီက ကချင်ပြည် မိုးကောင်း-မိုးညှင်းမြေပြန့်ကို လုယူဖို့နဲ့ ဖားကန့်ကို ပါယူဖို့ မင်းအောင်လှိုင်တို့က ခွေးဝမ်းသာအောင် လေလည်ပြထားတယ်။ လောလောဆယ်မှာ ရှမ်းနီအမျိုးသား တပ်မတော် (SNA) နာမယ်နဲ့ ကချင်ပြည်နဲ့စစ်ကိုင်းတိုင်းအစပ်မှာ စ,လှုပ် ရှားနေတယ်။ ဒီလိုနဲ့ စစ်အုပ်စုဟာ ကချင် ပြည်ဘက်မှာ ရှမ်းနီပြဿနာ မီးမွှေးနေတဲ့အပြင် ပူတာအိုဘက်က ရဝမ်နဲ့ လီဆူးကိုလဲ ဂျိန်းဖောအများစုပါတဲ့ KIA နဲ့ ရန်တိုက်ပေးဖို့ ဒုချုပ် စိုးဝင်းကိုယ်တိုင် အောက်တိုဘာလဆန်းက မြစ်ကြီးနားလာပြီး ညွှန်ကြားချက်ပေးခဲ့တယ်။

RCSS ရဲ့အစီအစဉ်ကို UNFC က စောစောကတည်းက ချင်းမိုင်မှာ ဆွေးနွေးဖြောင်းဖြတာမရခဲ့သလို ကျောက်မဲဘက် မှာ KIA ဒုတပ်မဟာမှူး၊ တပ်ရင်းမှူးတွေနဲ့ TNLA တပ်မဟာမှူး၊ တပ်မှူးတွေနဲ့ ၃ ဖွဲ့ တွေ့ဆုံညှိနှိုင်းခဲ့တာလဲ အဆင်မပြေ ခဲ့ဘဲ ပလောင်နယ်မြေထဲကို အင်အား ၂၀၀ လောက်နဲ့ အတင်းတိုးဝင်ခဲ့တော့ TNLA နဲ့ မလွှဲမရှောင်သာ တိုက်ပွဲတွေ ဖြစ်တဲ့အခါ အဓမ္မကောက်ထားတဲ့စစ်သား အများစုပါတဲ့ SSA-တောင်ပိုင်းအဖွဲ့ တပ်ပျက်သွားပြီး လူ ၇၀-၈၀ လောက် ဘဲကျန်ခဲ့တယ်။ TNLA လဲ လက်နက်တွေနဲ့ သုံ့ပန်းတွေ တော်တော်ရလိုက်တယ်။ …

(အပိုင်း ၂)
(မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၆

ဒါကြောင့် SSA-တောင်ပိုင်းက အခဲမကြေဘဲ လူအင်အားထပ်ဖြည့်ပြီး အခု ပလောင်နယ်မြေထဲ အင်အား ၁၀၀၀ ကျော် နဲ့ထပ်ဝင်နေတယ်။ တချိန်က ဘိန်းဘုရင်ခွန်ဆာ့လူတွေဖြစ်ခဲ့ပြီး အခု အစိုးရပြည်သူ့စစ်လုပ်နေတဲ့ လွယ်မော်-နောင် လိုင်ဒေ သက ဘိုမွန်ရဲ့ မန်ပန်ပြည်သူ့စစ် နဲ့ နမ့်ခမ်းက ခိုလုံလီရှော ကျော်မြင့်ရဲ့ ပန်ဆေးပြည်သူ့စစ်တို့ အကူအညီတွေလဲ အများ ကြီးရထားတယ်။ ဒါ့အပြင် စက်ဆက်သွယ်ရုံတင်မကတော့ဘဲ ဗမာတပ်တွေနဲ့ ပြောင်တွဲပြီး TNLA ကို လိုက်တိုက်တာ လှုပ်ရှားတာတွေလဲ လုပ်နေတယ်။

SSPP/SSA တပ်တွေ ဝန့်ဟိုင်းဌာနချုပ်နဲ့ ၃ မိုင်အကွာလောက်မှာနေတာကို နယ်မြေကျော်တယ်ဆိုပြီး ပြည်မက လာတဲ့ ဗမာစစ်တပ်က ပြဿနာလုပ်ပေမဲ့ RCSS/SSA-တောင်ပိုင်းတပ်တွေ လွယ်တိုင်းလျံဌာနချုပ်က မိုင် ၃၀၀ ကျော် ၄၀၀ လောက်ဝေးတဲ့နေရာကို သွားအခြေစိုက်တာတော့ ဘာပြဿနာမှမဖြစ်ခဲ့ဘူး။ ဒါ့အပြင် KIA က တပ်မဟာ ၈ အသစ်ဖွင့်တာကို ပြဿနာရှာပေမဲ့ RCSS က ၇၀၁ စစ်ဒေသဖွင့်တာကိုတော့ လိုအပ်တဲ့ကူညီပံ့ပိုးမှုတွေတောင် လုပ် ပေးသေးတယ်။

ဒီလိုနဲ့ RCSS ဟာ သူတို့တခါမှမရောက်ဘူးတဲ့ နမ့်ခမ်း-လားရှိုး-သီပေါကားလမ်း အနောက်ခြမ်းကို ဝင်လာတယ်။ တချိန်က SSA တပ်မဟာ ၃ ကို နအဖ စစ်အုပ်စုက ဖယ်ခိုင်းတဲ့ဂွင်တွေဖြစ်တယ်။ ဝ မြောက်ပိုင်းခရိုင်ရဲ့ အနောက်ဖက် နောင်လိုင်-မန်ပန်ကတဆင့် သိန္နီ-ကွမ်လုံကားလမ်း မြောက်ခြမ်း မုံးစီး-နားလယ်ဂွင်ကိုလဲ ဝင်လာတယ်။ ဒီနယ်တွေ ဟာ RCSS တခါမှမရောက်ဖူးတဲ့ဒေသတွေ ဖြစ်တယ်။ အရင်က လူ ၄-၅၀ ဘဲရှိတဲ့ ၇၀၁ တပ်ရင်း သို့မဟုတ် ၇၀၁ တပ်ဖွဲ့အဖြစ် သတ်မှတ်ခဲ့တာကိုလဲ အခု ၇၀၁ စစ်ဒေသအဖြစ် အဆင့်မြှင့်သတ်မှတ်ထားတယ်။ မိုးမိတ်-မဘိန်း နဲ့ နမ္မတူ-ဘော်တွင်းကနေ မုံးစီး-မုံးဟောင်အထိကျယ်ပြန့်တဲ့ဒေသတခုလုံးကို ရွှေလီချိုင့်ဝှမ်း ၇၀၁ စစ်ဒေသအဖြစ် တိုးချဲ့ သတ်မှတ်လိုက်တာဖြစ်တယ်။ RCSS ဟာ မုံးစီး-မုံးဟောင်ကနေ မြောက်ဘက်ဆက်တိုးရင်တော့ KIA တပ်မဟာ ၄ အမာခံနယ်မြေရောက်မှာဖြစ်ပြီး KIA ကလဲ ဝင်လာရင်တွယ်ဖို့ ပိုင်းဖြတ်ထားတော့ ဆက်မတိုးဘဲ အခြေအနေစောင့် ကြည့်နေတယ်။

ဒီဇင်ဘာ ၁၀ ရက်တုံးကလဲ RCSS ကိုယ်စားလှယ်အဖွဲ့ဟာ ကစထ (၂) မှူး ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ရမခ တိုင်းမှူး ဗိုလ်မှူး ချုပ်ဘုန်းမြတ်၊ စကခ-၁ မှူး ဗိုလ်မှူးကြီးသိန်းဇော်တို့နဲ့ ကျောက်မဲမှာ ညှိနှိုင်းတာတွေ လုပ်ခဲ့တယ်။ ရမခ နယ်မြေထဲက မင်းအောင်လှိုင်ရဲ့တပ်မတွေနေရာ အစားထိုးချင်တဲ့သဘောမျိုးလဲ တွေ့နေတယ်။ မင်းအောင်လှိုင်တပ်တွေရဲ့ အလုပ် ကို RCSS ကလုပ်ပေးနိုင်ရင် လက်ရှိ ရမခ ထဲပြုံနေတဲ့တပ်မတွေကို ဆွဲထုတ်ပြီး လိုအပ်တဲ့နောက်တနေရာရာ (ဥပမာ- KIA သို့မဟုတ် SSPP သို့မဟုတ် UWSA) ကိုပို့ တိုက်နိုင်မှာဖြစ်တယ်။

ဖြစ်နိုင်ခြေတခုက SSPP ဌာနချုပ် ဝန့်ဟိုင်းကို ပြုံထိုးပြီး UWSA ကို စစ်ကူထွက်လာအောင် ဆွဲထုတ်၊ ထွက်လာတဲ့ အခါ ထိုင်းနယ်စပ်က UWSA ၁၇၁ စစ်ဒေသကို RCSS နဲ့ ထိုင်းအစိုးရတို့နဲ့ညှိပြီး ထိုးတာမျိုးလဲ လုပ်နိုင်တယ်။

တဖက်မှာလဲ RCSS ကိုကြည့်ရင် ဟန်ယောင်ဝေနဲ့ အမေရိကန် နောက်ခံတွေရှိနေတဲ့အတွက် အခုလို ထိုင်းနယ်စပ် ကနေ တရုတ်နယ်စပ်ကို အင်ကြီးအားကြီးနဲ့ ရောက်လာတာဟာ ဗမာစစ်အုပ်စုရဲ့ KIA TNLA SSPP MNDAA ဖြိုခွဲရေး ဗျူဟာ တင်မက အမေရိကန်ရဲ့ တရုတ်ဝိုင်းပတ်ရေးမဟာဗျူဟာနဲ့လဲ ပတ်သက်ပုံရတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အထောက်အကူဖြစ်အောင် TNLA က စစ်အရှိန်လျှော့ခဲ့ပေမဲ့ မအလ တပ်က အရင်ထက်ပို ဖိထိုးနေလို့ နေ့တိုင်းတိုက်ပွဲဖြစ်ရုံမက တရက်ကို ၃-၄ နေရာအထိဖြစ်နေတယ်။ တပ်မ ၇၇ ၈၈ ၉၉ အပြင် ၅၅ တဗျူ ဟာနဲ့ RCSS တွေ ထပ်သွင်းလာတာဖြစ်တယ်။ ဒါပေမဲ့ မအလ တပ်မတပ်တွေဘဲ ခံနေရလို့ လေကြောင်းအကူတောင် ခေါ်ရတယ်။

ဒါ့အပြင် တော်လှန်ရေးအဖွဲ့တွေအပေါ် လူထုအထင်မှားအောင် ယုံထင်ကြောင်ထင်ဖြစ်အောင် ကကကြည်းလက် အောက်ခံ တာမိုးညဲပြည်သူ့စစ်၊ ပန်ဆေးပြည်သူ့စစ်၊ မန်ပန်ပြည်သူ့စစ်တွေကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ယူနီ ဖောင်းတွေ ဝတ်ပြီး ရွာသားတွေကို စစ်သားကောက်တာ၊ ဝင်ဖမ်းတာ၊ သေနတ်နဲ့အရမ်းလျှောက်ပစ်တာတွေလဲ လုပ် ခိုင်းနေတယ်။

အခုလို ဗမာစစ်အုပ်စုရဲ့ ရူးကြောင်မူးကြောင်ငြိမ်းချမ်းရေးလုပ်ငန်းကို အားဖြည့်ကြက်ဥတိုက်နေတဲ့ MPC ထဲမှာတော့ ညိုအုန်းမြင့်ဟာ တရုတ်ထောက်လှမ်းရေးလုပ်နေပြီး တရုတ်ဆီက ၁၀ နှစ်ဗီဇာရထားတယ်။ မကြာခင်ကဘဲ ပီကင်းကို သွားပြီး အစီရင်ခံ ညွှန်ကြားချက်ယူခဲ့သေးတယ်။ တရုတ်အိတ်ကပ်ထဲ မရောက်ခင် NLD-LA မှာရှိတုံးကလဲ KIA က ပဒိုမန်းရှာဆီ လျှို့ဝှက်ပို့ပေးတဲ့ နအဖ ၂၀၀၈ လေးလပတ်အစည်းအဝေးမှတ်တမ်းနဲ့ သန်းရွှေမိန့်ခွန်းကို မဇ္ဈိမ၊ အမေရိကန် သံရုံးနဲ့ ဂျိန်းစာစောင်တွေဆီ ရောင်းစားခဲ့ပြီး နအဖဆီလဲပြန်ပေါက်ကြားအောင် တဖက်လှည့်နဲ့ သတင်းပေးခဲ့သေးတယ်။ ညိုအုန်းမြင့်လိုဘဲ ကျော်ရင်လှိုင်ကိုလဲ တရုတ်ကမွေးထားသေးတယ်။

လှမောင်ရွှေ၊ မင်းဇော်ဦး၊ တင်မောင်သန်း၊ အောင်နိုင်ဦးတို့ကတော့ ဒီမိုကရေစီအတိုက်အခံတွေနဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေ ကို အကြောင်းအရာအမျိုးမျိုးနဲ့အပုပ်ချပြီး ၆၆ တပ်မမှူးဟောင်းတဖြစ်လဲ ဝန်ကြီးအောင်မင်းကို ဖားလွန်းလို့ တပ်က PSO တွေကတောင် အမြင်ကပ်နေတယ်။ ဝ ဒေသနဲ့ မျက်နှာချင်းဆိုင် သံလွင်အနောက်ကမ်းက ဗမာစစ်တပ် တခါမှမရောက်ဖူးတဲ့ လွယ်လန်းကြောကို SSPP/SSA ဘဲ တလျှောက်လုံးထိုင်လာတာကို ဗမာတပ်ဝင်တိုက်တာဟာ ဗမာစစ်တပ်က ကိုယ့်နယ်မြေကိုယ်ရှင်းလင်းရေးလုပ်တာလို့ မင်းဇော်ဦးက ဖာပေး ဖားပေးခဲ့တယ်။ ထိုင်းနယ်စပ်မှာ FCDCC လို့ခေါ်တဲ့ ဖက်ဒရယ်အခြေခံဥပဒေရေးဆွဲရေးနဲ့ညှိနှိုင်းရေးကော်မတီမှာ ၄-၅ နှစ်မက ဖက်ဒရယ်အခြေခံ ဥပဒေနဲ့ ပြည်နယ်အခြေခံဥပဒေတွေ ပါဝင် ရေးဆွဲခဲ့တဲ့ မွန်ပြည်သစ်နဲ့ တခြားတိုင်းရင်းသားခေါင်းဆောင်တွေကိုလဲ တင်မောင်သန်းက ၂၀၀၈ အခြေခံဥပဒေ မဖတ်ဖူး ကြဘူးလို့ အောင်မင်းတို့အကြိုက် စော်ကားသေးတယ်။

လှမောင်ရွှေ ဟာ NLD မှာ ဦးဝင်းထိန်အောက်ကတွဲလုပ်ဖို့ ကမ်းလှမ်းတာကို ငြင်းလိုက်တယ်လို့ပြောပြီး ဦးဝင်းထိန်ကို အရှက်ခွဲခဲ့ပေမဲ့၊ တဖက်မှာ ဦးဉာဏ်ဝင်းကြောင့် NCA မူဘောင် အဆင်ပြေသွားတယ်လို့ မြှောက်ပေးတာဟာ စစ်အုပ်စု နည်းဟောင်းအတိုင်း NLD ကိုလဲထိုးခွဲ၊ တိုင်းရင်းသားတွေက NLD ကိုအထင်လွဲအောင်လဲ လုပ်တာဖြစ်တယ်။  တကယ်တော့ ABSDF မျိုးဝင်းကြောင့် ၃ ပွင့်ဆိုင်က ၅ ပွင့်ဆိုင်ဖြစ်သွားတာကို NLD ဉာဏ်ဝင်းကြောင့်လို့ ချီးကျူးသလိုလိုနဲ့ နာမယ် ဖျက်တဲ့အတွက် ဒေါ်စုလဲတင်းသွားပြီး ငြိမ်းညီလာခံမတက်ဖို့နဲ့ မူဘောင်တွေ အပစ်ရပ်စာချုပ်တွေကို ၂၂ ဖွဲ့စလုံးနဲ့ထိုင်ပြီး အစအဆုံးအသစ်ပြန်လုပ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်။ လှမောင်ရွှေဟာ ၂၀၁၃ တုံးကလဲ အပစ် ရပ်ဆွေးနွေးပွဲမှာ KIA ကဗိုလ်ချုပ်ဂွမ်မော် လာမတက်တာကို ‘ဒါဟာ ဂွမ်မော်က ဗမာ့တပ်မတော်ကို လုံချည်လှန်ပြ တာ’ လို့ မိုက်မိုက်ရိုင်းရိုင်းချွန်ပေးခဲ့သေးတယ်။

ဒီလိုလူစားတွေဟာ အခု MPC ရှေ့ရေး မရေရာတော့တဲ့အခါ ဒေါ်စုကိုပါ မျက်နှာပြောင်ပြောင်နဲ့ဖားလာပြန်တယ်။ ဒါ့ အပြင် မင်းဇော်ဦးနဲ့အောင်နိုင်ဦးတို့ဟာ ဒေါ်စုတက်လာရင် သူတို့အတွက် အခြေအနေမလှမှာကိုတွက်ပြီး ထိုင်းနိုင်ငံ မှာ အိမ်ဝယ်ထားတာတွေလဲ ရှိနေတယ်။ ပြည်ပကိုပြန်ပြေးဖို့ ပြည်ပမှာအခြေချဖို့တွေ ပြင်ထားကြတယ်။ ဘယ်လိုဘဲ ဖားဖား စာဖတ်နေသူကြီးနဲ့ မင်းအောင်လှိုင်တို့ကတော့ ကြောရိုးထက် ဝါးကြောကို အဓိကထားတဲ့ ရှုပ်ထွေးပွေလီ MPC ကို ဖျက်ပစ်ချင်နေတယ်။

တကယ်တော့ မင်းအောင်လှိုင်တို့ဟာ ပလောင်တဖွဲ့တည်းကို ဖိအားပေးတာ သက်သက်မဟုတ်ဘဲ NCA လက်မှတ် မထိုးတဲ့ တိုင်းရင်းသားအဖွဲ့အားလုံးကို ရည်ရွယ်ပြီး ခြိမ်းခြောက်နေတာဖြစ်တယ်။ တကယ်တော့ NCA လက်မှတ်ထိုး တဲ့ ၈ ဖွဲ့ဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့စုစုပေါင်း ၂၂ ဖွဲ့မှာ အင်အားနဲ့ နယ်မြေအရ ၁၅% ဘဲ အလွန်ဆုံးရှိလို့ NCA ရဲ့ တရားဝင်မှု ခိုင်မာမှုတွေ မရေမရာဖြစ်နေတာကို စစ်အုပ်စုက ကြိတ်မနိုင်ခဲမရ ဖြစ်နေပြီး နှိပ်ကွပ်ဖို့ ခြေလှမ်း နေတာဖြစ်တယ်။

ဒါကြောင့် UNFC အပါအဝင် လက်မှတ်မထိုးတဲ့တိုင်းရင်းသားအားလုံးက စစ်အုပ်စုရဲ့ အကြံအစည်ကို စနစ်တကျ စီမံ ကိန်းရှိရှိ တုန့်ပြန်ရိုက်ချိုးဖို့လိုပါတယ်။ ငြိမ်းချမ်းရေးကိုမျှော်ကိုးပြီး ကိုယ့်ဘက်ကချုပ်တည်းထားပေမဲ့ ဖက်ဆစ်တွေ ဘက်က တော့ ဘယ်လိုမှယဉ်ကျေးမလာတာ အားလုံးအသိဘဲ ဖြစ်နေတယ်။ ဒါကြောင့် ဒုတိယပန်ဆန်းညီလာခံရဲ့ ဆုံးဖြတ်ချက် အတိုင်း စစ်ဘက်ဆိုင်ရာပေါင်းစပ်ရေး စုဖွဲ့လှုပ်ရှားရေးတွေ လုပ်ဖို့လိုနေပါပြီ။ ကိုးကန့် တဖက်သတ် အပစ်ရပ်ပြီးနောက် ငြိမ်နေလိုက်တဲ့ FUA ကို ပြန်အသက်သွင်းပြီး ပိုပြီးအင်တိုက်အားတိုက် လှုပ်ရှားဖို့ အထူးလိုအပ် နေပါပြီ။

အောင်သဇင်

(မိုးမခ) ဇန်န၀ါရီ ၉၊ ၂၀၁၆


0 comments: