Friday, January 8, 2016

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဒီလိုမြင်တယ်



ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လာမဲ့ (၁၂)ရက်နေ့ကနေ (၁၆)ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်တယ်။ ဒီညီလာခံမှာ ချမှတ်ထားတဲ့ ကိုယ်စားလှယ်အချိုးဟာ မမျှတပါဘူး။ အဓိကဆွေးနွေးရမဲ့ NLD, UNFC, နဲ့ စစ်တပ်တို့အနက် စစ်တပ်တစ်ခုပဲ စုံစုံညီညီ တက်ရောက်နိုင်မှာ ဖြစ်တယ်။ ရာခိုင်နှုန်း(၈၀)မျှ ရွေးကောက်ပွဲအောင်နိုင်တဲ့ NLD ရဲ့ ကိုယ်စားလှယ်အချိုးက နှစ်ယောက်နှုန်းပဲ ရှိပါတယ်။ UNFC အဖွဲ့ကတော့ ဒီထဲမှာ လုံးလုံးဝမပါပါ။ UNFC ကတော့ ဇင်းမယ်မှာ တွေ့ကြမယ်။ ဒီညီလာခံကို တက်မှာ မဟုတ်ပါ။ ဝအဖ္ဖဲ့လည်း တက်မှာမဟုတ်ပါ။ NCA ကို လက်မှတ်ထိုးပြီးသား(၈)ဖွဲ့ထဲက ဖဒိုကွယ်ထူးဝင်းက လက်ရှိ သဘောတူညီချက်ကို အစိုးရသစ်က လက်ခံဖွယ်ရာ မရှိလောက်ဘူးလို့ ပြောဆိုသွားတယ်။ NLD က လက်ရှိညီလာခံဟာ ၂၀၁၂ ခုနှစ်ကြားဖြတ်အရ ရာခိုင်နှုန်းအရသာ ပါဝင်နိုင်တာ ဖြစ်ပြီး ဒီညီလာခံမှာ အရေးပါတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

UWSA, KIO, စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဟာ NLD အစိုးရ ကမ်းလှမ်းလာမဲ့ တွေ့ဆုံဆွေးနွေးပွဲကို ကြိုလင့်နေကြပါတယ်။ လောလောဆယ်မှာ SSPP ကာနယ်စိုင်းလကလည်း UNFC အဖွဲ့ကြီးဟာ လက်ရှိပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက်မတက် ငြင်းဆိုခြင်းဖြင့် သွေးမကွဲချင်တော့ပါဘူးတဲ့။ NLD ကလည်း တိုင်းရင်းသားတွေကို နောက်ထပ်သွေးကွဲစေမဲ့အပြုအမူများကို အထူးရှောင်ရှားလိုကျက် ရှိပါတယ်။ လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးသွားမယ်လို့ ကတိထပ်ပေးပါတယ်။ ဒါကြောင့် UNFC နဲ့ NLD အစိုးရသစ်တို့ဟာ နှစ်ပေါင်း(၂၀)ကျော် ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပနိုင်ကြမှာ ဖြစ်ပါတယ်။ 

စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခုကို ထူထောင်ဖို့ စစ်တပ်နဲ့ ခရိုနီတို့ရဲ့ ထောက်ခံမှု လိုအပ်ပါတယ်။ ဒါကို သိလို့လည်း NLD ပါတီအနေနဲ့ စစ်တပ်နဲ့ ခရိုနီတွေကို အနီးကပ်ပေါင်းနေပါတယ်။ NLD က စစ်တပ်နဲ့ ခရိုနီတွေကို အနီးကပ်ပေါင်းနေတဲ့အချိန်အခါမှာ ဖြစ်စဉ် (၃)ခု ရှိပါတယ်။ 

(၁) ပထမဖြစ်စဉ်မှာ ကာလုံအစည်းအဝေးမှာ သမ္မတက မဲမပေးဘဲ ကြားနေရေး ဥပဒေကြမ်းကို ဖွတ်တွေက တင်သွင်းခဲ့တာပါ။ ဒါပေမဲ့ အထက်လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဒီဥပဒေကြမ်းကို တင်သွင်းပြဌာန်းဖို့ အချိန်မလုံလောက်တော့ဘူးလို့ ဆိုထားပါတယ်။ ကာလုံ (၁၁)ခုံမှာ ကာချုပ်၊ ဒုကာချုပ်၊ ဒုသမ္မတ၊ ကာကွယ်ဝန်ကြီး၊ ပြည်ထဲဝန်ကြီး၊ နယ်လုံဝန်ကြီး (၆)ခုံ ရရှိထားတဲ့ကြားက သမ္မတလုပ်ပိုင်ခွင့်ကို ထပ်ပြီးတော့ ထိန်းချုပ်လိုခြင်းပဲ ဖြစ်တယ်။ ဒါဟာ ဖွဲ့စည်းပုံပြင်မဲ့ NLD ကို စစ်တပ်က သူ့သဘောထားကို လှစ်ဟပြနေတာပါ။ 

(၂)  နောက်တစ်ခုက AA ဆိုတဲ့ ရခိုင်တပ်မတော်က ရခိုင်ပြည်နယ်၊ ကျောက်တော်တစ်ဝိုက်မှာ လှုပ်ရှားနေခြင်းပဲ ဖြစ်တယ်။ မြန်မာ့တပ်မတော်က ရခိုင်တပ်မတော်ကို တပ်ရင်းပေါင်း(၂၀)ကျော်နဲ့ ဖိတိုက်နေပါတယ်။ တပ်မကလည်း အဲ့ဒီကျောက်တော်တဝိုက်မှာပဲ ရှိလို့ တိုက်ပွဲက အင်မတန်မှ ပြင်းထန်တယ်လို့ ဆိုပါတယ်။ မြန်မာ့တပ်မတော်ဘက်က တပ်ရင်းမှူးတစ်ယောက်တောင် ကျခဲ့ရပါတယ်။ မြန်မာ့တပ်မတော်က ဖွချင်လို့ AA က ဘင်္ဂလီတွေထံ အကူအညီတောင်းခံခဲ့ကြောင်း ဝါဒဖြန့်နေကြပါရဲ့။

(၃) ကျောက်ဖြူစီမံကိန်းကို ကမတန်းကတန်း ခွင့်ပြုလိုက်ခြင်းဖြစ်တယ်။ ဒါဟာ ခရိုနီ၊ ဦးပိုင်တို့အတွက် အခွင့်သာစေသလို စစ်တပ်အတွက်လည်း အရေးပါတဲ့ စီမံကိန်းတစ်ခုကို ချုပ်ကိုင်လို့ ရသွားစေမှာ ဖြစ်တယ်။ ဒါကြောင့် ခရိုနီတွေ၊ ဦးပိုင်တွေဟာလည်းပဲ မြန်မာ့တပ်မတော်လိုပဲ ဒေသခံတိုင်းရင်းသားလူမျိုးများအတွက် ရန်သူသဖွယ် ဖြစ်နေပါတယ်။ ဒါပေမဲ့ ခရိုနီကို ထောက်ခံလာတဲ့ ဒီမိုလူတန်းစားတစ်ရပ်လည်း ပေါ်ထွန်းလာပြီဖြစ်တယ်။

NLD အစိုးရအနေနဲ့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားတပ်မတော်တို့ကြားမှာ တည်ရှိနေတဲ့ နှစ်ပေါင်း(၇၀)နီးပါး ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်။ အဲဒီပဋိပက္ခကို လာမဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဖြေရှင်းနိုင်မှာမဟုတ်သေးပါ။ UNFC က ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့၊ NLD က ဖွဲ့စည်းပေးဖွယ်ရှိတဲ့ ငြိမ်းချမ်းရေးအဖွဲ့၊ စစ်တပ်ကနေ ပို့ပေးမဲ့ ကိုယ်စားလှယ်တွေနဲ့ သုံးပွင့်ဆိုင်အစည်းအဝေးတွေ တန်းစီးလို့ လာပါအုံးမယ်။ ဒီလိုအစည်းအဝေးတွေ၊ ငြိမ်းချမ်းရေးညီလာခံတွေ ကျင်းပခဲ့ရင် NLD အစိုးရအနေနဲ့ လက်ရှိသိန်းစိန်အစိုးရသွားနေတဲ့ လမ်းကြောင်းကို မယူဖို့ လိုပါ့မယ်။

ဘာကြောင့်လဲဆိုတော့ လက်ရှိသွားနေတဲ့လမ်းကြောင်းဟာ ဟို ၁၉၉၀ ပြည့်နှစ်များက အမျိုးသားညီလာခံပုံစံနဲ့ ဆင်ဆင်တူလျက် ရှိနေလို့ပါပဲ။  ၁၉၉၀ ပြည့်နှစ်မှာ မဲ(၈၀)ရာခိုင်နှုန်း အောင်နိုင်ခဲ့တဲ့ NLD ပါတီအပါအဝင် အမတ်များဟာ ခင်ညွန့်ခင်းကျင်းတဲ့ ၁၉၉၃ ခုနှစ်အမျိုးသားညီလာခံမှာ (၁၅)ရာခိုင်နှုန်းလောက်ပဲ ပါရှိခွင့် ရရှိခဲ့ပါတယ်။ ကျန်ပုဂ္ဂိုလ်များဟာ စစ်တပ်အလိုတော်ရိများသာ ဖြစ်ကြပါတယ်။ ဒါတောင် ၁၉၉၅ ခုနှစ်မှာ NLD အမတ် (၈၆)ယောက်တို့ဟာ အမျိုးသားညီလာခံကို သပိတ်မှောက်ခဲ့ရာ အဆိုပါကိုယ်စားလှယ်တွေကို ခင်ညွန့်က အပြီးအပိုင် ထုတ်လိုက်ပါတယ်။ ဒါကြောင့် လက်ရှိဖွဲ့စည်းပုံကို ဘယ်သူက ဘယ်သူ့အတွက် ရေးဆွဲခဲ့တယ်၊ အခု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုလည်း ဘယ်ညီလာခံကို အတုခိုးခဲ့တယ်ဆိုတာကအစ သိရှိထားရမှာ ဖြစ်တယ်။

 လူမှုအဖွဲ့အစည်းပေါင်း (၁၀၀)ကျော်တို့က "အဖွဲ့(၈)ဖွဲ့တို့ဟာ တိုင်းရင်းသားအားလုံး မပါဝင်ဘဲ NCA ကို လက်မှတ်ထိုးခဲ့လို့ မလိုလားအပ်တဲ့ ပြဿနာ တွေ အများကြီး ဖြစ်ပေါ်စေကြောင်း၊ အခု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုလည်း တိုင်းရင်းသားအားလုံး မပါလို့၊ တိုက်ပွဲတွေကလည်း RCSS ဒေသမှာတောင် ပြန်ဖြစ်နေလို့ ဆိုင်းငံ့ထားသင့်ပါကြောင်း" ပူးတွဲကျေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။ ဒါပေမဲ့ သွားတော့မဲ့ သိန်းစိန်အစိုးရကတော့ ကချင်၊ ရှမ်းနဲ့ အခု ရခိုင်မှာ မြန်မာ့တပ်မတော်ရဲ့ အလွန်အကျွံပြုမှုနဲ့ မြန်မာ့ခရိုနီတို့ရဲ့ စီးပွားရေးနယ်ချဲ့မှုများကို အမှောင်ချဖို့အတွက် ဒီညီလာခံကို မဖြစ်မနေ လုပ်ရမှာပါ။ အချိန်လည်း ကုန်၊ ငွေလည်း ကုန်၊ လူလည်း ပင်ပန်းရမဲ့ ညီလာခံတစ်ရပ်ပါပဲ။ ဓားပြတိုက်ဖို့ ပွဲကို ရုံးသွင်းသလိုပါပဲ။ တိုက်ပွဲတွေ ဖြစ်နေရင် ငြိမ်းချမ်းရေးဆိုတာ မရှိပါ။ သေနတ်သံမစဲရင် အပစ်ရပ်လို့ မခေါ်ပါ။ အားလုံး မပါရင် ပြည်ထောင်စုလို့ မခေါ်ပါ။ အတင်းအကြပ်လုပ်ခိုင်းရင် ဒါဟာ သဘောတူညီချက်လို့ မခေါ်ပါ။ အင်မတန်မှ ရှင်းပါတယ်။

fb စာမျက်နှာသတင်းမှ..,

0 comments: