Wednesday, January 13, 2016

စစ်တပ်ရဲ့ ရပ်တည်ချက်မပြောင်းမခြင်း ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မည်မဟုတ်....


အဖြေသိနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ

ပထမမေးလိုတာက "ဒေါ်အောင်ဆန်းစုကြည်က မတက်ဘူးပြောပြီး ဘာကြောင့် တက်ရသလဲ"ဆိုတဲ့ အမေးပါ။ ဒေါ်အောင်ဆန်းစုကြည်က ညီလာခံမှာ အခြားခေါင်းဆောင်များလိုပဲ အဖွင့်မိန့်ခွန်းပြောဖို့ ရောက်လာတာပါ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ဆွေးနွေးတာ မဟုတ်ပါဘူး။ မိန့်ခွန်းပြောပြီးပြီးချင်း ပြန်ဖို့ ကြိုးစားနေတာကိုလည်း အထင်အရှား တွေ့မြင်ရမှာ ဖြစ်တယ်။ ဒီပွဲကို သူ တက်ခြင်းမှာ ရေရှည်ကို ကြည့်လို့ ဖြစ်ပါတယ်။ သူ ဒီကို လာပေမဲ့ သူ့အစိုးရ တက်လာတဲ့အခါ အကျိုးရှိတဲ့ အချက်တွေကိုပဲ သုံးမယ်လို့ အတိအလင်း ပြောခဲ့ပါတယ်။

ဒုတိယမေးလိုတာက "မင်းအောင်လှိုင်ရပ်တည်ချက် ပြောင်းလဲလာသလား"ဆိုတဲ့ အမေးပါ။ မပြောင်းလဲပါ။ ဒီတိုင်းပြည်မှာ ဖွဲ့စည်းပုံအရ အာဏာအရှိဆုံး ဖြစ်တဲ့ မင်းအောင်လှိုင်အနေနဲ့ တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို မပြောပေမဲ့ လက်နက်ချဖို့ကိစ္စကိုတော့ ဗွင်ဗွင်ပြောနေသူပါ။ အခုလည်း ၂၀၀၉ ခုနှစ်၊ တပ်ချုပ်ကြီးဟောင်းသန်းရွှေလမ်းစဉ် ဖြစ်တဲ့ နယ်ခြားစောင့်တပ်ကိစ္စ လက်ခံဖို့ မပြောရုံတမယ် မိန့်ခွန်းပြောသွားတာကို တွေ့ရမှာ ဖြစ်တယ်။ ဒါကြောင့် မျောက်ပြဆန်တောင်းညီလာခံမှာ သူ့သဘောထား မပြောင်းလဲသေးကြောင်း တိတိကျကျ ပြောသွားပါတယ်။

တတိယမေးလိုတာက "လက်မှတ်ထိုး(၈)ဖွဲ့ရဲ့ ရပ်တည်ချက် ဘာလဲ"ဆိုတဲ့ အမေးပါ။ ဒီအဖွဲ့ (၈)ဖွဲ့က အစိုးရပြောတဲ့စကားကို အမှန်လို့ ယူလို့ ကျန်နေတဲ့ (၁၇)ဖွဲ့ကို ပစ်ပယ်တဲ့စကားမျိုးကို ပြောတတ်ပါတယ်။ ညီလာခံမစခင် ခွန်ဥက္ကာစကားကို အကဲခတ်ကြည့်ရင် PNLO အဖွဲ့ဟာ UNFC နဲ့ တဖြည်းဖြည်းဝေးကွာသွားပြီဖြစ်ကြောင်း တွေ့ရမှာ ဖြစ်တယ်။ CNF နဲ့ KNU တို့ကတော့ ချင့်ချင့်ချိန်ချိန် ပြောလာတာကို တွေ့ရမှာပါ။ အဖွဲ့ (၈)ဖွဲ့နဲ့ သိန်းစိန်အစိုးရတို့ဟာ UPDJC အနေနဲ့ ဒီညီလာခံကို မဖြစ်မနေ ကျင်းပရတယ်ဆိုကတည်းက သူတို့လုပ်ထားတဲ့ NCA နဲ့ လက်ရှိ UPDJC လုပ်ငန်းစဉ်ရဲ့ အသုဘပွဲလို့သာ သတ်မှတ်လို့ ရနိုင်ပါတယ်။

စတုတ္ထမေးလိုတာက "UNFC အဖွဲ့ဟာ ငြိမ်းချမ်းရေးမလိုလားတဲ့အဖွဲ့လား"ဆိုတာပါပဲ။ NCA ကို လက်မှတ်မထိုးလို့ UNFC အဖွဲ့ကို ငြိမ်းချမ်းရေးမလိုလားတဲ့အဖွဲ့လို့ စွတ်စွဲကြပါတယ်။ UNFC အဖွဲ့ဟာ သိန်းစိန်အစိုးရနဲ့ MPC ကို မယုံကြည်လို့ ပြောမဲ့အစား၊ NCA ကို လက်မခံဘူးလို့ ပြောမဲ့အစား သိန်းစိန်အစိုးရနဲ့ MPC တို့က NCA ကို လက်မှတ်ထိုးတဲ့နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အားလုံးကို လက်မခံခဲ့လို့ ပြောမှ မှန်ပါတယ်။ ကားပါမစ်နဲ့ မဆိုင်ပါ။ အလှူငွေနဲ့ မဆိုင်ပါ။ ကားပါမစ်နဲ့ အလှူငွေတွေကို MPC တွေပဲ ရကြပါတယ်။ လက်မှတ်ထိုးအဖွဲ့တွေပဲ ရပါတယ်။

ပဉ္ဇမမေးလိုတာက "NLD အစိုးရတက်လာတာနဲ့ ငြိမ်းချမ်းရေးရဲ့ ရှေ့လုပ်ငန်းစဉ်က လွယ်သွားမှာလား"ဆိုတဲ့ အမေးပါ။ အတော်များများက လွယ်လွယ်ကူကူ ဖြစ်သွားမှာပါလို့ ထင်ကြမှာပါ။ မလွယ်ဘူးဆိုတာကို ဒေါ်စုမိန့်ခွန်းမှာ အနံ့ခံလို့ ရပါတယ်။ NLD အစိုးရက ငြိမ်းချမ်းရေး မလိုလားလို့ မဟုတ်ဘူး၊ UNFC က ငြိမ်းချမ်းရေးမလိုလားလို့လည်း မဟုတ်ဘူး။ စစ်တပ်ရဲ့ ရပ်တည်ချက် မပြောင်းမချင်း ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မှာမဟုတ်လို့ပါပဲ။ ဒါပေမဲ့ NLD အစိုးရအနေနဲ့ သိန်းစိန်အစိုးရလိုပဲ အစည်းအဝေးပေါင်းထောင်ချီ နှစ်တိုင်း ကျင်းပပြီး ဒေါ်လာသန်းပေါင်းများစွာ သုံးဖြုန်းခဲ့သလို အချိန်လည်းကုန်၊ ငွေလည်းဆုံးမဲ့ကိစ္စမျိုးကို အထူးရှောင်ရှားဖို့ လိုပါ့မယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရိုးရိုးသားသားနဲ့ သာမန်အခင်းအကျင်းအနေနဲ့သာ လုပ်စေချင်ပါတယ်။ ပြည်တွင်းစစ်ကြောင့် ဒီတိုင်းပြည် မွဲလှပါပြီ။ ဘဝလှဖို့ပဲ ပြင်စေချင်တယ်။ အလောင်းလှဖို့ မဆင်သင့်တော့ပါ။

ဒါဖြင့်ရင် နောက်ဆုံးအနေနဲ့ "ငြိမ်းချမ်းရေးမှာ ပါဝင်ပတ်သက်သူအားလုံး ဘာလုပ်သင့်ကြသလဲ"ဆိုတဲ့ အမေးပါ။ ဒီနေရာမှာ မိမိအမြင်ကို ပြောချင်ပါတယ်။ ဒီနိုင်ငံကို ငြိမ်းချမ်းစေချင်ရင်-

(၁) ပင်လုံကတိကဝတ်ကို စောင့်ထိန်းပါ။ ပင်လုံဟာ ပြည်ထောင်စုအမြုတေ ဖြစ်လို့ပါပဲ။
(၂) ကိုယ်ပိုင်ပြဌာန်းခွင့်ကို အကောင်အထည်ဖော်ပါ။ NLD အစိုးရကိုယ်တိုင် လုပ်ပြရမှာ ဖြစ်တယ်။
(၃) အချင်းချင်းနားလည်မှု တိုးပွားအောင် လုပ်ပါ။ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ကြမယ်ချည်းပဲ ပြောကြတယ်။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ ဘာသာတရားတစ်ခု၊ တစ်ယောက်အကြောင်းကို တစ်ယောက်က မသိကြရင် အတူတူ နေလို့ မရပါ။ ဒါကြောင့် အခုကတည်းက စပြီး ဘယ်တုန်းကမှ မရှိခဲ့တဲ့ ဖက်ဒရယ်ပညာပေးလုပ်ငန်းကို လူမျိုးတိုင်း အကောင်အထည်ဖော်ကြဖို့ လိုပါ့မယ်။
(၄) လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ မလုံလောက်သေးပါ။ မကြာခင် ဖွဲ့စည်းမဲ့ NLD အစိုးရအနေနဲ့ ချဉ်းကပ်မှုအသစ်များနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စလုပ်ရမှာ ဖြစ်တယ်။  UNFC ကလည်း NLD အစိုးရနဲ့ ဆွေးနွေးဖို့ ငြိမ်းချမ်းရေးမစ်ရှင်ကို အဖွဲ့ဝင်(၉)ဦးနဲ့ ဖွဲ့စည်းထားနှင့်ပြီဖြစ်တယ်။ အဖွင့်မိန့်ခွန်းမှာ ဒေါ်စု ပြောခဲ့သလို (သိန်းစိန်အစိုးရရဲ့ မလိမ္မာမှုကြောင့်) အပစ်ရပ်နဲ့မရပ်သူကြား သွေးကွဲနေတာကို ပြန်စေ့စပ်ရပါအုံးမယ်။ တိုင်းရင်းသားအချင်းချင်း အစေးပြန်ကပ်ဖို့ အရင်လုပ်ရမှာပါ။ ဒါဟာ ပထမအရေးကြီးဆုံးပါပဲ။

U Ravika

0 comments: