Thursday, July 23, 2015

KIO ဒု-ဥက္ကဌ ဖြစ်တဲ့အပြင် UNFC ဥက္ကဌ အဖြစ်လက်ရှိ တာဝန်ယူ ထားတဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို ကချင်သတင်းဌာန က အပစ်အခတ် ရပ်စဲရေး နဲ့ ပါတ်သက်ပြီး မေးမြန်းတင်ပြထားရာမှာ ဗိုလ်ချုပ်ကြီး က အခုလို ပြတ်ပြတ်သားသား ပြောဆိုထားပါတယ် ။


KIO ဒု-ဥက္ကဌ ဖြစ်တဲ့အပြင် UNFC ဥက္ကဌ အဖြစ်လက်ရှိ တာဝန်ယူ ထားတဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို ကချင်သတင်းဌာန က အပစ်အခတ် ရပ်...
Posted by LA Lung Jung on Tuesday, July 21, 2015

ဒီနေ့ အမိန့်ချမှုနဲ့ ပက်သက်ပြီး ဦးကိုကိုကြီးပြောပြချက်


ဒီနေ့ အမိန့်ချမှုနဲ့ ပက်သက်ပြီး ဦးကိုကိုကြီးပြောပြချက်
Posted by Saw Phoe Kwar on Wednesday, July 22, 2015

ရွေးကောက်ပွဲမတိုင်မီ ဘာကြောင့် အပစ်မရပ်သင့်သလဲ




လောလောဆယ် ရွေးကောက်ပွဲအကြောင်းချည်းပဲ အာရုံမရောက်ဘဲ ဖြစ်ပျက်နေတဲ့ လက်ရှိနိုင်ငံ့ရေးရာကိုလည...်း မျက်ခြည်မပြတ်အောင် သတိသမ္ပဇဉ် ရှိရပါ့မယ်။ အရင်က နိုင်ဟံသာဆီက စကားသံ နည်းနည်းလေး မာလာတာပဲဖြစ်ဖြစ်၊ အခု နော်စီဖိုးရာစိန်က အပစ်ရပ်ရေးမှာ နည်းနည်းလေး တိတိကျကျ လုပ်ချင်တာပဲဖြစ်ဖြစ် KNU နဲ့ RCSS ခေါင်းဆောင်အချို့ဟာ UPWC ကို ပြေးတွေ့ပြီး သံတော်ဦးတင်ရတာက ဖတ်ဖတ်မောပါပဲ။ MPC နဲ့ US educated မြန်မာအချို့က စစ်တပ်အတွက် တိုင်းရင်းသားတွေကို လိမ်ဖို့ ကြိုးစားနေကြောင်း စာနည်းနည်းဖတ်တတ်တဲ့ ကလေးတစ်ယောက်တောင် သိနေတဲ့ ကိစ္စကြီးပါ။ ဒါပေမဲ့ တိုင်းရင်းသားခေါင်းဆောင်အချို့ဟာ အခုထိ ဘာကြောင့် မိုက်မိုက်မဲမဲနဲ့ စစ်တပ်ကို ပုံအပ်ပြီး ယုံချင်ကြသလဲမသိ။
ဦးအောင်မင်းတို့ရွတ်ဆိုတဲ့ မန္တန်က တိုတိုတုတ်တုတ်ကလေးပါ။

(၁) အပစ်ရပ်ကြမယ်၊
(၂) အပစ်ရပ်စောင့်ကြည့်ရေးပူးတွဲကော်မတီ ဖွဲ့စည်းကြမယ်၊
(၃) နိုင်ငံရေးဆွေးနွေးရေးမူဘောင်ရေးဆွဲရေးကော်မတီ ဖွဲ့စည်းကြမယ်။
(၄) နိုင်ငံရေးဆွေးနွေးပွဲ လုပ်ကြမယ်။

ဒါပါပဲ။ ဒါပေမဲ့ အပစ်ရပ်ပြီးရင် စစ်တပ်က ဘာလုပ်မလဲ၊ အပစ်ရပ်ကို ဘယ်လိုကြီးကြပ်မလဲ၊ နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လောက်ကြာကျင်းပမလဲ ဘယ်သူကမှ တိတိကျကျ မပြောနိုင်ကြဘူး။ လက်ရှိဖွတ်အစိုးရက နိုဝင်ဘာရွေးကောက်ပွဲမှာ မဲကောင်းကောင်းဆွယ်နိုင်ဖို့ အပစ်ရပ်နိုင်ဖို့ လိုနေတယ်။ အရင်က ပြောနေကျအတိုင်း FDI ဝင်နိုင်ဖို့ အပစ်ရပ်လိုနေတယ်။ တိုင်းရင်းသားတွေဆီက စစ်တပ်သိမ်းပိုက်ထားသမျှနယ်မြေတွေမှာ ခရိုနီတွေ စီးပွားရေးလုပ်နိုင်ဖို့ အပစ်ရပ် လိုနေတယ်။ နောက်ပြီး အဲဒီခရိုနီနဲ့ စစ်တပ်စီးပွားရေးအတွက် လုံခြုံရေးတွေကို အခုဗိုလ်ချစ်သူတို့လို စောင့်ရှောက်ပေးဖို့ လိုတယ်။ ဒီတစ်ခုတော့ အစိုးရနဲ့ စစ်တပ်က စိတ်ဝင်စားပါတယ်။

နောက်နှစ်ခုကိုတော့ စိတ်ဝင်စားကြမယ်မထင်ဘူး။ အပစ်ရပ်စောင့်ကြည့်ရေးဆိုတာ အစိုးရတပ်ထိုးစစ်ကို ကြည့်ကောင်းကောင်းနဲ့ ကြည့်နေမဲ့အဖွဲ့ဖြစ်ပါလိမ့်မယ်။ စစ်တပ်က နိုင်ငံရေးဆွေးနွေးပွဲကို မစချင်သေးရင် ဒါမှမဟုတ် လုံးဝမလုပ်ချင်ရင် နိုင်ငံရေးမူဘောင်ရေးဆွဲရေးကော်မတီကို ပြဿနာလုပ်လိုက်ရုံနဲ့ ပွဲက ပြတ်ပါတယ်။ နိုင်ငံရေးဆွေးနွေးဆိုသဟာလည်းပဲ စစ်တပ်နဲ့ ဖွတ်တို့အတွက် မလိုအပ်ဘူးလေ။ သူတို့အတွက် လိုအပ်တာက အပစ်ရပ်နိုင်ဖို့ပဲ။ အပစ်ကို ရပ်နိုင်ရင် သူတို့အတွက် နိုင်ငံတကာမှာလည်း အလှူရှင်တွေကို မျက်နှာပြလို့ ကောင်းပြီ။ ပြည်တွင်းမှာလည်းပဲ ပြည်သူတို့ကို လှည့်စားလို့ ရပြီ။ ဘယ်လိုလှည့်စားကြမလဲ။ နည်းနည်းလေး လေရှည်လိုက်ပါအုံးမယ်။

၁။ တင်းပြည့်စစ်အစိုးရလက်ထက်တုန်းက အဖွဲ့ပေါင်း (၄၀)လောက် လက်မှတ်ထိုးခဲ့ဖူးတယ်။ ၂၀၀၉ ခုနှစ်ကျတော့ (၂၅)ဖွဲ့လောက်ပဲ ကျန်ပါတယ်။
၂။ ၂၀၀၉ ခုနှစ်မှာ ကျန်နေတဲ့ (၂၅)ဖွဲ့ကို ပြည်သူ့စစ်လုပ်ဖို့ ဒါမှမဟုတ် နယ်ခြားစောင့်တပ်အဖြစ်ပြင်ဆင်ဖွဲ့စည်းဖို့ စစ်အစိုးရက ဖိအားပေးခဲ့ရာ (၁၅)ဖွဲ့က စစ်အစိုးရအဆိုပြုချက်ကို လက်ခံခဲ့ပြီး (၅)ဖွဲ့က လက်မခံကြပါဘူး။ သဘောမတူကြပေမဲ့ ကချင်တစ်ဖွဲ့နဲ့ပဲ ပြန်ပစ်ကြတာပါတဲ့။
၃။ လက်ရှိသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်လိုက်တဲ့အခါမှာ အဖွဲ့က (၁၆)ဖွဲ့ ရှိနေပြန်တယ်။ အစိုးရက ဒီ(၁၆)ဖွဲ့နဲ့ ညှိရတယ်။ အစိုးရက ဒီ(၁၆)ဖွဲ့ကိုပဲ စာရင်းပိတ်လက်ခံပြီး ကျန်အဖွဲ့များ ရှိလာပါက လက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
၎။ ဒီ(၁၆)ဖွဲ့မှာလည်းပဲ (၄)ဖွဲ့က ၂၀၁၁ ခုမှာ အပစ်ရပ်လက်မှတ်ထိုးခဲ့ပြီသားပါ။ ၂၀၁၂ မှာ နောက်ထပ် (၉)ဖွဲ့က ပဏာမအပစ်ရပ်ကို လက်မှတ်ထိုးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ကျောင်းသားတပ်မတော်ကပါ အပစ်ရပ်ကို လက်မှတ်ထိုးခဲ့တာပါ။ အခုဆိုရင် ကချင်နဲ့ ပလောင် ဒီ(၂)ဖွဲ့ပဲ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ကို မထိုးရသေးခြင်းပါ။
၅။ အခု တနိုင်ငံလုံးအပစ်ရပ်ရေးကို ရည်ရွယ်ချက်(၃)ခုနဲ့ အစိုးရက ကြိုးစားနေတယ်။ နောက်တက်လာမဲ့အစိုးရအတွက် ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်ကို ချထားပေးချင်တယ်တဲ့။ နံပါတ်(၂)အရ အပစ်ရပ်ကို သေချာအောင် ကွန်ကရစ်လောင်းချင်တယ်တဲ့။ ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကို စတင်ဖို့ပါပဲတဲ့။
၆။ လက်ရှိအစိုးရတက်လာတဲ့နောက်ပိုင်းမှာ ကချင်နဲ့ ရှမ်းမှာပဲ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ငြိမ်းချမ်းနေပြီလို့ ပြောလို့ ရပါတယ်။ ကချင်မှာတောင် ၂၀၁၁ ခုနှစ်၊ ဇွန်လကနေ ၂၀၁၃ ခုနှစ် ဒီဇင်ဘာအထိ ရင်ဆိုင်တိုက်ပွဲပေါင်း ၁၄၅၀ အထိ ရှိခဲ့လို့ တစ်လလမှာ တိုက်ပွဲပေါင်း(၄၀) ဖြစ်ခဲ့တယ်လို့ ဆိုနိုင်တယ်။ ၂၀၁၄ ခုနှစ်၊ ဇန္နဝါရီလက စပြီး ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအထိ တစ်နှစ်လုံးလုံးမှာ တိုက်ပွဲ ၆၇ ခုပဲ ရှိပါတော့တယ်။ ဒါဟာ ငြိမ်းချမ်းရေးအတွက် ကြိုးစားမှုအသီးအပွင့်များလို့ ပြောနိုင်တယ်။
၇။ မြို့နယ်အလိုက် ပြောရရင်လည်း ၂၀၁၁ ခုနှစ် ဒီအစိုးရတက်ခါစမှာ (၄၃)ခု၊ ၂၀၁၂ ခုမှာ (၃၂)ခု၊ ၂၀၁၃ ခုမှာ (၃၀)ခု ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ မြို့နယ်(၂၈)ခုမှာပဲ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဒီဒေတာတွေကို ကြည့်ပြီး တပ်မတော်အရာရှိကြီးတွေက "လွတ်လပ်ရေးရပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ်ဟာ အငြိမ်းချမ်းဆုံးနှစ်ပါလို့ မိန့်သတဲ့။ ဒါတောင် တိုင်းရင်းသားအချင်းချင်း တိုက်တဲ့ တိုက်ပွဲတွေ အပါအဝင် ရေတွက်ထားလို့ များနေတာပါတဲ့။ နိုင်ငံရဲ့ တောင်ပိုင်းမှာ တိုက်ပွဲကြီးတွေ လုံးဝမရှိတော့ပါ။ ဒီတော့ ဒီအစိုးရလက်ထက်မှာ ကချင်နဲ့ ရှမ်းမြောက်ကလွဲရင် ကျန်နေရာမှာ အတော့်ကို ငြိမ်းချမ်းနေပြီလို့ ဆိုကြသတဲ့။
၈။ ဒါကြောင့် ကမ္ဘာက လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ထောက်ခံပေးဖို့နဲ့ တပ်မတော်ကို အဓိကနေရာကနေ ညှိနှိုင်းခွင့်ပေးဖို့ လိုအပ်ကြောင်း အဆိုပြုကြသတဲ့။

မိမိက အထက်ဖော်ပြပါအချက်အလက်တွေကို ရမ်းသမ်းပြောနေတာ မဟုတ်ပါဘူး။ ဂျော့မေဆင်တက္ကသိုလ်ကနေ ဘွဲ့ရပြီး အခု မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ အလုပ်လုပ်နေတဲ့ ဒေါက်တာမင်းဇော်ဦးက Sasakawa Peace Foundation USA မှာ ပြောခဲ့တဲ့အချက်တွေကနေ ကောက်နုတ်တင်ပြခဲ့တာပါ။ သူ့ကောက်ချက်ကို အကဲဖြတ်ရရင် သူဟာ အချက်အလက်မှန်ကို ဖုံးကွယ်ပြီး မသေချာတဲ့အချက်တွေကို ချပြခဲ့ကြောင်း တွေ့ရပါတယ်။ MPC က မင်းဇော်ဦးသိဖို့အတွက်ရော တိုင်းရင်းသားခေါင်းဆောင်တွေ သတိထားဖို့ပါ အောက်ပါအချက်တွေကို လေ့လာစေချင်ပါတယ်။

(၁) မင်းဇော်ဦးက ဂျပန်နဲ့အမေရိကန်တွေကို ငြိမ်းချမ်းရေးအကြောင်းချပြရင်းနဲ့ မြန်မာနိုင်ငံဟာ ကချင်နဲ့ ရှမ်းမြောက်ပိုင်းကလွဲပြီး ကျန်နေရာတွေမှာ ငြိမ်းချမ်းနေပြီလို့ ပြောခြင်းမှာ အင်မတန်မှားယွင်းပါတယ်။ အဖဂန်မှာ တာဝန်ထမ်းဆောင်ဖူးသူတစ်ဦးရဲ့ အတွေ့အကြုံနဲ့ လုံးလုံးမထိုက်တန်တဲ့စကားပါ။ အခု ISIS နဲ့ ဥပမာ ပေးချင်ပါတယ်။ ISIS တွေက အီရတ်နဲ့ ဆီးရီးယားမှာပဲ တိုက်ပါတယ်။ ISIS တွေက ဥရောပ၊ အာရှ၊ အမေရိကနဲ့ အခြားနေရာတွေမှာ မတိုက်ကြပါ။ သူတို့က ငွေကြေးနဲ့ လူအင်အားပဲ အဲဒီကနေ စုဆောင်းပါတယ်။ အဆိုပါဒေသတွေမှာ အကြမ်းဖက်မှုတောင် သူတို့မလုပ်ကြပါ။ သေနတ်သံဆိတ်နေပါတယ်။ ဒီလိုဖြစ်နေတာကို "ကမ္ဘာကြီးက ငြိမ်းချမ်းနေပြီ"လို့ မင်းဇော်ဦး ပြောနိုင်ပါသလား။ အစိုးရစစ်တပ်ဟာ ISIS နည်းကို အတုယူနေကြောင်း ဟိုယခင်ကတည်းက မိမိရေးဖူးတယ်။ မွတ်စလင်မိတ်ဆွေအချို့တောင် စိတ်မချမ်းမသာ ဖြစ်ခဲ့ဖူးတာ မှတ်မိသေးတယ်။

(၂) မင်းဇော်ဦးပြောတဲ့ အရေအတွက်တွေပါ။ တိုင်းရင်းသားအဖွဲ့အစည်းတွေက တင်းပြည့်စစ်အစိုးရလက်ထက်တုန်းက အဖွဲ့ပေါင်းလေးဆယ်ကျော်၊ ၂၀၀၉ ခုနှစ်ကျတော့ အဖွဲ့(၂၀)ကျော်ပဲ ကျန်တော့မယ်။ ဒီထဲမှာ သန်းရွှေ အမိန့်ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ကို လက်မခံချင်တဲ့အဖွဲ့က (၅)ဖွဲ့ပဲဆိုပါတယ်။ ကြည့်ရတာ အတော်လေးကို အောင်မြင်နေတဲ့ သဘောပါ။ ဒါပေမဲ့ အခု (၅)ဖွဲ့ကနေ ဘာကြောင့် (၁၆)ဖွဲ့၊ (၁၆)ဖွဲ့ကနေ (၁၈)ဖွဲ့အထိ တိုးလာပြန်သလဲ။ ဒါကို မင်းဇော်ဦးမပြောပါ။ နောက်ပြီး တိုက်ပွဲဖြစ်ပွားတဲ့ မြို့နယ်နှုန်းကို တွက်ချက်ပြပြီး သိန်းစိန်အစိုးရတက်ခါစက တိုက်ပွဲဖြစ်ပွားတဲ့ မြို့နယ်တွေက (၄၃)ခု ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ မြို့နယ်ပေါင်း (၂၈)ခုမှာပဲ ကျန်တော့လို့ ငြိမ်းချမ်းနေပြီလို့ ဆိုပါတယ်။ အဲ့တုန်းက တိုက်ပွဲပေါင်း ၁၄၅၀ ခုအထိ ရှိခဲ့ပေမဲ့ ၂၀၁၄ ခုမှာ တိုက်ပွဲ (၆၇)ခုပဲ ရှိတော့လို့ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ အငြိမ်းချမ်းဆုံးနှစ်လို့ မင်းဇော်ဦးက နိုင်ငံတကာကို ပြောပြခဲ့ပါတယ်။ သိန်းစိန်အစိုးရလက်ထက်မှာ အစိုးရက တော်လှန်ရေးအဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ မြို့နယ်ပေါင်းများစွာကို တိုက်ယူခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေက ခုခံအားကျလာလို့ တိုက်ပွဲဖြစ်ပွားမှုအကြိမ်လျှော့ကျလာတာကို ငြိမ်းချမ်းရေးလို့ ပြောင်ပြောင်တင်းတင်း ပြောခဲ့ပါတယ်။ အစိုးရတပ် ဝင်သွားလို့ မြေသိမ်းမှုတွေ၊ မုဒိမ်းမှုတွေ၊ ခိုးဆိုးလုယက်မှုတွေ၊ ဖိနှိပ်မှုတွေ ဖြစ်ပေါ်နေခဲ့ကြောင်းကို မင်းဇော်ဦးက ဖုံးကွယ်ထားခဲ့ပါတယ်။ "ကျနော်တို့ ပိုပြီးတော့ ငြိမ်းချမ်းနေပြီ"လို့ သူဆိုခဲ့ခြင်းမှာ ဘယ်သူ့အတွက် ပြောနေသလဲ သူသေချာရှင်းပြဖို့ လိုပါ့မယ်။

(၃) အရေးကြီးဆုံးမှာ မင်းဇော်ဦးတို့ MPC ကလူတွေရော မအလဦးစီးတဲ့ စစ်တပ်ကရော နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လောက်ကြာကြာ လုပ်ရမလဲ မသိခြင်းပဲ ဖြစ်တယ်။ ဒီမိုကရေစီစနစ်ကို နှစ်ပေါင်း (၅၀)ကျော် တည်ဆောက်ခဲ့တာတောင် လွှတ်တော်မှာ တမတ်သား(၂၅)ရာခိုင်နှုန်းကျန်နေခဲ့သေးတယ်။ ငြိမ်းချမ်းရေးကို အဲဒီဆယ်စုနှစ်(၅)ခုကျော်ကြာ တည်ဆောက်ခဲ့ရင် တိုင်းရင်းသားလူမျိုးတွေ ကျန်နိုင်တော့မှာမဟုတ်ပါ။ ဖက်ဒရယ်ဆိုတာ ဝေးလာဝေးပါပဲ။ သူတို့ကိုယ်တိုင် တိတိကျကျ အချိန်မသတ်မှတ်နိုင်တဲ့ ဆွေးနွေးပွဲမျိုးကို ဗိုလ်မှူးစိုင်းမင်းတို့က အသည်းအသန်
ဖြစ်နေပုံမှာလည်းပဲ ဘီလူးမြို့မှာ ညအိပ်တည်းချင်တဲ့ ပုလွေသမားတစ်ဦးနဲ့ တူနေပါသေးရဲ့။

လောလောဆယ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုသူ မအလကလည်း သူ့လေသံအတိုင်း ပြောလာတာကို တွေ့ရမှာပါ။ မအလက "တိုင်းရင်းသားလက်နက်ကိုင်တွေဟာ လက်နက်ကိုင်ပြီး အာဏာအချို့အဝက်ကို ထိန်းသိမ်းချင်တဲ့ အခွင့်အရေးမျိုး မရှိဘူး"လို့ ပူပူနွေးနွေး ပြောခဲ့ပါတယ်။ "တိုင်းရင်းသားတွေက လက်ရှိ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံနဲ့အညီ အပစ်ရပ်ကို လက်မှတ်ထိုးခြင်းအားဖြင့် ငြိမ်းချမ်းရေး ရနိုင်တယ်"လို့လည်း ထပ်ကွန့်ထားပါတယ်။

မိမိတို့အသေချာဆုံးပြောနိုင်တာက တိုင်းရင်းသားခေါင်းဆောင်တွေကရော မင်းဇော်ဦးက အကြံပြုနေတဲ့ MPC ကပါ မအလကို မထိန်းနိုင်ပါဘူးဆိုတာပါပဲ။ MPC ကလူတွေက "ကျနော်တို့ကတော့ ပေးချင်တယ်၊ ဒါပေမဲ့ တပ်ကို ကျနော်တို့မထိန်းနိုင်သေးဘူး"လို့ ပြောပြီး အတိအလင်း ထွက်ပေါက်ရှာခဲ့ပြီသားပါ။ နောက်ပြီး လောလောဆယ်မှာ ကချင်ပြည်နယ်မှာ မအလထိုးစစ်ကို အရှိန်လျှော့စေဖို့ ကချင်ကလည်း အပစ်ရပ်ကို ထိုးမှာဖြစ်ကြောင်း လေသံပစ်ပါတယ်။ ဒါပေမဲ့ "အာမခံချက်ရှိမှပဲ ထိုးမယ်"လို့ ပြောပါတယ်။ မအလက ဒီစကားကို တုံ့ပြန်ချင်လို့ အထက်မှာလို ပြောခဲ့ပုံရပါတယ်။ "မင်းတို့လက်နက်ချမှ ရမယ်"လို့ မပြောရုံတမယ်ပါပဲ။ မအလကို သိပ်ယုံချင်တဲ့ RCSS နဲ့ KNU ခေါင်းဆောင်အချို့ သိဖို့ပါ။ အရင်က နိုင်ဟံသာက NCCT ကို ဦးဆောင်ပေမဲ့ အခု နော်စီဖိုးရာစိန်က ဦးဆောင်ပါတယ်။ SD ကို ဖွဲ့စည်းဖို့ကိုလည်း KNU ကပဲ အကြံပြုခဲ့တာပါ။ အခု SD အဖွဲ့ကို KNU ကပဲ ဦးဆောင်နေတာပါ။ ဒီလိုအနေအထားမျိုးမှာ SD က "အာမခံချက်ရှိမှ၊ တိုင်းရင်းသားအားလုံးပါဝင်ခွင့်ရမှ လက်မှတ်ထိုးမယ်"လို့ အတန်တန်ပြောရက်သားနဲ့ KNU နဲ့ RCSS တို့က MPC နဲ့ သီးခြားတွေ့ဆုံပြီး အပစ်ရပ်ဖို့အရေး ဆွေးနွေးကြသေးတယ်ဆိုတော့ ဒါဟာ ဘောင်ကို ကျော်နေပါတယ်။

ဒီနေရာမှာ နိုင်ငံတကာက မင်းဇော်ဦးစကားကို မယုံသင့်သလို တိုင်းရင်းသားတွေကလည်း မအလကို မယုံသင့်ပါ။ သူတို့ဟာ ဖွတ်နဲ့ စစ်တပ်ကို အလုပ်အကျွေးပြုနေသူတွေလည်း မဟုတ်ပါ။ သူတို့အတွက် ဖွတ်နဲ့စစ်တပ်ကို အသုံးချနေလို့ပါပဲ။ ဒီနေရာမှာ - Hard Ball ကစားနေတဲ့ စစ်တပ်ဟာ သူ့အာဏာထောက်တိုင်အဖြစ် အသုံးချဖို့ ဖွတ်တွေကို အကူအညီပေးချင်နေပါတယ်။ ဒီတော့ကာ စစ်တပ်ကို အကူအညီပေးချင်တဲ့ ဖွတ်တွေ မဲမရအောင် တားဆီးဖို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိပါတယ်။ MPC က ဖွတ်တွေက စစ်တပ်ကို မထိန်းနိုင်ဘူးပြောနေတာနဲ့အတူတူ နောက်အစိုးရတက်လာတဲ့အခါကျမှပဲ ဆက်ဆွေးနွေးလို့ရပါတယ်။ အဲ့လိုဆိုရင် တိုက်ပွဲတွေ ပိုများလာမှာပေါ့လို့ ပြောပါလိမ့်မယ်။ အခု ဆွေးနွေးရင်းနဲ့လည်း အစိုးရတပ်က တိုက်နေပါတယ်။ ဘာမှ မထူးပါ။ ဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင် အပစ်ရပ်ကို လက်မှတ်ထိုးမိရင် ကိုယ့်သေတွင်းကိုယ်တူးမိမှာမို့ ရွေးကောက်ပွဲမတိုင်ခင် အပစ်ရပ်ကို လက်မှတ်မထိုးမိဖို့ လိုကြောင်း နားလည်မိကြပါစေ။

ဒီလိုနေလိုက်ခြင်းဖြင့် ဒီချုပ်ကိုလည်း ကူညီပေးရာရောက်သလို ကိုယ့်ကိုယ်ကိုလည်း ကူညီရာရောက်နိုင်ပါတယ်။ ရှည်ရှည်ဝေးဝေး ပြောမနေပါနဲ့လေ။ အစိုးရတပ်က ထိုးစစ်ဆင်လို့ တိုင်းရင်းသားတပ်တွေက ဆုတ်သွားခဲ့တယ်၊ ဒီလိုဆုတ်ပေးလို့ သေနတ်သံဆိတ်သွားတာကို ငြိမ်းချမ်းရေးလို့ မင်းဇော်ဦးတို့က အမွှမ်းတင်တယ်၊ သေနတ်သံမပေါက်တဲ့ အခြားဒေသတွေမှာ ငြိမ်းချမ်းရေးရနေပြီလို့ ဆိုပြန်တယ်။ ဒီလိုဆိုရင် တနိုင်ငံလုံးအပစ်ရပ်ကို လက်မှတ်ထိုးလိုက်တာနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရနေပြီလို့ မင်းဇော်ဦးတို့ ကြွေးကြော်ကြမှာသေချာပါတယ်။ ပြည်သူတို့က ထင်ယောင်ထင်မှား ဖြစ်လို့ နောက် ဖက်ဒရယ်အကြောင်း ဆွေးနွေးရင် ငြိမ်းချမ်းရေးကို ဖောက်ဖျက်သူများလို့ မအလက အသားလွတ်စွတ်စွဲအုံးမှာ အသေအချာပါပဲ။

[ U Ravika ]

Saturday, July 18, 2015

ဂျပန်က နိုင်ငံခြားမှာ စစ်တိုက်နိုင်မယ့် ဥပဒေတင်





ဒုတိယကမ္ဘာစစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဂျပန် လက်နက်ကိုင် တပ်ဖွဲ့တွေ ရေခြား မြေခြားမှာ သွားပြီး တိုက်ခိုက်ခွင့် ပြုမယ့် လုံခြုံရေး ဥပဒေကြမ်းကို ဂျပန် အောက်လွှတ်တော်က အတည်ပြု လိုက်ပါတယ်။ ဒီအပြောင်းအလဲကို ဝန်ကြီးချုပ် ရှင်ဇို အာဘေးက အဆိုပြုခဲ့တာ ဖြစ်ပြီး အထူးသဖြင့် တရုတ်ပြည်က ပြုလုပ်နေတဲ့ ခြိမ်းခြောက်မှုမျိုး အန္တရာယ် အသစ်တွေကို ရင်ဆိုင်နိုင်အောင် ဖြစ်တယ်...လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ကတော့ ဂျပန်ကို ဝေဖန်လိုက်ပြီး တရုတ်ရဲ့ လုံခြုံရေးကို ထိခိုက်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ပျက်ပြားစေမယ့် အပြုအမူမျိုး မလုပ်ဖို့ တိုက်တွန်း လိုက်ပါတယ်။

မစ္စတာ အာဘေးကို ဆန့်ကျင်သူတွေကတော့ ဒီ အပြောင်းအလဲဟာ ဂျပန်ရဲ့ စစ်ပြီးခေတ် ငြိမ်းချမ်းရေး အခြေခံဥပဒေကို ဆန့်ကျင်နေတယ်လို့ ဝေဖန်ပါတယ်။

အခုတော့ ဒီဥပဒေကြမ်းကို မစ္စတာ အာဘေးရဲ့ ပါတီက အများစုနေရာ မရထားတဲ့ အထက်လွှတ်တော်မှာ ဆက်ဆွေးနွေးကြမှာပါ။။



BBC

၂၀၃၀ တွင် အေအိုင်ဒီအက်စ်ရောဂါ တကမ္ဘာလုံး တားဆီးနိုင်မည်ဟု ကုလပြော

ဓာတ်ပုံ - ရိုက်တာ
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အေအိုင်ဒီအက်စ်) ကို ၂၀၃၀ ပြည့်နှစ်မှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ တားဆီးနိုင်မယ်လို့ ကုလသမဂ္ဂက ဇူလိုင် ၁၄ ရက်နေ့မှာ ပြောပါတယ်။

ကျန်ခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်း တကမ္ဘာလုံး တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ အသက်ကယ် ဆေးဝါးတွေကြောင့် ရောဂါကူးစက်မှုကို လျော့ချနိုင်ရုံမက လုံးဝ ရပ်တန့်သွားအောင် တားဆီးနိုင်မယ်လို့ ဆိုပါတယ်။

၂၀၀၀ ပြည့်နှစ်က ဆေးဝါးကို လက်လှမ်းမီတဲ့ လူဦးရေက ၇ သိန်းပဲ ရှိခဲ့ပေမယ့် ဒီနေ့ ကာလမှာတော့ လူ ၁၅ သန်းဟာ ကုသမှု ခံယူနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။ ၂၀၁၄ နှစ်ကုန်ပိုင်း စာရင်းအရ အိပ်ခ်ျအိုင်ဗွီနဲ့ အသက်ရှင်နေတဲ့ အမျိုးသမီး ၆၂ ရာခိုင်နှုန်း၊ အရွယ်ရောက်သူ ၄၁ ရာခိုင်နှုန်းဟာ ကုသမှု ခံယူနေနိုင်တဲ့ အခြေအနေ ဖြစ်တာကြောင့် ၂၀၁၀ တုန်းက အခြေအနေနဲ့ နှိုင်းယှဉ်ရင် ၂၃ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။

အီသီယိုးပီးယားနိုင်ငံမှာ ၂၀၁၄ ခုနှစ်အတွင်း အိပ်ခ်ျအိုင်ဗွီနဲ့ အသက်ရှင်နေသူ ၇ သိန်း ၃ သောင်း ရှိခဲ့ပါတယ်။ အာဘီယွတ် ဂိုဒါနာလည်း ၁၉၉၇ ခုနှစ်ကတည်းက အိပ်ခ်ျအိုင်ဗွီနဲ့ အသက်ရှင်နေသူ ဖြစ်ပါတယ်။ ဆေးရုံကို နေ့စဉ်သွားပြီး ကုသမှုခံယူနေတာ မိမိ ကျန်းမာရေးအတွက်ရော၊ သားသမီးတွေရဲ့ ကျန်းမာရေးအတွက်ရော အကျိုးရှိတဲ့ ကိစ္စဖြစ်သလို တခြား ဘ၀တူတွေအတွက် စံနမူနာကောင်းလည်း ဖြစ်လာတယ်လို့ ပြောပါတယ်။

ဒီနေ့ကမ္ဘာမှာ အိပ်ခ်ျအိုင်ဗွီရှိတဲ့ ကိုယ်ဝန်ဆောင်တွေထဲက ၇၃ ရာခိုင်နှုန်းဟာ မိခင်ကနေ ကလေးကို ကူးစက်ခြင်းမှ ကာကွယ်ရေး ကျန်းမာရေး စောင့်ရှောက်မှု (ပီအမ်တီစီတီ) ကို ရရှိထားကြပါတယ်။ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်မှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုကတ်ဆို မိုကီသာလည်း အိပ်ခ်ျအိုင်ဗွီနဲ့ အသက်ရှင်နေသူပါ။

အိမ်ထောင်ကျပြီး ကိုယ်ဝန်ဆောင်ဘ၀မှာ ကလေးကို ရောဂါကင်းကင်းနဲ့ မွေးဖွားနိုင်ဖို့အတွက် ဆေးခန်းကို ပုံမှန်သွားပြနေတယ်လို့ ပြောပါတယ်။ ၂၀၀၄ ခုနှစ်က အေအိုင်ဒီအက်စ်ကြောင့် သေဆုံးသူ အများဆုံးဖြစ်ခဲ့ပြီး အခုအခါမှာတော့ ၄၁ ရာခိုင်နှုန်း လျော့ကျသွားပါပြီ။

၂၀၁၄ ခုနှစ်မှာ အေအိုင်ဒီအက်စ်နဲ့ ဆက်နွယ်တဲ့ ရောဂါကြောင့် လူပေါင်း ၁ ဒသမ၂ သန်း သေဆုံးခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်က သေဆုံးသူ ၂ သန်း ရှိပါတယ်။ အိန္ဒိယနိုင်ငံသူ ဗီနာလည်း ၂၀၀၀ ပြည့်နှစ်မှာ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရတာ သိရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ဆေးဝါးစောင့်ရှောက်မှု ရရှိခဲ့ပါတယ်။ အရင်တုန်းက ဘ၀က အဓိပ္ပာယ်မဲ့သလို ခံစားခဲ့ရပေမယ့် အခုတော့ ရောဂါဟာ ထင်သလောက် မဆိုးပါဘူးလို့ သူက ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက ဖျော်ဖြေရေးလုပ်ငန်းမှာ အလုပ်လုပ်သူ ၃၀၀၀၀ ရှိပါတယ်။ အများစုက အမျိုးသမီးငယ်တွေဖြစ်ပြီး သူတို့ဟာ အိပ်ခ်ျအိုင်ဗွီ ကူးစက်နိုင်ခြေ မြင့်မားကြပါတယ်။ သူတို့ထဲက ၃ ပုံ ၁ ပုံလောက်ဟာ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသလား၊ ကင်းစင်းသလား ဆိုတာကို မသိကြပါဘူး။ အခုနောက်ပိုင်းမှာ ကျန်းမာရေးအသိ မြင့်မားလာတာနဲ့အမျ သူတို့ကိုယ်တိုင်က အန်ဂျီအို ဖွဲ့ပြီး စစ်ဆေးကြဖို့ ပညာရေး အစီအစဉ်ကို လုပ်ဆောင်လာကြပါတယ်။

အိပ်ခ်ျအိုင်ဗွီနဲ့ အေအိုင်ဒီအက်စ်ရောဂါ ထိန်းချုပ်ရေးအတွက် အသုံးပြုတဲ့ ရန်ပုံငွေ ပမာဏဟာလည်း ၂၀၀၁ ခုနှစ်က ဒေါ်လာ ၅ ဘီလီယံ မပြည့်ပေမယ့် ၂၀၁၅ မှာ ၂၂ ဘီလီယံအထိ ရှိလာပါတယ်။ ဒီကြားထဲမှာ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ကလည်း တကမ္ဘာလုံးမှာ အိပ်ခ်ျအိုင်ဗွီနဲ့ အသက်ရှင်နေတဲ့ လူ ၃၇ သန်းနီးပါးထဲက ထက်ဝက်လောက်ဟာ ဆေးဝါး စောင့်ရှောက်မှု မရကြသေးဘူးလို့လည်း သတိပေးထားပါတယ်။

Copy from - DVB

Monday, July 13, 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရေးကို ရှစ်ဆယ့်ရှစ်မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း) က ဆောင်ရွက်မယ်


လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရေးကို ရှစ်ဆယ့်ရှစ်မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း) က ဆောင်ရွက်မယ်လို့ အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဂျင်မီက ပြောပါတယ်။
သူက “ကျနော်တို့ကတော့ အဓိကတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဓိက အောင်နိုင်ရေးပေါ့။ ဒါကို ကျနော်တို့ ပူးတွဲ ကြေညာချက် မှာလည်း ပါပြီးပါပြီ။ အဓိကက ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့နဲ့ နှစ်ပေါင်းများစွာ အတူတူ လက်တွဲခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် အရင်းအခြာတွေပဲ။ အဲဒီတော့ သူဦးဆောင်တဲ့ပါတီ အနိုင်ရရှိရေးက ဒါကျနော်တို့အတွက် အဓိကတာဝန်ပဲ” လို့ ပြောပါတယ်။


လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြည်တွင်းပြည်ပ ထောက်ခံမှု ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အဖို့ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ ရွေးကောက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင် ယှဉ်ပြိုင်ခွင့် ပထမဆုံးရရှိခဲ့တာဖြစ်ပါတယ်။


၁၉၉၀ ခုနှစ်နဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ကျခံနေခဲ့ရပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတ၀န်း ကိုယ်စားလှယ်နေရာ ၁၂၀၀ ခန့်ကို ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာပီပီ) ၀င်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ဆောင်ရွက်မှာဖြစ်ပါတယ်။


ရှစ်ဆယ့်ရှစ်မျိုးဆက် (ငြိမ်းပွင့်) က ခေါင်းဆောင်တွေဟာ သမိုင်းဝင်ရှစ်လေးလုံး လူထုအုံကြွမှုကို အစပြုတဲ့ကျောင်းသားလှုပ်ရှားမှုကို စတင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြပြီး ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ကြပါဘူး။


၁၉၉၀ ရွေးကောက်ပွဲကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ကျခံနေရသလို သူတို့တတွေဟာလည်း နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရချိန်ဖြစ်ပါတယ်။


အသက်အရွယ်တန်းအရ ၅၀ ကျော်အတွင်းကို ရောက်ရှိရင့်ကျက်လာကြပြီဖြစ်တဲ့ သူတို့တတွေကို လွှတ်တော်တွင်းနိုင်ငံရေးကို ၀င်ရောက်လုပ်ကိုင်စေလိုကြတဲ့ ထောက်ခံ တိုက်တွန်းသူတွေလည်း အများအပြားရှိနေတာပါ။
ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ရှစ်ဆယ့်ရှစ်မျိုးဆက် (ငြိမ်းပွင့်) က ခေါင်းဆောင်တွေထဲက ဦးကိုကိုကြီး တဦးသာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ထုတ်ဖော်ပြောဆိုမှုရှိသေးပြီး ကျန်ထင်ရှားတဲ့ ခေါင်းဆောင်ပိုင်းက ၀င်ပြိုင်ဖို့ ပြင်ဆင်ထားခြင်း မရှိသေးပါဘူး။


ဦးမြအေးက “သေချာတာကတော့ ကိုကိုကြီးတယောက်ပဲ ရှိသေးတယ်။ ကျနော်မ၀င်ဘူးခင်ဗျ။ ကိုပေါ် (ဦးမင်းကိုနိုင်)ကတော့ မ၀င်ဘူး။ ကိုကိုကြီး တယောက်ပဲရှိတယ်ဆိုပေမယ့် ကျန်တဲ့ အငယ်တွေလည်း မပြောတတ်သေးဘူး” လို့ ပြောပါတယ်။


ဦးကိုကိုကြီးကတော့ သူ့အနေနဲ့ လွှတ်တော်နိုင်ငံရေးလုပ်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုတာကို ထပ်မံအတည်ပြုပါတယ်။ အဖွဲ့အနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ အလွတ်သဘော ညှိနှိုင်းပြောဆိုတာရှိပေမယ့် အသေးစိတ် ပြောဆိုလိုခြင်း မရှိသေးဘူးလို့ ပြောပါတယ်။
ဦးကိုကိုကြီးက “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကျနော်တို့နဲ့ ပူးတွဲကြေညာချက် ထုတ်ထားတာ ရှိတယ်။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ယုံကြည်ချက်တူ၊ ရည်ရွယ်ချက်တူတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေကို ကျနော်တို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ ၀န်းရံသွားမယ်ဆိုတာက အဖွဲ့ရဲ့ ရပ်တည်ချက်ပဲ။ အဲဒီမှာမှ ရွေးကောက်ပွဲဖြတ်သန်းမှု နဲ့ပတ်သက်လို့က အဖွဲ့မှာရှိတဲ့ တဦးချင်းရဲ့ ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးကောက်ပွဲဝင်မယ် မ၀င်ဘူးဆိုတာကို ဆုံးဖြတ်သွားမယ့်သဘောရှိပါတယ်” လို့ ပြောပါတယ်။


ကိုယ်စားလှယ်လောင်းစာရင်းတွေကို လာမယ့်သြဂုတ်လ ၈ ရက်နေ့ နောက်ဆုံးထားပြီး တင်ရမှာဖြစ်ပါတယ်။ ၈၈ (ငြိမ်းပွင့်) က ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြိုင်မှု မပြိုင်မှုထက် အဆင့်လိုက်လုပ်ဆောင်မယ့် အချိန်ဇယားကတော့ ပြင်ဆင်ထားပါတယ်လို့ သူက ပြောပါတယ်။
တပါတီစနစ်နဲ့ အုပ်ချုပ်မှုကို နိုင်ငံတ၀န်း အုံကြွတော်လှန်ခဲ့တဲ့ ၈၈ လူထုအုံကြွမှုကြီးကြောင့် မြန်မာနိုင်ငံမှာ တိုင်းပြည်ကို ၂၆ နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နိဂုံးချုပ်ခဲ့ရပြီး ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် စစ်အစိုးရဟာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာမလွှဲပေးဘဲ နှစ်ပေါင်း ၂၀ စစ်အုပ်ချုပ်ရေးနဲ့ ဆက်လက်အုပ်ချုပ်ခဲ့ပြန်ပြီး ၂၀၁၀ ခုနှစ်မှာ တဖန် ပါတီစုံရွေးကောက်ပွဲတွေ ကျင်းပခဲ့ပါတယ်။
.
Credit : DVB

စုစည်းညီညွတ် ပူးပေါင်းလက်တွဲပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ဆီသို့ ...

မနေ့က ညနေမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို NLD က တရားဝင် ကြေညာသွားတာ သိလိုက်ကြမှာပေါ့။ အများ စိတ်ဝင်စားတာက NLD ရွေးကောက်ပွဲ ၀င်မ၀င်ကိစ္စပါ။ ဒါပေမယ့် ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ လူစိတ်ဝင်စားတဲ့ ရွေးကောက်ပွဲဝင်မ၀င် ကိစ္စသာမက ရဲဘော်ရဲဘက် တိုင်းရင်းသားတွေအပေါ် အလေးအနက်ထားတဲ့ သဘောထားကိုပါ ချပြသွားတယ်။ အဲဒါကတော


၁) ၂၀၁၅ ရွေးကောက်ပွဲကိုဝင်မယ်
၂) CRPP ဝင် တိုင်းရင်းသားတွေ ယှဉ်ပြိုင်မယ့်နေရာ NLD ရှောင်မယ်

 အသေးစိတ်ကတော့ - CRPP အဖွဲ့ဝင်ထဲမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မြေတွေကိုတော့ NLD နဲ့ ရှောင်သွားမှာဖြစ်ပြီး ဒီကိစ္စကိုလည်း တိုင်းရင်းသားပါတီတွေနဲ့ ဆက်ပြီးဆွေးနွေးသွားမယ်လို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။


အဲဒီမှာ နိုင်ငံရေးနဲ့အလှမ်းဝေးသူတွေ လူငယ်တွေအတွက် စိမ်းနေမယ့် CRPPဆိုတဲ့ စကားလုံးတစ်ခုပါလာတယ်။ CRPP ဆိုတာ Committee Representing the People's Parliament ကိုအတိုခေါ်တာပါ။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLDပါတီနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီတွေက အရွေးကောက်ခံကိုယ်စားလှယ်တွေ ရဲ့ သဘောတူညီချက်နှင့် ဖွဲ့စည်းခဲ့တာပါ။ အဲဒီတုံးက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲက လို့ခေါ်တဲ့ န၀တမှ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ဆိုပြီး အမည်ပြောင်းထားတဲ့ စစ်အစိုးရခေတ်။ ရွေးကောက်ပွဲနိုင်ပါတီကို အာဏာလွှဲမပေးချင်လို့ အမျိုးမျိုးညစ်တာခံရပြီးနောက် NLD က ဦးဆောင်ပြီး ၁၉၉၈မှာ အဲဒီကော်မတီကိုဖွဲ့ခဲ့တာပါ။ အဲဒီကော်မတီထဲမှာ NLD သာမက၊ ၁၉၉၀ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့တိုင်းရင်းသားပါတီကြီးတွေဖြစ်တဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD), မွန်အမျိုးသား ဒီမိုကရက်တစ်တပ်ဦး (MNDF)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ဇိုမီး (ချင်း) အမျိုးသားကွန်ဂရက် (ZNC) စတာတွေ ပါတယ်။ အဲဒီလို NLD နှင့် မဟာမိတ်တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေဟာ ဘာပြောကောင်းမလဲ စစ်ထောက်လှမ်းရေး က အမျိုးမျိုး နှောက်ယှက် နှိပ်စက်တာ ခံရတာပေါ့။ ဒါပေမယ့် အဲဒီ CRPP အဖွဲ့ကြီးဟာ စစ်အာဏာရှင်တွေကို ၁၀နှစ်ကျော်ကြာလက်တွဲ ကြံ့ကြံ့ခံသွားခဲ့ပါတယ်။


ယခု ၂၀၁၅ရွေးကောက်ပွဲမှာ CRPP တုံးကလက်တွဲခဲ့တဲ့ တိုင်းရင်းသားပါတီကြီးတွေနဲ့ ခေါင်းဆောင်တွေ ပြန်ပါဝင်လာတော့မယ်။ NLD အနေနဲ့ မိမိလုပ်ဖော်ကိုင်ဖက်ဟောင်းများအတွက် အခုလို အလိုက်တသိ စဉ်းစားပေးတာဟာ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲတုံးက တိုင်းရင်းသားပါတီတွေနဲ့ ဒီမိုကရက်တစ် အင်အားစုတွေကို ထောက်ခံခဲ့ကြတဲ့လူထုအတွက် စိုးရိမ်ပူပန်မှုတစ်ခု ငြိမ်းအေးပြီး အားလုံးအတွက် ကျေနပ်စရာ win-win ဖြစ်ပါတယ်။ အရင်က နှစ်ပေါင်း ဆယ်ချီ လက်တွဲခဲ့ကြသူတွေ အခုပြန်လည် တွဲဆက်ပြီး အင်အားတွေ ပူးပေါင်းနိုင်ကြရင်ဖြင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု အိပ်မက်ဟာ ၂၀၁၅အလွန်မှာ မဖြစ်နိုင်တဲ့အရာမဟုတ်ဘူးလို့ ဆိုချင်ပါတယ်။


Photo credit: zomidc.org, Irrawaddy

တပ်မတော်နှင့် DKBA ထိတွေ့ တိုက်ခိုက်မှု ၃၉ ကြိမ်ဖြစ်ပွား၊ နှစ်ဖက် ကျဆုံးမှုရှိဟု ထုတ်ပြန်

အာရှလမ်းမကြီး (ဓာတ်ပုံ- နိုင်မောင်ဇော်)
အာရှလမ်းမကြီး (ဓာတ်ပုံ- နိုင်မောင်ဇော်)

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

မြဝတီ-သင်္ကန်း ညီနောင် - ကော့ကရိတ် လမ်းဟောင်းနှင့် အာရှ လမ်းသစ်များတွင် မြန်မာ့ တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) တို့ တိုက်ပွဲပေါင်း အကြိမ် ၃၉ ကြိမ်ဖြစ်ပွားပြီး နှစ်ဖက် အကျအဆုံး များရှိခဲ့ကြောင်း တပ်မတော်က ယနေ့ သတင်း ထုတ်ပြန်သည်။

ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ဗိုလ်ချုပ် ကျော်သက်နှင့် ဗျူဟာမှူး စောဆန်းအောင်အဖွဲ့ကို တပ်မတော်နှင့် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်း၍ နယ်မြေ ရှင်းလင်း ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂ ရက်နေ့မှ စတင်ပြီး ယနေ့အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု လမ်းဟောင်းပေါ်၌ ၁၉ ကြိမ်နှင့် အာရှလမ်း သစ်ပေါ်၌ ၂၀ ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ အကျအဆုံးနှင့် ထိခိုက် ဒဏ်အချို့ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။

DKBA အဖွဲ့ထံမှ အရှင်ဖမ်းမိ ၃ ဦး၊ အလောင်း ၄ လောင်း၊ လက်နက်မျိုးစုံ ၆ လက်၊ ခဲယမ်းမျိုးစုံနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိသည်။ လမ်းသစ် လမ်းဟောင်း နှစ်ခုစလုံးအား ရှင်းလင်းခဲ့ရာ ၂၀၁၅ ဇူလိုင်လ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် လမ်းဟောင်းအား လည်းကောင်း၊ ဇူလိုင်လ ၉ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် လမ်းသစ်အား လည်းကောင်း ထိန်းချုပ်နိုင်ခဲ့ကာ ပြန်လည် ဖွင့်လှစ်နိုင်ခြင်းကြောင့် ကုန်စည် စီးဆင်းမှုနှင့် အများပြည်သူ ပုံမှန်အတိုင်း သွားလာလျက်ရှိသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဒေသလုံခြုံရေးစစ်ဆေးရန် အာရှလမ်းသစ်မှ သွားရောက်ရန်အတွက် ကြိုတင်အသိပေး အကြောင်းကြားပြီး တပ်မတော်စစ်ကြောင်းများက လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်စဉ် တစ်ဖက်မှ စတင်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲ ဖြစ်ပွားမှုများမရှိဘဲ ခရီးသွားပြည်သူများ သွားလာခွင့် ပေးထားကြောင်း၊ ကော့ကရိတ်ဘက်တွင်သာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ကရင်ပြည်နယ် နယ်ခြား စောင့်တပ်ဖွဲ့ (BGF) ဗိုလ်မှူး နိုင်မောင်ဇော်က ပြောကြားသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်း မကြီးအသစ်ကို ဇူလိုင်လအတွင်း ထိုင်း-မြန်မာ ၂ နိုင်ငံ တာဝန်ရှိသူများ ပူးပေါင်း ဖွင့်လှစ်ဖို့ရှိသည့်အတွက် အစိုးရတပ်များ လုံခြုံရေး တိုးမြှင့်ပြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့ချိန်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါ အာရှလမ်းမကြီး တရားဝင် ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း ခရီးသွားပြည်သူများ သွားလာခွင့် ပေးထားလျှက် ရှိသည်။

ခရီးသွား ပြည်သူများ လွယ်ကူ ချောမွေ့စွာ ခရီးသွားနိုင်ရေး၊ နယ်စပ်ဒေသ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေး နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အာဆီယံ ဒေသအတွင်းရှိ နိုင်ငံများနှင့် ကူးလူး သွားလာနိုင်ရေးတို့အတွက် မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် အာရှ လမ်းသစ်အား နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရနှင့် အိမ်နီးချင်း နိုင်ငံတို့ ပူးပေါင်း၍ ဖောက်လုပ်ခဲ့သည်။
 (Xinhua)
Copy from - xinhuamyanmar.com

Saturday, July 11, 2015

စာချုပ်ကို လက်မှတ်ထိုးကြမလား၊ မထိုးကြဘူးလား ဆုံးဖြတ်တော့မယ်။


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) NCA ကို အသေးစိတ်ဆွေးနွေးနေကြတဲ့ လော်ခီးလာညီလာခံရဲ့ တတိယမြောက်နေ့ ဆွေးနွေးပွဲအဖွင့် မိန့်ခွန်းမှာ KNPP ရဲ့ဥက္ကဌ ခွန် အေဘယ် တွိဒ်က မြန်မာအစိုးရအဆက်ဆက် အောက် နှစ်ပေါင်း ၆ဝကျော်ကြာ ဖိနှိပ်မှုခံနေရတဲ့ တိုင်းရင်းသားတွေဟာ သင်ခန်းစာ အကြီးအမား ရရှိထားတာကြောင့် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့နေရာမှာ တစ်ကွက် မှားရင် တစ်သက်ကျွန်ခံရမယ်လို့ သတိပေးလိုက်ပါတယ်။

“နိုင်ငံရေးဖြေရှင်းတဲ့အခါမှ တရားမျှတဖို့၊ ကျွန်တော်တို့လိုလားချက်နဲ့ပြည့်စုံဖို့ အင်မတန်အရေးကြီးတယ်။ မြန်မာပြည်မှာ မှီတင်းနေထိုင်တဲ့ ပြည်နယ် ၇ခုဟာ တစ်ပြည်နယ်နဲ့တစ်ပြည်နယ် ပထဝီအနေအထားလည်း မတူပါဘူး။ လူမျိုးရေးလည်း မတူဘူး။ ယဉ်ကျေးမှု ဘာသာစကားလည်း မတူဘူး။ အဲဒီတော့ အမျိုးမျိုးကွဲပြားခြားနားပေမယ့် ကျွန်တော်တို့ရဲ့ ယနေ့နိုင်ငံရေးခံယူချက်ကတော့ ဘုံက တစ်ခုပဲ။ အားလုံးသဘောတူ လက်ခံပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားအားလုံး လိုလားချက်ကတော့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို ထူထောင်ဖို့။ ဒါ ကျွန်တော်တို့ရဲ့ အဓိကလိုလားချက်ဖြစ်တယ် လို့ ခွန်အေဘယ်တွိဒ်က ဆိုပါတယ်။

တိုင်းရင်းသားတွေဟာ ရည်မှန်းချက်ပန်းတိုင်ရောက်ရေး တိုက်ပွဲဝင်ရာမှာ တစ်စုတစ်တစည်းတည်းရှိဖို့၊ သူတစ်ဖွဲ့ ငါတစ်ဖွဲ့ သူတစ်ကိုယ် ငါတစ်မင်း ကန့်ကွက်နေတာကြောင့် ၆၅နှစ်အတွင်း အောင်မြင်မှုမရှိခဲ့တဲ့ သင်ခန်းစာကို ယူပြီး စုစည်းညီညွတ်ဖို့ အရေးကြီးတဲ့အကြောင်း ဆိုပါတယ်။

“တစ်တိုင်းတစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့က လက်မှတ်ထိုးရေး၊ မထိုးရေးက ဒီကနေ့ အစည်းအဝေးမှာ သဘောထားပေးရမှာ ဖြစ်တယ်။ အထူးသဖြင့်ဒီကနေ့နိုင်ငံရေးပြဿနာဟာ နိုင်ငံရေးနဲ့ ဖြေရှင်းဖို့လိုတယ်။ နိုင်ငံရေးပြဿနာကို စားပွဲပေါ်မှာ အတတ်နိုင်ဆုံး အမြန်ဆုံးရောက်အောင် ဆွေးနွေးဖြေရှင်းကြရမယ့် အချိန်ကာလဖြစ်တဲ့အတွက်ကြောင့် အစည်းအဝေးမှာ တက်ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်အားလုံးဟာ အလေးအနက် စဉ်းစားပြီးတော့ ရလဒ်ကောင်း အကောင်းဆုံးထွက်လာနိုင်အောင် ဝိုင်းပြီးကြိုးစား အကြံပေးပါလို့ ပြောလိုပါတယ်”

သတင်းဓာတ်ပုံ - ကောင်းခန့်/ ကမာရွတ်မီဒီယာ

Wednesday, July 8, 2015

အစိုးရတပ်နှင့် DKBA တိုက်ပွဲ ရပ်ဆိုင်းရေး ဘားအံ ဆွေးနွေးပွဲ မပြေလည်


အစိုးရတပ်နှင့် DKBA တိုက်ပွဲ ရပ်ဆိုင်းရေး ဘားအံ ဆွေးနွေးပွဲ မပြေလည် July 7, 2015 -ယနေ့ ကရင...
Posted by April Maung Maung on Tuesday, July 7, 2015
July 7, 2015
-
ယနေ့ ကရင်ပြည်နယ် ဘားအံမြို့ ပြည်ထောင်စု ခန်းမတွင် ကျင်းပသည့် ဆွေးနွေးပွဲတွင် တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) တို့အကြား မြ၀တီမြို့နှင့် ကော့ကရိတ် မြို့ကြားတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ် တန့်နိုင်သည်အထိ ပြေလည်ရန် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ဟု သတင်း...ရရှိသည်။
-
ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် DKBA မှ ဗိုလ်မှူးကြီး စောမောင်လေး က“တပ်ဘက်က ဗိုလ်မှူးကြီး တယောက်ပဲ လာတယ်၊ DKBA ဘက်ကတော့ ညှိဖို့ မေတ္တာရပ်ခံတယ်လို့ ပြော လိုက်ပါတယ်၊ တိုက်ပွဲ အပြီးသတ် ရပ်ဖို့ အခြေအနေလောက်ထိ ဘာမှ မညှိလိုက်ရဘူး၊ သူတို့ဘက်က ဒီရက်ပိုင်းအတွင်း အကြောင်းပြန်မယ်လို့ မျှော်လင့်ထားတယ်”ဟု ပြောသည်။
-
ဆွေးနွေးပွဲတွင် တိုက်ပွဲကိစ္စကို အကျယ်တ၀င့် ဆွေးနွေးနိုင်ခြင်းမရှိဘဲ အာရှ လမ်းမကြီးနှင့် ဆိုင်သည့် ကိစ္စရပ်များကိုတော့ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ အကျယ်တ၀င့် ပြောပြခဲ့သည်ဟုလည်း သိရသည်။ တပ်မတော်နှင့် DKBA သည် ဇူလိုင်လ ၂ ရက်မှ စတင်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
-
ယနေ့ နံနက်ပိုင်းတွင်လည်း ကော့ကရိတ်မြို့နှင့် မြ၀တီမြို့အကြား ရှိ DKBA စခန်းများ ရှိသည့် နေရာ ၇ နေရာတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း DKBA
တိုက်ပွဲ ရုပ်/သံ နှင့်တကွ ဖော်ပြလိုက်ပါသည်။
=============
သတင်း /ဧရာဝတီ - ဗွီဒီယို / knu

ယနေ. ဆဲဗင်းဇူလိုင် မြင်ကွင်းများ.

( ဓါတ်ပုံများကပြောနေသည့် စကားလုံးများ )

အရပ်ဝတ်တွေနဲ. လမ်းပေါ်ထိုးကြိတ်ဖမ်းဆီးတဲ့ခေတ် ပြန်ရောက်ပြန်ပြီလား

ယနေ.ညနေ တကသကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင် အား ဖမ်းဆီးစဉ်
အရပ်ဝတ် (၁၀) ယောက်ကျော်မှ ကား (၃) စီး ဖြင့် ရှေ့နောက် ပိတ်၍ အရပ်ဝတ် (၅)
ယောက်က မျက်နှာအားရိုက်ထိုးခဲ့သည့်အပြင် အကျီင်္များပါ ဆုတ်ပြဲသည်အထိ ထိုးကြိတ်...
ခဲ့ပါသည်ဟု မျက်မြင်တွေရှိခဲ့ပြီး ကိုပိုင်ဖြိုးမင်း က ပြောကြားပါသည်။ ယခု ကိုပိုင်ဖြိုးမင်း
အား ပုဒ်မ (၁၈) ဖြင့် ပန်းပဲတန်းမြို့နယ် ရဲစခန်းမှ အမှုဖွင့် လိုက်ပါသည်။


သတင်းဓါတ်ပုံ-Ko Thu.
သတင်းဓါတ်ပုံ - Kyaw Swar Myint(FB)စာမျက်နှာသတင်းမှ

Sunday, July 5, 2015

သမ္မတဦးသိန်းစိန်ကို ဂျပန်ရောက် မြန်မာများက သွားရောက်ဆန္ဒပြ။


 
သမ္မတဦးသိန်းစိန်ကို ဂျပန်ရောက် မြန်မာများက သွားရောက်ဆန္ဒပြ။
Posted by タン ミョー トェ on Friday, July 3, 2015

၂၀၀၈ စစ်ကျွန်ပြုမည့် ဖွဲစည်းပုံ "ပုဒ်မ ၄၃၆" ပြင်ဆင်ရေးဟာ သမိုင်းမှာ အဘယ်မျှ အရေးကြီးကြောင်း မီးမောင်းထိုးပြခြင်း ...,


စိတ်ဝင်စားစရာပါ
ကာကွယ်ရေးဦးစီးချုပ် ရာထူးကို
ဘယ်သူကခန့်အပ်နိုင်သလဲ ဆိုတဲ့မေးခွန်းပေါ့ ။

ဒီအကြောင်းမရေးခင်...
သမ္မတ ကိုဘယ်သူတွေကရွေးချယ်
ခန့်အပ်နိုင်သလဲဆိုတဲ့အကြောင်း အရင်
လေ့လာကြည့်ဦးမယ် ။

သမ္မတမဖြစ်ခင်
အရင်ဆုံး ဒုတိယသမ္မတ စတင်ရွေးချယ်ရမယ်
ဒုတိယသမ္မတ ဖြစ်ဖို့ လမ်းကြောင်းသုံးသွယ်
ရှိတယ် ။

ပြည်သူ့လွှတ်တော် = ဒုသမ္မတ တဦး
အမျိုးသားလွှတ်တော် = ဒုသမ္မတ တဦး
တပ်မတော် ၂၅ ရာနှုန်း = ဒုသမ္မတ တဦး

အားလုံးပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်က
ဒုသမ္မတ(၃) ဦးအနက် (၁) ဦးကိုရွေးချယ်ပြီး
နိုင်ငံတော်သမ္မတအဖြစ်တင်မြှောက်ပါတယ် ။

၂၅ ရာနှုန်း တပ်မတော်သားကိုယ်စားလှယ်
မှအပ ကျန်ကိုယ်စားလှယ်များအားလုံးကို
ပါတီခေါင်းစဉ်အောက်မှပြည်သူ့ဆန္ဒနှင့်အညီ
မဲပေးပြီးရွေးချယ်ကြရပါတယ် ။

တပ်မတော်သားကိုယ်စားလှယ် ၂၅ရာနှုန်းကို
ပြည်သူကရွေးချယ်ခွင့်မရှိစေဘဲ ကာကွယ်ရေး
ဦးစီးချုပ်ကသာ၎င်းစိတ်တိုင်းကျ ရွေးချယ်ခွင့်
ထုတ်ပယ်ခွင့်ကိုကျင့်သုံးပါတယ် ။

ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်း
သည့်သူသည် ဒုတိယသမ္မတ ဖြစ်ခွင့်ရပြီး
အခြေအနေပေးလျှင် သမ္မတအထိ ဖြစ်သွား
နိုင်စရာရှိပါတယ် ။

ကောင်းပါပြီ ။

သမ္မတအထိ ဖြစ်နိုင်ခွင့်ရှိသည့်အုပ်ချုပ်ရေး
အာဏာအမြင့်ဆုံးတာဝန်ကို ကာကွယ်ရေး
ဦးစီးချုပ်က၄င်းတဦးတည်းသဘောဖြင့် ရွေးချယ်
ခန့်အပ်နိုင်သည်ဆိုလျှင် ။

ယင်းအချက်သည်ထူးခြားချက်တရပ်ဖြစ်နေတယ် ။

သမ္မတ ရာထူး ခဏ ထားပါဦး ။

ဖွဲ့စည်းပုံတွင် ကာကွယ်ရေးဦးစီးချုပ် ကိုမည်သို့
ရွေးချယ်ခန့်အပ်နိုင်ကြောင်းအတိအလင်းဖော်ပြ
မထားရုံမက ကာချုပ်၏ရာထူးသက်တမ်း
ကန့်သတ်ထားခြင်းပင်လျှင် မတွေ့ရပါ ။

ထို့ပြင် ကာချုပ်သည်အောက်ပါရာထူးတာဝန
များကိုခန့်အပ်ရန် အမည်စာရင်းတင်သွင်း
နိုင်ပါသေးတယ် ။

ကာကွယ်ရေးဝန်ကြီး
ပြည်ထဲရေးဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီး

ထိုပြည်ထောင်စုဝန်ကြီးဌာနများက
လက်နက် ကိုင်အဖွဲ့အစည်းများဖြစ်ပါတယ် ။
ဖွဲ့စည်းပုံတွင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး
သည် ကာကွယ်ရေးဦးစီးချုပ်၏လက်အောက်တွင်ရှိရမည်ဟုပြဌာန်းပေးထားချက်ကရှိနေတယ် ။

နိုင်ငံတော်တရားလွှတ်တော်ချုပ်တရားသူကြီး
တဦးသည် သာမာန်တပ်မတော်သားတဦး၏
ရာဇဝတ်မှုတခုခုကိုပင်လျှင် စီရင်ဆောင်ရွက်ခွင့်
မရှိစေရ ပဲ ၊ စစ်ဖက်ဆိုင်ရာတရားရုံးကိုလည်း
ကာချုပ်ကပင် စီရင်ဆောင်ရွက်ခွင့်ရနေပြန်ပါတယ်

ထိုပြင်မက ၊ နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေး
ကော်မတီ (၁၁) ဦးတွင် ၆ ဦးက ကာချုပ်ခန့်ထား
သည့်လူ ဖြစ်နေပါတယ် ။

အနှစ်ချုပ်ရလျှင် ။

ဒီ ကနေ့ နိုင်ငံတော်၏အမြင့်မားဆုံးအာဏာကို
သမ္မတ ကကိုင်တွယ်ထားသည်ဟု သင်ထင်မြင်
ယူဆနေလျှင် သင့်အမြင်တိမ်းစောင်းနေကြောင်း
သိသာရန် ဖွဲ့စည်းပုံ စာအုပ်ကို ရှာဖတ်ပါ ။

ဖွဲ့စည်းပုံတွင် ပုဒ်မ (၄၃၆)ကိုမြင်အောင်ကြည့်ပါ

ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး
သန်းရွှေသည် သူ့ကိုသစ္စာခံမည့် သူအယုံကြည်
ရဆုံး ထားဝယ်သား မင်းအောင်လှိုင်ကို
ကာကွယ်ရေးဦးစီးချုပ်ရာထူးပေးကာ ထီးနန်း
အရိုက်အရာကို လွှဲပြောင်းပေးခဲ့ကြာင်း
သိသာထင်ရှားပေါ်လွင်ခဲ့ပါတယ်

ပြည်သူလူထုလိုလားတောင့်တနေသော
ဒီမိုကရေစီစနစ်ကိုလည်း ဦးသန်းရွှေက
စာအုပ်အစိမ်းကြီးဖြင့် ၁၂နှစ်တိတိရေးဆွဲကာ
ပါတီစုံဖွဲ့စည်းခြင်း၊ပြည်နယ်တိုင်းဝန်ကြီးချုပ်
ခန်အပ်ခြင်း ၊ပြည်ထောင်စုလွှတ်တော်
ကျင်းပခြင်း ၊ဆန္ဒပြခွင့်ပေးခြင်း၊ဥပဒေကြမ်းများ
ရေးဆွဲအတည်ပြုခြင်း ၊ပုဒ်မ ၁၈ ၊ ပုဒ်မ ၅၀၅ဖြင့်
ဖမ်းဆီးထောင်ချခြင်း ၊ တိုင်းရင်းသားလက်နက်
ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း ၊
စစ်ပွဲများဆင်နွဲပေးခြင်း၊ နိုင်ငံရေးကျားကွက်
ဘာသာသာသနာ မျိုးစောင့်ဥပဒေဖန်တီးခြင်း
စသည့် မီးစတဖက် ရေမှုတ်တဖက် ဇာတ်ညွှန်းများ
ရေးဆွဲကာ မြန်မာနိုင်ငံရေးခရီးကြမ်းကို
အချောမသတ်ချင်ပဲ ဇာတ်ကွက်ဇာတ်လမ်းအရ
ကပြအသုံးတော်ခံခိုင်းခဲ့ပါတယ် ။

ဤပွဲတွင် ဦးသန်းရွှေသည် မုဆိုးဖြစ်လျှက်
ပြည်သူက သားကောင်ဖြစ်လျှက်ရှိနေပါတယ် ။

ထို့ကြောင့် အားလုံးကိုခြုံကြည့်လျှင်
၂၀၁၀ ကတည်းကမြန်မာနိုင်ငံသည် မင်းပြောင်း
မင်းလွဲဖြစ်ခဲ့ပြီး ထိုမင်းဟာ ဦးသိန်းစိန်
မဟုတ် ဗိုလ်ချုပ်မှုးကြီးမင်အောင်လှိုင်သာ
ဖြစ်ခဲ့ပါတယ် ။

သက်သေ သာဓကထပ်ပြဦးမယ် ။

ဒေါ်ကြိုင်ကြိုင်သည် တွံတေး ဓနုတ်စေတီကို
ထီးတော်တင်ခဲ့ရာ ပြိုကျသဖြင့် နောက်ဆုတ်
ခဲ့သည် ၊ ၄င်းစေတီကိုပင် မင်းအောင်လှိုင်သည်
ကျိုက်ထီးဆောင်းအကူအညီဖြင့် ထီးတော်တင်
ခဲ့ရာအောင်မြင်ခဲ့ပါတယ် ။

မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်
ဖြစ်ပြီးနောက် ၄င်း၏ဇာတိ ထားဝယ်မြို့
ရွှေတောင်စားစေတီကို ဘက်စုံမွမ်းမံကာ
အောင်ပွဲခံခဲ့ပါတယ် ။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် အစဉ်တစိုက်
တောင်းဆိုနေခဲ့သော လေးပွင့်ဆိုင်ဆွေးနွေးရေး
မအောင်မမြင်ဖြစ်ရသောအဓိက အကြောင်းမှာ
ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်က
လုံးဝ လုံးဝ သဘောမတူညီ၍ဖြစ်ပါတယ် ။

ယခုလို အကျယ်တဝင့် ရေးပြရခြင်းမှာ
အချို့ကနိုင်ငံအရေး နကန်းတလုံးမသိပဲ
ရမ်းသမ်းဝေဖန်နေ၍ဖြစ်ပြီး ၊ဖြစ်စဉ်သမိုင်း
သဘောကို အလွယ်တကူသိရှိစေရန်သာ
အမှန်အတိုင်းရေးပြခြင်းသာဖြစ်ပါတယ် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်တို့
ပူးပေါင်းဆောင်ရွက်နေသည့် ၄၃၆ ပြင်ဆင်ရေး
ဟာသမိုင်းတွင်အဘယ်မျှအရေးပါကြောင်း
မီးမောင်းထိုးပြခြင်းဟုအဓိပ္ပာယ်ကောက်ယူနိုင်
ပါတယ် ။

မှတ်ချက် ။ ကျနော်သည်ယခုအခါမည်သည့်ပါတီ
ဝင်မျှမဟုတ်ပါ ၊အမှန်တရားဘက်တော်သား
ရှေနေတယောက်သာဖြစ်ပါတယ် ။သမိုင်းသည်
လေ့လာအပ်သောအရာဖြစ်၍မိမိ၏မျက်စေ့နှင့်
နားကိုအမြဲဖွင့်လှစ်ထားပါကြောင်း မိတ်ဆွေများ
ကိုအသိပေးအပ်ပါတယ် ။

နိုင်ငံရေးသည် ဝင်္ကန္တ ကဲ့သို့
တခါတရံ အသိရခက်ခဲလှပေတကား ။

 
Tin Oo(FB) စာမျက်နှာမှ

လက်ရှိ ကရင်ပြည်နယ်ဘက်က အခြေအနေ...

ဗိုလ်မှူးစောဆန်းအောင်တပ် ( DKBA ) နှင့် အစိုးရတပ် ပစ်ခတ်မှု ( 2.7.2015 )


ဗိုလ်မှူးစောဆန်းအောင်တပ် ( DKBA ) နှင့် အစိုးရတပ် ပစ်ခတ်မှု( 2.7.2015 )
Posted by နာမည် ဆိုသည်မှာ on Saturday, July 4, 2015

Friday, July 3, 2015

ဟန်ပြဒီမိုကရေစီ စစ်အာဏာရှင် လူလိမ် သမ္မတသိန်းစိန်အား ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများမှ ဆန္ဒထုတ်ဖေါ်တောင်းဆိုပါမည်။




ဇူလိုင်လ ၄ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်မဲခေါင် ဒေသတွင်း နိုင်ငံများ အစည်းအဝေးသို့ တက်ရောက်မည့် အာစီယံအလှည့်ကျ ဥက္ကဌ ဦးသိန်းစိန် အား အောက်ပါအစီအစဉ်အတိုင်း ကန့်ကွက် ဆန္ဒ ထုတ်ဖေါ်တောင်းဆိုရန် အသိပေး တိုက်တွန်းနိုးဆော်ပါသည်။
...
အချိန် -နံနက်၉နာရီ
နေ့ရက် -ဇူလိုင်-၄ရက်-၂၀၁၅ -(စနေနေ့)
စုရပ် -YOTSUYAဘူတာရှေ့



*၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအမြန်ဆုံးပြင်ဆင်ရေး


*မတရားဖမ်းဆီးထားသော ကျောင်းသား၊ပြည်သူများအားချွင်းချက်မရှိ
အမြန်ဆုံးလွတ်မြာက်ရေး


*အပစ်အခတ်ရပ်စဲရေး၊ပြည်တွင်းငြိမ်းချမ်းရေးအတွက်အမျိုးသားပြန်လည်
သင့်မြတ်ရေးကိုအကောင်ထည်ဖော်ဆောင်ရွက်ရေး၊


*လွတ်လပ်၍တရားမျှတမှုရှိသော၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပနိုင်ရေး


*ဂျပန်နိုင်ငံအစိုးရအနေဖြင့် စစ်မှန်သော ဒီမိုကရေစီနှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေး အတွက် သိန်းစိန်-ကြံ့ဖွံ့အစိုးရအား ဖိအားပေးတိုက်တွန်းရေး
 

ပြည်နယ်ဝန်ကြီးချုပ်တွေကို ပြည်နယ်လွှတ်တော်အသီးသီးက ရွေးကောက်တင်မြှောက်ရန်အဆိုအား တပ်မတော် ကန့်ကွက်။ တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်လ်မူကို မြန်မာ့တပ်မတော် ဆန့်ကျင်။

ဝန်ကြီးချုပ်တွေကို လွှတ်တော်ကမရွေးဖို့ တပ်မတော်ကပြော
ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာပြည်နယ်တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေက ဆန္ဒမဲနဲ့ရွေးချယ်ရမယ်ဆိုတဲ့ ပြင်ဆင်ချက်ကို တပ်မတော်သားကိုယ်စားလှယ်တွေက ဇူလိုင်လ ၁ ရက်နေ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၄၃၆ ခ ပြင်ဆင်ရေး ဒုတိယနေ့မှာ ကန့်ကွက်ခဲ့ပါတယ်။
အခုလို ဆန္ဒမဲနဲ့ ရွေးချယ်ခဲ့မယ်ဆိုရင် အဖွဲ့အစည်းတွေရဲ့ သြဇာလွှမ်းမိုးမှုတွေကြောင့် စည်းလုံးညီညွတ်မှုပြိုကွဲပြီး ငြိမ်းချမ်းရေး ထိခိုက်နိုင်တယ်လို့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ကျော်က ပြောပါတယ်။

ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်အများစုက အထူးသဖြင့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေကတော့ ဒီလို ကန့်ကွက်ခံရတဲ့အပေါ် မကျေနပ်ကြပါဘူး။
ဒီအချက်ကို မပြင်ဆင်နိုင်ရင် ငြိမ်းချမ်းရေးလုပ်ငန်းအပေါ် သက်ရောက်မှုတွေရှိလာလိမ့်မယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ ကိုယ်စားလှယ် ကရင်တိုင်းရင်းသား ဦးဝင်းသန်းက ဘီဘီစီကို ပြောပါတယ်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေကို နိုင်ငံတော်သမ္မတက တိုက်ရိုက် ခန့်ဖို့ပြဌာန်းထားတာဖြစ်ပါတယ်။

တပတ်ကျော်ကြာပြီဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမှုမှာ တပ်မတော်ဘက်က အကုန်လုံးနီပါးကန့်ကွက်ခဲ့ပြီး ပုဒ်မ ၅၉ ( ဃ ) ပါ နိုင်ငံတော်သမ္မတဟာ စစ်ရေးအမြင်အစား ကာကွယ်ရေးအမြင်ဆိုတဲ့ပြင်ဆင်ချက် တစ်ခုကိုပဲ သဘောတူခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အဲဒီပုဒ်မတစ်ခုထဲပြင်ဆင်မယ့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို နိုဝင်ဘာလဆန်းမှာ ကျင်းပမယ့် ရွေး ကောက်ပွဲနဲ့အတူပြုလုပ်ဖို့ ရွေးကောက်ပွဲကော်မရှင်ထံ စာရေးသားပေးပို့သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြောခဲ့ပါတယ်။

BBC

“တင်းမာနေရင်တော့ အလှမ်းဝေးသွားနိုင်တယ်”

တပ်မတော်, တိုင်းရင်းသား, ငြိမ်းချမ်းရေး
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာ
(ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကဏ္ဍတွင် လက်နက် ဖြုတ်သိမ်းရေး၊ စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုခြင်းနှင့် အရပ်သားများအဖြစ် ပြန်လည်ပေါင်းစည်းရေး ဆိုသည့်(DDR) လုပ်ငန်းစဉ် ကို လက်ခံကြရန် အရေးကြီးကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော်၏ သဘောထားကို မကြာခင်ရပ်ပိုင်းက ထုတ်ဖော်ပြောဆိုလာပြန်သည်။
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန အာရှရေးရာဌာန မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang က အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များအကြား ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်နေမှုနှင့် ပတ်သက်ပြီး ဇွန်လ ၂၉ ရက်က နေပြည်တော် ဘုရင့်နောင် ဧည့်ရိပ်သာ၌ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယင်းသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
တပ်မတော်က လက်နက်ဖြုတ်သိမ်းရေးပါဝင်သည့် DDR (Disarmament၊ Demobilization၊ Reintegration) လုပ်ငန်းစဉ်ကို လက်ခံရေး ထပ်မံပြောဆိုလာခြင်းအပေါ် စစ်တပ် ပြုပြင်ပြောင်းလဲရေး သို့မဟုတ် လုံခြုံရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး Security Sector Reform (SSR) ပြုလုပ်ရေးပြောဆိုနေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ သဘောထားမည်သို့ရှိမည် ဆိုသည်ကို တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာကို ဧရာဝတီ သတင်းထောက် ကျော်ခ က ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ ဒီလဆန်းပိုင်းက လော်ခီးလာမှာ ပြုလုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်များ ထိပ်သီး အစည်း အဝေးကို တက်ရောက်ခဲ့တဲ့ Mr. Sun Guoxiang နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့တွေ့တော့ ကာကွယ်ရေး ဦးစီးချုပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ DDR လုပ်ငန်းစဉ်ကို လက်ခံဖို့ပြောသွားတာတွေ့ရတယ်။
ဖြေ ။ ။ ဟုတ်တယ်။ မတ်လတုန်းကလည်း အဲဒါကို သူတို့ပြောပါတယ်။ သူတို့ဘက်ကတော့ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းကို DDR လိုပဲ သူတို့ကတော့အကောင်အထည်ဖော်ချင်တယ်။ ကျနော်တို့ကတော့ နှစ်ပေါင်း ၆၀ ကျော် ယုံကြည် စိတ်ချလို့မရတဲ့ အနေအထားမျိုးပေါ်မှာ တို့ရဲ့တပ်တွေကို အားလုံးဖျက်သိမ်းရမယ်ဆိုတဲ့ အနေအထားမျိုးမဖြစ်သင့်ဘူး။ တဖက် ကလည်း တို့နိုင်ငံက ဒီမိုကရေစီအခွင့်အရေးတွေ အပြည့်အဝရှိတဲ့နိုင်ငံလည်း မဟုတ်ဘူးဗျ။ တပ်ကနေ အာဏာတွေအများကြီး ယူထားတဲ့ အနေအထားအပေါ်မှာ တို့မှာ တပ်တွေကို အားလုံးဖျက်သိမ်းရမယ်ဆိုတဲ့ တဖက်သတ်အမြင်မျိုးကလည်း လက်ခံလို့ မရဘူးလေဗျာ။
ဒါပေမယ့်ပေါ့ဗျာ။ နိုင်ငံတခုမှာ တပ်မတော်တခုပဲရှိရမယ်ဆိုတဲ့ မူကို တို့လည်း လက်ခံတယ်။ ဒါပေမယ့် အနာဂတ်မှာ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မယ်။ တပ်မတော်ကိုလည်း ဖက်ဒရယ်ပြည်ထောင်စုနဲ့ အညီဘယ်လိုဖွဲ့စည်းမလဲ။ ဘယ်လို ပြင်ဆင် မလဲစတဲ့ ကိစ္စလေ အဲဒါကလည်း အများကြီး စကားပြောသေးတယ်ဗျ။ သူတို့ (တပ်မတော်) ဘက်ကတော့ လုံးဝ ပြင်ချင်တဲ့ပုံမရှိဘူး။ အဲဒါမျိုးဆိုရင်လည်း တို့က လက်ခံလို့မရဘူး။
တို့ဘက်ကတော့ တို့ရဲ့ တပ်တွေကို ပြည်နယ်လုံခြုံရေး တပ်တွေသဘောမျိုးနဲ့ပေါ့ဗျာ အဲလိုထားပြီးတော့မှ တနိုင်ငံလုံးရဲ့ တပ်မတော်ဦးဆောင်မှုရဲ့ အောက်မှာ နေသွားမယ်။ အဲဒီပုံစံမျိုး ဖြစ်သင့်တယ်။ ဒါက တပ်တွေကို ဒီလိုခွဲထားခြင်းအားဖြင့် စစ်တပ်က အာဏာသိမ်းတဲ့ပုံစံမျိုးမလုပ်နိုင်ဖို့ အကာအကွယ်ပေးပြီးသား ဖြစ်သွားမယ်။ တဖက်ကလည်း ယုံကြည်မှုမရှိတဲ့ အတွေ့အကြံအရပေါ့ဗျာ။ နှစ်ဖက်စလုံးက အာမခံချက်ရှိဖို့ကတော့ အဲသလို နေဖို့ သင့်တယ်လို့ တို့ဘက်ကတော့ ခံယူတယ်ဗျ။
မေး ။ ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့ အထဲမှာ လက်ရှိအချိန်ဟာ ပါတီစုံနိုင်ငံရေးကို သွားနေတာဖြစ်လို့ ဘယ်သူ မဆို၊ ဘယ်အဖွဲ့အစည်းမဆို တရားဥပဒေနဲ့အညီသာ လိုက်ပါဆောင်ရွက်ရမယ်လို့ ပြောထားတာလည်း တွေ့ရပါတယ်။ ဒီအပေါ်မှာရော အန်ကယ်တို့အနေနဲ့ ဘယ်လို မြင်လဲ။
ဖြေ ။ ။ ဥပဒေနဲ့ အညီဆိုတဲ့ စကားလုံးကလေ အဓိပ္ပါယ် အမျိုးမျိုးဆွဲလို့ရနေတယ်ဗျ။ တို့ဘက်ကလည်း ဥပမာ အပစ်ရပ်တယ် ဆိုပါစို့။ ပြည်တွင်းမှာတော့ ဒီအစိုးရရဲ့ ဥပဒေကျင့်သုံးရမယ့်လိုက်နာရမယ့် ဥပဒေတွေကိုတော့ လိုက်နာမှာပဲဗျ။ ဒါပေမယ့် ဥပဒေနဲ့ အညီဆိုတာ ရှေ့လုပ်ငန်းစဉ်တွေ တို့နဲ့ညှိနှိုင်းရာမှာ တို့ရဲ့လွတ်လပ်ခွင့်တွေအားလုံးကို သူတို့ရဲ့ ဥပဒေနဲ့ ချုပ်ကိုင် ထားတဲ့ သဘောမျိုးသက်ရောက်နိုင်တယ်လေ။ အဲတော့ တို့က အဲဒီဟာကို ဘယ်လိုလုပ်လက်ခံလို့ရမလဲ။ လက်ခံလိုက်ရင် တို့မှာ ဘာမှ လှုပ်ရှားလို့မရတော့ဘူး။ လုပ်လို့ မရတော့ဘူး။
သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံ စသဖြင့်ပေါ့ဗျာ။ ဥပဒေကို အားလုံးလိုက်နာ စသဖြင့်ပေါ့ဗျာ။ ကနေ့ကတော့ နိုင်ငံရေးဆွေးနွေးဘက်တွေ ဖြစ်နေတော့ သူ့လွတ်လပ်ခွင့်နဲ့ သူ့အနေအထားနဲ့ သူ ရှိရမှာပေါ့။ အဲဒါကို တဘက်က အားလုံး ငါ့လက်အောက်မှာ လာနေဆိုတဲ့ ပုံစံမျိုးနဲ့ ကိုယ့်ဥပဒေနဲ့ကိုယ် ချုပ်ကိုင်လိုက်တယ် ဆိုတဲ့ ပုံစံမျိုးနဲ့ကတော့ ဖြစ်ဖို့ မသင့်ဘူးပေါ့လေ။ ကျနော်ကတော့ အဲသလိုမျိုး မြင်တယ်ဗျ။
မေး ။ ။ အစိုးရနဲ့ တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က ပြင်ဆင်လာတဲ့ (NCA) မူကြမ်းကို လက်မခံသလို လောခီးလာ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးအစည်းအဝေးက ဖွဲ့စည်းပေးလိုက်တဲ့ အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ ကိုလည်း လက်မခံဘူးဆိုပြီး သိရတယ်။ အဲဒါလည်း ရှင်းပြပေးပါဦး။
ဖြေ ။ ။ အေး အဲဒါလည်း မရေရာသေးဘူးဗျာ။ ပထမတော့ အဲဒီသဘောရှိတာပေါ့ဗျာ။ ဒါကို မကြာခင်မှာ ဦးအောင်မင်းတို့ကလာပြီး တော့မှ အဖြေပေးမယ်လေ။ အဲဒီအဖြေပေးတဲ့အခါကြမှ အတိအကျသိမယ်ဗျ။
မေး ။ ။ ဒီလိုအခြေအနေမျိုးမှာ ကာကွယ်ရေးဦးစီးချုပ်က အခုလိုပြောဆိုနေတဲ့ အပေါ်မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေရှိလား။ ဘယ်လို အခြေအနေတွေဖြစ်လာနိုင်လဲခင်ဗျ။
ဖြေ ။ ။ အေးဗျ။ ဒီလိုပဲ တင်းမာနေရင်တော့ အလှမ်းဝေးသွားနိုင်တယ်။ တဖက်ကတော့ အစိုးရဘက်က ပြောပြောနေတဲ့ အနေအထားက တို့ကပဲ အချိန်ဆွဲချင်သလိုလို ဒီအစိုးရလက်ထက်မှာ အပစ်အခတ်ရပ်စဲရေး မလုပ်ချင်သလိုလို အဲလိုပုံစံမျိုး ပြောနေတာကတော့ မမှန်ဘူးဗျ။ အမှန်ကတော့ တို့ကတော့ လုံခြုံစိတ်ချရတဲ့ အနေအထားတခုကို ဖြစ်စေချင်တယ်။ အဲဒီအနေအထားမျိုးမှာ အပစ်အခတ် ရပ်စဲရေး မြန်မြန်ဖြစ်လေ ကောင်းလေပေါ့ဗျာ။ အေးဒါပေမယ့် စိတ်ချရလောက်တဲ့ အနေအထားမျိုးတော့ ဖြစ်စေချင်တာပေါ့။
မေး ။ ။ မကြာခင်ရက်ပိုင်းက ထွက်လာတဲ့ ဝန်ကြီး ဦးအောင်မင်း ရေးတဲ့ ဆောင်းပါးထဲမှာ လက်ရှိ အခြေ အနေဟာ ငြိမ်းချမ်းရေးလုပ်ဖို့ လက်မလွှတ်သင့်တဲ့ အချိန် အခါကောင်းလို့ဆိုတယ်။ တဖက်မှာ တိုင်းရင်းသားတွေက NCA ကို လက်မှတ် ထိုးဖို့ရာ အားလုံးပါဝင်ရေးမူကို စွဲကိုင်ထားတယ်။ အစိုးရကကြတော့ တချို့အဖွဲ့တွေကို လက်မခံချင်ဘူးဆိုတော့ ဒီအချိန်အခါ ကောင်း ဆိုတာက အားလုံးပါဝင်ရေးမဟုတ်တဲ့ အချိန်အခါကောင်းဆိုတဲ့ ပုံစံမျိုးဖြစ်မနေဘူးလား။
ဖြေ ။ ။ အဲဒါကလည်း သူတို့ဘက်က တို့ဘက်ကို ပြောထားတဲ့ ကိစ္စလေ MNDAA ရယ်၊ TNLA ရယ်၊ AA ရယ် အဲဒီသုံးဖွဲ့ကို အပစ်ရပ်ရေး ထဲမှာ လက်မခံသေးဘူး။ နောက်ချန်ထားမယ်ဆိုတဲ့ ကိစ္စကလည်း သူတို့ပြန်ပြီး လက်ခံတယ်ဆိုတဲ့ သဘောထား မျိုးလည်း ရှင်းရှင်းလင်းလင်း မပြောသေးဘူးဗျ။ အဲဒီကိစ္စလည်း တို့ဘက်က တော်တော်လေးကို စိတ်မချမ်းမသာတော့ ဖြစ်မိတယ်။
မတ်လ ၃၁ ရက်နေ့ (NCA မူကြမ်း) လက်မှတ် မထိုးခင်မှာ ရှင်းရှင်းကြီးပြောထားတယ်။ နှစ်ဖက် သဘောတူစာချုပ်ထဲမှာလည်း ရေးထားတယ်။ အခု မူကြမ်းအဆင့် အနေအထားမှာပဲ လက်မှတ်ထိုးတာဖြစ်တယ်။ မူကြမ်းဆိုတာကတော့ အတည်ဖြစ်သေးတာ မဟုတ်ဘူး။ တို့ဘက် NCCT အနေနဲ့လည်း အပြီးအပိုင် ဆုံးဖြတ်ပေးနိုင်တဲ့ အဆင့်မျိုးမရှိဘူး။ အခု အဲဒီမူကြမ်းကို UPWC (ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ) အနေနဲ့ကတော့ UPCC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ) ကိုတင်ရမယ်။ တို့ဘက်ကလည်း ထိပ်သီးခေါင်းဆောင်တွေကို တင်ပြရမယ်။ အဲဒီမှာ လိုအပ်တဲ့ ပြင်ဆင်မှု ရှိရင် ပြင်ဆင်၊ ဖြည့်စွက်မှုရှိရင်လည်း ပြင်ဆင်ပါ။ ဖြည့်စွက်ပါ စသဖြင့်ပေါ့ဗျာ။
အဲလိုပြင်ဆင်ဖြည့်စွက်ပြီးရင် ထပ်ပြီးတော့မှ ဆွေးနွေးရမယ်။ အဲလိုမျိုး အတိအကျ ပြောထားသားပဲဗျနော်။ မီဒီယာမှာလည်း ပြောထားတယ်။ စာချုပ်ထဲမှာလည်း ရှိတယ်။ ဒါပေမယ့် အခုကျတော့ဗျာ အဲဒီစာချုပ်ကို မပြင်ချင်တော့ဘူး။ မဖြည့်ချင်တော့ဘူး။ အဲသလိုပြောလာတယ်။ အဲဒါလည်း တို့ဘက်ကတော့ တော်တော်လေး စိတ်မကောင်းဘူးဗျာ။ ဒါကတော့ စိတ်ပျက်စရာကြီး ဖြစ်နေတယ်ဗျာ။ ဒီလောက်ပြောထားတဲ့ စကားကို ဟိုတုန်းက တမျိုးပြောပြီးတော့ အခုတမျိုးပြောတော့ နောက်ထပ် ဘယ်လိုလုပ်ယုံကြည်စိတ်ချလို့ ရတော့မလဲဗျ။


သတင်းရင်းမြစ် - ဧရာဝတီ