Friday, October 9, 2015

သွေးခွဲအုပ်ချုပ်နေတဲ့အစိုးရနဲ့ အိမ်ပြန်ချင်တဲ့ တော်လှန်ရေးသမားကြီးများ



၂၀၁၄ ခု၊ ဇူလိုင်လမှာ အပစ်ရပ်စာချုပ်မှာ သမ္မတနဲ့ ကာချုပ် လက်မှတ်ထိုးမယ်လို့ MPC က ပြောပြီး စက်တင်ဘာလကျတော့ အဆိုပါ(၂)ဦး မထိုးတော့ဘူးလို့ ပြောပြန်တယ်။ ဒါဟာ လက်မှတ်ထိုးခါနီးအချိန်မှာ အစိုးရဘက်က ဘယ်သူလက်မှတ်ထိုးမှာလဲ မသိရသေးဘဲ ရှိနေခဲ့တယ်။ 

NCA တတိယမူကြမ်းမှာ လမ်းပြမြေပုံကို အတည်ပြုနိုင်ခဲ့ပေမဲ့ စက်တင်ဘာလအစည်းအဝေးမှာပဲ လမ်းပြမြေပုံကို ပြောင်းချင်ကြောင်း အစိုးရက တင်လာပြန်တယ်။ တပ်ပိုင်းဆိုင်ရာကို နောက်ဆုံးအဆင့်မှာ ဆွေးနွေးဖြေရှင်းဖို့ သဘောတူခဲ့တာကို ပယ်ဖျက်ပြီး စတုတ္တအဆင့်မှာပဲ လက်နက်စွန့်ဖို့ အစိုးရက တင်ပြလာတယ်လို့ ဗိုလ်ချုပ်ဂွန်မော်က ပြောပါတယ်။

နေပြည်တော်ကို ကြီးငါးကြီးခေါင်းဆောင်တို့က အားလုံးပါဝင်ရေးကို ညှိုနှိုင်းဖို့ သွားတဲ့အချိန်ပါ။ ညှိဖို့ (၂)လလောက် ပြင်ဆင်ထားခဲ့တဲ့ ခရီးပါ။ ဒါပေမဲ့ ကာချုပ်နဲ့ တွေ့ခွင့် မရခဲ့လို့ မညှိနိုင်ခဲ့ဘူး။ ကာချုပ်မတက်ရင် ဒုကာချုပ်တက်သင့်ပေမဲ့ သူလည်း မတက်ပါ။ ဒါကြောင့် ကိုးကန့်ကို သမ္မတက တိုက်ရိုက်ဆက်သွယ်မယ်ဆိုပေမဲ့ ကိုးကန့်တွေကို မေးကြည့်တော့ ဆက်သွယ်တာ မရှိဘူးလို့ ပြောပြန်တယ်။ 

အပစ်ရပ်လက်မှတ်ထိုးခါနီးတိုင်း အစိုးရက (၃)ကြိမ်(၃)ခါတိတိ အခက်အခဲဖြစ်အောင် လုပ်ခဲ့တယ်လို့လည်း ဗိုလ်ချုပ်ဂွန်မော်က ပြောပါတယ်။ နောက်ပြီး အပစ်ရပ်မှာ သူတို့လက်မှတ်ထိုးခိုင်းပေမဲ့ မထိုးတဲ့ အဖွဲ့တွေကို နိုင်ငံရေးဆွေးနွေးခွင့်မပေးဘဲ သူတို့က အပစ်ရပ်လက်မှတ်ထိုးခွင့်မပေးတဲ့ WNO လိုအဖွဲ့မျိုးကိုကျတော့ နိုင်ငံရေးဆွေးနွေးခွင့်ပေးမယ်လို့ ပြောတာဟာလည်းပဲ အမြီးအမောက်မတည့်တဲ့ကိစ္စ ဖြစ်တယ်။

UNFC တွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်ပြီး အပစ်ရပ်မယ်လို့ မျှော်လင့်မထားပေမဲ့ အပစ်ရပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ခွန်ဥက္ကာကတော့ (၁) လက်ရှိအပစ်ရပ်ကို လက်ရှိအစိုးရကပဲ စခဲ့လို့ လက်ရှိအစိုးရနဲ့ပဲ အပစ်ရပ်သင့်တယ်၊ (၂) လက်ရှိအစိုးရက စစ်တပ်နဲ့ ဆက်ဆံရေးကောင်းမွန်လို့ လက်ရှိအစိုးရနဲ့ အပစ်ရပ်ခြင်းမှာ အပစ်ရပ်စာချုပ်ကို ပိုမိုအားကောင်းစေတယ်၊ (၃) ရွေးကောက်ပွဲနောက်မှာ တက်လာတဲ့အစိုးရက ဘယ်သူဖြစ်မလဲမသိနိုင်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်မယ်လို့လည်း အာမခံချက်မရှိပါဘူး၊ (၄) အပစ်ရပ်လက်မှတ်ကို ထိုးလိုက်လို့ မတရားအသင်းကနေ ပယ်ဖျက်ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ 

ဒီတော့ ခွန်ဥက္ကာအမြင်ကို စိစစ်ကြည့်ရအောင်ပါ။ အမှတ်(၁)စကားဟာ ခေါင်းဆောင်တစ်ယောက်ရဲ့ ဗွီရှင်း မဖြစ်သင့်ပါ။ ဒီအစိုးရက စခဲ့လို့ ဒီအစိုးရနဲ့ လက်မှတ်ထိုးရမယ်လို့ ပြောခြင်းဟာ ရိုးသားလွန်းလှပါတယ်။ အပေါ်က ဗိုလ်ချုပ်ဂွန်မော်စကားက ထောက်ပြခဲ့ပြီသားပါ။ တိုင်းရင်းသားအားလုံးက အပစ်ရပ်ကို လက်မှတ်ထိုးခဲ့ရင် အစိုးရက ဝမ်းမြောက်ရမဲ့အစား ဘာကြောင့် အချို့အဖွဲ့တွေကို ချန်ထားပြီး အချို့အဖွဲ့တွေကိုပဲ လက်ခံရပါသလဲ။ ခွန်ဥက္ကာမှာ ဖြေစရာစကားရှိမယ်မထင်ပါ။

အမှတ်(၂)စကားကို ကြည့်ရင်လည်း လက်ရှိအစိုးရဟာ စစ်တပ်ကို ညှိပေးရင် တိုင်းရင်းသားတွေအတွက် ပိုအဆင်ပြေတယ်လို့ တွက်ထားပုံမှာ အင်မတန်မှ ညာဏ်တိမ်လှပါတယ်။ လက်ရှိအစိုးရနဲ့ လက်ရှိစစ်တပ်က တကြံထဲ တညာဏ်ထဲ ရှိနေတာကိုးက တိုင်းရင်းသားတွေအတွက် မဟာအခက်အခဲကြီး ဖြစ်နေတာကို သူ မသိရှာပါဘူး။

အမှတ်(၃)စကားကို သူ ပြောလိုက်တော့ သူ လုပ်နေတဲ့ တော်လှန်ရေးကို သူ့ဟာသူပဲ သိက္ခာချလိုက်တာပါပဲ။ ပြည်တွင်းစစ်ဆိုတာ သိန်းစိန်လက်ထက်မှာ စခဲ့တာ မဟုတ်သလို တကယ်လို့ နောက်ဒုတိယသက်တမ်းမှာ သိန်းစိန်က တာဝန်ထမ်းဆောင်ခဲ့လို့ လက်ရှိအပစ်ရပ်လုပ်ငန်းစဉ်ကို ဆက်လက်ပြီး အကောင်အထည်မဖော်ခဲ့ရင် ဒါဟာ သိန်းစိန်တို့မှာ ရိုးသားဖြောင့်မတ်တဲ့စိတ် မရှိလို့ပါပဲ။ အပစ်မရပ်ဘဲ အာဏာကို ရခဲ့လို့ အပစ်ရပ်ကို ရပ်တန့်ထားမယ်ဆိုရင် လက်ရှိအပစ်ရပ်က အာဏာရစေဖို့လို့ ဆိုလိုရာရောက်သလို လက်ရှိအပစ်ရပ်ရဲ့ မလေးနက်မှုကိုလည်း ဖော်ပြရာ ရောက်နေပါတယ်။ တကယ်လို့ ပြည်တွင်းရေးက အရေးကြီးတယ်လို့ ယူဆရင် ဘယ်အစိုးရပဲတက်တက် ဒီငြိမ်းချမ်းရေးကို ဆက်လုပ်သွားရမှာ ဖြစ်တယ်။

အမှတ်(၄)စကားကတော့ ပေါ့ပျက်ပျက်အနိုင်ဆုံးပဲ။ တော်လှန်ရေးလုပ်တာက မတရားအသင့်ကို ပယ်ဖျက်ပေးဖို့ မဟုတ်ဘူး။ မိမိတို့အမြင်အရ အစိုးရကပဲ မတရားအသင်း ဖြစ်နေတာပါ။ အစိုးရက လက်ရှိဖွဲ့စည်းပုံကို အတင်းအကြပ် ပြဌာန်းခဲ့တယ်။ ၂၀၁၀ ခုနှစ်မှာ မဲခိုးပြီး တက်လာခဲ့တယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာလည်း ရွေးကောက်ပွဲနိုင်နိုင် မနိုင်နိုင် အာဏာကို လက်မလွှတ်ချင်ဘူး။ သိန်းစိန်က နောက်ထပ် (၅)နှစ်စီမံကိန်းကို သေသေချာချာ ထုတ်ပြောနေခြင်းမှာ အာဏာကို ဘယ်နည်းနဲ့မှ လက်လွှတ်ခံမှာမဟုတ်ဘူးဆိုတာ ပြသနေပါတယ်္ဓ ဒါကြောင့် မိမိတို့အမြင်အရ လက်ရှိအစိုးရဟာ မတရားအသင်း ဖြစ်တယ်။ မတရားတဲ့အစိုးရကနေ မတရားအသင်းကို ပယ်ဖျက်ပေးဖို့ အပစ်ကို ရပ်ရပါတယ်ဆိုခဲ့ရင် သူရဲ့ တော်လှန်ရေးအတွေးအခေါ်ကို ဝေဖန်ဆန်းစစ်သင့်ပါတယ်။

KNU ကတော့ ဘယ်သူကိုမှ ဂရုမစိုက်တဲ့ အဖွဲ့ ဖြစ်တယ်။ ကရင်လူမှုအဖွဲ့အစည်းပေါင်း (၄၁)ဖွဲ့က သတိပေးနေတဲ့ကြားက အပစ်ရပ်ဖို့ ဆုံးဖြတ်သွားတာ ဖြစ်တယ်။ တိုင်းရင်းသားအားလုံးပါဝင်နိုင်မဲ့အချိန်ကို စောင့်ပြီးမှ လက်မှတ်ထိုးဖို့ တိုက်တွန်းချက်ကို မူတူစေဖိုးက လျစ်လျူရှုခဲ့ပါတယ်။ ဒုဥက္ကဋ္ဌ နော်စီဖိုရာစိန်ကတော့ အဖွဲ့အားလုံး မပါတော့ နိုင်ငံရေးဆွေးနွေးတဲ့အခါ လွယ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အခု နောက်ဆုံး KAF လို့ ခေါ်တဲ့ ကော်သူလေးလက်နက်ကိုင်တပ်ဖွဲ့က ကျေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ လက်ရှိ KNU လုပ်ရပ်ကို ဆန့်ကျင်ဝေဖန်ထားပါတယ်။ မြန်မာအစိုးရနဲ့ အပစ်ရပ်တော့မဲ့ ကရင်တပ်ဖွဲ့များဟာ ဒီရက်ပိုင်းမှာပဲ အချင်းချင်းပစ်နေကြပါတယ်။ KNU တပ်မဟာ(၅)ရဲ့ စစ်သားစုဆောင်းမှုကြောင့် ကရင်လူမျိုး (၂၀၀၀)ခန့် ဖာပွန်ခရိုင်ကနေ ထွက်ပြေးပြီး အစိုးရလက်ကိုင်တုတ်တပ်များမှာ ခိုးလှုံနေကြောင်း သိရပါတယ်။  ကရင်အချင်းချင်း ပဋိပက္ခမဖြစ်အောင်၊ အပစ်ရပ်ကို နားမလည်မှုမလွဲအောင် ရှင်းပြနိုင်ပါတယ်လို့ နော်စီဖိုရာစိန်က ပြောနေပေမဲ့ တကယ့်တကယ်မှာတော့ လွယ်မယ်မထင်ပါ။

ကရင်မှာ အခက်အခဲ ရှိသလို ရှမ်းပြည်မှာလည်း အခက်အခဲအများကြီး ရှိနိုင်ပါတယ်။ အမှန်ကို ပြောရရင် ရှမ်းအချင်းချင်းလည်း မညီပါ။ တောင်ပိုင်းတပ်မတော်က တစ်မျိုး၊ မြောက်ပိုင်တပ်မတော်က တစ်မျိုး ဖြစ်နေပါတယ်။ အခု တောင်ပိုင်းတပ်မတော်က အစိုးရနဲ့ အပစ်ရပ်ဖို့ ဆုံးဖြတ်လိုက်တော့ အစိုးရက မြောက်ပိုင်းတပ်မတော်ကို ထိုးစစ်ဆင်လျက် ရှိပါတယ်။ ဒါကြောင့် လက်ရှိအစိုးရဟာ တိုင်းရင်းသားအချင်းချင်းကို သွေးခွဲရာမှာ တော်သလို လုဿမျိုးတစ်မျိုးထဲမှာလည်း မစုစည်းမိအောင်၊ မညီမညွတ်ဖြစ်အောင် လုပ်နိုင်တာကို တွေ့နိုင်ပါတယ်။ 

အပေါ်က ပြောထားသလို NCA ဟာ တိုင်းရင်းသားအားလုံးကို လက်ခံလိုက်ရင် ရှင်းရှင်းလင်းလင်း ဖြစ်နိုင်ပေမဲ့ အစိုးရက တမင်ရှုပ်ထွေးအောင် ဖန်တီးပါတယ်။ အရှုပ်အရှင်းကြားမှာ အဖွဲ့ (၈)ဖွဲ့က လက်မှတ်ထိုးဖို့ ဆုံးဖြတ်ထားပါတယ်။ အစိုးရက ဒီလက်မှတ်ထိုးပွဲမှာ ကုလသမဂ္ဂ၊ အီးယူ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်းကိုယ်စားလှယ်တွေ တက်ရောက်ကြဖို့ အလုပ်များနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်တို့ကို အစိုးရက တရားဝင်မဖိတ်ကြားရသေးပေမဲ့ ဒီပွဲကို တက်ရောက်ဖို့ ဖိအားပေးမှာ ဖြစ်တယ်။ ၂၀၁၆ ခုနှစ်မှာ အစိုးရဖွဲ့နိုင်ခဲ့ရင် တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရယူလိုတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိအပစ်ရပ်ဟာ မစစ်မှန်ကြောင်း သိပေမဲ့ အသိသက်သေအဖြစ် တက်ရောက်နေမလား စဉ်းစားမိပါတယ်။ ဒီအကွက်ဟာ NLD ကို အကြပ်ရိုက်စေမဲ့ အကွက် ဖြစ်တယ်။ ပါဝင်ခဲ့ရင် လက်ရှိအပစ်ရပ်ကို အသိအမှတ်ပြုရာရောက်တယ်။ မပါဝင်ခဲ့ရင် NLD ဟာ ငြိမ်းချမ်းရေးကို လိုလားတဲ့ပါတီမဟုတ်ကြောင်း လုပ်ကြံဝါဒဖြန့်အုံးမှာ မြင်ယောင်သေးတယ်။ အဆိုးဆုံးမှာ NLD ပါတီက အစိုးရမဖွဲ့စည်းနိုင်အောင်၊ အစိုးရဖွဲ့နိုင်ခဲ့ရင်လည်း တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိလိမ့်မှာမဟုတ်ကြောင်း ကန့်လန့်နောက်မှာ ပြောချင်ပြောနေပါလိမ့်မယ်။

UNFC ကတော့ စစ်မှန်တဲ့ အပစ်ရပ်ရေး ဖြစ်ပေါ်ဖို့ ပြည်တွင်းရှိအင်အားစုများနဲ့ နိုင်ငံတကာမိသားစုများကို အထူးပန်ကြားထားပါတယ်။

U Ravika

0 comments: