Tuesday, August 25, 2015

သုံးပွင့်ဆိုင်ဆွေးနွေးပွဲတစ်ခု မျှော်လင့်မိဆဲ

U Ravika's photo.
အရင်က ဗိုလ်ချုပ်ကြီးမြက ခင်ညွန့်နဲ့ စကားပြောတော့ မြန်မာသတင်းစာတွေက "ဗိုလ်ချုပ်ကြီးမြ၊ စောဘိုမြ၊ ဖထီး"ဆိုပြီး အမွှမ်းတင်ခဲ့ကြပါတယ်။ ဆွေးနွေးသလို မဖြစ်တော့ နေ့မဆိုင်းညမဆိုင်းဘဲ "ငမြ"လို့ ကင်းပွန်တပ်ခဲ့ပါလေရောပဲ။
...
အရင်က ဖုန်းကြားရှင်က ခင်ညွန့်နဲ့ အဆင်ပြေတော့ ကိုးကန့်လူထုရဲ့ ခေါင်းဆောင်ပေါ့။ ခင်ညွန့်ပြုတ်တော့ ဖုန်းကြားရှင်ဆိုတာ ဘိန်းစားပဲဆိုပြီး အခု အပြုတ်တိုက်ခံနေရဆဲပါ။

နောက်ဆုံး အခု ရွှေမန်းအဖြစ်ကို ကြည့်ပါ။ ပြန်လာဖို့ ခက်သွားချေပြီ။ အင်အားတောင့်တင်းမှုနည်းနည်းရှိလို့ အပြီးအပိုင် မဖျောက်ဖျက်သေးတာပါ။

စစ်တပ်က ဘယ်တော့မှ ပုံအသွင်းမခံဘူး။ ဘယ်နိုင်ငံရေးပါတီ၊ ဘယ်အရပ်သားတို့ရဲ့ ပုံသွင်းမှုကို မခံယူချင်ဘူး။ ဒါကြောင့်မို့လို့လည်း မအလက ဂျပန်သတင်းဌာနနဲ့ အင်တာဗျူး လုပ်တော့ သူ့ဥပဒေ ကိုယ့်ဥပဒေလို့ ခဏခဏ ပြောနေတာပေါ့။

သူ့ဥပဒေဆိုတာ အရပ်သားအစိုးရက စစ်တပ်ကို ဖြည့်ဆည်းရမဲ့ဥပဒေ ဖြစ်ပြီး ကိုယ့်ဥပဒေဆိုတာ အဲဒီအရပ်သားအစိုးရကို ချုပ်ကိုင်ဖို့ ဖြစ်တယ်ဆိုတာ သိထားဖို့ လိုပါ့မယ်။ ဒီတော့ ရှည်ရှည်ဝေးဝေး ပြောနေဖို့ မလိုတော့ပါ။

အပစ်ရပ်ပြီးရင် လက်နက်ချရမယ်လို့ တိုင်းရင်းသားတွေကို အသိပေးလိုက်ပါပြီ။ NLD ကိုကော သူ အလျှော့ပေးမလားဆိုတော့ ဘယ်တော့မှ ပေးမှာမဟုတ်ဘူး။
ဒီတော့ NLD က စစ်တပ်ကို ပုံသွင်းဖို့ လွယ်မယ်မထင်ဘူး။ အခုတောင် စစ်တပ်ရဲ့ ပုံသွင်းမှုကြောင့် NLD က ၂၀၀၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံနဲ့ အများကြီးကို နေသာထိုင်သာ ရှိနေပါပြီ။

၂၀၁၅ -ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကို NLD က အနိုင်ရခဲ့ရင် လုပ်စရာက နှစ်ခုပဲ ရှိမယ်။

၁။ စစ်တပ်နဲ့ အလုပ်လုပ်ရမယ်။ စစ်တပ်နဲ့ အလုပ်လုပ်တဲ့အခါ စစ်တပ်စည်း၊ အစိုးရစည်းကို အခု သိန်းစိန်အစိုးရထက် သတိထားရမှာပါ။ သိန်းစိန်အစိုးရထက် ပိုကျဉ်းကြပ်မှာ ဖြစ်သလို စစ်တပ်ကိုင်ထားတဲ့ ဝန်ကြီးဌာန(၃)ခုနဲ့ အဆင်ပြေအောင် NLD အစိုးရ မနည်းညှိယူရပါအုံးမယ်။

၂။ စစ်တပ်က ပုဒ်မ ၄၃၆ ကို ပြင်ပြီး စစ်တန်းလျားပြန်ဖို့ အကြောင်းပြပြီး တိုင်းရင်းသားတွေနဲ့ ညှိတဲ့နေရာမှာ NLD ကို အသုံးချပါလိမ့်မယ်။ တမတ်သားဖက်ဒရယ်ကို ပေးပြီး လက်နက်ချဖို့ကိစ္စ ဖိအားပေးလာပါလိမ့်မယ်။ အခုကတည်းက အဲဒီအခင်းအကျင်းအတွက် စစ်တပ်က အဆင်သင့် ပြင်ဆင်ထားပါတယ်။

၈၈၈၈ အရေးအခင်းကာလတုန်းက စစ်တပ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုများဟာ ၂၀၁၂ ခုနှစ်မှာ NLD က ကြားဖြတ်ရွေးကောက်ပွဲဝင်လိုက်တာနဲ့ သင်ပုန်းချေလိုက်နိုင်သလို အခု ရွှေမန်းကို ဖြုတ်ချခဲ့လို့ နိုင်ငံတကာယုံကြည်မှုကျဆင်းနေမှုကိုလည်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို NLD ဝင်ရောက်ယှဉ်ပြိုင်လိုက်တာနဲ့ နိုင်ငံတကာရဲ့အာရုံက ပြောင်းလဲသွားအုံးမှာ သူတို့ သိရှိထားလို့ပါပဲ။

ဒါပေမဲ့ လက်ရှိပါလီမာန်ဖွဲ့စည်းပုံအရ NLD က ရွေးကောက်ပွဲကို အောင်နိုင်ရုံနဲ့ မပြီးဘူး။ အစိုးရဖွဲ့နိုင်ဖို့လည်း လိုမယ်။ အစိုးရဖွဲ့နိုင်ဖို့ဆိုရင် စစ်တပ် (၂၅)ရာခိုင်နှုန်းနဲ့ ဖွတ်(၂၆)ရာခိုင်နှုန်းကို ချေဖျက်ရပါ့မယ်။ မအလက ပါတီတစ်ခုက အစိုးရဖွဲ့ခဲ့ရင် (သို့) ပါတီနှစ်ခုက အစိုးရဖွဲ့ခဲ့ရင်လို့ ပြောပါတယ်။

NLD က ပါတီနှစ်ခုနဲ့ အစိုးရဖွဲ့နိုင်ခဲ့ရင်ဆိုတဲ့ အပေါက်ကို ပိတ်ဖို့ အင်အားကြီးတဲ့ ရှမ်းပါတီတစ်ခုနဲ့ အပေးအယူ လုပ်ပါတယ်။ ကျန်တဲ့ တိုင်းရင်းသားပါတီများနဲ့ မဟာမိတ်မဖွဲ့တော့ပါ။ တိုင်းရင်းသားတွေက ဒီကနေစပြီး NLD ကို သံသယဝင်လာကြခြင်းဖြစ်တယ်။ နောက်ပြီး ၈၈ တွေနဲ့ မတွဲလိုကြောင်း ပြသလိုက်တဲ့အခါမှာ နိုင်ငံရေးသုတေသီအချို့က အင်မတန် အံ့အားသင့်ကုန်ကြပါတယ်။ ဘာဖြစ်လဲဆိုတော့ NLD ကျင့်သုံးနေတဲ့နည်းဟာ စစ်တပ်ကျင့်သုံးနေတဲ့နည်းနဲ့ ခပ်ဆင်ဆင် ဖြစ်နေလို့ပါပဲ။

စစ်တပ်အလိုကျဖြစ်ဖို့ အခု KNU ခေါင်းဆောင်အချို့၊ RCSS ခေါင်းဆောင်အချို့နဲ့ NLD ခေါင်းဆောင်အချို့တို့ဟာ မဟာမိတ်တွေအပေါ်မှာ လျစ်လျူရှုမှုအချို့ လုပ်ခဲ့ရပါတယ်။ လျစ်လျူရှုရကျိုးနပ်သလားဆိုတာ မကြာခင်မှာ အကဲဖြတ်ပိုင်ခွင့် ရရှိနိုင်ကြမှာပါ။ ဒီတြိဂံတွန်းကန်အားအရ UNFC က အကျဉ်းအကြပ် တွေ့ရဖွယ်ရှိပါတယ်။

NLD ကိုယ်တိုင်က ချောင်ချောင်လည်လည်နဲ့လားဆိုတော့ မဟုတ်ပြန်ဘူး။ ရွေးကောက်ပွဲကို အောင်နိုင်ခဲ့ရင်တောင် ဖွတ်တွေက စစ်တပ် (၂၅)ရာခိုင်နှုန်းကို အသေတွက်ထားပြီမို့ နှာတစ်ဖျားမက နှာ (၂၅)ဖျားအထိ သာနေတာပါ။ ဒီတော့ ဖွတ် (၁၅)ရာခိုင်နှုန်း၊ ရခိုင် (၅)ရာခိုင်နှုန်း၊ အခြားပါတီတွေက (၁၀)ရာခိုင်နှုန်း၊ ပရော့စီပါတီ (၁)ရာခိုင်နှုန်း စုစည်းသွားခဲ့ရင် NLD ဒုက္ခရောက်သွားနိုင်ပါသေးတယ်။ ဒါကို အချိန်မီ တားဆီးရပါလိမ့်မယ်။

ကမ္ဘာကြီးကျဉ်းအောင် ရေးနေတာ မဟုတ်ဘူး။ စစ်တပ်ရဲ့ သံကွန်ခြာကို သံမဏဖွဲ့စည်းပုံနဲ့ ကွပ်ထားတော့ မိမိတို့က ချဲ့ချင်သလို ချဲ့လို့မရဘူး။ နောက်ပြီး ဒီသံကွန်ခြာကိုလည်း ဖွင့်နိုင်တဲ့သော့ကိုလည်း စစ်တပ်ကပဲ ကိုင်ထားတယ်။ NLD က ဒီသော့ချက်ကို ရဖို့ ကြိုးစားနေတာပါ။ ပြည်ခိုင်ဖြိုးပါတီဝင်အချို့နဲ့ စစ်တပ်ကို လွှတ်တော်မှာ ဝိုင်းရံဖို့အကြံဟာ သူရရွှေမန်း ကျဆုံးခန်းနဲ့အတူ ရေမျောခဲ့ရပါပြီ။ ဘယ်ကမ်းတင်မလဲတော့ မသိပါ။ သေချာတာကတော့ စစ်တပ်ဟာ နည်းနည်းလေးမှ အထိမခံဘူးဆိုတာပဲဖြစ်တယ်။

ဒီနေရာမှာ NLD က UNFC နဲ့ပဲဖြစ်ဖြစ်၊ NCCT နဲ့ပဲဖြစ်ဖြစ်၊ SD နဲ့ပဲဖြစ်ဖြစ် တိုက်ရိုက်မဆက်သွယ်သေးခြင်းမှာ အချိန်မတန်သေးလို့ ဖြစ်မယ်။ NCCT နဲ့ SD တို့ကလည်း လက်မှတ်ထိုးတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသိသက်သေအဖြစ် ထားရှိလိုကြောင်း လက်ရှိအစိုးရနဲ့ စစ်တပ်ကို အသိပေးထားခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျင့်သိက္ခာကို ယုံကြည်ကြောင်းပြသနေဆဲပါ။ အခု အပစ်ရပ်မှာ တိုင်းရင်းသားတွေအားလုံးပါဝင်ဖို့ အစိုးရကို ဆက်လက်တောင်းဆိုသွားမယ်ဆိုလို့ သောင်မတင်ရေမကျဇင်းမယ်ဆွေးနွေးပွဲက တခန်းရပ် ပြီးသွားခဲ့ပြန်ပြီ။

လောလောဆယ်မှာ နိုင်ငံရေးအကြပ်အတည်းဖြစ်နေတာက NLD မဟုတ်ဘူး။ UNFC လည်း မဟုတ်သေးပါ။ ပြည်ခိုင်ဖြိုးအစိုးရနဲ့ စစ်တပ်ပါပဲ။ ဒါကြောင့် ဘယ်သူက အပစ်ရပ်ရမလဲ စစ်တပ်က အမိန့်မပေးရ။ တိုင်းရင်းသားအားလုံး မပါဝင်နိုင်ရင် နောက်တက်လာဖွယ်ရှိတဲ့ NLD အစိုးရနဲ့ ဆက်ညှိလိုက်ရုံပဲ။ NLD အစိုးရတက်လာခဲ့ရင်လည်း တကယ့်တကယ်ဆွေးနွေးရမှာက ဒီစစ်တပ်နဲ့ပဲဆိုတော့ အခက်အခဲတွေ ရှိနေအုံးမှာပဲ။ ဘာပဲပြောပြော ၂၀၁၆ ခုနှစ်အတွက် သိပ်ရင်မခုန်ပေမဲ့ NLD အစိုးရတစ်ရပ် ဖြစ်ပေါ်လာတာကို တွေ့မြင်လိုပါတယ်။ NLD အစိုးရတက်လာခဲ့ရင် ၁၉၉၄ ခုနှစ်မှာ ကုလသမဂ္ဂအဆိုပြုခဲ့တဲ့ စစ်တပ်၊ အစိုးရနဲ့ တိုင်းရင်းသားတို့ရဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲတစ်ခုကိုလည်း မျှော်လင့်မိကြောင်း တင်ပြလိုက်ရပါတယ်။
 



U Ravika

0 comments: