Friday, July 3, 2015

ပြည်နယ်ဝန်ကြီးချုပ်တွေကို ပြည်နယ်လွှတ်တော်အသီးသီးက ရွေးကောက်တင်မြှောက်ရန်အဆိုအား တပ်မတော် ကန့်ကွက်။ တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်လ်မူကို မြန်မာ့တပ်မတော် ဆန့်ကျင်။

ဝန်ကြီးချုပ်တွေကို လွှတ်တော်ကမရွေးဖို့ တပ်မတော်ကပြော
ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာပြည်နယ်တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေက ဆန္ဒမဲနဲ့ရွေးချယ်ရမယ်ဆိုတဲ့ ပြင်ဆင်ချက်ကို တပ်မတော်သားကိုယ်စားလှယ်တွေက ဇူလိုင်လ ၁ ရက်နေ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၄၃၆ ခ ပြင်ဆင်ရေး ဒုတိယနေ့မှာ ကန့်ကွက်ခဲ့ပါတယ်။
အခုလို ဆန္ဒမဲနဲ့ ရွေးချယ်ခဲ့မယ်ဆိုရင် အဖွဲ့အစည်းတွေရဲ့ သြဇာလွှမ်းမိုးမှုတွေကြောင့် စည်းလုံးညီညွတ်မှုပြိုကွဲပြီး ငြိမ်းချမ်းရေး ထိခိုက်နိုင်တယ်လို့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ကျော်က ပြောပါတယ်။

ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်အများစုက အထူးသဖြင့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေကတော့ ဒီလို ကန့်ကွက်ခံရတဲ့အပေါ် မကျေနပ်ကြပါဘူး။
ဒီအချက်ကို မပြင်ဆင်နိုင်ရင် ငြိမ်းချမ်းရေးလုပ်ငန်းအပေါ် သက်ရောက်မှုတွေရှိလာလိမ့်မယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ ကိုယ်စားလှယ် ကရင်တိုင်းရင်းသား ဦးဝင်းသန်းက ဘီဘီစီကို ပြောပါတယ်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေကို နိုင်ငံတော်သမ္မတက တိုက်ရိုက် ခန့်ဖို့ပြဌာန်းထားတာဖြစ်ပါတယ်။

တပတ်ကျော်ကြာပြီဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမှုမှာ တပ်မတော်ဘက်က အကုန်လုံးနီပါးကန့်ကွက်ခဲ့ပြီး ပုဒ်မ ၅၉ ( ဃ ) ပါ နိုင်ငံတော်သမ္မတဟာ စစ်ရေးအမြင်အစား ကာကွယ်ရေးအမြင်ဆိုတဲ့ပြင်ဆင်ချက် တစ်ခုကိုပဲ သဘောတူခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အဲဒီပုဒ်မတစ်ခုထဲပြင်ဆင်မယ့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို နိုဝင်ဘာလဆန်းမှာ ကျင်းပမယ့် ရွေး ကောက်ပွဲနဲ့အတူပြုလုပ်ဖို့ ရွေးကောက်ပွဲကော်မရှင်ထံ စာရေးသားပေးပို့သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြောခဲ့ပါတယ်။

BBC

0 comments: