Thursday, July 23, 2015

ရွေးကောက်ပွဲမတိုင်မီ ဘာကြောင့် အပစ်မရပ်သင့်သလဲ




လောလောဆယ် ရွေးကောက်ပွဲအကြောင်းချည်းပဲ အာရုံမရောက်ဘဲ ဖြစ်ပျက်နေတဲ့ လက်ရှိနိုင်ငံ့ရေးရာကိုလည...်း မျက်ခြည်မပြတ်အောင် သတိသမ္ပဇဉ် ရှိရပါ့မယ်။ အရင်က နိုင်ဟံသာဆီက စကားသံ နည်းနည်းလေး မာလာတာပဲဖြစ်ဖြစ်၊ အခု နော်စီဖိုးရာစိန်က အပစ်ရပ်ရေးမှာ နည်းနည်းလေး တိတိကျကျ လုပ်ချင်တာပဲဖြစ်ဖြစ် KNU နဲ့ RCSS ခေါင်းဆောင်အချို့ဟာ UPWC ကို ပြေးတွေ့ပြီး သံတော်ဦးတင်ရတာက ဖတ်ဖတ်မောပါပဲ။ MPC နဲ့ US educated မြန်မာအချို့က စစ်တပ်အတွက် တိုင်းရင်းသားတွေကို လိမ်ဖို့ ကြိုးစားနေကြောင်း စာနည်းနည်းဖတ်တတ်တဲ့ ကလေးတစ်ယောက်တောင် သိနေတဲ့ ကိစ္စကြီးပါ။ ဒါပေမဲ့ တိုင်းရင်းသားခေါင်းဆောင်အချို့ဟာ အခုထိ ဘာကြောင့် မိုက်မိုက်မဲမဲနဲ့ စစ်တပ်ကို ပုံအပ်ပြီး ယုံချင်ကြသလဲမသိ။
ဦးအောင်မင်းတို့ရွတ်ဆိုတဲ့ မန္တန်က တိုတိုတုတ်တုတ်ကလေးပါ။

(၁) အပစ်ရပ်ကြမယ်၊
(၂) အပစ်ရပ်စောင့်ကြည့်ရေးပူးတွဲကော်မတီ ဖွဲ့စည်းကြမယ်၊
(၃) နိုင်ငံရေးဆွေးနွေးရေးမူဘောင်ရေးဆွဲရေးကော်မတီ ဖွဲ့စည်းကြမယ်။
(၄) နိုင်ငံရေးဆွေးနွေးပွဲ လုပ်ကြမယ်။

ဒါပါပဲ။ ဒါပေမဲ့ အပစ်ရပ်ပြီးရင် စစ်တပ်က ဘာလုပ်မလဲ၊ အပစ်ရပ်ကို ဘယ်လိုကြီးကြပ်မလဲ၊ နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လောက်ကြာကျင်းပမလဲ ဘယ်သူကမှ တိတိကျကျ မပြောနိုင်ကြဘူး။ လက်ရှိဖွတ်အစိုးရက နိုဝင်ဘာရွေးကောက်ပွဲမှာ မဲကောင်းကောင်းဆွယ်နိုင်ဖို့ အပစ်ရပ်နိုင်ဖို့ လိုနေတယ်။ အရင်က ပြောနေကျအတိုင်း FDI ဝင်နိုင်ဖို့ အပစ်ရပ်လိုနေတယ်။ တိုင်းရင်းသားတွေဆီက စစ်တပ်သိမ်းပိုက်ထားသမျှနယ်မြေတွေမှာ ခရိုနီတွေ စီးပွားရေးလုပ်နိုင်ဖို့ အပစ်ရပ် လိုနေတယ်။ နောက်ပြီး အဲဒီခရိုနီနဲ့ စစ်တပ်စီးပွားရေးအတွက် လုံခြုံရေးတွေကို အခုဗိုလ်ချစ်သူတို့လို စောင့်ရှောက်ပေးဖို့ လိုတယ်။ ဒီတစ်ခုတော့ အစိုးရနဲ့ စစ်တပ်က စိတ်ဝင်စားပါတယ်။

နောက်နှစ်ခုကိုတော့ စိတ်ဝင်စားကြမယ်မထင်ဘူး။ အပစ်ရပ်စောင့်ကြည့်ရေးဆိုတာ အစိုးရတပ်ထိုးစစ်ကို ကြည့်ကောင်းကောင်းနဲ့ ကြည့်နေမဲ့အဖွဲ့ဖြစ်ပါလိမ့်မယ်။ စစ်တပ်က နိုင်ငံရေးဆွေးနွေးပွဲကို မစချင်သေးရင် ဒါမှမဟုတ် လုံးဝမလုပ်ချင်ရင် နိုင်ငံရေးမူဘောင်ရေးဆွဲရေးကော်မတီကို ပြဿနာလုပ်လိုက်ရုံနဲ့ ပွဲက ပြတ်ပါတယ်။ နိုင်ငံရေးဆွေးနွေးဆိုသဟာလည်းပဲ စစ်တပ်နဲ့ ဖွတ်တို့အတွက် မလိုအပ်ဘူးလေ။ သူတို့အတွက် လိုအပ်တာက အပစ်ရပ်နိုင်ဖို့ပဲ။ အပစ်ကို ရပ်နိုင်ရင် သူတို့အတွက် နိုင်ငံတကာမှာလည်း အလှူရှင်တွေကို မျက်နှာပြလို့ ကောင်းပြီ။ ပြည်တွင်းမှာလည်းပဲ ပြည်သူတို့ကို လှည့်စားလို့ ရပြီ။ ဘယ်လိုလှည့်စားကြမလဲ။ နည်းနည်းလေး လေရှည်လိုက်ပါအုံးမယ်။

၁။ တင်းပြည့်စစ်အစိုးရလက်ထက်တုန်းက အဖွဲ့ပေါင်း (၄၀)လောက် လက်မှတ်ထိုးခဲ့ဖူးတယ်။ ၂၀၀၉ ခုနှစ်ကျတော့ (၂၅)ဖွဲ့လောက်ပဲ ကျန်ပါတယ်။
၂။ ၂၀၀၉ ခုနှစ်မှာ ကျန်နေတဲ့ (၂၅)ဖွဲ့ကို ပြည်သူ့စစ်လုပ်ဖို့ ဒါမှမဟုတ် နယ်ခြားစောင့်တပ်အဖြစ်ပြင်ဆင်ဖွဲ့စည်းဖို့ စစ်အစိုးရက ဖိအားပေးခဲ့ရာ (၁၅)ဖွဲ့က စစ်အစိုးရအဆိုပြုချက်ကို လက်ခံခဲ့ပြီး (၅)ဖွဲ့က လက်မခံကြပါဘူး။ သဘောမတူကြပေမဲ့ ကချင်တစ်ဖွဲ့နဲ့ပဲ ပြန်ပစ်ကြတာပါတဲ့။
၃။ လက်ရှိသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်လိုက်တဲ့အခါမှာ အဖွဲ့က (၁၆)ဖွဲ့ ရှိနေပြန်တယ်။ အစိုးရက ဒီ(၁၆)ဖွဲ့နဲ့ ညှိရတယ်။ အစိုးရက ဒီ(၁၆)ဖွဲ့ကိုပဲ စာရင်းပိတ်လက်ခံပြီး ကျန်အဖွဲ့များ ရှိလာပါက လက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
၎။ ဒီ(၁၆)ဖွဲ့မှာလည်းပဲ (၄)ဖွဲ့က ၂၀၁၁ ခုမှာ အပစ်ရပ်လက်မှတ်ထိုးခဲ့ပြီသားပါ။ ၂၀၁၂ မှာ နောက်ထပ် (၉)ဖွဲ့က ပဏာမအပစ်ရပ်ကို လက်မှတ်ထိုးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ကျောင်းသားတပ်မတော်ကပါ အပစ်ရပ်ကို လက်မှတ်ထိုးခဲ့တာပါ။ အခုဆိုရင် ကချင်နဲ့ ပလောင် ဒီ(၂)ဖွဲ့ပဲ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ကို မထိုးရသေးခြင်းပါ။
၅။ အခု တနိုင်ငံလုံးအပစ်ရပ်ရေးကို ရည်ရွယ်ချက်(၃)ခုနဲ့ အစိုးရက ကြိုးစားနေတယ်။ နောက်တက်လာမဲ့အစိုးရအတွက် ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်ကို ချထားပေးချင်တယ်တဲ့။ နံပါတ်(၂)အရ အပစ်ရပ်ကို သေချာအောင် ကွန်ကရစ်လောင်းချင်တယ်တဲ့။ ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကို စတင်ဖို့ပါပဲတဲ့။
၆။ လက်ရှိအစိုးရတက်လာတဲ့နောက်ပိုင်းမှာ ကချင်နဲ့ ရှမ်းမှာပဲ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ငြိမ်းချမ်းနေပြီလို့ ပြောလို့ ရပါတယ်။ ကချင်မှာတောင် ၂၀၁၁ ခုနှစ်၊ ဇွန်လကနေ ၂၀၁၃ ခုနှစ် ဒီဇင်ဘာအထိ ရင်ဆိုင်တိုက်ပွဲပေါင်း ၁၄၅၀ အထိ ရှိခဲ့လို့ တစ်လလမှာ တိုက်ပွဲပေါင်း(၄၀) ဖြစ်ခဲ့တယ်လို့ ဆိုနိုင်တယ်။ ၂၀၁၄ ခုနှစ်၊ ဇန္နဝါရီလက စပြီး ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအထိ တစ်နှစ်လုံးလုံးမှာ တိုက်ပွဲ ၆၇ ခုပဲ ရှိပါတော့တယ်။ ဒါဟာ ငြိမ်းချမ်းရေးအတွက် ကြိုးစားမှုအသီးအပွင့်များလို့ ပြောနိုင်တယ်။
၇။ မြို့နယ်အလိုက် ပြောရရင်လည်း ၂၀၁၁ ခုနှစ် ဒီအစိုးရတက်ခါစမှာ (၄၃)ခု၊ ၂၀၁၂ ခုမှာ (၃၂)ခု၊ ၂၀၁၃ ခုမှာ (၃၀)ခု ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ မြို့နယ်(၂၈)ခုမှာပဲ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဒီဒေတာတွေကို ကြည့်ပြီး တပ်မတော်အရာရှိကြီးတွေက "လွတ်လပ်ရေးရပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ်ဟာ အငြိမ်းချမ်းဆုံးနှစ်ပါလို့ မိန့်သတဲ့။ ဒါတောင် တိုင်းရင်းသားအချင်းချင်း တိုက်တဲ့ တိုက်ပွဲတွေ အပါအဝင် ရေတွက်ထားလို့ များနေတာပါတဲ့။ နိုင်ငံရဲ့ တောင်ပိုင်းမှာ တိုက်ပွဲကြီးတွေ လုံးဝမရှိတော့ပါ။ ဒီတော့ ဒီအစိုးရလက်ထက်မှာ ကချင်နဲ့ ရှမ်းမြောက်ကလွဲရင် ကျန်နေရာမှာ အတော့်ကို ငြိမ်းချမ်းနေပြီလို့ ဆိုကြသတဲ့။
၈။ ဒါကြောင့် ကမ္ဘာက လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ထောက်ခံပေးဖို့နဲ့ တပ်မတော်ကို အဓိကနေရာကနေ ညှိနှိုင်းခွင့်ပေးဖို့ လိုအပ်ကြောင်း အဆိုပြုကြသတဲ့။

မိမိက အထက်ဖော်ပြပါအချက်အလက်တွေကို ရမ်းသမ်းပြောနေတာ မဟုတ်ပါဘူး။ ဂျော့မေဆင်တက္ကသိုလ်ကနေ ဘွဲ့ရပြီး အခု မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ အလုပ်လုပ်နေတဲ့ ဒေါက်တာမင်းဇော်ဦးက Sasakawa Peace Foundation USA မှာ ပြောခဲ့တဲ့အချက်တွေကနေ ကောက်နုတ်တင်ပြခဲ့တာပါ။ သူ့ကောက်ချက်ကို အကဲဖြတ်ရရင် သူဟာ အချက်အလက်မှန်ကို ဖုံးကွယ်ပြီး မသေချာတဲ့အချက်တွေကို ချပြခဲ့ကြောင်း တွေ့ရပါတယ်။ MPC က မင်းဇော်ဦးသိဖို့အတွက်ရော တိုင်းရင်းသားခေါင်းဆောင်တွေ သတိထားဖို့ပါ အောက်ပါအချက်တွေကို လေ့လာစေချင်ပါတယ်။

(၁) မင်းဇော်ဦးက ဂျပန်နဲ့အမေရိကန်တွေကို ငြိမ်းချမ်းရေးအကြောင်းချပြရင်းနဲ့ မြန်မာနိုင်ငံဟာ ကချင်နဲ့ ရှမ်းမြောက်ပိုင်းကလွဲပြီး ကျန်နေရာတွေမှာ ငြိမ်းချမ်းနေပြီလို့ ပြောခြင်းမှာ အင်မတန်မှားယွင်းပါတယ်။ အဖဂန်မှာ တာဝန်ထမ်းဆောင်ဖူးသူတစ်ဦးရဲ့ အတွေ့အကြုံနဲ့ လုံးလုံးမထိုက်တန်တဲ့စကားပါ။ အခု ISIS နဲ့ ဥပမာ ပေးချင်ပါတယ်။ ISIS တွေက အီရတ်နဲ့ ဆီးရီးယားမှာပဲ တိုက်ပါတယ်။ ISIS တွေက ဥရောပ၊ အာရှ၊ အမေရိကနဲ့ အခြားနေရာတွေမှာ မတိုက်ကြပါ။ သူတို့က ငွေကြေးနဲ့ လူအင်အားပဲ အဲဒီကနေ စုဆောင်းပါတယ်။ အဆိုပါဒေသတွေမှာ အကြမ်းဖက်မှုတောင် သူတို့မလုပ်ကြပါ။ သေနတ်သံဆိတ်နေပါတယ်။ ဒီလိုဖြစ်နေတာကို "ကမ္ဘာကြီးက ငြိမ်းချမ်းနေပြီ"လို့ မင်းဇော်ဦး ပြောနိုင်ပါသလား။ အစိုးရစစ်တပ်ဟာ ISIS နည်းကို အတုယူနေကြောင်း ဟိုယခင်ကတည်းက မိမိရေးဖူးတယ်။ မွတ်စလင်မိတ်ဆွေအချို့တောင် စိတ်မချမ်းမသာ ဖြစ်ခဲ့ဖူးတာ မှတ်မိသေးတယ်။

(၂) မင်းဇော်ဦးပြောတဲ့ အရေအတွက်တွေပါ။ တိုင်းရင်းသားအဖွဲ့အစည်းတွေက တင်းပြည့်စစ်အစိုးရလက်ထက်တုန်းက အဖွဲ့ပေါင်းလေးဆယ်ကျော်၊ ၂၀၀၉ ခုနှစ်ကျတော့ အဖွဲ့(၂၀)ကျော်ပဲ ကျန်တော့မယ်။ ဒီထဲမှာ သန်းရွှေ အမိန့်ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ကို လက်မခံချင်တဲ့အဖွဲ့က (၅)ဖွဲ့ပဲဆိုပါတယ်။ ကြည့်ရတာ အတော်လေးကို အောင်မြင်နေတဲ့ သဘောပါ။ ဒါပေမဲ့ အခု (၅)ဖွဲ့ကနေ ဘာကြောင့် (၁၆)ဖွဲ့၊ (၁၆)ဖွဲ့ကနေ (၁၈)ဖွဲ့အထိ တိုးလာပြန်သလဲ။ ဒါကို မင်းဇော်ဦးမပြောပါ။ နောက်ပြီး တိုက်ပွဲဖြစ်ပွားတဲ့ မြို့နယ်နှုန်းကို တွက်ချက်ပြပြီး သိန်းစိန်အစိုးရတက်ခါစက တိုက်ပွဲဖြစ်ပွားတဲ့ မြို့နယ်တွေက (၄၃)ခု ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ မြို့နယ်ပေါင်း (၂၈)ခုမှာပဲ ကျန်တော့လို့ ငြိမ်းချမ်းနေပြီလို့ ဆိုပါတယ်။ အဲ့တုန်းက တိုက်ပွဲပေါင်း ၁၄၅၀ ခုအထိ ရှိခဲ့ပေမဲ့ ၂၀၁၄ ခုမှာ တိုက်ပွဲ (၆၇)ခုပဲ ရှိတော့လို့ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ အငြိမ်းချမ်းဆုံးနှစ်လို့ မင်းဇော်ဦးက နိုင်ငံတကာကို ပြောပြခဲ့ပါတယ်။ သိန်းစိန်အစိုးရလက်ထက်မှာ အစိုးရက တော်လှန်ရေးအဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ မြို့နယ်ပေါင်းများစွာကို တိုက်ယူခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေက ခုခံအားကျလာလို့ တိုက်ပွဲဖြစ်ပွားမှုအကြိမ်လျှော့ကျလာတာကို ငြိမ်းချမ်းရေးလို့ ပြောင်ပြောင်တင်းတင်း ပြောခဲ့ပါတယ်။ အစိုးရတပ် ဝင်သွားလို့ မြေသိမ်းမှုတွေ၊ မုဒိမ်းမှုတွေ၊ ခိုးဆိုးလုယက်မှုတွေ၊ ဖိနှိပ်မှုတွေ ဖြစ်ပေါ်နေခဲ့ကြောင်းကို မင်းဇော်ဦးက ဖုံးကွယ်ထားခဲ့ပါတယ်။ "ကျနော်တို့ ပိုပြီးတော့ ငြိမ်းချမ်းနေပြီ"လို့ သူဆိုခဲ့ခြင်းမှာ ဘယ်သူ့အတွက် ပြောနေသလဲ သူသေချာရှင်းပြဖို့ လိုပါ့မယ်။

(၃) အရေးကြီးဆုံးမှာ မင်းဇော်ဦးတို့ MPC ကလူတွေရော မအလဦးစီးတဲ့ စစ်တပ်ကရော နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လောက်ကြာကြာ လုပ်ရမလဲ မသိခြင်းပဲ ဖြစ်တယ်။ ဒီမိုကရေစီစနစ်ကို နှစ်ပေါင်း (၅၀)ကျော် တည်ဆောက်ခဲ့တာတောင် လွှတ်တော်မှာ တမတ်သား(၂၅)ရာခိုင်နှုန်းကျန်နေခဲ့သေးတယ်။ ငြိမ်းချမ်းရေးကို အဲဒီဆယ်စုနှစ်(၅)ခုကျော်ကြာ တည်ဆောက်ခဲ့ရင် တိုင်းရင်းသားလူမျိုးတွေ ကျန်နိုင်တော့မှာမဟုတ်ပါ။ ဖက်ဒရယ်ဆိုတာ ဝေးလာဝေးပါပဲ။ သူတို့ကိုယ်တိုင် တိတိကျကျ အချိန်မသတ်မှတ်နိုင်တဲ့ ဆွေးနွေးပွဲမျိုးကို ဗိုလ်မှူးစိုင်းမင်းတို့က အသည်းအသန်
ဖြစ်နေပုံမှာလည်းပဲ ဘီလူးမြို့မှာ ညအိပ်တည်းချင်တဲ့ ပုလွေသမားတစ်ဦးနဲ့ တူနေပါသေးရဲ့။

လောလောဆယ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုသူ မအလကလည်း သူ့လေသံအတိုင်း ပြောလာတာကို တွေ့ရမှာပါ။ မအလက "တိုင်းရင်းသားလက်နက်ကိုင်တွေဟာ လက်နက်ကိုင်ပြီး အာဏာအချို့အဝက်ကို ထိန်းသိမ်းချင်တဲ့ အခွင့်အရေးမျိုး မရှိဘူး"လို့ ပူပူနွေးနွေး ပြောခဲ့ပါတယ်။ "တိုင်းရင်းသားတွေက လက်ရှိ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံနဲ့အညီ အပစ်ရပ်ကို လက်မှတ်ထိုးခြင်းအားဖြင့် ငြိမ်းချမ်းရေး ရနိုင်တယ်"လို့လည်း ထပ်ကွန့်ထားပါတယ်။

မိမိတို့အသေချာဆုံးပြောနိုင်တာက တိုင်းရင်းသားခေါင်းဆောင်တွေကရော မင်းဇော်ဦးက အကြံပြုနေတဲ့ MPC ကပါ မအလကို မထိန်းနိုင်ပါဘူးဆိုတာပါပဲ။ MPC ကလူတွေက "ကျနော်တို့ကတော့ ပေးချင်တယ်၊ ဒါပေမဲ့ တပ်ကို ကျနော်တို့မထိန်းနိုင်သေးဘူး"လို့ ပြောပြီး အတိအလင်း ထွက်ပေါက်ရှာခဲ့ပြီသားပါ။ နောက်ပြီး လောလောဆယ်မှာ ကချင်ပြည်နယ်မှာ မအလထိုးစစ်ကို အရှိန်လျှော့စေဖို့ ကချင်ကလည်း အပစ်ရပ်ကို ထိုးမှာဖြစ်ကြောင်း လေသံပစ်ပါတယ်။ ဒါပေမဲ့ "အာမခံချက်ရှိမှပဲ ထိုးမယ်"လို့ ပြောပါတယ်။ မအလက ဒီစကားကို တုံ့ပြန်ချင်လို့ အထက်မှာလို ပြောခဲ့ပုံရပါတယ်။ "မင်းတို့လက်နက်ချမှ ရမယ်"လို့ မပြောရုံတမယ်ပါပဲ။ မအလကို သိပ်ယုံချင်တဲ့ RCSS နဲ့ KNU ခေါင်းဆောင်အချို့ သိဖို့ပါ။ အရင်က နိုင်ဟံသာက NCCT ကို ဦးဆောင်ပေမဲ့ အခု နော်စီဖိုးရာစိန်က ဦးဆောင်ပါတယ်။ SD ကို ဖွဲ့စည်းဖို့ကိုလည်း KNU ကပဲ အကြံပြုခဲ့တာပါ။ အခု SD အဖွဲ့ကို KNU ကပဲ ဦးဆောင်နေတာပါ။ ဒီလိုအနေအထားမျိုးမှာ SD က "အာမခံချက်ရှိမှ၊ တိုင်းရင်းသားအားလုံးပါဝင်ခွင့်ရမှ လက်မှတ်ထိုးမယ်"လို့ အတန်တန်ပြောရက်သားနဲ့ KNU နဲ့ RCSS တို့က MPC နဲ့ သီးခြားတွေ့ဆုံပြီး အပစ်ရပ်ဖို့အရေး ဆွေးနွေးကြသေးတယ်ဆိုတော့ ဒါဟာ ဘောင်ကို ကျော်နေပါတယ်။

ဒီနေရာမှာ နိုင်ငံတကာက မင်းဇော်ဦးစကားကို မယုံသင့်သလို တိုင်းရင်းသားတွေကလည်း မအလကို မယုံသင့်ပါ။ သူတို့ဟာ ဖွတ်နဲ့ စစ်တပ်ကို အလုပ်အကျွေးပြုနေသူတွေလည်း မဟုတ်ပါ။ သူတို့အတွက် ဖွတ်နဲ့စစ်တပ်ကို အသုံးချနေလို့ပါပဲ။ ဒီနေရာမှာ - Hard Ball ကစားနေတဲ့ စစ်တပ်ဟာ သူ့အာဏာထောက်တိုင်အဖြစ် အသုံးချဖို့ ဖွတ်တွေကို အကူအညီပေးချင်နေပါတယ်။ ဒီတော့ကာ စစ်တပ်ကို အကူအညီပေးချင်တဲ့ ဖွတ်တွေ မဲမရအောင် တားဆီးဖို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိပါတယ်။ MPC က ဖွတ်တွေက စစ်တပ်ကို မထိန်းနိုင်ဘူးပြောနေတာနဲ့အတူတူ နောက်အစိုးရတက်လာတဲ့အခါကျမှပဲ ဆက်ဆွေးနွေးလို့ရပါတယ်။ အဲ့လိုဆိုရင် တိုက်ပွဲတွေ ပိုများလာမှာပေါ့လို့ ပြောပါလိမ့်မယ်။ အခု ဆွေးနွေးရင်းနဲ့လည်း အစိုးရတပ်က တိုက်နေပါတယ်။ ဘာမှ မထူးပါ။ ဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင် အပစ်ရပ်ကို လက်မှတ်ထိုးမိရင် ကိုယ့်သေတွင်းကိုယ်တူးမိမှာမို့ ရွေးကောက်ပွဲမတိုင်ခင် အပစ်ရပ်ကို လက်မှတ်မထိုးမိဖို့ လိုကြောင်း နားလည်မိကြပါစေ။

ဒီလိုနေလိုက်ခြင်းဖြင့် ဒီချုပ်ကိုလည်း ကူညီပေးရာရောက်သလို ကိုယ့်ကိုယ်ကိုလည်း ကူညီရာရောက်နိုင်ပါတယ်။ ရှည်ရှည်ဝေးဝေး ပြောမနေပါနဲ့လေ။ အစိုးရတပ်က ထိုးစစ်ဆင်လို့ တိုင်းရင်းသားတပ်တွေက ဆုတ်သွားခဲ့တယ်၊ ဒီလိုဆုတ်ပေးလို့ သေနတ်သံဆိတ်သွားတာကို ငြိမ်းချမ်းရေးလို့ မင်းဇော်ဦးတို့က အမွှမ်းတင်တယ်၊ သေနတ်သံမပေါက်တဲ့ အခြားဒေသတွေမှာ ငြိမ်းချမ်းရေးရနေပြီလို့ ဆိုပြန်တယ်။ ဒီလိုဆိုရင် တနိုင်ငံလုံးအပစ်ရပ်ကို လက်မှတ်ထိုးလိုက်တာနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရနေပြီလို့ မင်းဇော်ဦးတို့ ကြွေးကြော်ကြမှာသေချာပါတယ်။ ပြည်သူတို့က ထင်ယောင်ထင်မှား ဖြစ်လို့ နောက် ဖက်ဒရယ်အကြောင်း ဆွေးနွေးရင် ငြိမ်းချမ်းရေးကို ဖောက်ဖျက်သူများလို့ မအလက အသားလွတ်စွတ်စွဲအုံးမှာ အသေအချာပါပဲ။

[ U Ravika ]

0 comments: