Saturday, July 11, 2015

စာချုပ်ကို လက်မှတ်ထိုးကြမလား၊ မထိုးကြဘူးလား ဆုံးဖြတ်တော့မယ်။


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) NCA ကို အသေးစိတ်ဆွေးနွေးနေကြတဲ့ လော်ခီးလာညီလာခံရဲ့ တတိယမြောက်နေ့ ဆွေးနွေးပွဲအဖွင့် မိန့်ခွန်းမှာ KNPP ရဲ့ဥက္ကဌ ခွန် အေဘယ် တွိဒ်က မြန်မာအစိုးရအဆက်ဆက် အောက် နှစ်ပေါင်း ၆ဝကျော်ကြာ ဖိနှိပ်မှုခံနေရတဲ့ တိုင်းရင်းသားတွေဟာ သင်ခန်းစာ အကြီးအမား ရရှိထားတာကြောင့် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့နေရာမှာ တစ်ကွက် မှားရင် တစ်သက်ကျွန်ခံရမယ်လို့ သတိပေးလိုက်ပါတယ်။

“နိုင်ငံရေးဖြေရှင်းတဲ့အခါမှ တရားမျှတဖို့၊ ကျွန်တော်တို့လိုလားချက်နဲ့ပြည့်စုံဖို့ အင်မတန်အရေးကြီးတယ်။ မြန်မာပြည်မှာ မှီတင်းနေထိုင်တဲ့ ပြည်နယ် ၇ခုဟာ တစ်ပြည်နယ်နဲ့တစ်ပြည်နယ် ပထဝီအနေအထားလည်း မတူပါဘူး။ လူမျိုးရေးလည်း မတူဘူး။ ယဉ်ကျေးမှု ဘာသာစကားလည်း မတူဘူး။ အဲဒီတော့ အမျိုးမျိုးကွဲပြားခြားနားပေမယ့် ကျွန်တော်တို့ရဲ့ ယနေ့နိုင်ငံရေးခံယူချက်ကတော့ ဘုံက တစ်ခုပဲ။ အားလုံးသဘောတူ လက်ခံပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားအားလုံး လိုလားချက်ကတော့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို ထူထောင်ဖို့။ ဒါ ကျွန်တော်တို့ရဲ့ အဓိကလိုလားချက်ဖြစ်တယ် လို့ ခွန်အေဘယ်တွိဒ်က ဆိုပါတယ်။

တိုင်းရင်းသားတွေဟာ ရည်မှန်းချက်ပန်းတိုင်ရောက်ရေး တိုက်ပွဲဝင်ရာမှာ တစ်စုတစ်တစည်းတည်းရှိဖို့၊ သူတစ်ဖွဲ့ ငါတစ်ဖွဲ့ သူတစ်ကိုယ် ငါတစ်မင်း ကန့်ကွက်နေတာကြောင့် ၆၅နှစ်အတွင်း အောင်မြင်မှုမရှိခဲ့တဲ့ သင်ခန်းစာကို ယူပြီး စုစည်းညီညွတ်ဖို့ အရေးကြီးတဲ့အကြောင်း ဆိုပါတယ်။

“တစ်တိုင်းတစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့က လက်မှတ်ထိုးရေး၊ မထိုးရေးက ဒီကနေ့ အစည်းအဝေးမှာ သဘောထားပေးရမှာ ဖြစ်တယ်။ အထူးသဖြင့်ဒီကနေ့နိုင်ငံရေးပြဿနာဟာ နိုင်ငံရေးနဲ့ ဖြေရှင်းဖို့လိုတယ်။ နိုင်ငံရေးပြဿနာကို စားပွဲပေါ်မှာ အတတ်နိုင်ဆုံး အမြန်ဆုံးရောက်အောင် ဆွေးနွေးဖြေရှင်းကြရမယ့် အချိန်ကာလဖြစ်တဲ့အတွက်ကြောင့် အစည်းအဝေးမှာ တက်ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်အားလုံးဟာ အလေးအနက် စဉ်းစားပြီးတော့ ရလဒ်ကောင်း အကောင်းဆုံးထွက်လာနိုင်အောင် ဝိုင်းပြီးကြိုးစား အကြံပေးပါလို့ ပြောလိုပါတယ်”

သတင်းဓာတ်ပုံ - ကောင်းခန့်/ ကမာရွတ်မီဒီယာ

0 comments: