Friday, May 8, 2015

သိန်းစိန်အစိုးရ လက်လွတ်ခံလို့ မဖြစ်တဲ့ အခွင့်အရေးတစ်ခု

(၁) ဇက်ကြိုးတပ်ပညာရေး
အာဏာရှင်က အာဏာမဲ့သူများကို အာဏာရူးလို့ ခေါ်တတ်ကြပါတယ်။ ပြည်ထောင်စုမလိုလားသူများက ပြည...်ထောင်စုဝါဒီများကို ခွဲထွက်သူများလို့ အမည်သညာ တပ်လိုကြပါတယ်။ ဒီလိုမလိမ့်တပတ်လုပ်ဖို့ အများစုက ပညာမတတ်မှ ဖြစ်မယ်။ ဒါကြောင့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့ ဆန္ဒပြတဲ့ ကျောင်းသားတွေဟာ အချုပ်ခန်းထဲရောက်ကုန်ကြတယ်။ ဇက်ကြိုးတပ်တဲ့ပညာရေးကို မပြင်ချင်တာဟာ အာဏာရှင်တို့အတွက် မှန်ကန်ပေမဲ့ ပြည်သူတို့အတွက်တော့ ကျွန်သက်တမ်းရှည်စေတာမို့ မဟာအမှားတစ်ခု ဖြစ်ပါတယ်။

(၂) ထိုးစစ်များနဲ့ အပစ်ရပ်စာချုပ်
ပန်ဆန်းညီလာခံမှာ အစိုးရက ထိုးစစ်မရပ်ဘဲ တိုင်းရင်းသားတွေက အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးမှာမဟုတ်ဘူးလို့ အားလုံးသဘောတူကြပါတယ်။ ဒါဟာ ပြောသင့်ပြောထိုက်တဲ့စကားပါ။ အစိုးရဟာ အပစ်ရပ်ဆွေးနွေးပွဲကို နိုင်ငံရေးအရလည်း အမြတ်ထုတ်နေခဲ့ကြပါတယ်။ စစ်ရေးအရလည်း နယ်မြေအသာစီးရအောင် အမြတ်ထုတ်နေခဲ့ကြပါတယ်။ ဒါကို ရခိုင်၊ တအာင်းနဲ့ ကိုးကန့်တို့က ထောက်ပြပါတယ်။ စေတနာမမှန်တဲ့ အစိုးရနဲ့ ဆွေးနွေးနေတဲ့ NCCT ကနေ ထွက်ဖို့တောင် ဖြစ်ခဲ့ပါတယ်။ အစိုးရအနေနဲ့ ဒီကိစ္စကို ရိုးရိုးသားသား ကိုင်တွယ်ဖို့ လိုပါလိမ့်မယ်။ ကရင်တပ်မဟာ(၂)ကို ဗုံးသွားကြဲတာမျိုးတော့ ကလေးကလားဆန်လွန်းလှပါတယ်။

(၃) ဖွဲ့စည်းပုံပြင်ရေးနဲ့ အပစ်ရပ်စာချုပ်
ရခိုင်ကို အစိုးရက မချစ်ဘူးဆိုတာ AA နဲ့ မြန်မာ့တပ်မတော်တို့ထိပ်တိုက်တွေ့မှုမှာ ပေါ်လွင်စေပါတယ်။ သူရရွှေမန်းတို့ရဲ့ ရခိုင်ရောက်စကား၊ သိန်းစိန်တို့ရဲ့ ရခိုင်ပျားရည်ဆမ်းစကား၊ ခင်ရီတို့ရဲ့ မတည်မြဲတဲ့ ကတိစကားတွေဟာ AA က ရခိုင်မြေကို နင်းတာနဲ့ အရည်ပျော်ကုန်ကြပါတယ်။ AA တွေကို ဘင်္ဂလီတွေလောက်တောင် သဘောမထားနိုင်တဲ့ သိန်းစိန်အစိုးရကို ရခိုင်အမျိုးသားတွေက သိပ်ပြီး ယုံကြည်နေအုံးမယ်ဆိုခဲ့ရင် အမှားကြီး မှားပါလိမ့်မယ်။ ပန်ဆန်းညီလာခံမှာ ရခိုင်ဗိုလ်ချုပ်က ရုပ်ဖြောင့်သလို နှုတ်လည်း ဖြောင့်ပါတယ်။ သူက ဖွဲ့စည်းပုံကို မပြင်ရင် အပစ်ရပ်စာချုပ်ဟာ မစစ်မှန်နိုင်ဘူးလို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် တိုင်းရင်းသားခေါင်းဆောင်တို့က ၂၀၁၅ ခုနှစ်မတိုင်မီ ဖွဲ့စည်းပုံကို လိုအပ်သလို ပြင်ဆင်ပေးမှ အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးမှာဖြစ်ကြောင်း ဆုံးဖြတ်ကြပါတယ်။ ဒါဟာ ဘာကို ပြနေသလဲဆိုခဲ့ရင် NLD လှုပ်ရှားနေတဲ့ ဖွဲ့စည်းပုံပြင်ရေးကို ထောက်ခံကြောင်း အတိအလင်း ကျေညာလိုက်ခြင်းပဲ ဖြစ်တယ်။ ပြည်ထောင်စုလွှတ်တော်မှာလည်း နောက်ရခိုင်ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဒေါက်တာအေးမောင်ကလည်း ဒီအရေးကို တစိုက်မတ်မတ် တောင်းဆိုနေခဲ့ခြင်းဖြစ်တယ်။

(၃) ပြည်နယ်တွေ တိုးချဲ့ဖို့ဆိုတာ ဖြစ်နိုင်ပါသလား

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ထူထောင်နိုင်ခဲ့ရင် ပြည်နယ်သစ်တွေ ပေါ်လာမှာ မုချပါပဲ။ လက်ရှိပြည်နယ်နယ်နမိတ်တွေလည်း ပြင်ဆင်စရာရှိနေမှာပါ။ အလားတူ ဗမာပြည်နယ်တစ်ခုကို မီးဖွားသန့်စင်ပေးဖို့လည်း လိုပါလိမ့်မယ်။ ဒီအချက်ကို အခုထိ ဗမာတွေက သဘောမကျကြပေမဲ့ ဖြစ်သင့်တာက ဒီအတိုင်းပါပဲ။ ပန်ဆန်းထိပ်သီးဆွေးနွေးပွဲမှာ ဝတို့က ပြည်နယ်တောင်းဆိုကြရာ (၁) နဂိုကတည်းက Federated Shan State မှာ မပါဖူးတာရယ်၊ (၂) အရင်က စစ်အစိုးရလက်ထက်တုန်းက စစ်အစိုးရထိပ်သီးခေါင်းဆောင်တွေနဲ့ ပုလဲနံသင့် နေထိုင်ခဲ့တာရယ်၊ (၃) တရုတ်တို့ရဲ့ ကျောထောက်နောက်ခံမှု ရှိနေတာရယ်တို့ကြောင့် ဝ ပြည်နယ်ဖော်ထုတ်ရေးကို စာနာမှု ပေးခဲ့ကြပါတယ်။ အလားတူ ပအိုဝ်းနဲ့ တအာင်းတို့ကလည်း ဝတို့လို အိပ်မက်ရှိကြသူများ ဖြစ်ပါတယ်။ Greater Shan State ကို ထိန်းထားလိုတဲ့ RCSS ဟာ UNFC ကနေ ဝေးဝေးနေတာထက် သဘောထားကြီးနဲ့နဲ့ ပူးပေါင်းဆောင်ရွက်ကြပါမှ အခြားတိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကို ရရှိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ပန်ဆန်းထိပ်သီးဆွေးနွေးပွဲမှာ ဘယ်တိုင်းရင်းသားကမှ ပြည်ထောင်စုကနေ ခွဲထွက်မှာမဟုတ်ဘူးလို့ ထပ်မံကတိပြုလိုက်ကြတော့ ပြည်ထောင်စုသစ္စာပန်းတစ်ပွင့်လို လှပလို့ နေပါတော့တယ်။

(၄) လောလောဆယ်ဆောင်ရွက်သင့်တဲ့ အချက်များ
(က) ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို ချက်ချင်းလွှတ်ပါ။ လွတ်လပ်တဲ့ပညာရေးစနစ်ကို ကျင့်သုံးပါ။ လွတ်လပ်တဲ့ ပညာရေးစနစ်ဟာ ဒီမိုကရေစီစနစ်ရဲ့ အသက်သွေးကြော ဖြစ်လို့ပါပဲ။
(ခ) အစိုးရအနေနဲ့ အပစ်ရပ်ကို အကြောင်းပြပြီး နိုင်ငံရေးနဲ့ စစ်ရေးအမြတ်ထုတ်နေမှုကို ချက်ချင်းရပ်ပါ။ ရိုးရိုးသားသားနဲ့ ဖွဲ့စည်းပုံကို ပြင်ပါ။ ထိုးစစ်ကို ရပ်ပြီး ဖွဲ့စည်းပုံကို စောစောစီးစီး ပြင်နိုင်ခဲ့ရင် မြန်မာနိုင်ငံရဲ့ ကံကြမ္မာကလည်း အကောင်းဘက်ကို ဦးတည်သွားပါလိမ့်မယ်။

သိန်းစိန်အစိုးရအနေနဲ့ တက်လာတုန်းက ကတိပြုခဲ့သလို သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့အစိုးရတစ်ရပ်ကို မထူထောင်နိုင်ခဲ့ပေမဲ့ ဖွဲ့စည်းပုံပြင်ရေးတစ်ခုကိုတော့ ဆောင်ရွက်ခွင့် ရရှိနိုင်ပါသေးတယ်။ ဒီအခွင့်အရေးကိုလည်း လက်လွတ်လိုက်ရမယ်ဆိုရင် သိန်းစိန်အစိုးရဟာ (၅)နှစ်လုံးလုံးမှာ စစ်အာဏာရှင်စနစ်ကို အကာအကွယ်ပေးရုံကလွဲပြီး တိုင်းပြည်အတွက် ဘာမှ မလုပ်ခဲ့ဘူးလို့ သတ်မှတ်ရပါလိမ့်မယ်။
U Ravika

0 comments: