Thursday, May 14, 2015

နာမည်ကျော်လှသော ‘၀’ မြို့တော်ဆီဝယ်

သသ


‘၀’ဒေသ၏ မြို့တော်ဖြစ်သော ပန်ဆန်းမြို့ကို အပေါ်စီးမှမြင်တွေ့ရစဉ် (ဓာတ်ပုံ−ငြိမ်းငြိမ်းပြည့်)

သမ္မတ၊ တပ်ချုပ်နှင့် လွှတ်တော် ဥက္ကဋ္ဌအပါအ၀င် ထိတ်ထိတ်ကြဲ လူကြီးမင်းများ ပေးအပ်ထားသော လက်ဆောင်ပစ္စည်းများ၊ နိုင်ငံတော်တံဆိပ်ခတ်နှိပ်ပြီး မြန်မာ-တရုတ် နှစ်ဘာသာဖြင့် ရေးထိုးထားသော ထိုအရာများကို မြင်လိုက်ရသည့်နေရာက နေပြည်တော်မှ မိုင်ထောင်ချီဝေးသော ဝေးလံခေါင်ဖျားတောင်တန်းလျှိုမြောင်များအလယ်ရှိ အိမ်ကြီးရခိုင်တစ်ခုထဲတွင် ဖြစ်သည်။
‘‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ‘၀’အထူးဒေသ (၂) အဖွဲ့ တိုင်းရင်းသားခေါင်းဆောင် ဦးပေါက်ယိုချမ်အတွက် ချစ်ကြည်ရေးငြိမ်းချမ်းရေးလက်ဆောင်’’ဟု ရေးထားပြီး ဖဲကြိုးပြာဖြင့် ချည်နှောင်ထားသည့် ငွေဆွမ်းအုပ်။

လက်ဖက်ခင်းကိုစောင့်နေသော ၀,တပ်ဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ - ငြိမ်းငြိမ်းပြည့်)
ဆွမ်းအုပ်နှင့်ကပ်လျက်တွင် သာယာလှပသော တောတောင်ရေမြေ နောက်ခံရှုခင်းနှင့် ငွေဒေါင်းဖြူနှစ်ကောင်ပုံပါသည့် ကျောက်စီပန်းချီကားချပ်ကြီးကမူ ‘‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ‘၀’အထူးဒေသ(၂)အဖွဲ့ တိုင်းရင်းသားခေါင်းဆောင် ဦးပေါက်ယိုချမ်အတွက် ချစ်ကြည်ရေး ငြိမ်းချမ်းရေးလက်ဆောင်’’ဟု ရေးသားထားသောစာကို တွေ့ရသည်။
ထို့အပြင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ မေတ္တာလက်ဆောင်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီးတင့်ဝေက ပေးထားသော ငြိမ်းချမ်းရေး ဓမ္မဒါနလက်ဆောင်၊ ဒုတိယဗိုလ်မှူးကြီးဇော်မင်းစိုး တသခ၊ စရနနှင့် ဗိုလ်မှူးကျော်ထင်အောင် စရဖ(တသခ)တို့က ပေးထားသော အမှတ်တရလက်ဆောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်က ပေးထားသော အမှတ်တရလက်ဆောင်၊ တိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ်က ပေးထားသော အမှတ်တရလက်ဆောင်အပါအ၀င် များပြားလှသည့် လက်ဆောင်များကိုလည်း အိမ်အ၀င်နံရံတစ်ဖက်တွင် ထင်သာမြင်သာ ချိတ်ဆွဲခင်းကျင်းပြသထားသည်။
ယင်းအိမ်ကြီးသို့ မရောက်မီ ပေ ၁,၀၀၀ ခန့်အကွာတွင် ‘တားမြစ်နယ်မြေ’ဆိုသည့် အပြာရောင်ဆိုင်းဘုတ်တစ်ခုရှိပြီး လက်နက်ကိုင်စစ်သားများက အချိန်ပြည့်စောင့်ကြပ်နေကြသည်။ အိမ်ကြီးကို ‘ဦးပေါက်အိမ်တော်’ဟု အချို့က တိတ်တခိုးခေါ်ဝေါ်ကြ၏။ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း(ပန်းခမ်း)မြို့နယ် ခြောက်မြို့နယ်ကို ခရိုင်နှစ်ခုခွဲကာ ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားရာ တောင်ကုန်းမြင့်ပေါ် ခမ်းခမ်းနားနား တည်ဆောက်ထားသော ထိုအိမ်ကြီးသည် ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအစိုးရဥက္ကဋ္ဌ ဦးပေါက်ယိုချမ်၏ အိမ်တော်တစ်ခုပင် ဖြစ်လေသည်။
ပြင်ပလူများ အထူးသဖြင့် သတင်းထောက်များ ၀င်ရန်မလွယ်ကူသလို ၀င်ပြီးနောက် လွဲချော်မှု တစ်စုံတစ်ရာရှိပါက ပြန်ထွက်ရန် မလွယ်ကူသည့် ဒေသအဖြစ် နာမည်သတင်းမွှေးသော ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ မြို့တော်၊ ‘၀’ ပြည် သွေးစည်းညီညွတ်ရေးပါတီ/ တပ်မတော် (UWSP/UWSA) ဌာနချုပ် ပန်ဆန်း(ပန်းခမ်း)သို့ ၂၀၁၅ ဧပြီလကုန် မေလဆန်းတွင် လက်တစ်ဆုပ်စာ သတင်းထောက်အချို့ ပထမဆုံးအကြိမ် ၀င်ရောက်ခွင့်ရခဲ့သည်။ အကြောင်းရင်းက ‘၀’ ထိန်းချုပ်နယ်မြေတွင် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးခေါင်းဆောင်အစည်းအဝေးကို စောင့်ကြည့်သတင်းယူရန် ဖြစ်လေသည်။
‘‘ခင်ဗျားတို့ ဒီမှာ လွတ်လွတ်လပ်လပ်ပဲ။ ဒါပေမဲ့ စစ်တပ်အကြောင်း၊ စစ်တပ်နဲ့ပတ်သက်တာ လုံးဝမမေးပါနဲ့။ အေး...မေးလည်း ဘယ်သူမှ ဖြေမှာမဟုတ်ဘူး’’ဟု ‘၀’အစိုးရ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးဆမ်ခွန်းက သတင်းထောက်များအား ခရီးရောက်မဆိုက်ပင် ပြောသည်။

ပေါက်ယိုချစ်အိမ်တော်မှ လက်ဆောင်ပစ္စည်းများပြသထားသော ဧည့်ခန်း (ဓာတ်ပုံ - ငြိမ်းငြိမ်းပြည့်)
UWSA ကို မြန်မာနိုင်ငံရှိ အကြီးဆုံးနှင့် အင်အားအတောင့်တင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အဖြစ် သတ်မှတ်ထားကြသည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာစောင့်ကြည့်သော Myanmar Peace Monitor ၏ ခန့်မှန်းခြေစာရင်းအရ ‘၀’စစ်တပ်အင်အား ၂၀,၀၀၀ မှ ၂၅,၀၀၀ ကြားရှိသည်။ အခြားစစ်တပ်များကမူ အင်အားသုံးသောင်းခန့်ရှိသည်ဟု ခန့်မှန်းထားကြသည်။ ထို့ကြောင့်ပင် ၎င်း၏ စစ်အင်အားနှင့်ပတ်သက်၍လည်းကောင်း၊ လက်နက်များနှင့်ပတ်သက်၍လည်းကောင်း သတင်းအမျိုးမျိုး ပြည်တွင်းပြည်ပမှ ထွက်ပေါ်လျက်ရှိနေခဲ့သည်။
၁၉၈၉ ကတည်းကစ၍ အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီးနောက် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်မတူ အစိုးရနှင့် ကောင်းမွန်သည့် စီးပွားရေး၊ နိုင်ငံရေးဆက်ဆံမှုတစ်မျိုးတစ်ဘာသာရှိသော၊ ဦးသိန်းစိန်အစိုးရလက်ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးညီလာခံများသို့ တက်ရောက်ခဲ့ခြင်းမရှိသော ‘၀’UWSP/UWSA သည် မြန်မာ့ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထူးခြားအသွင်သဏ္ဌာန်တစ်ခု ဆောင်နေကြောင်း အချို့က သုံးသပ်ကြသည်။ ယခု ၎င်း၏ ဌာနချုပ်တွင် ထိပ်သီးညီလာခံတစ်ရပ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းကပင် ထူးခြားဖြစ်စဉ်ဖြစ်နေသည်ဟု သုံးသပ်ကြပြန်သည်။
‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနယ်နိမိတ်အတွင်း ၀င်ရောက်ပြီး တောင်ပတ်တောင်ကြားလမ်းများကို ကျော်ဖြတ်ပြီးနောက် တောတောင်လျှိုမြောင် ပိုထူထပ်နက်ရှိုင်းသည့်အရပ်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ဖုန်းနာရီက အလိုအလျောက် စံတော်ချိန်အပြောင်းအလဲဖြစ်သွားကြောင်း တွေ့ရသည်။ မြန်မာစံတော်ချိန်ထက် ရှေ့တစ်နာရီခွဲတိတိ အချိန်စောကြောင်း၊ စက်ကိရိယာများက ပြနေသည့် ထိုအရပ်သည် မြန်မာ-တရုတ်နယ်စပ်၊ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိ အထူးဒေသ(၂) ၊ ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဖြစ်လေသည်။ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်နိမိတ်ရှည်လျားစွာ ထိစပ်နေသည့်အလျောက် ‘၀’ဒေသတွင်လည်း နယ်စပ် ၈၂ မိုင် (၁၃၃ ကီလိုမီတာ) ထိစပ်လျက်ရှိပြီး အလယ်တွင် ချောင်းကလေးတစ်ခု စီးဆင်းလျက်ရှိသည်။ ‘၀’ဒေသတွင် တရားဝင်ရုံးသုံး၊ လုပ်ငန်းသုံးစာပေနှင့် ဘာသာစကားမှာ တရုတ်ဘာသာဖြစ်သည်။ ‘၀’စကားနှင့် အနောက်တောင်ပိုင်း မန်ဒရင်းတရုတ်စကားကို ပြောကြသည်။ ငွေကြေးအဖြစ် တရုတ်ယွမ်ငွေကို အသုံးပြုကြသည်။ ရုပ်မြင်သံကြားတွင်လည်း တရုတ်ရုပ်သံလိုင်းများကိုသာကြည့်၍ တယ်လီဖုန်းကွန်ရက်ကိုလည်း ချိုင်းနားမိုဘိုင်းကို သုံးကြ၏။ လူသုံးကုန်ပစ္စည်းများကို တရုတ်နိုင်ငံမှ တင်သွင်းသုံးစွဲကြသည်။ ပန်ဆန်း (ပန်းခမ်း) မြို့တော်ရှိ ဆိုင်းဘုတ်များကို မြန်မာ-တရုတ် နှစ်ဘာသာဖြင့် ပူးတွဲရေးထိုးထားသည်ကို တွေ့မြင်နိုင်သော်လည်း မြန်မာစာအများစုမှာ စာလုံးပေါင်းမှားယွင်းနေသည်။

ဦးပေါက်ယိုချမ်
ပန်ဆန်းမြို့အတွင်း ချိတ်ဆွဲထားသော ဆိုင်းဘုတ်များကို လိုက်ဖတ်ကြည့်ခဲ့ရာ ဟိုတယ်ကို ‘ဟော်တိုက်’၊ ဖုန်းအရောင်းဆိုင်ဆိုလျှင် ‘ပုန်းအရေင်းဆုင်’၊ အနှိပ်ခန်းကို ‘အနှိခန်း’ဟု စာလုံးပေါင်းထားကြသည်။ ပထ၀ီအနေအထားနှင့်တကွ ကူးလူးဆက်ဆံမှုများကိုထောက်၍ တရုတ်နှင့်ပတ်သက်ပြီး ‘၀’၏ ရပ်တည်ချက်ကို ဝေဖန်မှုများရှိနေသည့်အပေါ် ‘၀’က ငြင်းဆိုလိုက်သည်။
‘‘ကျွန်တော်တို့ တရုတ်နဲ့ ဘာမှပြဿနာမရှိပါဘူး။ ဆက်ဆံမှုလည်းမရှိပါဘူး’’ဟု ‘၀’ဒေသ အစိုးရဥက္ကဋ္ဌ၊ UWSP အထွေထွေအတွင်းရေးမှူး၊ UWSA စစ်ဦးစီးချုပ် ဦးပေါက်ယိုချမ်က မေလ ၄ ရက်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဖြေကြားခဲ့သည်။
UWSA က အစိုးရဘက်နှင့် ပူးပေါင်းကာ ရွှေတြိဂံဘိန်းဘုရင် ခွန်ဆာနှင့် သူ၏ မော်ထိုင်းတပ်မတော်ကို ဖြိုခွင်းပြီးနောက် ဦးပေါက်ယိုချမ်က ရွှေတြိဂံဘုရင်အသစ်ဖြစ်လာခဲ့ပြီဆိုသော သုံးသပ်ချက်များလည်း ပေါ်ထွက်ခဲ့သည်။ ၎င်း၏ တပ်အင်အား သုံးသောင်းခန့်ရှိခြင်းကိုထောက်၍ အရှေ့တောင်အာရှတွင် အကြီးဆုံး စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးကုန်ကူးအဖွဲ့အစည်းအဖြစ် UWSP/UWSA ကို ကုလသမဂ္ဂက သတ်မှတ်ထားသည်။ အမေရိကန်အစိုးရက ဦးပေါက်ယိုချမ်အပါအ၀င် ခေါင်းဆောင်များကို ဆုကြေးထုတ်ဖမ်းဝရမ်းထုတ်ထားသည်မှာ ဆယ်စုနှစ်တစ်ခုနီးပါးကြာမြင့်လာပြီဖြစ်သည်။ UWSP ကမူ ‘၀’ဒေသကို မူးယစ်ကင်းစင်နယ်မြေအဖြစ် ၂၀၀၅ တွင် ကြေညာခဲ့သည်။ ၂၀၁၅ မေလက ပန်ဆန်းတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ်၌ ‘၀’ ဒေသ ဘိန်းစိုက်ပျိုးမှုအကြောင်း ဖွင့်ဟလာသည်။
‘‘ကိုယ့်ဒေသ၊ ကိုယ့်ပြည်သူတွေဟာဆိုရင် ကိုယ့်ဒေသရဲ့ သမိုင်းအရ ဘိန်းစိုက်လာတာကတော့ နှစ်ပေါင်း ၁၂၀ လောက်ရှိပြီ။ ၁၂၀ ကျော်ပြီ’’ဟု ဦးပေါက်ယိုချမ်က တရုတ်ဘာသာဖြင့် ပြောကြားရာ UWSP ဗဟိုကော်မတီဝင် ဦးအောင်မြင့်က မြန်မာဘာသာသို့ ပြန်လည်ဖြေကြားခဲ့သည်။
‘‘အမေရိကန်တို့ ဘာတို့ အနောက်နိုင်ငံက ဟိုအချိန်က သူ့ဟာသူ သူ့မျက်နှာကိုတောင် သူသန့်အောင်မသုတ်နိုင်တဲ့ဟာ၊ မသစ်နိုင်တဲ့ဟာ သူများကို လက်ညှိုးထိုးပြီး နင့်မျက်နှာက အိုးမဲကြီးပါလားဆိုပြီးတော့။ ဒီလိုလုပ်လို့မရဘူးလေ။ ဒါကြောင့်မို့လည်း ဒီလိုဖိအားရှိလို့၊ နိုင်ငံတကာဖိအားရှိလို့ ကျွန်တော်တို့က ကိုယ့်ဒေသ ပြည်သူတွေ ခုနက ဆွေးနွေးတဲ့အတိုင်းပါပဲ။ မူးယစ်နဲ့ ကင်းရှင်းအောင်၊ မဟုတ်ရင် လူမျိုးတုံးမယ့်ကိစ္စတွေက ‘၀’ဒေသမှာ ကျန်ရစ်ခဲ့မှာ။ ဒါကြောင့်မို့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဆုံးဖြတ်ပြီးတော့။ လုံးဝကို ပပျောက်အောင်ကြိုးစားပြီးတော့။ ပြည်သူတွေကို လှုံ့ဆော်ပြီးတော့ ကြိုးစားပြီးဆောင်ရွက်ခဲ့တာဖြစ်တယ်။ ဒါကြောင့်မို့ ဒီနှစ်ဟာ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ လုံးလုံးစိုက်ပျိုးမှု မရှိတော့ဘူးဆိုတာ လာမယ့် ဇွန်လ ၂၆ ရက်နေ့ဆိုရင် ၁၀ နှစ်တင်းတင်းပြည့်ပါပြီဆိုတာ ကျွန်တော်တို့ ပြောဆိုလိုပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းနောက်ရက်များတွင် ၀-ကိုးကန့်-တရုတ် နယ်စပ်သုံးခုနှင့်နီးသော မိုင်းမောဒေသရှိ တောင်သုံးလုံးအနှံ့ စိုက်ပျိုးထားသော ဧရာမလက်ဖက်ခင်းကြီးနှင့် ဒေသတစ်လျှောက် ရော်ဘာခင်းများကို ဘိန်းအစားစိုက်ခင်းများအဖြစ် သတင်းထောက်များအား လိုက်လံပြသခဲ့သည်။

(ဓာတ်ပုံ - ငြိမ်းငြိမ်းပြည့်)
သမိုင်းအထောက်အထားများအရ UWSA သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ပြိုကွဲပြီးနောက် ပေါ်ပေါက်လာခဲ့သောအဖွဲ့ဖြစ်သည်။ UWSA လက်ရှိခေါင်းဆောင်ဦးပေါက်ယိုချမ်သည် ၁၉၆၀  ပြည့်နှစ်များဆီက အင်အားတောင့်တင်းသော ဗကပသို့ ၀င်ရောက်ခဲ့ဖူးပြီး (မြန်မာစစ်အစိုးရ)ကို တိုက်ခိုက်ခဲ့သည်။ ၁၉၈၉ တွင် အခြေအနေမကောင်းတော့သည့် ဗကပမှခွဲထွက်ကြောင်း ကြေညာပြီး ကိုယ်ပိုင်စစ်တပ်ထောင်ခဲ့သည်။ ၁၉၈၉ မေလ ၉ ရက်က မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၉၆-၉၇ အစိုးရတပ်က ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှမ်းပြည်တပ်မတော်နှင့် တိုက်ရာ၌ အစိုးရတပ်ကို UWSAက ကူညီခဲ့သည်။ ထို့နောက် ရွှေတြိဂံဘုရင် ခွန်ဆာကို အစိုးရတပ်က တိုက်ရာ၌လည်း အစိုးရတပ်ဘက်က ကူညီခဲ့ပြီး ၂၀၀၆ တွင် ခွန်ဆာနှင့် သူ၏ မော်ထိုင်းတပ်မတော်ကို ဖြိုခွင်းခဲ့သည်။
၁၉၉၃ မှ ၂၀၀၇ အကြား ၁၄ နှစ်ကြာ လုပ်ငန်းစဉ်ဖြစ်သည့် စစ်အစိုးရ၏ အမျိုးသားညီလာခံကို ‘၀’က တက်ရောက်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ထွက်ပေါ်လာသည့်အခါ ၎င်းတို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို အစိုးရက ထည့်သွင်းရေးဆွဲထားခဲ့သည်။ ၂၀၀၉ တွင် အစိုးရက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖွဲ့စည်းခိုင်းသည့်အခါ ဆက်ဆံရေးတင်းမာခဲ့သည်။ ယင်းနောက် သမ္မတဦးသိန်းစိန် လက်ထက်တွင် အပစ်အခတ်ရပ်စဲရေးလက်မှတ် ပထမဆုံးရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အဖြစ် ၂၀၁၁ စက်တင်ဘာ ၆ ရက်တွင် ရေးထိုးခဲ့သည်။ အချက်ခြောက်ချက်ပါသည့် ပြည်ထောင်စုအဆင့် သဘောတူညီချက်ကို ၂၀၁၁ ဒီဇင်ဘာ ၂၆ ရက်က သဘောတူခဲ့သည်။ ‘၀’ဒေသကို ပြည်နယ်အဆင့်သတ်မှတ်ရန် ‘၀’ခေါင်းဆောင်များက တောင်းဆိုနေခဲ့ပြီး အစိုးရဘက်က လက်ခံခြင်းမရှိခဲ့ပေ။‘၀’အနေဖြင့်ငြိမ်းချမ်းရေးယူထားပြီးအဖွဲ့ဖြစ်သလို နှစ်ဖက်အပစ်ရပ်လက်မှတ်လည်း ထိုးထား၍ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကြား ကြိုးပမ်းလျက်ရှိသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးရန် မလိုအပ်ဘဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပသည့်အခါကျမှသာ ပါဝင်မည်ဟု ပြောကြားထားသည်။ UWSP/UWSA သည် NCCT အ ဖွဲ့ဝင်မဟုတ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တပ်ပေါင်းစုဖြစ်သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်လည်း မဟုတ်ပေ။
 မေလ ၆ ရက် ပန်ဆန်း အစည်းအဝေးအပြီး နှစ်ရက်အကြာ မေလ ၈ ရက်တွင် ကျိုင်းတုံမြို့သို့ သမ္မတဦးသိန်းစိန်ရောက်ရှိပြီး‘၀’၊ မိုင်းလား၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တို့နှင့် တွေ့ဆုံခဲ့သည်။သမ္မတဦးသိန်းစိန်ကို ‘၀’ ဒုဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဦးပေါက်ယိုယိ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ကျိုင်းတုံသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
‘၀’နှင့် မဟာမိတ်ဖြစ်သော ‘မိုင်းလား’အဖွဲ့၏ ဥက္ကဋ္ဌ ဦးစိုင်းလင်းသည် အစိုးရနှင့် လက်ရှိတိုက်ပွဲဖြစ်ပွားလျက်ရှိသော ကိုးကန့်လက်နက်ကိုင်အဖွဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ခေါင်းဆောင် ဖုန်ကြားရှင်၏သမက် ဖြစ်သည်။ ဦးဖုန်ကြားရှင်သည် ၂၀၀၉ လောက်ကိုင်တိုက်ပွဲအရေးနိမ့်ပြီးနောက် မိုင်းလားနယ်အတွင်း တိမ်းရှောင်နေခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ ပထ၀ီအနေအထားအရ အစိုးရထိန်းချုပ်နယ်မြေ ကျိုင်းတုံမှ ၅၆ မိုင်အကွာရှိ အထူးဒေသ(၄) မိုင်းလား၊ အထူးဒေသ (၂) ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အထူးဒေသ (၁) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့သည် အစဉ်လိုက်တစ်ဆက်တည်း ထိစပ်တည်ရှိလျက်ရှိသည်။ မေလ ၈ ရက် ကျိုင်းတုံတွင် မိုင်းလားဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့် ဇနီးဖြစ်သူက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ကြသည်။ ဦးစိုင်းလင်းဇနီးသည် ဦးဖုန်ကြားရှင်၏သမီးဖြစ်သည်။
ပန်ဆန်းအစည်းအဝေးပွဲကာလအတွင်း မေလ ၄ ရက်တွင် ‘၀’ခေါင်းဆောင် ဦးပေါက်ယိုချမ်က ကိုးကန့် MNDAA စစ်ဦးစီးချုပ် ဖုန်တဲ့ရန်နှင့် အဖွဲ့အပါအ၀င် ရက္ခိုင့်တပ်မတော် (AA) နှင့် တအာင်န်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဆိုသည့် အစိုးရနှင့် လက်ရှိတိုက်ပွဲဖြစ်ပွားလျက်ရှိသော အဖွဲ့သုံးဖွဲ့ကို သီးသန့်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် လက်ရှိဖြစ်ပွားလျက်ရှိသော ကိုးကန့်တိုက်ပွဲ၌ နယ်မြေချင်းဘေးချင်းကပ်လျက်ရှိသော ‘၀’အဖွဲ့မှ အင်အားပူးပေါင်းမှုအချို့ရှိခဲ့သည်ဆိုသော ဝေဖန်မှုများကိုမူ ‘၀’ အဖွဲ့က ငြင်းဆိုလိုက်ပြီး ၎င်း၏ အင်အားအခြေအနေနှင့်သာ ကိုးကန့်တိုက်ပွဲတွင် ပါဝင်ပါက ယခုလို ပုံစံဖြစ်မည်မဟုတ်ဟုလည်း ပြောကြားလိုက်သည်။
‘‘တိုက်ပွဲမှာ ‘၀’ပါတယ်ဆိုတာ မမှန်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရကိုလည်း ရှင်းပြပြီးပြီ။ ကျွန်တော်တို့ကိုယ့်ဟာကိုယ်လည်း မပြောလိုပါဘူး။ အကယ်၍ ‘၀’ပါတယ်ဆိုရင် တိုက်ပွဲက ဒီလိုအခြေအနေမဟုတ်ဘူးဆိုတာ အပြင်ကလည်း ပြောနေတာရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ မပါဘူးဆိုတာ မုချဖြစ်ပါတယ်’’ဟု ဦးပေါက်ယိုချမ်၏ အိမ်တော်ဧည့်ခန်းမဆောင်၌ ကိုးကန့်အဖွဲ့နှင့်တွေ့ဆုံပြီး မိနစ်ပိုင်းမျှအကြာတွင် UWSP ဗဟိုကော်မတီဝင် ဦးအောင်မြင့်က ဖြေကြားခဲ့သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်အတူ ကိုယ်ပိုင်တရားစီရင်ရေးကော်မတီ၊ ကိုယ်ပိုင်ထောင်တို့ဖြင့် ဖွဲ့စည်းထားသော UWSP တစ်ပါတီတည်းကသာ အုပ်ချုပ်စီမံနေသော ‘၀’က ၎င်းတွင် ပြည်သူအင်အား ခြောက်သိန်းမျှရှိကြောင်း၊ မြန်မာနိုင်ငံရှိ ကျန်ဒေသအများစုထက်ပင် မြို့တော်ပန်ဆန်းက ပိုဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း၊ ပထ၀ီဝင်အားသာမှုကြောင့် စစ်ရေးအရ အားသာသည့်အနေအထားရှိကြောင်း၊ ငြိမ်းချမ်းရေးယူခြင်း၏ ရလဒ်အဖြစ် ဒေသဖွံ့ဖြိုးရေးကို အခြားဒေသများ၊ အခြားအဖွဲ့များထက် ပိုဆောင်ရွက်နိုင်ကြောင်း ဂုဏ်ယူစွာပြောကြားတတ်ကြသည်။
နက်ရှိုင်းစိမ်းညို့သည့် လျှိုမြောင်များအလယ် တောင်တန်းများ ဒယ်အိုးပုံသဏ္ဌာန် ၀န်းရံပတ်ထားသည့် ပန်ဆန်းမြို့တော်တစ်နေရာ၊ လက်နက်ကိုင်စစ်သားလုံခြုံရေးများ အထပ်ထပ်စောင့်ကြပ်ထားသော ၀င်းတံတိုင်းမြင့်ကြီးများ၏ နောက်ရှိ ‘၀’ခေါင်းဆောင် ဦးပေါက်ယိုချမ်၏ အိမ်တော်တွင် ခေါင်းစဉ်အမျိုးမျိုးတပ်ထားသော လက်ဆောင်ပစ္စည်းများ ရှိနေပါသည်။
ဦးပေါက်ယိုချမ်တွင် အိမ်တော်ဘယ်နှလုံးရှိမှန်း အတိအကျမသိရပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးခေါင်းဆောင်များ ညီလာခံကျင်းပရာ အိမ်တော်၏ အပေါ်ဘက်တောင်ကုန်းမြင့်ပေါ်တွင် ညစာစားပွဲတစ်ကြိမ်ကျင်းပချိန်၌ တွေ့ရသော ဦးပေါက်ယိုချမ်၏ နောက်ထပ်အိမ်တစ်လုံးရှေ့တွင်မူ ပန်းကနုတ်များ အနုပညာမြောက်စွာ ထွင်းထုထားသည့် ပန်းအိုးကြီးနှစ်လုံးကို တစ်ဖက်တစ်ချက်စီ ချထားသည်။ လက်ဝဲဘက်ခြမ်းရှိ ပန်းအိုးကြီးတွင် ဇာမဏီငှက်ပုံကို ရုပ်လုံးကြွထွင်းထုထားပြီး လက်ယာဘက်ပန်းအိုးတွင်မူ နဂါးကြီးတစ်ကောင် ရစ်ပတ်နေဟန် ထွင်းထုထား၏။ ယင်းဒေသရှိ အိမ်တိုင်း၏ ခေါင်မိုး၌ရှိသည့် ရိုးရာဓလေ့ယဉ်ကျေးမှုကဲ့သို့ပင် ဦးပေါက်ယိုချမ်အိမ်တော်များ၏ ခေါင်မိုးထက်တွင်လည်း ကျွဲချိုပုံသဏ္ဌာန်ကြီးများကို မြင်တွေ့နိုင်ပါသည်။ ထို့အတူ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ၊ ဒီမိုကရေစီအင်အားစုများ၊ အတိုက်အခံများ၊ ပြည်သူလူထုများ၏ ဆန္ဒအတိုင်းပင် ‘၀’ ခေါင်းဆောင် ဦးပေါက်ယိုချမ်က စကားတစ်ခွန်းပြောကြားလိုက်သည်။
‘‘ဘယ်လိုပဲပြောပြော အခြေခံဥပဒေပြင်ဆင်နိုင်ဖို့ အဓိကမိန်းပဲ။ ဒီလိုပြင်ဆင်နိုင်မှလည်း တိုင်းရင်းသားအားလုံးက လက်ခံနိုင်ဖို့ရှိတယ်။ ကျွန်တော်တို့ ‘၀’အဖွဲ့အစည်းကလည်း ဒီလိုသဘောထားရှိပါတယ်’’


Copy from - 7daydaily.com

0 comments: