Monday, April 6, 2015

သေနတ်သံတွေ တိတ်အောင် အရင်လုပ်ပါ


(၁)...
၁၉၆၃ ခုနှစ်မှာ အာဏာရှင် ဦးနေဝင်းရဲ့ တော်လှန်ရေးကောင်စီ အစိုးရက ပြည်တွင်းငြိမ်းချမ်းရေး ခေါ်ခဲ့တယ်။ တွေ့ဆုံဆွေးနွေးရေး လုပ်ခဲ့ပါတယ်။ လူထုအမြင်မှာ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ပုံစံ လုပ်ပြခဲ့ပါတယ်။ လူထုနဲ့ ဆွေးနွေးမှုတွေလည်း လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေး မဖြစ်ခဲ့သလို ဟန်ပြတွေ့ဆုံ ဆွေးနွေးမှုတွေလည်း မအောင်မြင်ခဲ့ပါဘူး။
၁၉၈၉ ခုနှစ်မှာ ဦးခင်ညွန့်ကို အဓိကထားပြီး တပ်မတော်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ထပ်လုပ်ပါတယ်။ KNU ကလွဲလို့ အဖွဲ့ ၁၇ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ယူခဲ့ပါတယ်။ အပစ်ရပ်ရေး သဘောတူခဲ့ကြတယ်။ တပ်ပိုင်းဆိုင်ရာ နေရာချထားမှုအတွက် နှုတ်ကတိတွေ ပေးခဲ့တယ်။ နောက်ပိုင်း ပြန်တိုက်ကြပါတယ်။
ဖြစ်စဉ်နှစ်ခုစလုံးကိုကြည့်ရင် အာဏာရှင်တွေက သူတို့အာဏာ ဆက်လက်တည်မြဲရေးအတွက် ငြိမ်းချမ်းရေးကို ခုတုံးလုပ်ခဲ့တာပါ။ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ် ဆွေးနွေးမှုကိုလည်း မပေးခဲ့ပါဘူး။
အခု သမ္မတဦးသိန်းစိန်ကလည်း ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်ရပြီလို့ ပြောလာပါတယ်။ အပစ်ရပ်ရေးအတွက် လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်ပြီလို့ ဆိုပါတယ်။ ဒီတစ်ခါတော့ ဖက်ဒရယ်ကို ဆွေးနွေးခွင့် ပြုထားတယ်။ နိုင်ငံရေး ဆွေးနွေးမှုကိုလည်း ခွင့်ပြုပါတယ်။
ဒါပေမဲ့ သမ္မတဦးသိန်းစိန် ပြောလာတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုက ဘယ်လောက်ခိုင်မာနိုင်မလဲ။ မေးခွန်းထုတ်စရာ ရှိလာပါတယ်။
တစ်ချိန်တည်းမှာပဲ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ NGO တွေက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေရပြီလို့ ထင်နေပါတယ်။ အထူးသဖြင့် အမေရိကန်၊ အီးယူ၊ ဆွစ်ဇာလန်၊ ဂျပန် အပါအဝင် မြန်မာ့ငြိမ်းချမ်းရေးအတွက် ငွေကြေးထောက်ပံ့နေတဲ့ နိုင်ငံတွေက ထင်နေကြတာပါ။ လက်တွေ့မှာတော့ သူတို့ဟာ မြန်မာ့နိုင်ငံရေးကို နားလည်မှုမရှိသူတွေ ဖြစ်နေပါတယ်။
(၂)
မတ် ၃၁ ရက်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) မူကြမ်းရေးဆွဲပြီးစီးခြင်း မှတ်တမ်းကို ရန်ကုန်မြို့မှာ လက်မှတ်ထိုးခဲ့ပါတယ်။
အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (MPWC) နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) တို့ လက်မှတ်ထိုးခဲ့တာပါ။
ဒါဟာ NCA ကို လက်မှတ်ထိုးတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး မရသေးပါဘူး။
ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဆက်နွှယ်နေသူတွေ အလွန်အကျွံ ဝါဒဖြန့်ခဲ့ပါတယ်။
သဘောတူညီချက် မူကြမ်းအတွက် မှတ်တမ်းတစ်ရပ် လက်မှတ်ထိုးတာကို NCA အပြီးသတ် လက်မှတ်ထိုးတဲ့ အထင်ရောက်အောင် ဝါဒဖြန့်ခဲ့ကြတာပါ။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အသေအချာ မသိသေးသူတွေအဖို့ အမြင်မှားစရာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အလွန်အကျွံ ဝါဒဖြန့်ရခြင်းအတွက် အဖြေရှိပါတယ်။
စက္ကူပေါ်က ရလာဒ် ဖြစ်ခဲ့ရင်တောင် ငြိမ်းချမ်းရေး လက်မှတ်ထိုးခြင်းက သမ္မတ ဦးသိန်းစိန် အစိုးရအတွက် အပူတပြင်း လိုအပ်နေတဲ့ အောင်မှတ် ဖြစ်ပါတယ်။
ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ရဲ့ ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်းရေး လုပ်ငန်းဗဟိုဌာန (MPC) ရဲ့ ဂုဏ်သိက္ခာတွေက NCA လက်မှတ်ထိုးခြင်း၊ မထိုးခြင်းအပေါ် မူတည်နေပါတယ်။
ဒီအတွက် NCA အမြန်ဆုံး လက်မှတ်ထိုးနိုင်ဖို့ သူတို့ အလိုရှိခဲ့ပါတယ်။
(၃)
၂ဝ၁၁ ခုနှစ် ဩဂုတ် ၁ဝ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ အစိုးရက စတင်ကြေညာပါတယ်။
တိုက်ပွဲတွေ မရပ်ဘဲ နှစ်ဖက် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။
လေးနှစ်တာကာလ ကြိုးပမ်းမှုရဲ့ နောက်ဆုံးရလာဒ်က မတ် ၃၁ ရက်မှာ NCA မူကြမ်းပါ အချက်အလက်တွေကို နှစ်ဖက် သဘောတူခဲ့ပါတယ်။
အခန်း ၇ ခန်း၊ အပိုဒ် ၃၃ ပိုဒ်၊ အပိုဒ်ငယ် ၈၆ ပိုဒ်ပါရှိတဲ့ မူကြမ်းကို သဘောတူခဲ့တာပါ။ ဒီအချက်တွေကို သဘောတူပေမဲ့ ညှိနှိုင်းမရတဲ့ အချက်တွေ ရှိနေပါသေးတယ်။ အဲဒီ ညှိနှိုင်းမရတဲ့ အချက်တွေကို နောက်ပိုင်း ဆက်ဆွေးနွေးရန်ဆိုတဲ့ အချက်ထည့်ပြီး မူကြမ်းကို အပြီးသတ်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် အရေးကြီးတဲ့ အချက်တွေ ကျန်နေပါတယ်။
ပထမအချက်က တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ကွဲလွဲနေတဲ့ မူပိုင်းဆိုင်ရာကို သဘောတူညီမှု မရှိသေးပါဘူး။ တပ်မတော်ဘက် သူတို့ရဲ့ အခြေခံမူ ခြောက်ချက်ကို ဆက်ကိုင်ထားသလို တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း လက်မခံကြောင်း ပြောထားပါတယ်။
ဒုတိယ အချက်ဖြစ်တဲ့ DDR/SSR (လက်နက်ဖြုတ်ရေး၊ စစ်မှုထမ်းအဖြစ်မှ ရပ်နားရေး၊ တပ်များ ပြန်လည်ပေါင်းစည်းရေးနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး) ဆိုင်ရာတွေ အပြီးသတ် သဘောတူညီမှု မရသေးပါဘူး။ နိုင်ငံရေး ဆွေးနွေးပွဲ ခေါင်းစဉ်အောက် ပို့ထားပါတယ်။
ဒါ့အပြင် အရေးကြီးဆုံး အချက်ဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လို ပုံဖော်မလဲဆိုတာ မသိရသေးပါဘူး။ နိုင်ငံရေးဆွေးနွေးပွဲမှာ ဘယ်သူတွေပါမလဲဆိုတာ အခြေခံအားဖြင့် သဘောတူခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံရေး ဆွေးနွေးပုံစံဟာ အမျိုးသားညီလာခံပုံစံ ဖြစ်သွားနိုင်ခြေ ရှိပါတယ်။ ဒါကို ကြိုတင်ကာကွယ်နိုင်တဲ့ ပြင်ဆင်မှုမျိုး မရှိသေးပါဘူး။
ပြောရရင် အခုထွက်လာတဲ့ NCA မူကြမ်းဆိုတာ အခွံအဆင့်ပဲ ရှိပါသေးတယ်။
(၄)
သမ္မတ ဦးသိန်းစိန်က NCA ကို ဧပြီမှာ လက်မှတ်ထိုးဖို့ မျှော်လင့်ခဲ့ပါတယ်။ မဖြစ်နိုင်ပါဘူး။
အခု ရှိနေတဲ့ NCA မူကြမ်းကို NCCT ကိုယ်စားလှယ်တွေပဲ လက်ခံထားတာပါ။
‘ဝ’၊ မိုင်းလား၊ နာဂ အပါအဝင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က NCCT အဖွဲ့ဝင် မဟုတ်ပါဘူး။ သူတို့ရဲ့ သဘောထား လိုအပ်ပါသေးတယ်။
နောက်ပြီး NCCT ကိုယ်စားလှယ်တွေက သူတို့ခေါင်းဆောင်တွေကို တင်ပြရပါဦးမယ်။ သူတို့ ခေါင်းဆောင်တွေ သဘောတူပြီးမှ လက်မှတ်ထိုးဖို့ ဖြစ်နိုင်ပါမယ်။
ဒီလို သဘောတူညီချက်ရဖို့ တိုင်းရင်းသား ညီလာခံတစ်ရပ်ကို ပြုလုပ်မှာ ဖြစ်ပါတယ်။
အစောပိုင်းမှာတော့ တောင်ပိုင်းအုပ်စုရဲ့ အချက်အချာ လော်ခီးလာ၊ မြောက်ပိုင်းအုပ်စုတွေရဲ့ အချက်အချာ လိုင်ဇာမှာ မလုပ်ဘူးဆိုရင် မိုင်းလား ဒါမှမဟုတ် ပန်ဆမ်းမှာ လုပ်မယ်ဖို့ သတင်းထွက်ပါတယ်။
ဒါပေမဲ့ ‘ဝ’ သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ် ပန်ဆမ်းမှာ တိုင်းရင်းသားညီလာခံ လုပ်မယ်လို့ UWSA က ဧပြီ ၃ ရက်မှာ ထုတ်ပြောပါတယ်။ မေလဆန်းမှာ သုံးရက်ကြာလုပ်ဖို့ သူတို့ ပြင်ဆင်နေပါတယ်။
၂ဝ၁၄ ခုနှစ်က ပန်ဆမ်း ဒါမှမဟုတ် မိုင်းလားမှာ တိုင်းရင်းသား ညီလာခံတစ်ရပ်လုပ်ဖို့ စီစဉ်ခဲ့ပေမဲ့ မဖြစ်ခဲ့ပါဘူး။
‘ဝ’၊ မိုင်းလား ခေါင်းဆောင်တွေဟာ အစိုးရနဲ့ ပြေလည်သူတွေပါ။ တစ်ဖက်မှာလည်း ကျန်းမာရေး အကြောင်းပြချက်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း ဆွေးနွေးမှုတွေမှာ ပျက်ကွက်သူတွေ ဖြစ်ပါတယ်။
၂ဝ၁၅ ခုနှစ်မတိုင်မီ အချိန်အထိတော့ အစိုးရ၊ တပ်မတော်နဲ့ သဘောထား တင်းမာတဲ့ အဖွဲ့ဟာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA/KIO) ဖြစ်ပါတယ်။ ဒါပေမဲ့ မတ်လထဲမှာ KIO ခေါင်းဆောင်တွေ နေပြည်တော်ကို ပထမဆုံး လာခဲ့ပါတယ်။ သူတို့ ခရီးစဉ်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
မတ်လ နှောင်းပိုင်းမှာ NCA မူကြမ်းပါ အချက်တွေကို သဘောတူခဲ့ပါတယ်။
ဒါပေမဲ့ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီနောက်ပိုင်းမှာ ကိုးကန့်အရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ UWSA အကြား တင်းမာမှုတွေ ရှိခဲ့ပါတယ်။ NCA မူကြမ်း အပြီးသတ် ဆွေးနွေးပွဲကို ‘ဝ’ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။
ဒီအချိန်မှာပဲ NCA မူကြမ်းအတွက် အဆုံးအဖြတ်ယူမယ့် ညီလာခံကို ပန်ဆမ်းမှာ လုပ်မယ်လို့ UWSA ဘက်က စတင်ပြောကြားလာတာပါ။
ဒါဟာ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခ ချိန်ခွင်လျှာဟာ အရှေ့မြောက်ပိုင်းကို ရွေ့သွားပြီလားလို့ ယူဆစရာ ဖြစ်ပါတယ်။
‘ဝ’ ခေါင်းဆောင်တွေက အခု တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဖုန်ကြားရှင်အဖွဲ့ (MNDAA) ကို NCA မှာ ပါဝင်လက်မှတ်ထိုးစေဖို့ လိုလားပါတယ်။ MNDAA ဟာ NCCT အဖွဲ့ဝင် ဖြစ်သလို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ အဖွဲ့ဝင်လည်း ဖြစ်နေပါတယ်။
အထူးသဖြင့် ‘ဝ’ နဲ့ မိုင်းလားတို့ရဲ့ ထောက်ပံ့မှုကို MNDAA က ရရှိထားပါတယ်။ တရုတ်ဘက်က သွယ်ဝိုက်သောအားဖြင့် ကူညီမှုကို ရရှိသူတွေ ဖြစ်ပါတယ်။
ဒါပေမဲ့ အစိုးရက MNDAA ကို အသိအမှတ် မပြုပါဘူး။ အစိုးရနဲ့ UWSA အကြား အဖုအထစ် ရှိလာနိုင်ပါတယ်။
ဒီအတိုင်းပဲ တအောင်းအဖွဲ့ (TNLA) နဲ့ ရခိုင်အဖွဲ့ (AA) ကို အသိအမှတ် မပြုရင် အစိုးရနဲ့ KIA အကြား ပြေလည်မှာ မဟုတ်ပါဘူး။ အသိအမှတ်ပြု အဖွဲ့အစည်း သတ်မှတ်ရေးက NCA မူကြမ်းမှာ သဘောတူညီမှု မရဘဲ ကျန်နေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။
(၅)
NCA မူကြမ်းပါ အချက်တွေအရ လက်မှတ်ထိုးပြီး ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို အပြီး ရေးဆွဲရပါမယ်။ ရက်ပေါင်း ၉ဝ အကြာမှာ နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရပါမယ်။
အကြမ်းဖျင်းအားဖြင့် မေမှာ လက်မှတ်ထိုးရင် ဩဂုတ်မှာ နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရပါမယ်။ ဇွန်မှာ လက်မှတ်ထိုးရင် စက်တင်ဘာမှာ စတင်ဖို့ ဖြစ်ပါတယ်။
မေနောက်ပိုင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိမယ်ဆိုရင် ဒါဟာ ကြိုဆိုရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ ရက်ပေါင်း ၉ဝ အတွင်း စတင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲဆိုတာ အန္တရာယ် များပါတယ်။
၂ဝ၁၅ ခုနှစ် နိုဝင်ဘာလဆန်းမှာ လုပ်မယ့် ရွေးကောက်ပွဲက နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်ရေးထက် ပိုအရေးကြီးပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲ အလျင်စလိုလုပ်လို့ မရပါဘူး။
တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲလုပ်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်တဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ ပြည်သူလူထုရဲ့ သဘောထားတွေကို ဖယ်ထားလို့ မရပါဘူး။ ဒါကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ သိထားဖို့ လိုပါတယ်။
လက်ရှိအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက လူထုကို ဘယ်လောက် ကိုယ်စားပြုသလဲ ဆိုတာ သေချာ မပြောနိုင်ပါဘူး။ KIA ပဲ ဖြစ်ဖြစ်၊ KNU ပဲ ဖြစ်ဖြစ် သူတို့တွေရဲ့ ကိုယ်စားပြုမှုက ခန့်မှန်းရ ခက်ပါတယ်။
ကိုယ့်ဘက်မှာ ပြည်သူလူထု ဘယ်လောက် ရှိသလဲဆိုတာ ကိုယ့်ဖာသာ ဆန်းစစ်ရမှာပါ။
အရေးကြီးဆုံးက ပြည်သူလူထုရဲ့ သဘောထား ဖြစ်ပါတယ်။ တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို စည်းရုံးနိုင်တယ် ဆိုရင်တောင် ၇ဝ ရာခိုင်နှုန်းသော လူများစုဗမာတွေရဲ့ သဘောထားရပြီလို့ မဆိုနိုင်သေးပါဘူး။
ဘာကြောင့်လဲဆိုရင် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လူထုကိုယ်စားပြုမှုက ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲရောက်မှ တိကျတဲ့အဖြေ ထွက်နိုင်မှာပါ။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရပိုင်းက သဘောထားနေသလို သာမန်ခေါင်းဆောင် အဖြစ်လည်း ရှုမြင်လို့ မရပါဘူး။ သူ့ရဲ့ အခန်းကဏ္ဍက အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။
သေချာတာက ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲကို အပြိုင်လုပ်မယ်ဆိုရင် ရှုပ်ထွေးမှု ဖြစ်လာနိုင်ပါတယ်။ ဒါကို အကြောင်းပြုပြီး ရွေးကောက်ပွဲ ရွေ့ဆိုင်းသွားနိုင်ပါတယ်။
(၆)
အပစ်ရပ်ရေး လုပ်ငန်းစဉ်ကို အကြောင်းပြုပြီး ရွေးကောက်ပွဲများ ရွေ့ဆိုင်းသွားမှာကို စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီတို့ရဲ့ ဧပြီ ၁ ရက် တွေ့ဆုံမှုမှာ ဆွေးနွေးခဲ့ပါသေးတယ်။
၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အရေးကြီးပါတယ်။ အရပ်သား အစိုးရတစ်ရပ် ဖြစ်လာရေးအပြင် စိတ်ချရတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှု ဘယ်လောက်ဖြစ်နိုင်မလဲ ဆိုတာကို ရွေးကောက်ပွဲက အဆုံးအဖြတ် ပေးမှာပါ။
ရွေးကောက်ပွဲမတိုင်မီ ကြားကာလ နိုင်ငံရေး တည်ငြိမ်မှုရှိဖို့ လိုတယ်လို့ သမ္မတ ဦးသိန်းစိန်က ဆိုထားပါတယ်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ကြားနေမယ့်ပုံစံ ပြောထားသလို ရွေးကောက်ပွဲ ရွေ့ဆိုင်းမှာကိုလည်း လိုလားပုံ မရပါဘူး။
ဒါပေမဲ့ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးတည်ငြိမ်မှု ရှိရေးအပြင် ၂ဝ၁၅ ခုနှစ်အလွန် စိတ်ချရတဲ့ အသွင်ကူးပြောင်းမှု ဖြစ်စေဖို့ တောင်းဆိုနေတဲ့ နိုင်ငံရေး ထိပ်သီးများအကြား လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲတွေက အခုထိ ဖြစ်မလာသေးပါဘူး။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာလည်း မရေရာတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ရွေးကောက်ပွဲအတွက် ခြောက်လပဲ အချိန်ရပါတော့တယ်။
ဒီအချိန်မှာပဲ သမ္မတ ဦးသိန်းစိန်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ထိုးခြင်း၊ လက်မှတ်ထိုးပြီး ရက် ၉ဝ အကြာမှာ နိုင်ငံရေး ဆွေးနွေးမှု စတင်ခြင်းနဲ့ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကို ချိတ်ဆက်ပြောဆို လာပါတယ်။
၂ဝ၁၄ ခုနှစ် အောက်တိုဘာမှာ စတင်ပြောဆိုလာတဲ့ ဒီချိတ်ဆက်မှုဟာ အခုချိန်မှာ ပိုအားကောင်းလာပါတယ်။
“တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေး ကိစ္စကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှသာလျှင် မိမိတို့နိုင်ငံရဲ့ နိုင်ငံရေး အနာဂတ်ကို ပုံဖော်ထုဆစ်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု၊ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ရေရာသေချာစေမှာ ဖြစ်တဲ့အကြောင်းကိုလည်း သတိပြုမိ စေလိုပါတယ်” လို့ သမ္မတ ဦးသိန်းစိန်က အောက်တိုဘာ ၁ ရက် ရေဒီယိုမိန့်ခွန်းမှာ ပြောပါတယ်။
၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၄ ရက် ရေဒီယိုမိန့်ခွန်းနဲ့ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် ပြည်သူသို့ အစီရင်ခံချက်တွေမှာလည်း အခြေခံ ဒီသဘောတရားကို ဆက်ပြောပါတယ်။
အရေးကြီးတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ကမ်းလှမ်းချက်တွေကို ပယ်ချသလို လုပ်ထားပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကတစ်ဆင့် ရက် ၉ဝ အကြာမှာ ဖြစ်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲကို ဘာကြောင့် တွန်းတင်နေသလဲဆိုတာ မေးခွန်းထုတ်စရာပါ။
အဲဒီ နိုင်ငံရေးဆွေးနွေးပွဲသာ မစတင်နိုင်ရင် ရွေးကောက်ပွဲ ထိခိုက်နိုင်မယ်ဆိုတဲ့ သဘောထား သမ္မတ ဦးသိန်းစိန်ဆီမှာ ရှိနေတယ်လို့ ယူဆစရာပါ။
(၇)
NCA ကို လက်မှတ်ထိုး၊ ရက် ၉ဝ မှာ နိုင်ငံရေးဆွေးနွေးပွဲ စတင်ဆိုတာ MPC နဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ လမ်းပြမြေပုံ ဖြစ်ပါတယ်။ ဒါက ဂုဏ်သိက္ခာဆယ်ဖို့ ဖြစ်ပါတယ်။ နိုင်ငံရေး လှည့်စားမှုလည်း ဖြစ်သွားနိုင်ပါတယ်။
အကယ်၍ နိုင်ငံရေး လှည့်စားမှုအတိုင်း ဖြစ်ခဲ့ရင် NCA လက်မှတ်ထိုးမှု ဆိုတာလည်း ကားပါမစ် ငြိမ်းချမ်းရေးထက် မပိုတဲ့ လက်နက်ကိုင်ချင်း လက်ဝါးရိုက် ငြိမ်းချမ်းရေးပဲ ဖြစ်လာမှာပါ။ အရှည်တည်တံ့ဖို့ ခက်ပါလိမ့်မယ်။
ငြိမ်းချမ်းရေးအတွက် NCA လက်မှတ်ထိုးဖို့ လိုအပ်တာ မှန်ပါတယ်။ ဒါပေမဲ့ NCA လက်မှတ်ထိုးပြီးတာနဲ့ ရက် ၉ဝ မှာ နိုင်ငံရေး ဆွေးနွေးမှု စတင်တာက ပြဿနာ ရှိလာပါလိမ့်မယ်။ NCA မှာ ညှိနှိုင်းမရခဲ့တဲ့ အချက်တွေက နိုင်ငံရေး ဆွေးနွေးပွဲမှာ ပေါက်ကွဲလာမှာပါ။
NCA လက်မှတ်ထိုးပြီးချိန်မှာ လုပ်သင့်တာက သဘောတူညီမှုပါ အချက်တွေကို ခိုင်မာအောင် ဖော်ဆောင်နိုင်ရေး ဖြစ်ပါတယ်။ ဒုတိယ တစ်ချက်က စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကို လုပ်ရပါလိမ့်မယ်။
နိုင်ငံဆွေးနွေးပွဲက ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲက တက်လာမယ့် အစိုးရနဲ့ ဆွေးနွေးတာ အကောင်းဆုံးပါပဲ။ လက်ရှိအစိုးရဆိုတာ လူထုက ရွေးကောက်တင်မြှောက်တဲ့ အစိုးရ ဟုတ်၊ မဟုတ် အငြင်းပွားစရာ ရှိပါတယ်။
ဒီအချိန်မှာ နိုင်ငံရေး ဆွေးနွေးမှုတွေကို လက်ဝါးရိုက် ပုံစံနဲ့ အလျင်စလို လုပ်မယ်ဆိုရင် ပြည်သူလူထုရဲ့ ဆန့်ကျင်ခံရမှုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အကယ်၍ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရနဲ့ ပြေလည်ဖို့ဆိုရင် ရွေးကောက်ပွဲ ပြီးမြောက်အောင် ကူညီပေးရပါလိမ့်မယ်။ တိုင်းရင်းသား ဒေသတိုင်းမှာ ရွေးကောက်ပွဲဖြစ်မြောက်အောင်၊ လက်နက်ကိုင် ဖိအားပေးမှုတွေ ဖြစ်မလာအောင် ကူညီရပါလိမ့်မယ်။
လက်ရှိ အနေအထားအရ ကချင်ပြည်နယ်ထဲက မဲဆန္ဒနယ် အားလုံးမှာ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ အာမခံချက် မရှိသေးပါဘူး။ ‘ဝ’ ဒေသကို ဘယ်သူမှ မဲဆွယ်စည်းရုံးခွင့် မရှိသေးပါဘူး။
ဒီလို မဟုတ်ဘဲ NCA ထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲ အမြန် စတင်မယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါဝင်သင့်၊ ပါဝင်ထိုက်သူတွေကို ချန်လှပ်ထားမယ်။ လူထုရဲ့ သဘောထားကို ဘေးဖယ်ခဲ့မယ်ဆိုရင် ဒီဖြစ်စဉ်မှာ ပါဝင်သူ အားလုံး သမိုင်းတရားခံ ဖြစ်သွားနိုင်ပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ပြည်ထောင်စု အခြေခံဖြစ်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရေးအတွက် ကာလရှည်ကြာ စစ်ပွဲဆင်နွှဲခဲ့သူ အားလုံး အာဏာရှင် အလိုကျ အသုံးချခံပဲ ဖြစ်သွားပါလိမ့်မယ်။ ဒုတိယပင်လုံလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။
ဒါကြောင့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကြားကာလမှာ အစိုးရနဲ့ လွှတ်တော်ဆီက ခိုင်မာတဲ့ အာမခံချက်ရအောင် တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ကြိုးစားရပါလိမ့်မယ်။
လတ်တလော ရရှိထားတဲ့ သဘောတူညီချက်တွေကို နောက်အစိုးရ လက်ထက်မှာ ဆက်ဆွေးနွေးဖို့ဆိုတဲ့ ကတိကဝတ်ရအောင် ကြိုးပမ်းခြင်းက ရွေးကောက်ပွဲ ရွှေ့ဆိုင်းနိုင်ခြေနဲ့ ချိန်ဆရင် ဘေးထွက်ဆိုးကျိုး နည်းနိုင်ပါတယ်။
နောက်ပြီး လက်ရှိရထားတဲ့ NCA မူကြမ်းဟာ ထိလွယ်ရှလွယ် ဖြစ်ပါတယ်။ ခိုင်မာမှု မရှိသလို အချိန်မရွေး ပျက်ပြယ်သွားနိုင်ပါတယ်။ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ပြန်ပေါ်လာနိုင်ပါတယ်။
အခုလည်း ဆွေးနွေးနေတုန်းမှာပဲ တိုက်ပွဲတွေက ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေပါတယ်။ ဒါကို ဖြစ်လေ့ဖြစ်ထ ရှိတာပဲဆိုတဲ့ ဆင်ခြေပေးမှုနဲ့ မလုံလောက်ပါဘူး။
(၈)
သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ ကိုယ့်ရဲ့ နိုင်ငံရေး ရည်မှန်းချက်အတွက် တပ်မတော်ကို အသုံးမချဖို့ လိုပါတယ်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ကြားနေမယ် ဆိုတဲ့သဘော ပြောထားပါတယ်။
၂ဝ၁၅ ခုနှစ် နိုဝင်ဘာလဆန်းမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ နိုင်ငံဒီမိုကရေစီစနစ် ဖော်ဆောင်ရာမှာ အရေးကြီးတဲ့ မှတ်တိုင် ဖြစ်တယ်၊ တပ်မတော်အနေနဲ့ ရွေးကောက်ပွဲ အောင်မြင်အောင် တာဝန်ရှိ အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတို့နှင့် လက်တွဲဆောင်ရွက်မယ်လို့ နှစ် ၇ဝ ပြည့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
“နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို နှောက်ယှက်ဖျက်ဆီးပြီး ရွေးကောက်ပွဲမှာ လက်နက်ကိုင် ဖိအားပေး မဲထည့်ခိုင်းတာတွေ၊ လက်နက်နဲ့ ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းတာတွေ လုံးဝ အဖြစ်ခံနိုင်မှာ မဟုတ်ကြောင်း ပြောကြားလိုတယ်” လို့ သူက ပြောပါတယ်။
ဒီပြောကြားချက်ကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အောင်မြင်ရေးကိုပဲ ရည်မှန်းချက်ထားတယ်လို့ ယူဆစရာ ရှိပါတယ်။
ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်ကတော့ NCA လက်မှတ်ထိုးရေး၊ နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရေးနဲ့ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ သုံးခုစလုံးကို ရောထွေးထားပါတယ်။
ဖြစ်နေတဲ့ အခင်းအကျင်းတွေအရ NCA ကို လက်မှတ်ထိုးတာနဲ့ ဖုန်ကြားရှင် ကိုးကန့်အဖွဲ့ကို အသိအမှတ် ပြုရမှာပါ။ ဖုန်ကြားရှင် အဖွဲ့ကို အသိအမှတ် မပြုရင် ‘ဝ’ နဲ့ မိုင်းလားက NCA ကို လက်မှတ်ထိုးမှာ မဟုတ်ပါဘူး။ တစ်ဖက်မှာလည်း KIA ရဲ့ အဓိက မဟာမိတ် TNLA နဲ့ AA တို့က ဖုန်ကြားရှင်အဖွဲ့ကို ကူညီနေပါတယ်။ အဲဒီနှစ်ဖွဲ့ကို အစိုးရက အသိအမှတ် မပြုဘူးဆိုရင် KIA ကလည်း NCA ကို လက်မှတ်ထိုးချင်မှ ထိုးပါလိမ့်မယ်။
တကယ်လို့များ သမ္မတ ဦးသိန်းစိန်နဲ့ MPC တို့က သူတို့ရဲ့ တစ်ခုတည်းသော နိုင်ငံရေး ရည်မှန်းချက်ကို ကြည့်ပြီး ဖုန်ကြားရှင် အဖွဲ့ကို လက်ခံလိုက်ရင် ကိုးကန့်ဒေသမှာ စစ်သည်ရာဂဏန်း အသက်ပေးခဲ့ရတဲ့ တပ်မတော်အတွက် ခံပြင်းစရာ ဖြစ်လာပါလိမ့်မယ်။
တပ်မတော်ရဲ့ လက်ရှိ သဘောထားအရ ဖုန်ကြားရှင် အဖွဲ့ကို လက်ခံဖို့ ဖြစ်နိုင်ခြေ မရှိပါဘူး။ လက်ခံလိုက်ပြီဆိုရင် MPC အတွက် နာမည်ကောင်း ရသွားနိုင်ပေမဲ့ တပ်မတော်နဲ့ ပြည်သူကြား လတ်တလော ရရှိထားတဲ့ ယုံကြည်မှု ထိခိုက်ပြီး တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဖုန်ကြားရှင် ကိုးကန့် ပြဿနာဟာ ‘ဝ’၊ မိုင်းလား အပါအဝင် သူ့ကို ထောက်ပံ့နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တပ်မတော်အကြား တင်းမာမှုတွေ ဖြစ်လာနိုင်ပါတယ်။ တင်းမာမှု နောက်ဆက်တွဲ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ဖြစ်နိုင်ပါတယ်။
(၉)
ကိုးကန့်ဒေသ တိုက်ပွဲတွေက အခုချိန်ထိ မပြီးသေးပါဘူး။ ဒီပြဿနာကို အချိန်တိုအတွင်း ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။
ကိုးကန့် အင်အားက ခန့်မှန်းခြေ ၃ဝဝဝ နဲ့ ၅ဝဝဝ ကြားမှာပဲ ရှိပါတယ်။
၂ဝ၁၅ ခုနှစ် မတ်လ နောက်ဆုံးပတ်က ရရှိတဲ့ ခန့်မှန်း အချက်အလက်တွေအရ လောက်ကိုင်အခြေစိုက် ကိုးကန့်ဒေသ စစ်ဆင်ရေးမှာ တပ်မတော်ဘက်က တပ်မခြောက်ခု၊ စကခ သုံးခုနဲ့ ဒကစ တစ်ခုတို့ရဲ့လက်အောက်ခံ တပ်ရင်းတွေ ပူးပေါင်း တိုက်ခိုက်နေပါတယ်။
အကူလက်ရုံး တပ်အင်အား၊ ပိတ်ဆို့စစ်ဆင်ရေး အင်အားတွေ မပါမဝင်ဘဲ ခြေလျင်တပ်ရင်း ၂ဝ၊ ခြေမြန်တပ်ရင်း ၃၉ ရင်း၊ စုစုပေါင်း တပ်ရင်း ၆ဝ နီးပါးက စစ်ဆင်ရေးမှာ ပါဝင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် သံလွင်မြစ် အနောက်ဘက်ခြမ်း ပိတ်ဆို့မှုမှာ တပ်ရင်း ၄၅ ရင်းခန့် နေရာယူထားပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတစ်ခုလုံးမှာ တပ်ရင်းစုစုပေါင်း ၁၄ဝ ခန့် အသုံးပြုထားပြီး တပ်မတော်အင်အားရဲ့ လေးပုံတစ်ပုံကို သုံးစွဲထားတာလို့ စစ်ရေးအကဲခတ်တွေက ပြောထားပါတယ်။
ဒါဟာ ဧရိယာစတုရန်း ကီလိုမီတာ ၂၂ဝဝ ပဲရှိတဲ့ ကိုးကန့်ဒေသမှာ အသုံးပြုထားတဲ့ စစ်အင်အား ဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်တုန်းက တပ်မတော်ဘက်က အသုံးပြုတဲ့ အင်အားက တပ်ရင်း ၁ဝဝ ဝန်းကျင်ပဲ ရှိပါတယ်။ အဲဒီအချိန် KIA ရဲ့ ပင်မအင်အားက ၂ဝဝဝဝ ဝန်းကျင် ရှိပါတယ်။
ဒါပေမဲ့ ကိုးကန့်တွေကို တိုက်ချိန်မှာ အသုံးပြုတဲ့ ပမာဏက ကချင်မှာ အသုံးပြုခဲ့တဲ့ စစ်အင်အားထက် ပိုများနေပါတယ်။
စစ်အင်အား ပိုသုံးထားသလို ကျဆုံးမှုလည်း များပါတယ်။ ပြီးခဲ့တဲ့ မတ် ၃ဝ ရက်ကဆို တပ်မ ၃၃ က နည်းဗျူဟာမှူးတစ်ဦး ကျဆုံးခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။
ကိုးကန့်စစ်ဆင်ရေးက အထူးသဖြင့် ပြောက်ကျားစစ် (Guerrilla Warfare) မှာ တပ်မတော်ဘက်က အောင်မြင်မှု မရရှိဘူး ဆိုတာကို ပြသနေပါတယ်။
လောက်ကိုင်ဒေသ တစ်ဝိုက်ကို ထိန်းချုပ်နိုင်ပေမဲ့ တောင်ကုန်းဒေသတွေကို အပြီးသတ် ထိန်းချုပ်နိုင်မှု မရှိသေးပါဘူး။ ဒီအခြေအနေက သင်္ကြန်ကာလ အပြီးမှာ ပိုဆိုးလာနိုင်ဖို့ ရှိပါတယ်။ သင်္ကြန်အပြီးမှာ မိုးရာသီကို ရောက်လာမှာပါ။ အခုချိန်ထက် ရာသီဥတု ပိုဆိုးလာနိုင်ပြီး စစ်ဆင်ရေးအတွက် အခက်အခဲ ရှိလာနိုင်ပါတယ်။
မိုးရာသီ မရောက်ခင် အချိန် တစ်လအတွင်း ကိုးကန့်ဒေသ တစ်ခုလုံး ထိန်းချုပ်နိုင်ဖို့က မလွယ်ပါဘူး။ တစ်ဖက်မှာလည်း အင်အား ၃ဝဝဝ လောက်ပဲရှိတဲ့ ကိုးကန့်ကို အပြတ်တိုက်ခိုက်လို့ မရနိုင်သေးဘူး ဆိုရင် အင်အား ၃ဝဝဝဝ အထက်ရှိပြီး ခေတ်မီစစ်လက်နက်တွေ ပိုင်ဆိုင်ထားတဲ့ ‘ဝ’ နဲ့ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ဖို့က မလွယ်ပါဘူး။
‘ဝ’ နဲ့ မိုင်းလားတို့ကလည်း ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဖုန်ကြားရှင် ကိုးကန့်အဖွဲ့ကို အသိအမှတ်ပြုဖို့ ပြောလာမှာပါ။ ဒီအခါ အခု လုပ်နေတဲ့ NCA နဲ့ နောက်ဆက်တွဲ ကိစ္စတွေက ဘာတစ်ခုမှ ရေရာတော့မှာ မဟုတ်ပါဘူး။
(၁၀)
တပ်မတော်ကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီအချက်တွေကို သိနေမှာပါ။
လက်ရှိမှာ စစ်သည်အင်အား တိုးမှုထက် စစ်ဗိုလ်အင်အား တိုးတက်မှုက ပိုများနေပါတယ်။ စစ်ဗိုလ်ဖြစ်ချင်လို့ တပ်မတော်ထဲ ဝင်သူတွေလည်း ပိုများနေပါတယ်။ စစ်ဗိုလ်တွေနဲ့ စစ်တိုက်လို့ မဖြစ်နိုင်ပါဘူး။ တိုက်ခိုက်ရည်ရှိတဲ့ စစ်သည်အင်အား နည်းလာသလို အသက်အရွယ်ပိုင်းအရ တိုက်ခိုက်ရည် ကျဆင်းလာသူတွေလည်း ပိုများနေပါတယ်။ ဦးနင်းပဲ့ထောင် ပုံစံမျိုး ဖြစ်လာပါတယ်။
တပ်မတော်အနေနဲ့ ပြင်ဆင်ဖို့လုပ်ရမယ့် နှစ်ပိုင်း ရှိပါတယ်။ ပထမတစ်ခုက တိုက်ခိုက်နိုင်မှုစွမ်းရည် (Hardware) ပိုင်း ပြင်ကိုပြင်ရမှာ ဖြစ်ပါတယ်။ ဒုတိယတစ်ချက်က အမူအကျင့်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ (Software) ပိုင်းကို ပြောင်းလဲရမှာပါ။
အမူအကျင့်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုမှာ စစ်သည်တွေရဲ့ ခံစားခွင့်က အရေးကြီးပါတယ်။ မတ်လ နောက်ဆုံးပတ်က နိုင်ငံ့ဝန်ထမ်း လစာတိုး စာရင်းမှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းတွေရဲ့ လစာတိုးမှုလည်း ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ လစာတိုးတဲ့ ကိန်းဂဏန်းတွေကို ပြန်ကြည့်ရင် တိုက်ခိုက်ရေးမှာ အရေးပါတဲ့ စစ်သည်တွေရဲ့ လစာနှုန်းထားနဲ့ အရာရှိတွေရဲ့ လစာနှုန်းထား ကွာဟချက် ကြီးနေတာကို တွေ့ရပါတယ်။ ဒါဟာ တိုက်ခိုက်ရေး စစ်သည်တွေရဲ့ စိတ်ဓာတ်ပိုင်းကို ထိခိုက်နိုင်စရာ ရှိပါတယ်။
နောက်ပြီး အထက်အရာရှိ အပြောင်းအလဲတွေကလည်း စစ်သည်တွေရဲ့ စိတ်ဓာတ်ပိုင်းကို ထိခိုက်စေပါတယ်။
ဥပမာအားဖြင့် မတ်လဆန်းပိုင်းမှာ တပ်မမှူးသုံးဦးကို လက်ရှိ ရာထူးက ဖယ်ရှားပြီး နေရာပြောင်းလိုက်တာကို အရာရှိငယ်တွေဘက်က နှစ်သက်ခြင်း မရှိဘူးလို့ ဆိုကြပါတယ်။
တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးချုပ် လှမြင့်စိုး၊ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် ခင်မောင်သန်းနဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သိန်းဦးတို့ကို ဖူးကြီး၊ မင်းပြားနဲ့ ထားဝယ်မှာရှိတဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီးများအဖြစ် ပြောင်းရွှေ့ တာဝန်ပေးလိုက်တာပါ။ ဒီသုံးဦးမှာ တပ်မ ၁၁ တပ်မမှူးကလွဲလို့ ကျန်တဲ့သူ နှစ်ဦးက ကိုးကန့်စစ်ဆင်ရေးနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။
လက်ရှိအချိန် တိုင်းရင်းသား ဒေသတွေမှာ တပ်မတော် ရင်ဆိုင်နေရတာက Guerrilla Warfare ပုံစံတွေ ဖြစ်ပါတယ်။ ကိုးကန့်စစ်ဆင်ရေးက တပ်မတော်မှာ အားနည်းချက်တွေ ရှိနေတာကို ပြသနေပါတယ်။
ဒီအချိန်မှာ နိုင်ငံရေး ရည်မှန်းချက်၊ နာမည်ကောင်းရဖို့နဲ့ ဂုဏ်သိက္ခာ ပြန်ဆယ်ရေးအတွက် NCA ကို မဖြစ်မနေ လက်မှတ်ထိုးခိုင်း၊ နိုင်ငံရေး ဆွေးနွေးမှုမှာ မပြေလည်တာတွေ ဖြစ်လာပြီး လက်နက်ကိုင် ပဋိပက္ခတွေ ပြန်ဖြစ်ချိန်မှ တပ်မတော်ကို စတေးတာမျိုး မလုပ်သင့်တော့ပါဘူး။
တိုင်းရင်းသား လက်နက်ကိုင်တွေဘက်မှာ အခုထက်ပိုတဲ့ ဆုံးရှုံးမှု၊ စတေးမှုတွေ မဖြစ်သင့်တော့ပါဘူး။
(၁၁)
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေက မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း ဒေသတွေ ဖြစ်ပါတယ်။
တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ဒေသတွေ ဖြစ်သလို တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်အားဖြင့် တရုတ်ဘက်က အကူအညီကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရနေပါတယ်။
UWSA၊ မိုင်းလား၊ KIA၊ TNLA၊ AA၊ MNDAA အဖွဲ့တွေ အားလုံး တရုတ်နဲ့ ကင်းတယ်လို့ မဆိုနိုင်ပါဘူး။
အခုချိန်မှာ တရုတ်က နှစ်ဖက်စလုံးကို ဖိအားပေးထားတဲ့ပုံစံ ရှိပါတယ်။ ဒီအချက်ကို မတ် ၂၇ ရက် စတင်ပြီး CCTV-4 ရုပ်သံလိုင်းမှာ ဆက်တိုက်ထုတ်လွှင့်နေတဲ့ အချိန် ၄၂ မိနစ်ကြာ မြန်မာ့ပြည်တွင်းစစ် သုံးသပ်ချက် မှတ်တမ်း ဗီဒီယိုဖိုင်မှာလည်း ပြောထားပါတယ်။
ကိုးကန့်စစ်ဆင်ရေးမှာတင် စစ်ဘေးဒုက္ခသည် အရေအတွက် များသွားပါပြီ။ ကိုးကန့်ဒေသမှာ နေထိုင်သူ ၁၅ဝဝဝဝ ကျော်ထဲမှာ ၆ဝဝဝဝ ကျော်က တရုတ်နိုင်ငံဘက်မှာ တရားဝင် ဒုက္ခသည်တွေ ဖြစ်နေပါပြီ။ ၄ဝဝဝဝ ကျော်က တိုက်ပွဲဖြစ်ပွားနေဆဲ တောင်ကုန်းတွေပေါ်မှာ ရှိနေပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတစ်လျှောက် စစ်ဘေးဒုက္ခသည် အရေအတွက် စုစုပေါင်းဟာ အနည်းဆုံး ငါးသိန်းအထက်မှာ ရှိနေပြီလို့ တရားဝင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။
နောက်ထပ် အရေးကြီးတဲ့ အချက်က ပြည်တွင်းမှာ မညီညွတ်မှု များလေ နိုင်ငံကြီးတွေရဲ့ ဖိအားကို ရင်ဆိုင်ရလေပါပဲ။ အချုပ်အခြာအာဏာ ထိပါလားနိုင်တဲ့အထိ စိုးရိမ်စရာ ကောင်းပါတယ်။
ဥပမာ ကိုးကန့်စစ်ဆင်ရေးမှာ တရုတ်ဘက်ကို ဗုံးကျခဲ့ပါတယ်။ လူသေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။ သမိုင်းကို ပြန်ကြည့်ရင် ထိုင်းနိုင်ငံဘက်ကိုလည်း မြန်မာဘက်က လက်နက်ကြီး ကျခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ တောင်းပန်ရပုံချင်းတော့ မတူခဲ့ပါဘူး။
ပုံမှန်အားဖြင့် နှစ်နိုင်ငံ ဝန်ကြီးတွေအကြား ညှိနှိုင်းမှုနဲ့ ပြီးနိုင်ပေမဲ့ တရုတ်ကိုတော့ ဒူးထောက်မတတ် သွားပြီး တောင်းပန်ခဲ့ရပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် အတွင်းမှာ တရုတ်ဘက်က ဝင်ရောက်စော်ကားတာတွေ ရှိခဲ့ပါတယ်။
နှစ်နိုင်ငံ နယ်နိမိတ် အငြင်းပွားမှု ဖြစ်နေတဲ့ နေရာမှာ တရုတ်ဘက်က သူတို့ နယ်ခြားစောင့်တပ်တွေ ခေါ်လာပြီး တရုတ်အလံ လာစိုက်လို့ ဒေသခံတွေနဲ့ ထိပ်တိုက်တိုးခဲ့ပါတယ်။ အခုချိန်ထိ ညှိနှိုင်းနေရတုန်း ဖြစ်ပါတယ်။
ပြည်တွင်းစစ်က နှစ်ပေါင်း ၆ဝ ကျော် ကြာခဲ့ပါပြီ။ အပစ်အခတ် ရပ်စဲရေးက အခုချိန်ထိ မရသေးပါဘူး။ ဒီအတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အဲဒီ အပစ်အခတ် ရပ်စဲရေးဟာ နိုင်ငံရေး ကစားကွက်မှာ အသုံးချခံ မဖြစ်ရပါဘူး။
အခု NCA မူကြမ်း ထွက်ခဲ့ပါပြီ။ ဘယ်လောက်အထိ ခိုင်မာမှု ရှိမလဲဆိုတာ ဆန်းစစ်ရပါမယ်။ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ အချိန်မရွေး ပြိုကျပျက်ပြယ် နိုင်ပါတယ်။ ဒါကို ခိုင်မာမှုရှိအောင် သေချာမလုပ်ဘဲ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့အပြိုင် နိုင်ငံရေး ဆွေးနွေးမှုကို အလျင်စလို လုပ်မယ်ဆိုရင် ရှုပ်ထွေးမှု၊ မတည်ငြိမ်မှုတွေ ဖြစ်လာပါမယ်။
အခုချိန်မှာ မြန်မာနိုင်ငံအတွက် လိုအပ်နေတာက လက်နက်ကိုင်အချင်းချင်း လက်ဝါးရိုက် ငြိမ်းချမ်းရေး မဟုတ်ပါဘူး။ ခိုင်မာပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။
သေနတ်သံတွေ တိတ်အောင် အရင်လုပ်လိုက်ပါ။
(Written By : နေထွန်းနိုင်)


Eleven Media Group

0 comments: