Thursday, April 2, 2015

တိုက်ပွဲတွေကတော့ တဂျိန်းဂျိန်းဆို လက်မှတ်ထိုးလိုက်တဲ့ သူလည်း နောက်ကြောင်း မလုံဘူး


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC ) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ အကြား ၃ နှစ်ကျော် ညှိနှိုင်းဆွေးနွေးနေသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်(NCA) သည် လက်ရှိအခြေအနေ၌ မူကြမ်းအဆင့်တွင် အ...ချက်အလက်အားလုံးကို မတ်လ ၃၁ ရက်က ပဏာမ သဘောတူညီလိုက်ပြီ ဖြစ်သည်။ မူကြမ်းကို သဘောတူညီလိုက်သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ NCA အပြီးသတ် လက်မှတ်ရေးထိုးရမည့် အဆင့်များနှင့် လက်မှတ်ရေးထိုး ပြီးပါက ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများ ကျန်နေသေးသည်။ ထိုအခြေအနေများကို ဧရာဝတီ သတင်းထောက် နန်းလွင်နှင်းပွင့်က NCCT အဖွဲ့ဝင် ခေါင်းဆောင်တဦး ဖြစ်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် တွေ့ဆုံ မေးမြန်းချက်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး။ ။ မတ်လ ၃၁ ရက်က လက်မှတ်ထိုးလိုက်တာကို NCA ကို စာချုပ် အပြီးသတ်ချုပ်ဆိုလိုက်ပြီလား ၊ ဘယ်လိုလဲဆိုပြီး ပြည်သူတွေ အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှင်းရှင်းလင်းလင်း မသိတာတွေ ရှိပါတယ်၊ အခြေအနေ လေး ရှင်းပြပေးပါဦး ။

ဖြေ။ ။ ကျနော်တို့ NCA ကို မထိုးပါဘူး၊ အခု လက်မှတ်ထိုးတာက NCA စာချုပ်နဲ့ ဘာမှ မဆိုင်သေးပါဘူး၊ အခု လက်မှတ် ထိုးလိုက်တာက မူကြမ်းပါ။ မူကြမ်းကို ရေးဆွဲတာက နှစ်ဖွဲ့ (UPWC နဲ့ NCCT) ရှိတယ်၊ မူကြမ်းရေးတဲ့ နှစ်ဖွဲ့က ဒါကျနော်တို့ရဲ့ ရလဒ်ပဲ၊ အခုရတဲ့ မူကြမ်းကို ကျနော်တို့ အတည်ပြုတယ်၊ နှစ်ဖွဲ့ကြားမှာ လုပ်တဲ့မှတ်တမ်းပါ။ မှတ်တမ်းတခု အနေနဲ့ ကျနော်တို့ လက်မှတ်ထိုးတာပါ၊ NCA စာချုပ်ကို လက်မှတ်ထိုးတာ မဟုတ်ပါဘူး၊ စာချုပ်မူကြမ်း ရပြီဆိုတာရယ် နောက်နောင် ထပ်ပြီး စာချုပ်မူကြမ်းပါ
အချက်တွေကို မပြင်ဘူးဆိုတာရယ်၊ သဘောတူညီချက် ယူတဲ့ အနေနဲ့ အာမခံချက်ယူတဲ့ အနေနဲ့ လက်မှတ်ထိုးလိုက်တာပါ၊

မေး ။ ။ ဒါဆို အခု ပြီးတဲ့ စာချုပ်မူကြမ်းကို ဘာတွေ ဆက်လုပ်မလဲ။

ဖြေ ။ ။ စာချုပ်မူကြမ်းက ပြီးပြီဆိုတာကို ကျနော်တို့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေကို တင်ပြရမယ်၊ သူတို့က ညီလာခံခေါ်ပြီး ဆုံးဖြတ်မယ်၊ လက်မှတ်ထိုးရေး ၊မထိုးရေးကိုပေါ့။ အခု ကျနော်တို့ရတဲ့ စာချုပ်မူကြမ်းကို တကယ် လက်မှတ်ထိုးရမှာက ကျနော်တို့ရဲ့ ထိပ်သီးခေါင်းဆောင်တွေ ဖြစ်တယ်၊ သူတို့ကပဲ လက်မှတ်ထိုးမယ် မထိုးဘူးဆိုတာ ဆုံးဖြတ်မယ်လေ၊ မနက်ဖြန်နဲ့ သန်းဘက်ခါ (ဧပြီ ၂ ရက်နှင့် ၃ရက်) မှာတော့ ကျနော်တို့ NCCT အကြား အစည်းအဝေး ထိုင်ပါမယ်၊ ရှေ့ဆက် ဘာလုပ်မလဲ ဆိုတာကိုပါ။

မေး။ ။ အရင်က NCCT ဘက်က အသေးစိတ် အချက်တွေ သဘောတူညီမှုရမှ NCA စာချုပ် ချုပ်ချင်တယ်လို့ ပြောခဲ့ကြတယ်နော်။ အခုတော့ အသေးစိတ် အချက်တချို့ကိုဖယ်ပြီး မူအဖြစ် သဘောတူညီချက်ထည့်ပြီး စာချုပ်မူကြမ်းကို သဘောတူ လိုက်ပြီ၊ ဘယ်လိုဖြစ်ပြီး ပြောင်းလဲမှုတွေ ဖြစ်သွားတာပါလဲ။

ဖြေ။ ။ အသေးစိတ်တွေက သူ့ဘက်ကိုယ့်ဘက် အခက်အခဲ ရှိတာတွေ ဖြစ်လာတယ်။ အထူးသဖြင့် အခြေခံ အချက်တွေရရင် အသေးစိတ်ချက်တွေ အပေါ်မှာ ဆက်ဆွေးနွေးသွားမယ်လို့ ယုံကြည်မှု တည်ဆောက်နိုင်တဲ့ အခြေအနေမှာ ဆက်သွားလို့ ရနိုင်ပါတယ်။

နောက်ပြီး ဒီတကန့်ကို မကျော်ရင် နောက်ထပ်လုပ်ရမယ့် မူဘောင် ရေးဆွဲတာတို့ နိုင်ငံရေး ဆွေးနွေးပွဲ (Political Dialogue) စတင်တာတို့က အခက်အခဲ ဖြစ်နိုင်တယ်၊ ကျနော်တို့ လေ့လာသလောက်၊ တိုးကြည့်သလောက်၊ ညှိနှိုင်းရသလောက်တော့ ဒီအခြေအနေက အမြင့်ဆုံးပဲ ဖြစ်တယ်လို့ ကျနော်တို့ ထိပ်သီးခေါင်းဆောင်တွေကို သဘောပေါက်အောင် ပြောပြီး၊ ဒီနေရာမှာ ဒီကိစ္စကို တကန့်ကန့်ပြီး ရှေ့ခရီး ဆက်သင့်တယ်လို့ သုံးသပ်လို့ပါ။

လက်ရှိမှာ NCA ကတော့ အပြီးသတ်ဖို့၊ နိဂုံးချုပ်ဖို့ နီးနေပြီ။ တိုင်းရင်းသားတွေဘက်က ကြည့်ရင် ရနိုင်သမျှ အတတ်နိုင်ဆုံး ရသင့်သမျှက ဒီမှာပဲ အဆုံးစွန် ရောက်နေပြီ။ တပ်မတော်နဲ့ အစိုးရဘက်က လိုက်လျောရမှာတွေကလည်း အဆုံးစွန် ရောက်နေပြီ။

အခန်း ၃ နဲ့ အခန်း၎ (အပစ်ရပ်ရေးဆိုင်ရာ ကိစ္စရပ်များ) ထဲက အချက်တွေက NCA ထဲမှာ မူတွေတော်တော်လေး ခိုင်မာနေပါတယ်။ တချို့ဆို အသေးစိတ်နီးနီး ပါတာတွေရှိတယ်၊ NCA စာချုပ် အခိုင်အမာ ရပြီးရင်တော့ စာချုပ်မှာပါတဲ့ အချက်တွေအတိုင်း အသေးစိတ်ကို ရေးသွားရင်တော့ ကွဲလွဲမှု ဖြစ်ဖိုကို ဟန့်တားနိုင်တာပေါ့။

မေး။ ။ NCA ကို အမြန်အပြီးသတ်တာ ရွေးကောက်ပွဲ နီးလာလို့ အထောက်အကူ ဖြစ်အောင် တိုင်းရင်းသားတွေဘက်က ကြိုးပမ်းတဲ့ သဘောပါလား။

ဖြေ။ ။ ရွေးကောက်ပွဲနဲ့ မဆိုင်ပါဘူး။ သို့ပေမယ့် ရွေးကောက်ပွဲနီးရင် ပြည်သူလူထုက သော်လည်းကောင်း နိုင်ငံတကာက သော်လည်းကောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စိတ်ဝင်စားမှု နည်းမှာကြောက်လို့။ ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုက်ရိုက်တော့ မဆိုင်ဘူး။ ပြည်သူလူထုနဲ့ နိုင်ငံတကာ စိတ်ဝင်စားမှု လျော့သွားမှာစိုးလို့ စိတ်ဝင်စားမှု အားကောင်းနေတဲ့ အချိန်မှာ ဖြတ်ချလိုက်တာပါ။

မေး။ ။ NCA ကို လက်မှတ်ထိုးဖို့ အဆင်သင့် ဆိုရင်တောင် ကိုးကန့်တို့ဘက်မှာ မတည်ငြိမ်ရင် လတ်မှတ်ထိုးလို့ မရဘူးလို့ ဆိုလိုတာလား။

ဖြေ။ ။ ဒါသေချာတာပေါ့၊ ကချင်မှာ ဖြစ်နေရင်လည်း မရဘူး၊ ဘယ်နေရာမှာဖြစ်ဖြစ် မရဘူး။ လက်မှတ်ထိုးတယ်ဆိုတာ ငြိမ်နေတော့မှ ထိုးလို့ရတာ၊ တိုက်ပွဲဖြစ်နေတုန်းမှာ ကျနော်တို့ လက်မှတ်ထိုးရင် ကျနော်တို့က ဟာသ ဖြစ်နေမှာပေါ့၊ ထိုးတဲ့သူတွေကိုလည်း အခြားအဖွဲ့တွေက ဘယ်ကျေနပ်မလဲ။

မေး။ ။ NCA ကို လက်မှတ်ထိုးဖို့တောင် ရည်ရွယ်ပြီးနေချိန်မှာ မြန်မာနိုင်ငံမြောက်ပိုင်း တလျှောက်မှာတော့ ကိုးကန့်၊ တအာင်း၊ ရက္ခိုင့်တပ်မတော်တို့နဲ့ တိုက်ပွဲတွေ ဒီနေ့အထိ ဖြစ်နေတယ်၊ ဘာ့ကြောင့် ဖြစ်နေတာလို့ မြင်ပါသလဲ။

ဖြေ။ ။ အခုတိုက်ပွဲတွေ ဖြစ်နေတာက လက်ဦးမှု ယူနေကြတာပါ၊ အပစ်အခတ် ရပ်စဲရေးက ချုပ်ရတော့မှာ သေချာနေတော့ မချုပ်ခင်မှာ ကျနော်တို့ မပစ်ပါဘူးလို့ ခံဝန်မထိုးရခင် အမြတ်အစွန်းများများ ရနိုင်သလောက် အခွင့်ကောင်းများများ ရနိုင်ဖို့ ကြိုးစားနေကြတာပါ။

တိုက်ပွဲက ဖြစ်ပြီးရင် ဒီတိုင်း မရပ်ဘူး၊ သူတို့မှန်းထားတဲ့ စစ်ရေးရည်မှန်းချက်ရမှ တိုက်ပွဲက ရပ်လို့ရတာ၊ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်က ဘာလဲ၊ ကျနော်တို့ မသိဘူး။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေက စစ်ရေးရည်မှန်းချက်ကို ဦးတည်နေတယ်၊ အပစ်အခတ် ရပ်စဲရေး မတိုင်ခင်မှာ စစ်ရေး ရည်မှန်းချက်တွေ ရအောင် ကြိုးစားကြတာပါ၊ ဒါကတော့ တဖက်တည်း မဟုတ်ဘူး၊ နှစ်ဖက်လုံးကပါပဲ။ အားလုံးမှာ ရည်မှန်းချက် ရှိပါတယ်။

မေး။ ။ NCA ကို ချောချောမွေ့မွေ့ လက်မှတ်ထိုးနိုင်ဖို့ အခြားဘယ်လို အချက်တွေက အခက်အခဲ ဖြစ်နေပါလဲ ။

ဖြေ။ ။ လက်မှတ်ထိုးတဲ့ အချိန်မှာ အခက်အခဲလို့ ယူဆနိုင်တာက လက်မှတ်ထိုးမယ့် ခေါင်းဆောင်တွေက ကျနော်တို့ မဟုတ်ဘူး၊ ကျနော်တို့ ဥက္ကဋ္ဌတွေ၊ ကျနော်တို့ ခေါင်းဆောင်တွေ။ သူတို့က ဒီ NCA ကို လက်ခံသင့်ပြီဆိုပြီး သဘောပေါက်ဖို့ လိုတယ်။ သူတို့ လက်မခံဘူးဆိုရင်လည်း ပြတ်မယ်။ နောက်တခုက တည်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို မဖန်တီးဘူး၊ ထိုးဖို့တော့ သဘောတူနေတယ်။ လူကြီးတွေလည်း လာမယ်။

တိုက်ပွဲတွေကတော့ တဂျိန်းဂျိန်းဆို လက်မှတ်ထိုးလိုက်တဲ့သူလည်း နောက်ကြောင်း မလုံဘူး။ တိုက်ပွဲဖြစ်နေတဲ့ သူကလည်း လာထိုးမယ်ဆို သူ့လူတွေက ဒီမှာတိုက်ပွဲ ဖြစ်နေတယ်၊ အပစ်ရပ် သွားထိုးတာ အဓိပ္ပာယ် မရှိဘူးလို့ ပြောလိမ့်မယ်။ ထိုးတယ်ဆိုရင်လည်း တပ်မတော်ရဲ့အခန်းကဏ္ဍက အင်မတန် အရေးကြီးတယ်၊ သူကိုယ်တိုင်က ကျနော် ရပ်ပါ့မယ်ဆိုပြီးတော့ ကတိက၀တ်မရှိဘဲ ထိုးလည်း အလကားပဲ။ သူက အချိန်မရွေး တိုက်နိုင်တဲ့ သဘောမျိုး ဖြစ်နေတယ်။

မေး။ ။ အသိသက်သေ နေရာမှာ တာဝန်ခံမယ့် သူကိုရော လျာထားတာ ရှိပါပြီလား၊ ဥပမာ ပြည်တွင်းက အတိုက်အခံ ခေါင်းဆောင်မျိုးပေါ့။

ဖြေ။ ။ ဒါက လက်မှတ်ထိုးရေးလုပ်ဖို့ လုပ်ငန်းစဉ် သက်သက် လုပ်ရမယ်၊ ပရိုဂရမ် သက်သက် တခုလုပ်ရမယ်၊ ဘယ်လိုညှိမလဲ၊ နိုင်ငံတကာက ဘယ်သူတွေ ပါမလဲ။ ပြည်တွင်းက ဘယ်သူပါမလဲ ညှိရမယ်။ တိုင်းရေးပြည်ရေးမှာ အစုရှယ်ယာမှာ မပါမဖြစ် သူတွေက မပါမဖြစ် ပါရမယ်။ ဘယ်သူတွေက အခရာကျလဲဆိုတာ ကြည့်ပြီးထည့်ရမယ်။ အဲဒါက လက်မှတ်ထိုးတာ ဖြစ်မြောက်ရေး အဖွဲ့လိုက လုပ်ရမှာပါ။ အခုတော့ လျာထားတာ မရှိသေးပါဘူး။

မေး။ ။ ဗိုလ်မှူးကြီးပြောတဲ့ အချက်တွေ အရဆိုရင် NCA က လက်မှတ်ထိုးပြီးရင်ရော တကယ် ခိုင်မာပါ့မလား၊ ဘယ်လို ပြောလို့ရနိုင်ပါလဲ။

ဖြေ။ ။ ထိုးပြီးတော့ တိုက်ပွဲဖြစ်ရင်လည်း NCA ပြတ်ပြီပေါ့၊ အပစ်ခတ် ရပ်စဲရေးကို မလိုက်နာဘူး။ ချိုးဖောက်မယ် ဆိုရင်လည်း ပြတ်ပြီပေါ့။

မေး။ ။ ဒါဆို NCA ချုပ်ပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲ (Political Dialogue) သွားဖို့ရော ဘယ်လို ဖြစ်သွားနိုင်လဲ။

ဖြေ။ ။ ချိုးဖောက်လိုက်ပြီ ဆိုရင်တော့ နိုင်ငံရေး ဆွေးနွေးပွဲ သွားဖို့က အဟန့်အတား ဖြစ်သွားမယ်။ ကျနော်တို့ဘက်က လက်နက်ကိုင် တော်လှန်ရေးတွေ ဘက်ကတော့ အာမခံတယ်၊ NCA ပါ အချက်တွေကို အကုန်လိုက်နာအောင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်မယ်။

တဖက်ကိုတော့ ပြောလို့မရဘူး၊ တဖက်က အာမခံတယ်။ လိုက်နာတယ်။ မချိုးဖောက်ဘူး ဆိုရင်တော့ ကောင်းတာပေါ့။ တဖက်ဖက်က ချိုးဖောက်ရင်တော့ ပျက်သွားမှာပဲ။ စာချုပ်နဲ့ အချက်အလက်တွေက သေချာနေပြီ။ ဒါပေမယ့် အဲဒီထဲက အချက်တွေကို လိုက်နာမှာလား၊ မလိုက်နာဘူးလားဆိုတာ မပြောနိုင်သေးဘူး၊

မေး။ ။ နိုင်ငံရေး ဆွေးနွေးပွဲ (Political Dialogue) အပေါ် မျှော်လင့်ချက်က ဘာတွေပါလဲ ။

ဖြေ။ ။ စနိုင်ပါ့ မလားပေါ့။ အစဆိုတာ စလိုက်ရင်တော့ ကျနော်တို့က အဆုံးရှိအောင် လုပ်မယ်။ စနိုင်ပါ့မလားဆိုတာ ကျနော်တို့ အားကြိုးမာန်တက် စဖို့တော့ ကြိုးစားနေတယ်။ စနိုင်လို့ရှိရင် စဖြစ်သွားရင်တော့ ဘယ်တော့အခါမှ အစတခုက ရပ်မနေဘူး။ ဖြစ်စဉ်က သွားနေတော့ အဆုံးသတ်မယ်၊ ဒါ့ကြောင့် စနိုင်ဖို့ အဖွင့်ကတော့ NCA စာချုပ်ပဲ။ NCA ကို ချုပ်ပြီး Dialogue ကို စနိုင်ဖို့ အဲဒီအထိတော့ ကျနော်တို့ မျှော်လင့်ချက် ထားထားပါတယ်။

မေး။ ။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်က ဘယ်အခြေအနေ ရောက်ပြီလို့ ပြောနိုင်မလဲ။

ဖြေ။ ။ ရည်မှန်းချက်က ပထမအဆင့် ဖြစ်တယ်၊ အပစ်အခတ် ရပ်စဲရေးက ပထမအဆင့် ဖြစ်တယ်။ ရည်မှန်းချက်ကိုသွားဖို့ လမ်းကြောင်းပေါ်ကို တက်လာတာ ဖြစ်တယ်။ ကျနော်တို့ လမ်းကြောင်းပေါ်ကို မရောက်သေးဘူး၊ ဒါ့ကြောင့် NCA လက်မှတ်ထိုးလိုက်ရင် ကျနော်တို့ ဆွေးနွေးချင်တဲ့ ဖက်ဒရယ်ကိစ္စက ဆွေးနွေးလို့ ရမယ်၊ ဒါမှ လမ်းကြောင်းပေါ်ကို ရောက်မယ်။

အခု လောလောဆယ်တော့ ဖက်ဒရယ်ပေါ်မှာ သဘောတူညီချက် လိုလားချက်နဲ့ ကျနော်တို့ကို အားရှိစေတာက ပြည်သူလူထုတွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေက နားလည်သဘောပေါက်ပြီး လိုလားလာတော့ ကျနော်တို့အတွက် အားတခုပေါ့၊ ဒါပေမယ့် တကယ်ဆွေးနွေးတဲ့ အခါမှာ အထောက်အကူ တခုအဖြစ် ဖြစ်လာပါစေလို့ပဲ ဆုတောင်းရမယ်။

မေး။ ။ သမ္မတက BBC အင်တာဗျူးမှာ ထည့်ပြောခဲ့တဲ့ တပ်မတော်က နိုင်ငံရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ဆက်ရှိနေမယ် ဆိုတာနဲ့ ပတ်သတ်ပြီးရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဒါက နိုင်ငံရေး ဆွေးနွေးပွဲမှာ ကျနော်တို့ ထည့်ဆွေးနွေးရမယ့် ကိစ္စပဲ။ လက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သတ်တဲ့ Security Sector Reform လို့ ခေါ်တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည် ပြုပြင်ပြောင်းလဲရေး ကဏ္ဍက နိုင်ငံရေး ဆွေးနွေးပွဲမှာ ထည့်သွင်း ဆွေးနွေမယ် ဆိုရင်တော့ အဲဒီမှာ တိုင်းပြည်တပြည်လုံးရဲ့ ကာကွယ်ရေး စနစ်၊ လုံခြုံရေး စနစ်၊ မူဝါဒ ရေးရာတွေ ပါလာမယ်။ အဲဒါတွေကို ဖြေရှင်းနိုင်ရင်တော့ စစ်မှန်တဲ့ ဖက်ဒရယ်နဲ့ တပ်နေရာ ချထားရေးတွေ ရနိုင်မယ်၊ အဲဒီကိစ္စကို ကျေကျေလည်လည် မဆွေးနွေးရင်တော့ ဒုံရင်းက ဒုံရင်းပါပဲ၊ ကျနော်တို့ ပြောဖို့ ခက်တယ်။ ဆွေးနွေး ကြည့်ရမယ်။

မေး။ ။ NCA စာချုပ်လည်း ချုပ်ပြီး Military Code of Conduct တွေလည်း ရှိနေရင်တောင် တပ်တွေက နိုးနိုးကြားကြား နေရဦးမယ့် သဘောရှိနေသေးတာပါလား။

ဖြေ။ ။ နိုးနိုးကြားကြားကတော့ အမြဲရှိနေရမယ်။ တိုင်းပြည် အခြေအနေအရကြောင့်ပါ။ နိုးနိုးကြားကြား မနေတဲ့ သူကတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေကို သတိမထားနိုင်ဘူး။ ဒုက္ခရောက်တတ်တယ်၊တဖက်က တခုခုကို အကောင်အထည် ဖော်သွားတဲ့ အချိန်မှာ နိုးနိုးကြားကြား ရှိနေရင် ကောင်းတာပေါ့။

မေး။ ။ ဘယ်လို အချိန်မျိုးမှ ပြည်သူတွေ စိတ်အေးလက်အေး နေနိုင်မှာပါလဲ။

ဖြေ။ ။ နောက်ထပ် ၅ နှစ်လောက် လျာထားတယ်၊ နိုင်ငံရေး သဘောတူညီမှု ရပြီးတဲ့ အချိန်ပေါ့ ။ ပြည်ထောင်စု စာချုပ်ချုပ်ပြီးတဲ့အချိန်၊ တိုင်းပြည်က တကယ်စစ်မှန်တဲ့ နိုင်ငံရေး ပြောင်းလဲမှုဖြစ်တဲ့အချိန်၊ ဒီမိုကရေစီလည်း ရပြီ၊ ပြည်ထောင်စု စနစ်ကိုလည်း တည်ဆောက်ပြီ။ လက်နက်ကိုင် အဖွဲ့တွေကလည်း သူ့နေရာနဲ့သူ စနစ်တကျ နေတတ်ထိုင်တတ်ပြီ။

အဲဒီ အခြေအနေမျိုးကတော့ NCA လက်မှတ်ထိုးပြီး စာချုပ်မပျက်ဘူးဆိုရင် ၃ နှစ်နဲ့ ၅ နှစ် အတွင်းမှာ အကောင်ထည်ဖော်ဖို့ လျာထားတယ်။ ၃ နှစ်နဲ့ ၅ နှစ်တောင် ကောင်းမွန်အောင် လုပ်နိုင်မှပါ။ နောက်ပိုင်းမှာ အေးချမ်းစွာ နေရဖို့ မျှော်လင့်နိုင်မယ်၊ ဒါတောင် ရမယ်လို့ ယတိပြတ် မပြောနိုင်ပါဘူး။

The Irrawaddy (Burmese Version)

0 comments: