Thursday, April 23, 2015

အရှုံးကို သီးစုံထောပတ်ထမင်းနဲ့ဖုံးတဲ့ မင်းအောင်လှိုင်



ဗမာပြည်က ကရင်တိုင်းရင်းသားတွေ အများဆုံးကစားကြတဲ့ ရိုးရာလက်ဝှေ့ပွဲတွေမှာ အရှုံးအနိုင်ကို လဲရှုံး ကွဲရှုံး ကြောက်ရှုံး လို့ သတ်မှတ်ခဲ့ကြရာက အနောက်တိုင်းလက်ဝှေ့နည်းစနစ်တွေရောက်လာတဲ့အခါ အမှတ်ရှုံးဆိုပြီး တမျိုး တိုးလာခဲ့ပါတယ်။

အခု ဗမာပြည် အရှေ့မြောက်ဖျားမှာ ဗမာစစ်တပ်နဲ့ MNDAA ကိုးကန့်တပ်တွေ တိုက်ပွဲဖြစ်နေခဲ့တာ ၂ လကျော်ပြီဖြစ် တယ်။ ဒါဟာ သံလွင်အရှေ့ခြမ်းကိုးကန့်နယ်က တိုက်ပွဲကိုဘဲ ဆိုလိုတာဖြစ်ပြီး တကယ်တော့ MNDAA ဟာ သံလွင် အနောက်ခြမ်း ကွတ်ခိုင် မူဆယ် မုံးပေါ် မုံးကိုးနယ်တွေမှာ KIA TNLA AA SSA တို့နဲ့တွဲပြီး တိုက်နေခဲ့တာ တနှစ် လောက်ရှိပြီဖြစ်တယ်။ စစ်အေးကာလအဖြစ်ပြောရရင်တော့ ၂၀၀၉ ခုနှစ်မှာ နအဖ စစ်အစိုးရရဲ့ ငြိမ်းချမ်းရေး ကတိဖျက် အလစ်အငိုက်တိုက် ခံရပြီးနောက် ၂၀၁၃ အထိ မြေအောက်သျှိုး ပြင်ဆင်နေခဲ့တာဖြစ်တယ်။

ဗမာစစ်အစိုးရဟာ ၂၀၀၉ တုံးက MNDAA အပေါ် လဲရှုံးနဲ့ အနိုင်ရလိုက်ပြီလို့ အထင်ရောက်ခဲ့ပြီး သွေးနထင်မြောက်ခဲ့ တယ်။ ဒါပေမဲ့ လက်တွေ့ဖြစ်စဉ်တွေက အဲ့လိုမြောက်နေတာကို ခတ်ပြင်းပြင်းရိုက်ချလိုက်လို့ ကိန်ကနဲဖြစ်သွားခဲ့တယ်။ အခု သံလွင်အနောက်ခြမ်းကနေ အရှေ့ခြမ်းကိုရောက်လာပြီး အချိန်တိုအတွင်း လောက်ကိုင်ကရုပ်သေးအုပ်ချုပ်ရေး ပျက်၊ ရုပ်သေးနယ်ခြားစောင့်တပ်တွေ ဘက်ပြောင်းလက်နက်ချ၊ ကိုးကန့်ဒေသ မြို့ကြီးပြကြီးတွေနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ မလုံမခြုံဖြစ်လာတော့ ဗမာအစိုးရဟာ စစ်အင်အားအကြီးအကျယ်သုံးပြီး အသဲအသန်ပြန်တိုက်ရတဲ့ အခြေ ဆိုက်နေတယ်။

အခုကိုးကန့်ဒေသမှာ ဗမာစစ်တပ်က တပ်မ ၁၁ ၁၀ ရင်း၊ တပ်မ ၃၃ ၁၂ ရင်း (နမခ ၂ ရင်းပါ)၊ တပ်မ ၆၆ ၁၀ ရင်း၊ စကခ ၉ ၆ ရင်း၊ စကခ ၁၀ ၆ ရင်း၊ စကခ ၁၆ ၆ ရင်း၊ စကခ ၁ ၆ ရင်း၊ ဒကစ(လောက်ကိုင်) ၇ ရင်းအပြင် တပ်မ ၅၅ ၃ ရင်း၊ တပ်မ ၈၈ ၂ ရင်း၊ တပ်မ ၁၀၁ ၂ ရင်း နဲ့ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းအခြေစိုက် စကခ ၁၉၊ စကခ ၂၀ တို့က ထုတ်နှုတ်တပ်တွေ အားလုံးပေါင်းလိုက်ရင် တပ်ရင်း ၇၄ ရင်းနဲ့ ဝင်တိုက်နေရတယ်။ လောလောလတ်လတ် တောင်ကုန်းတွေ သိမ်းရလိုက်ပြီ၊ ကိုးကန့်ဒေသတခုလုံး ထိန်းချုပ်နိုင်ပြီလို့ပြောပြီးမှ တပ်မ ၄၄ ၃ ရင်း ထပ်သွင်းလာလို့ ၇၇ ရင်းဖြစ်သွားတယ်။ ထပ်သွင်းတဲ့တပ်မ ၄၄ ကလဲ ကားအစီး ၃၀ နဲ့တက်လာတာ လားရှိုးနဲ့ ကွန်လုံကြားမှာတင် ၂ ခါဖြတ်တိုက်ခံရပြီး ကား ၄ စီး မီးလောင်သွားသေးတယ်။ သံလွင်အနောက်ဖက်က TNLA, KIA, SSA တို့ကို ထိန်းချုပ်ပြီး မန္တလေး-လားရှိုး-ကွန်လုံ လမ်းကြောင်းကြီးပါထိန်းရတဲ့ စကခ ၁၊ စကခ ၁၆၊ တပ်မ ၇၇၊ တပ်မ ၈၈ နဲ့ အဝေးကလာတဲ့ထုတ်နှုတ်တပ်တွေ ပေါင်းလိုက်ရင် ရှမ်းပြည်မြောက်ပိုင်းမှာ ဗမာစစ်တပ်က တပ်ရင်းပေါင်း ၁၅၀ ကျော်သုံးနေရတယ်။ ဒါဟာ ဗမာစစ်တပ်တခုလုံးရဲ့ သုံးပုံတပုံနီးပါးဖြစ်ပါတယ်

ထုတ်နှုတ်တပ်တွေနဲ့ ထောက်ပို့လမ်းကြောင်းလုံခြုံရေးလုပ်ခိုင်းနေရပေမဲ့လဲ စိတ်မချရတဲ့အပြင် နှေးကလဲနှေးလို့ လေ ကြောင်းကနေ ရိက္ခာ၊ ခဲယမ်း၊ ဆေးဝါး၊ လောင်စာဆီတွေ အဓိကပို့နေရတယ်။

ခြေလျင်တပ်တွေအပြင် ကိုးကန့်ဒေသကို တောင်ခမ်း(နောင်ချို) အခြေစိုက် အမြောက်တပ်မ မစခ ၉၀၂ နဲ့ အမြောက် တပ်ရင်း ၆ ရင်း၊ ပျော်ဘွယ်အခြေစိုက် သံချပ်ကားတပ်မ သစခ ၇၁ က ဗျူဟာတခုနဲ့ တင့်ကား/သံချပ်ကား တပ်ရင်း ၃ ရင်းပါ ပို့ထားရတယ်။ အမြောက်တပ်တွေက ကွန်ပျူတာစနစ်သုံး SH-1 နဲ့ Nora B-52 အမျိုးအစား ၁၅၅မမ ဟောင် ဝစ်ဇာ၊ ၁၂၂မမ MRLS အတွဲလိုက်ပစ်ဒုံး၊ ၁၀၅မမ ဟောင်ဝစ်ဇာ၊ ၁၂၀မမ မော်တာ၊ ၇၆မမ တောင်ပေါ်ပစ်အမြောက်၊ ၁၄.၅ စက်သေနတ်ကြီး၊ ပွိုင့်ဖိုက် စက်သေနတ်ကြီးတွေသုံးပြီး သံချပ်ကားတပ်ရင်းတွေက ၉၀မမ အမြောက်ပါ EE9, ၃၀မမ စက်အမြောက်ပါ BTR-3U နဲ့ ၁၀၅မမ အမြောက်ပါ PTL-02 တင့်ဖျက်သံချပ်ကားတွေ၊ T-72 တင့်ကားနဲ့ T-69 တင့်ကားတွေ စုစုပေါင်းအစီး ၃၀ ကျော်သုံးနေတယ်။ မြေပြင်ကရန်သူကို ထောက်လှမ်းနိုင်တဲ့ Battlefield Surveillance Radar (BFSR) နဲ့ ရန်သူ့လက်နက်ကြီးတည်နေရာ ရှာနိုင်တဲ့ Artillery Direction Finder တွေပါ သုံးခဲ့ တယ်လို့ ဆိုတယ်။

လေကြောင်းပစ်ကူနဲ့ ထောက်ပို့အတွက် လားရှိုးလေဆိပ်မှာ လေတပ်အခြေပြုပြီး A-5 A/C Fantan ဗုံးကြဲ တိုက်လေယာဉ်၊ K-8W အပေါ့စားတိုက်လေယာဉ်၊ MI-35P တိုက်ခိုက်ရေးရဟတ်ယာဉ်၊ MI-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေပါတဲ့ တိုက်ခိုက်ရေးလေယာဉ် ၂ အုပ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ အုပ်၊ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၂ အုပ် သုံးခဲ့တယ်။ အစောပိုင်းက MiG-29 SE တိုက်လေယာဉ်တွေပါ သုံးခဲ့တယ်လို့ သတင်းထွက်သေးတယ်။

အခု ဧပြီ ၈ ရက်နေ့ကစပြီး အကြီးအကျယ်ထိုးနေတဲ့ တောင်ကြောကို မတ်လလယ်လောက်ကတည်းက စတိုက်နေ ခဲ့တာဖြစ်ပြီး ဒီလ ၈ ရက်နေ့ကျမှ စစ်ရှိန်မြှင့်ခဲ့တာ ဖြစ်တယ်။ အဲဒီတောင်ကြောဟာ လောက်ကိုင်-ချင်းရွှေဟော် ကားလမ်းကို စိုးမိုးထားပြီး MNDAA တပ်မဟာ ၃၁၁ လက်အောက်ခံတပ်ရင်း ၁၆၊ တပ်ရင်း ၁၊ တပ်ရင်း ၃ တို့နဲ့ မဟာမိတ် TNLA, AA အနည်းစုထိုင်ထားတာ အားလုံးပေါင်းအင်အား ၅၀၀ တောင်မပြည့်ပါဘူး (ဗမာစစ်တပ်ကတော့ ရန်သူ့အင်အား ၄၀၀၀ ရှိတယ်လို့ ဆိုနေတယ်။) ဗမာစစ်တပ်ဟာ အဲ့ဒီတောင်ကုန်း ၄ ကုန်းကို တလနီးနီး အကြီး အကျယ်တိုက်ခဲ့ရပြီး လက်နက်ကြီးတွေ၊ တင့်ကား သံချပ်ကားတွေ စုပြုံသုံးခဲ့ရရှာတယ်။ မတ်လလယ်ကတည်းက တပ်တွေအလဲအလှယ်နဲ့ ထိုးနေတာဖြစ်တော့ အားလုံးပေါင်းလိုက်ရင် သူပုန် ၅၀၀ ကို အစိုးရတပ် ၅၀၀၀-၆၀၀၀ နဲ့တိုက်တာဖြစ်နေတယ်။

ခြေလျင်ခြေမြန်တိုက်ခိုက်ရေးတပ်မတွေ၊ အမြောက်တပ်မ သံချပ်ကာတပ်မတွေ၊ ခေတ်မီနောက်ဆုံးပေါ် တိုက်လေယာဉ် တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊ ဂြိုလ်တုလမ်းညွှန်စနစ် ဂျီပီအက်စ်လမ်းညွှန်စနစ် ကွန်ပျုတာထိန်းချုပ်စနစ်တွေ ရေဒါစနစ်တွေသုံးပြီး တောင်ကုန်းတွေကို အဆမတန်အင်အားနဲ့ထိုးစစ်ဆင်တာ ဖြစ်တယ်။ နောက်ဆုံးဝယ်ယူထားတဲ့ ခေတ်မီလက်နက်တွေကို ပြည်တွင်းစစ်သမိုင်းမှာ အလုံးအရင်းနဲ့ ပထမဆုံး လက်တွေ့အသုံးချတာဖြစ်တယ်။ ဒါတောင် အရာရှိစစ်သည် ၆၀၀ ကျော်ကျဆုံးရပြီး ၈၀၀ ကျော် ဒဏ်ရာရခဲ့ရတယ်။ အကျအဆုံးများနေလို့ ရှေ့ တန်းတိုက်ပွဲဝင် အရာရှိစစ်သည်တွေ စိတ်ဓာတ်မကျအောင် မီဒီယာ၊ Facebook တွေကနေ ကက(ပြည်) နဲ့ နောက်ထိုင်/အငြိမ်းစား အရာရှိ တွေကိုယ်တိုင်အားပေးနေကြရတယ်။ တပ်ချုပ်ကြီးနဲ့ ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေအပြင် သမတ-လွှတ်တော် နာယကတွေ ကစလို့ စစ်ဆေးရုံတွေမှာ အသည်းအသန် လိုက်လံအားပေးနေရတယ်။ ပြည်တွင်းနဲ့ စစ်တပ်အတွင်းမှာ ပြည်ပကျူးကျော်စစ် ဆိုပြီး ၀ါဒဖြန့် မှိုင်းတိုက်ထားသေးတယ်။

MNDAA အဖို့ လက်ရှိကာလဟာ ပျောက်ကျားစစ်ကာလဖြစ်ပြီး အခြေခံဒေသဟာလဲ လွတ်မြောက်ဒေသ မဖြစ်သေး တဲ့ ပျောက်ကျားဒေသသာဖြစ်လို့ မဆုတ်တမ်းခံစစ်စခန်းတွေမထားဘဲ ရန်သူ့သက်ရှိအင်အားချေမှုန်းရေးကိုသာ အဓိကထားတဲ့ အဆင့်ဖြစ်တယ်။ ဒါကြောင့် ခုတ်ထန်စခန်းတွေဟာ ပန်မာကောက်၊ မော်ဖာ ပွိုင့် ၁၈၃၇၊ ခွေးအိပ် တောင်၊ နော်တ၊ ဝါးခ(ကော်မူးရာ)၊ ဖလူးတို့လို ခံစစ်သေစခန်းတွေမဟုတ်ဘဲ ယာယီစခန်းတွေဘဲဖြစ်တယ်။ လောက်ကိုင်-ချင်းရွှေဟော် ကားလမ်းကို ချုပ်ကိုင်ရာမှာ တစုံတရာအထောက်အကူရလို့ ထိုင်ထားတဲ့စခန်းတွေသာ ဖြစ်တယ်။

ကိုးကန့်ဒေသရောက် ဖက်ဒရယ်တပ်မတော် FUA ဘက်မှာ လက်နက်ကြီးက အမြင့်ဆုံး ၆၀မမ မော်တာနဲ့ ပွိုင့်ဖိုက် စက်သေနတ်ဘဲရှိတယ်။ RPG-7 တွေတော့ တပ်စိတ်တိုင်းမှာရှိတယ်။ ဗမာစစ်တပ်ဟာ အခုလို လူအင်အား လက်နက် အင်အားကွာခြားလှတဲ့ ကိုးကန့်တပ်ကိုတိုက်တာတောင် အကျအဆုံးတွေမတရားများ၊ ရက်တွေကြာပြီး ငွေကြေး အကုန်အကျလဲများလွန်းလှတယ်။ ဥပမာပြောရရင် အမြောက်ကျည်ဆံ တရက်ကို ၂၀၀၀ အထိပစ်ခဲ့ပြီး ရိက္ခာ ခဲယမ်း သံချပ်ကားလောင်စာဆီတွေကို လေကြောင်းကဘဲ တရက်ကို အခေါက် ၄၀ ပို့နေရလို့ အမြောက်ဆံတန်ဖိုး၊ လေယာဉ် ဆီတန်ဖိုး အများကြီးကုန်ကျနေတယ်။

ဗမာဗိုလ်ချုပ်တချို့ရဲ့ ဝန်ခံချက်အရ ကိုးကန့်စစ်ဆင်ရေးမှာ အနဲဆုံး ဒေါ်လာ ၁.၅ ဘီလီယံ (ဒေါ်လာ သန်း ၁၅၀၀) ကုန်ကျခဲ့ပြီဖြစ်တယ်။ ဒါဟာ မင်းရန်အောင်စစ်ဆင်ရေး၊ စီစီဝန်တာပန်စစ်ဆင်ရေး၊ မဲသဝေါစစ်ဆင်ရေး၊ မာနယ်ပလော စစ်ဆင်ရေးတွေထက် အဆပေါင်းများစွာ ပိုများနေတယ်။ ဒါပေမဲ့ လက်နက်ပစ္စည်းတွေပြန်သိမ်းရတာ၊ ကိုးကန့်ဒေသ တခုလုံးရဲ့ အကျယ်အဝန်း ၂% လောက်ဘဲရှိတဲ့တောင်ကြော ပြန်ရလိုက်တာနဲ့ ယှဉ်ကြည့်ရင် ငွေကုန်ရကျိုး၊ အရာရှိ ဆုံးရှုံးရကျိုး၊
စစ်သားသေရကျိုး ဘယ်လိုမှမနပ်တာ တွေ့နေရတယ်။ ဗိုလ်ထက်မင်း၊ ဂါမဏိ၊ မောင်မောင်စိုး၊ အောင် သဇင်နဲ့ တခြားစစ်ရေးဝေဖန်သူတွေ ကြပ်တာ၊ အချွန်နဲ့မတာတွေကို မခံချင်စိတ်နဲ့လိုက်လုပ်ရင်း ပိုဂျောက်ကျသွားတဲ့ပုံ တွေ့နေရတယ်။

ဗိုလ်မင်းအောင်လှိုင်အတွက်တော့ လောက်ကိုင်ကားလမ်းလုံခြုံရေး နဲနဲစိတ်ချသွားတဲ့ အကျိုးအမြတ်ဘဲရှိတယ်။ ကိုးကန့်ဒေသတခုလုံးကိုလဲ မချုပ်ကိုင်နိုင်သေးဘဲ MNDAA လက်မှာ ကုန်းကြမ်း မော်ထိုက်ဂွင်တွေ ကျန်နေသေး တယ်။ လောက်ကိုင်၊ ချင်းရွှေဟော်၊ ပါစင်ကျော်၊ ညံခွမ်း၊ ဟိုပန်ဂွင်တွေမှာလဲ ပျောက်ကျားတပ်တွေအဖြစ် ရှိနေဆဲ၊ သံလွင်အနောက် ဖက်ကနေ မဟာမိတ်တပ်တွေလဲ ကူးဝင်နေဆဲ ဖြစ်တယ်။ ဘာဘဲဖြစ်ဖြစ် အင်အား ၁၀၀၀ နဲ့ စဝင်ခဲ့ တဲ့ MNDAA အပေါ် ကိုးကန့်လူထုထောက်ခံမှု ခိုင်ခိုင်မာမာရသွားပြီး ကိုးကန့်နယ်ထဲမှာ ကောင်းကောင်းအခြေကျ သွားပြီဖြစ်တယ်။ ဗမာစစ်တပ် ရဲ့ လူထုဆန့်ကျင်ရေးနည်းနာတွေကြောင့် တိုင်းရင်းသားတပ်တွေရဲ့ တပ်သားရေ သောက်မြစ်လဲ အားကောင်းသွားပြီ။

နောက်ဆုံးတိုက်ပွဲဖြစ်စဉ်တွေကို ချုပ်ကြည့်ရင် သံချပ်ကား ၂ စီး RPG ထိပြီး ဆုံးရှုံးသွားတယ်။ တပ်မ ၆၆ က ၁၂၈ ယောက်သေ၊ ၂၇၈ ယောက် ဒဏ်ရာရခဲ့တယ်။ ကချင်စစ်မြေပြင်ကပြန်လာပြီး ရက် ၂၀ ပြည့်အောင် မနားလိုက်ရဘဲ စစ်ဆင်ရေးပြန်ထွက်ရတဲ့ တပ်မ ၆၆ ဟာ အထိအနာဆုံးဖြစ်နေတယ်။ ဒါကြောင့် လောက်ကိုင်အရှေ့ခြမ်း စစ်နယ်ဝှန်း ကို ဦးစီးတဲ့ စကခ-၁၆ တပ်မမှူး ဗိုလ်မှူးချုပ်နေဝင်းအောင်ကို တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးကြီးစောမင်းက တော်တော် အစာမကျေဖြစ်နေတယ်။ စစ်လေ့ကျင့်ခန်းတွေ တက်ထားတဲ့ တပ်မ ၃၃ ကလဲ ၈၂ ယောက်သေ၊ ၂၁၄ ယောက် ဒဏ်ရာရခဲ့တယ်။ စကခ ၁ နဲ့ စကခ ၁၆ အထိအခိုက်စာရင်းကိုတော့ စုံစမ်းဆဲဖြစ်ပါတယ်။ MNDAA ရဲ့ ရန်သူ့သက်ရှိ အင်အားချေမှုန်းရေးရည်မှန်းချက် ကောင်းကောင်းအောင်မြင်သွားခဲ့တယ်။ (ဖေဖော်ဝါရီ ၁၀ ရက်က ကုန်းကြမ်းဘက် မှာ တိုက်ပွဲတပွဲထဲ ဗမာစစ်တပ် ခမရ ၅၂၂ က ၃၉ ယောက်ကျခဲ့တယ်လို့လဲ ဗမာစစ်တပ်ကိုယ်တိုင် ခုနောက်ပိုင်းမှာ ဝန်ခံလာရတယ်။)

ဖက်ဒရယ်တပ်မတော်ဘက်ကတော့ ဧပြီ ၈ ရက်နဲ့ ၁၄ ရက်ကြားမှာ ၇ ယောက်ကျပြီး ၄၀ နီးပါးဒဏ်ရာရခဲ့တယ်။ လက်နက်ကြီးတွေ နင်းကန်ပစ်ပေမဲ့ (ဗမာစစ်တပ်ဘက်ကတင်ထားတဲ့ ဓာတ်ပုံတွေမှာ တွေ့ရသလို) မြေအနေအထား အရ ထိရောက်မှုမရှိဘဲ ကျောက်အစတွေပြန်စင်လို့ ဒဏ်ရာများသွားတာဘဲရှိခဲ့တယ်။ ဖေဖော်ဝါရီ ၉ ရက်ကစတွက် ရင်တော့ ကျတာ စုစုပေါင်း ၃၀ ကျော်ရှိပြီး ၇၀ နီးပါး ဒဏ်ရာရခဲ့ပြီဖြစ်တယ်။

ခုတ်ထန်တိုက်ပွဲစဉ်မှာ ဒဏ်ရာသမားများလို့ ကိုးကန့်တပ်က ခွာစစ်ဆင်ဖို့ ဆုံးဖြတ်လိုက်ရတာဖြစ်တယ်။ ၁၄ ရက်ည ကတည်းက ဆုတ်သွားခဲ့တာ ၁၅ ရက်နေ့မှာ အပေါ်ကအသံမကြားတော့မှ ဗမာစစ်တပ်က ကြောက်ကြောက်နဲ့ ဖြေးဖြေးချင်းတက်ပြီး တောင်ကုန်းသိမ်းရတယ်လုပ်တာဖြစ်တယ်။ ကိုးကန့်တပ်မဆုတ်ခင်က လှံစွပ်တပ်တပ် ပင်အပ် တပ်တပ်၊ ကျားထိုးထိုး ချက်ထိုးထိုး ဘယ်လိုမှထိုးမရခဲ့တဲ့ကုန်းတွေဖြစ်တယ်။ ဒါကြောင့် ဗမာပြည်မှာ တခါမှမသုံးဖူးတဲ့ ၁၅၅မမ အပါအဝင် လက်နက်ကြီးတွေ ပုံအောပစ်ပေမဲ့ ကိုးကန့်အလောင်းတွေ ပုံနေတာလဲ မတွေ့ရ၊ သိမ်းရတဲ့ လက်နက်ပစ္စည်း ဆိုတာကလဲ မဖြစ်စလောက်ဘဲ ထုတ်ရှိုးနိုင်ခဲ့ရှာတယ်။ ဗမာစစ်သားအလောင်းတွေကို ဗမာအလံနဲ့ တွဲပြီး ကိုးကန့်ရဲဘော်တွေက မြှုပ်ပေးနေရတဲ့ ဓာတ်ပုံတွေဘဲ အွန်လိုင်းမှာ ပျံ့ခဲ့တယ်။ ဒါလောက် အများကြီး အသေခံပြီး အကြီးအကျယ်တိုက်တာ ရန်သူအလောင်း ၂ လောင်းဘဲ ရလိုက်တယ်ဆိုတဲ့ တရားဝင်သတင်းထုတ်ပြန် ချက်ကြောင့် တပ်တွေထဲမှာ ကွိုင်တက်နေပြီ။

ကိုးကန့်စစ်ပွဲမှာ အသုံးများနေပြီး ကပစ ကမထုတ်နိုင်သေးတဲ့၊ ဒါမှမဟုတ် ရှေ့တန်းမှာဖြုံးတာကို အလျဉ်မှီအောင် ထုတ်မပေးနိုင်တဲ့ အမြောက်ဆံတွေ ကျည်တွေ ဒုံးတွေက အရင်လို တရုတ်ဆီကရဖို့လဲ အလားအလာမရှိ၊ တခြား နိုင်ငံတွေဆီကလဲ ပေါချောင်ကောင်းမရနိုင်တဲ့အခါ နောက်ဆုံးမှာ ပါကစ္စတန်ကြက်တန်းကုလားတွေဆီ မျက်နှာ အောက်ကျို့ပြီး အရေးပေါ်သွားဝယ်ရရှာတယ်။ ပါကစ္စတန်မွတ်တွေကလဲ သူတို့ဆီကထုတ်ပြီး ဘယ်မှရောင်းမရတဲ့ ပါကစ္စတန်-တရုတ်ဖက်စပ် JF-17 တိုက်လေယာဉ် အစီး ၂၀ (အုပ် ၂ အုပ်) ကို ဒေါ်လာသန်း ၇၀၀ နဲ့ ဝယ်ဖို့ ဂျင်းထည့် ပေးလိုက်တယ်။

ကိုးကန့်တိုက်ပွဲဖြစ်တဲ့ကိစ္စ၊ သစ်ခိုးသမားတွေ ဖမ်းမိတဲ့ကိစ္စတွေကြောင့် တရုတ်ကို အညှာကိုင်မိပြီဆိုပြီး ဗမာအစိုးရ ဟာ တရုတ်ပြည်ဘက်ရောက်နေတဲ့ စစ်ပြေးဒုက္ခသည်တွေ ပြန်ပို့ခိုင်းတာ၊ ကျောက်ဖြူကဓာတ်ငွေ့ပို့တဲ့ပမာဏ လျှော့ချ တာတွေ လုပ်လာတယ်။ ဒါပေမဲ့ တရုတ်က ဓာတ်ငွေ့ကို မီးဖိုချောင်သုံးဘဲ လုပ်ပစ်လိုက်လို့ တိုက်ကွက်က မထိရောက် ဘဲ ဖြစ်သွားတယ်။ ဒါကြောင့် တရုတ်ကဆက်တင်းထားပြီး ဗမာအစိုးရကဒီထက်ပိုညစ်လာရင် ကုလလုံခြုံရေးကောင် စီမှာ တင်မယ်လို့ ပြန်ခြိမ်းခြောက်ခဲ့တယ်။ အဲ့လို ဗမာအစိုးရဘက်က တလျှောက်လုံးပေးလာတဲ့ ဗီတိုအာဏာကို ရုပ် သိမ်းမယ့်သဘော ပြန်ဖြဲပြလိုက်တော့ တရုတ်ကိုကန်ချင်ပေမဲ့ တကယ်တန်း အမေရိကန်နဲ့ သပိတ်ဝင်အိတ်ဝင် မဖြစ် သေးတဲ့ ဗမာအစိုးရဟာ ကျောက်ဖြူအထူးစီးပွားရေးဇုံက အဓိကကျတဲ့ ဆိပ်ကမ်းမြေကွက်ကြီးတခုလုံးကို ကျေးဇူးရှင် တရုတ်ဆီ ထိုးအပ်လိုက်ရတယ်။

ဒါ့အပြင် တရုတ်ပြည်နဲ့ဗမာပြည် နယ်စပ်နှစ်ဖက် ခွနေကြတဲ့ (တရုတ်ပြည်ဘက်မှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေတွေ ပေးထားတဲ့) ဂျိန်းဖော၊ ရှမ်း၊ ဝ၊ ပလောင်၊ ကိုးကန့်၊ အခါ၊ လားဟူလူမျိုးတွေအတွက် တန်းတူရေးနဲ့ တည်ငြိမ်ရေး ကိုလိုလားတယ်လို့လဲ တရုတ်က ခတ်တင်းတင်းပြောခဲ့တယ်။ သဘောကတော့ ဝနဲ့မိုင်းလားကို မထိနဲ့ ဆိုတာပါဘဲ။

ဗမာစစ်တပ်ဟာ တောင်ကြောလေးတကြောရဖို့ အဆပေါင်းများစွာသာလွန်တဲ့ လူအင်အား လက်နက်အင်အား ငွေ အင်အားသုံးပြီး တိုက်ပေမဲ့ စစ်ရေးအရကြည့်ရင် ကိုးကန့်နဲ့ မဟာမိတ်တပ်တွေဟာ လဲရှုံးလဲမဖြစ်၊ ကွဲရှုံးလဲမဖြစ်ဘဲ ကြောက်ရှုံးကတော့ အဝေးကြီးဖြစ်နေတယ်။ ဒိုင်တွေအမှတ်နဲ့တွက်ရင်တော့ မင်းအောင်လှိုင်တပ်ဘဲ ရှုံးမှာဖြစ်တယ်။ နိုင်ငံရေးဘက်ကကြည့်ရင်လဲ ဗမာအစိုးရရုပ်သေး ကိုးကန့်အမျိုးသားသစ္စာဖောက်တွေကို လုံးဝအားကိုးမရတော့လို့ ကိုးကန့်ဒေသကို ရာသက်ပန်စစ်အုပ်ချုပ်ရေးအောက် ထားရမယ့်အခြေဆိုက်နေတယ်။ သန်းရွှေ-မင်းအောင်လှိုင်-သိန်းစိန်တို့အနေနဲ့ မနေ့တနေ့ကမှပြန်ပေါ်လာတဲ့ကိုးကန့်ထက် အများကြီးအားပိုကြီး နယ်မြေပိုကျယ် ပိုခိုင်မာ လက်နက်ပိုတောင့် တိုက်စွမ်းရည်ပိုမြင့်တဲ့ ကိုးကန့်မဟာမိတ် UWSA နဲ့ NDAA တို့ကိုလဲ လက်ညှိုးနဲ့သွားတို့ဖို့တောင် မစဉ်းစားရဲတဲ့အခြေ ရောက်သွားပြီ။

ကချင်နဲ့ ၂ နှစ်ကျော်စစ်ပွဲမှာလဲ ဗမာစစ်တပ်ဟာ တသောင်းကျော် သေကြေဒဏ်ရာရသွားခဲ့သေးတယ်။ အခု ကိုးကန့် စစ်ပွဲ ၂ လကျော်မှာတော့ ကချင်နဲ့တိုက်တုံးကထိခိုက်နှုန်းထက် ပိုမြင့်သွားတယ်။ KIA နဲ့စစ်ပွဲဟာ ဗမာစစ်တပ်ရဲ့ အဖြစ်ဆိုးကို ပထမအကြိမ် သံချောင်းခေါက်ပြလိုက်တာဖြစ်ပြီး ကိုးကန့်စစ်ပွဲကတော့ ဒုတိယအကြိမ် သံချောင်းခေါက် ရုံတင်မကဘဲ အရေးပေါ်ဥသြဆွဲတာတောင် ဖြစ်နေပါပြီ။ ဒီဖြစ်စဉ်နှစ်ခုကြားမှာ နာမယ်ကြီး တပ်မ ၇၇ တပ်မ ၈၈ တို့နဲ့ ထိုးစစ်ဆင်နေတဲ့ကြားက ၃ နှစ်အတွင်း လူ ၂၂ ယောက် သေနတ် ၂၂ လက်ကနေ အင်အား ၄၀၀၀ ဖြစ်သွားတဲ့ TNLA ပလောင်တော်လှန်ရေးရဲ့ ကြီးထွားတိုးတက်မှုလဲရှိသေးတယ်။

၆၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တိုင်းစစ်ဌာနချုပ် အတိုက်ခံရတာဟာလဲ နိုင်ငံတကာတပ်မတော်တွေကြားမှာ အင်မတန့်ရှက်စရာဖြစ်သွားပြီး အီရတ် အာဖဂန်တို့နဲ့ တန်းတူဖြစ်သွားတယ်။ လက်ရှိဗမာ့လေတပ်က စစ်လေယာဉ် တွေ ရဟတ်ယာဉ်တွေဟာ ကမ္ဘာမှာ နာမယ်ကြီးအမျိုးအစားတွေဖြစ်ပေမဲ့ စိတ်ဓာတ်အားနည်းပြီး စားကြောဝါးကြောဘဲ ခေါင်းထဲရှိတဲ့ ဗမာပိုင်းလော့တွေက နိမ့်နိမ့်ဆင်းမတိုက်ရဲဘဲ အမြင့်ကြီး အဝေးကြီးကနေဘဲ ဗုံးကြဲတာ၊ ရော့ကက်လွှတ် တာတွေလုပ်လို့ ထိရောက်မှုမရှိဖြစ်နေတယ်။ ဗကပ ခေတ်တုံးက တိုက်ခဲ့ဖူးတဲ့ ကိုးကန့်တပ်မှူးတွေပြောတာက ဟိုတုံးက T-33 လို လေယာဉ်အစုတ်တွေဟာ လေသူရဲမျက်နှာကို မြင်လောက်တဲ့အနိမ့်ထိ မိုက်မိုက်ကန်းကန်းဆင်း လာပြီး စက်သေနတ်ပစ်တာ ရော့ကက်လွှတ်တာတွေလုပ်ခဲ့လို့ အင်မတန်ကြောက်ရတယ်၊ အခု လေယာဉ် ရဟတ် ယာဉ်တွေကတော့ မှိန်မှိန်လေးဘဲတွေ့ရတယ်လို့တောင် ပြောကြတယ်။

လောလောဆယ်မှာတော့ မြင်မကောင်းအောင်ဆိုးဝါးလှတဲ့ သေဆုံးဒဏ်ရာစာရင်းတွေနဲ့ ဒေါ်လာဘဏ္ဍာအဖြုန်း စာရင်းတွေဟာ စာဖတ်နေသူကြီးစားပွဲကို ရောက်သွားပြီဖြစ်လို့ မင်းအောင်လှိုင်ခမြာ ပြဿနာတွေ ခါးစည်းဖြေရှင်းရ မယ့်အခြေအနေ ရှိနေပြီ။ တည်မိတဲ့ဘုရား လဒဘဲနားနား ဆိုပြီး မင်းအောင်လှိုင်ကိုဘဲ အရူးဘုံမြှောက် ဆက်ခိုင်း သည်ဖြစ်စေ၊ နောက်ထပ်သဲပုံစေတီအသစ် ထပ်တည်သည်ဖြစ်စေ တပ်မတော်ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်ရင် အကျိုးထူးမှာ မဟုတ်ပါ။

တိုင်းပြည်က မွဲသထက်မွဲလာတဲ့အချိန်မှာ နိုင်ငံရေးမှာဝင်မရှုပ်တဲ့ Professional Army ဖြစ်ရေးကို ရှောင်လွှဲပြီး Standard Army ဖြစ်ရေးကိုကြွေးကြော်ရင်း စစ်တပ်ကို လက်နက်အား၊ စီးပွားရေးအား၊ ပညာရေးအားစသဖြင့် နင်းကန်ဖို့နေပေမဲ့ လက်တွေ့မှာ Sub-Standard Army ဘဲဖြစ်သွားတဲ့ ဗမာစစ်တပ်ရဲ့ချွတ်ခြုံကျမှုဟာ ဖုံးမရဖိမရ ပေါ်သွားပါပြီ။ ခေတ်မှီလက်နက်တွေ ဘယ်လောက်ဘဲ တပ်ဆင်ထားသည်ဖြစ်စေ၊ ရပ်တည်မှု၊ အမြင် နဲ့ နည်းနာ အောက်နေရင် စစ်မနိုင်နိုင်ဘူးဆိုတာ ပြနေတယ်။

တနည်းအားဖြင့် အရပ်သားရဲ့အထက် နိုင်ငံရေးဦးဆောင်အခန်း၊ ဖက်ဒရယ်ဆန့်ကျင်ရေးစိတ်ဓာတ်နဲ့လူမျိုးကြီးဝါဒ၊ ဗိုလ်ချုပ်အောင်ဆန်း တပ်မတော်ကိုထူထောင်စဉ်က မလုပ်ခဲ့တဲ့ ဒို့တာဝန် ၃ ပါးနဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်၊ စစ်ဗိုလ် ဦးစားပေး မိုးကျရွှေကိုယ်အုပ်ချုပ်ရေး စီးပွားရေး လူမှုရေး ဘာသာရေးလက်ဝါးကြီးအုပ်စနစ်၊ ခေတ်မှီစစ်တပ်တွေမှာ ရှိရမယ့် စစ်ဘက်ဆိုင်ရာ Accountability နဲ့ Transparency ကင်းမဲ့မှုကပေါက်ဖွားလာတဲ့ တပ်တွင်းအကျင့်ပျက်ခြစား စနစ် တပ်တွင်းအဓမ္မလုပ်အားပေးစနစ်နဲ့ လက်နက်အားကိုးပြီး လူထုဆန့်ကျင်ရေး ဗိုလ်ကျရေးတို့ကို ပြုပြင်ပြောင်းလဲမှု မလုပ်သရွေ့၊ Army Reform မလုပ်သရွေ့ တိုက်စွမ်းရည်နဲ့တိုက်ခိုက်ရေးစိတ်ဓာတ် ကျဆင်းပြီး ရှေ့ရှောက်အခြေ အနေပိုဆိုးလာဖို့ဘဲ ရှိပါတော့တယ်။ အဇ္ဇရေးနိုင်ငံငယ်ကလေးကို နိုင်အောင်မတိုက်နိုင်တဲ့ အဆင့်မြင့်အာရပ်စစ်တပ် ကြီးတွေလို ဖြစ်လာပါလိမ့်မယ်။

သန်းရွှေ-သိန်းစိန်-မင်းအောင်လှိုင်တို့ရဲ့ ဗမာစစ်တပ်ဟာ လူအင်အား လက်နက်အင်အား ဘဏ္ဍာအင်အား ပုံအောသုံး စစ်ဆင်ပြီး လူမျိုးရေးမှိုင်းတိုက် အကုန်လု အကုန်သတ် အကုန်ရှို့တဲ့ မြေလှန်စနစ်ကျင့်သုံးနေပေမဲ့၊ သူ့တပ်တွေကိုလဲ သီးစုံထောပတ်ထမင်းလေးနဲ့ ချော့နေပေမဲ့ ဒေသခံတိုင်းရင်းသားတပ်တွေကို ဘယ်လိုမှအမြစ်မဖြုတ်နိုင်ဘဲ၊ MNDAA TNLA AA ကိုးကန့် ပလောင် ရခိုင်တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် FUA အလံဟာ ကိုးကန့်နယ်မြေမှာ တလူလူလွင့်ပျံပြီး UNFC ရဲ့ တိုင်းရင်းသား တန်းတူရေး၊ ဖက်ဒရယ်ရေးနဲ့ ငြိမ်းချမ်းရေးမူကို အခိုင်အမာကျောထောက်နောက်ခံပေးနေပြီ ဖြစ်ပါတယ်။

အောင်သဇင် –(မိုးမခ) ဧပြီ ၂၀၊ ၂၀၁၅

0 comments: