Wednesday, April 1, 2015

" ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့်တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ တို့၏ ပူးတွဲ သတင်းထုတ်ပြန်ချက် "

၂၀၁၅ ခုနှစ်၊ မတ်လ (၃၁) ရက် ရန်ကုန်မြို့

၁။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မူကြမ်း ရရှိနိုင်ရန် သတ္တမအကြိမ်မြောက် နှစ်ဖက်ညှိနိုင်း ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းဗဟို ဌာန (MPC) တွင် ၂၀၁၅ ခုနှစ်၊ မတ်လ ၁၇ မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ပြီး၊ မတ်လ ၃၀ နှင့် ၃၁ ရက်များ၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

၂။ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ တို့၏ သတ္တမ အကြိမ် ဆွေးနွေးပွဲ အပြီးတွင် အခန်း ၇ ခန်း၊ အပိုဒ် (၃၃) ပိုဒ် ပါ သဘောတူ စာချုပ် (အတည်ပြုမူကြမ်း)ကို နှစ်ဘက် သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ပါသည်။

၃။ ဤဆွေးနွေးပွဲမှ ရရှိထားသော သဘောတူစာချုပ်(အတည်ပြုမူကြမ်း)ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီသို့ လည်းကောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ က သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင် များထံသို့ လည်းကောင်း တင်ပြအတည်ပြုချက် ရယူကြမည် ဖြစ်ပါသည်။

၎။ အတည်ပြုချက်များရယူပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးမည့် အချိန်၊ နေရာ နှင့် ပါဝင်လက်မှတ် ရေးထိုးမည့်သူများ၏အမည်စာရင်းကို နှစ်ဖက်ဆက်လက်ညှိနှိုင်း သတ်မှတ်သွားမည် ဖြစ်ပါသည်။ ၅။ ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရန် နှစ်ဖက်မှ ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်း ထုတ်ပြန် အပ်ပါသည်။

0 comments: