Monday, March 9, 2015

သမ္မတ၊ ကာချုပ်တို့နှင့် KIO၊ TNLA,တို့ ပထမအကြိမ် တွေ့ဆုံမှု လိုင်ဇာပစ်ခတ်မှုကိစ္စ ဆွေးနွေးမည်

သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)တို့ မတ်လ မတ်လ ၁၂ ရက်တွင် နေပြည်တော်၌ ပထမဆုံးအကြိမ် တွေ့ဆုံကာ စက်တင်ဘာလက တေ့ဆုံမှု ရပ်သွားသည့် ကိစ္စအပါအဝင် လိုင်ဇာဗိုလ်သင်တန်းကျောင်း ပစ်ခတ်မှုများကို ဆွေးနွေးနိုင်ကြောင်း ကေအိုင်အို အရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။

“နေပြည်တော်မှာ ၁၂ ရက်နေ့ တစ်ည နားမယ်။ နားတဲ့အချိန်မှာ ဘယ်သူတွေနဲ့ တွေ့မယ်ဆိုတာတော့ မသိဘူး။ ကျနော်တို့ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်တွေ အားလုံး ၁၀ ယောက်လောက်ပါမယ်။ စက်တင်ဘာကနေ တွေ့ဆုံဆွေးနွေးမှု ရပ်သွားတဲ့ကိစ္စ ပြန်ဆွေးနွေးနိုင်ဖို့တွေ၊ လိုင်ဇာဗိုလ်လောင်းတွေ သေဆုံးတဲ့ကိစ္စတွေ ပါမယ်ထင်တယ်”ဟု KIO အရာရှိ တစ်ဦးက ပြောသည်။

KIO ၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာ၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဆရာကြီး ဦးဆွမ်းလွတ်ဂမ် ဦးဆောင်သော အဖွဲ့များ အပါအဝင် ၁၀ ဦးခန့် တက်ရောက်မည်ဟု ဆိုသည်။ KIO ခေါင်းဆောင်များ နှင့်အတူ တအာင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ချုပ် TNLA/PSLF ခေါင်းဆောင်များလည်း ပါဝင်မည်ဖြစ်ကာ အစိုးရ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လိုင်ဇာရှိ TNLA ဗိုလ်လောင်းများ ကျဆုံးသွားမှုအပေါ် အဓိက သွားရောက် ဆွေးနွေးမည်ဟု TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က ပြောသည်။

“ကျွန်တော်တို့ကို သွားဖို့ ခေါ်ထားပါတယ် ကေအိုင်အိုက ။ အဓိက သွားမှာက လိုင်ဇာ ဗိုလ်လောင်းသင်တန်းတုန်းက ကိစ္စတွေဖြေရှင်းဖို့ လိုတယ်။ အဲဒီကိစ္စအတွက် ကံယံကံရှင် ကျနော်တို့ရဲ့ ဗိုလ်လောင်း ရဲဘော်ကျတဲ့ အဲဒါကို ရှင်းပေးဖို့အတွက် ကျွန်တော်တို့ အဲဒီကိစ္စတခုထဲအတွက် လိုက်သွားမှာပါ၊

အဲဒီကိစ္စက သမ္မတနဲ့ မင်းအောင်လှိုင်တို့နဲ့ ဆွေးနွေးရင် ပိုကောင်းပါတယ်။ တခြားကိစ္စတွေက ကေအိုင်အို အပိုင်းပဲ ဖြစ်လိမ့်မယ်။ လောလောဆယ် ကျွန်တော်တို့ လိုက်ပါသွားတာက ဗိုလ်လောင်းကိစ္စ ရှင်းဖို့ပါ”ဟု သူက မဇ္ဈိမကို ပြောသည်။

ဗိုလ်လောင်းများ သေဆုံးမှုနှင့် ပတ်သက်၍ နောက်နောင် မဖြစ်ရစေရန် အဓိက ဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ဆိုသည်။ TNLA/PSLF ဘက်မှ ကိုယ်စားလှယ် သုံးဦး သွားရောက်မည် ဖြစ်သော်လည်း တက်ရောက်မည့် ကိုယ်စားလှယ်များအတွက် ဆွေးနွေးနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၄ နိုဝင်ဘာလ ၁၉ ရက်က KIO ဌာနချုပ် လိုင်ဇာမြို့ရှိ ဗိုလ်လောင်းသင်တန်းကျောင်းသို့ အစိုးရ၏ စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ထိုအထဲတွင် TNLA/PSLF ရဲဘော် ၁၁ ဦး ပါဝင်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့ပါဝင်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ တွေ့ဆုံဆွေးနွေးမှုတွင်လည်း အဆိုပါ လိုင်ဇာ ဗိုလ်လောင်းများ သေဆုံးမှုအပေါ် တစ်စုံတစ်ရာ ဖြေရှင်းပေးရန် တင်ပြထားသည်။

Written by ဖနိဒါ
 ချင်းမိုင် (မဇ္ဈိမ)

0 comments: