
ဆူးလေစေတီအနီးတွင် မတ်လ ၅ ရက်က ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသား
များနှင့် ပြည်သူအချို့ကို အဓိကဖြိုခွင်းခဲ့သည့် လက်ပတ်အနီဝတ်အရပ်သားများ၌
ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အမျိုးသားအချို့ ပါဝင်နေပြီး
၎င်းတို့ထဲမှ အချို့မှာ ဖြစ်စဉ်ကို ဂဃနဏမသိဘဲ လိုက်ပါခဲ့ရကာ ကျောင်းသားများကို ရိုက်မိသည့်အတွက် ပြန်လည် တောင်းပန်လိုကြောင်း မိသားစုဝင်အချို့က 7Day Dailyအား ပြောသည်။

လူမှုကွန်ရက်နှင့် မီဒီယာများတွင် ပျံ့နှံ့နေသော အကြမ်းဖက် ဖမ်းဆီးမှု၌ ထင်ရှားစွာ
ပါဝင်နေ သူအများစုမှာ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ရပ်ကွက်အချို့ တွင် နေထိုင်
သူများဖြစ်သည်ဟု ၎င်းတို့ကိုသိသော ဒေသခံများက အတည်ပြုခဲ့ကြသည်။ ထိုသို့လူ တစ်စုပါဝင်ပတ်သက်ခဲ့ခြင်း ကြောင့် ပြည်သူအများ၏ မုန်းတီး မှုကို ကျန်ဒေသခံများ
က ရောနှောခံစားနေရသည်ဟု ၎င်းတို့က ဆို သည်။
‘‘အဲဒီလို လက်တစ်ဆုပ်စာ လူတစ်စုကြောင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းကပါ ပြော
တာနဲ့ ရန်ကုန်မြို့နေ လူထုက ချဉ်နေကြပြီ။ လူဆိုးလူမိုက်တွေလို့မြင်ပြီး ပေါင်းသင်း
ဆက်ဆံမှုမလုပ်ချင်ကြတော့ဘူး’’ဟု စက်ကလေး ကျေးရွာနေ ဇောတိက နာရေး
ကူညီမှုအသင်းဥက္ကဋ္ဌ ဦးအောင်မင်းကပြောသည်။
မတ်လ ၅ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးလျှင် လူ ၁၅ ဦး ခေါ်ယူခိုင်းခဲ့ကြောင်း ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ ရာအိမ်မှူးတစ်ဦးကပြောသည်။ ကြည့်မြင်တိုင်
တစ်ဖက်ကမ်းတွင် နေထိုင်သူအချို့အား မြို့နယ်တာဝန်ရှိသူများက အဆက်ဆက်
အားကိုးခဲ့ရကြောင်းနှင့် ယခုတာဝန်လက်ပတ်များကို ၀တ်ဆင်ခိုင်းသည်မှာ
နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။ခေါ်ဆောင်ခံခဲ့ရသူအချို့မှာ အုပ်ချုပ်ရေးမှူးများက အခြားကိစ္စများ အကြောင်းပြခေါ်ခဲ့ခြင်းဖြစ်ပြီး မြို့တော်ခန်းမ
အတွင်းရောက်မှသာ ထိုအလုပ်ကို လုပ်ခိုင်းခြင်းဖြစ်ကြောင်း ကိုယ်တိုင် လိုက်ပါခဲ့သူ
တစ်ဦးကပြောသည်။
7 Day က အကြမ်းဖက်ဖြိုခွင်းမှုတွင် ပါဝင်ခဲ့သူ ၁၀ ဦးကျော်၏ နေရပ်လိပ်စာကိုသိခဲ့ပြီး
ငါးဦး၏ အမည်နှင့် နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို ရရှိထားသည်။‘အမှန်တကယ် ဒါလုပ်ရ
မယ်လို့ မသိခဲ့ဘူး။ ဟိုရောက်တော့မှ မြို့တော်ခန်းမထဲပိတ်ထားပြီး လူအုပ်ထဲကို အတင်း ထိုးထည့်လိုက်တာ။ အဲဒီအတွက် ငွေကြေးတစ်စုံတစ်ရာ မရခဲ့ပါဘူး’’ဟု လက်ပတ်
အနီဝတ် အမျိုးသားတစ်ဦးက မတ်လ ၇ ရက်တွင် ပြောသည်။
၎င်းအမျိုးသားမှာ လူသိရှင်ကြား ပြန်လည်တောင်းပန်လိုကြောင်း၊ ၎င်းအနေဖြင့်
ကျောင်းသားများကို ယခုလိုရိုက်နှက်ရန် မစဉ်းစားခဲ့ကြောင်းနှင့် မိမိတို့ ပတ်ဝန်းကျင်
ကလည်း မိမိတို့ကို ၀ိုင်းဝန်းအပြစ်တင်နေကြောင်း ၎င်း၏ ဇနီးက 7DAY Daiily
အား ပြောသည်။
‘‘ကျွန်မဗိုက်ထဲက မွေးလာမယ့် ကလေးတွေအတွက် အခုလို သူ့အဖေ
ကို နာမည်ဆိုးမဖြစ်စေချင်ဘူး။ အမှန်တကယ် ဒီလိုလုပ်ဖို့လည်း ကျွန်မယောက်ျားမှာ ဆန္ဒလည်းမရှိဘူး။ နှစ်ဖက်အသိုင်းအ၀ိုင်းကလည်း ဒီလိုကိစ္စကို လက်မခံဘူး’’ဟု
လက်ပတ်အနီဝတ်အရပ်သားများတွင် ပါဝင်ခဲ့သူတစ်ဦး၏ ဇနီးကဆိုသည်။
ထို့ကြောင့် အဆိုပါအမျိုးသားအပါအ၀င် အနီရောင်လက်ပတ်ဝတ်အရပ်သားများတွင် ပါဝင်သူနှစ်ဦးအား 7DAY က မတ်လ ၈ ရက်တွင် သီးသန့် ထပ်မံ တွေ့ဆုံမေးမြန်း
ရန်သွားရောက်ရာ တွေ့ခွင့်မရတော့ပေ။
‘‘မီးဘေးတုန်းက သွားလှူခဲ့တဲ့နေရာက
သူတွေက ဒီကိစ္စမှာ ပါလာတယ်ဆိုတော့ လှူရတာ အဆိပ်ပင်ရေလောင်းသလို
ဖြစ်တယ်ဆိုပြီး ကျောင်းသားတွေ ပြောတာကြားရတော့ စိတ်မကောင်းဘူး။ လူနည်းစု
ပဲဆိုတာ သူတို့တွေသိစေချင်တယ်’’ဟု လူအနည်းစု ပါဝင်ခဲ့ခြင်းကြောင့် ရပ်ကွက်ရှိ
ပြည်သူအများစုအပေါ် အထင်သေးခံနေရခြင်းနှင့် ပတ်သက်၍ စက်ကလေးကျေးရွာမှ ကိုတင်ထွန်းအောင်ကပြောသည်။
လက်ပတ်အနီဝတ် တာဝန်အတွက် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊
ဆယ်အိမ်မှူးနှင့် နီးစပ်သူများကို ခေါ်ခဲ့ကြောင်း ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး
တစ်ဦးက ပြောသည်။ထိုအမျိုးသားကဲ့သို့ပင် အရပ်သားအချို့မှာလည်း အုပ်ချုပ်ရေးမှူးက အတင်းအဓမ္မခေါ်ယူခြင်းနှင့် လိမ်ညာခေါ်ယူမှုများ ရှိခဲ့သည်။ ထိုသို့ မလိမ့်တစ်ပတ်
ခေါ်ယူခြင်းသည် လူကုန်ကူးမှု မြောက်ကြောင်းနှင့် လူကုန်ကူးမှု ဥပဒေဖြင့် ပြန်လည်
တရားစွဲဆိုနိုင်ပြီး ခေါ်ယူသည့် အုပ်ချုပ်ရေးမှူးသာ တာဝန်ယူရမည်ဟု တရားလွှတ်တော်
ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံမှ လူများကို နိုင်ငံတော်အစိုးရက အသိအမှတ်
မပြု သလို လက်ရှိအာဏာရပါတီမှလည်း တာဝန်မခံကြောင်း၊ ယင်းတို့ကို ရှေ့နေများ
ကွန်ရက်မှ ကာယိနြေ္ဒပျက်ပြားစေမှု၊ နာကျင်စေမှုများဖြင့် တရားစွဲသွားမည် ဖြစ်ကြောင်း
၎င်းက ဆက်လက် ပြောသည်။‘‘တရားဥပဒေစိုးမိုးဖို့ ဥပဒေ လိုက်နာအောင် လုပ်တဲ့
သူတွေမှာ တာဝန်ရှိတယ်။ ဘယ်ကမှန်းမသိတဲ့ လက်ပတ်နီကို လက်မခံဘူး။ ဥပဒေ
အထက်မှာ ဘယ်သူမှ မရှိစေရဘူး’’ဟု ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးကပြောသည်။
ရန်ကုန်မြို့တော်ခန်းမကဲ့သို့ နေရာမျိုးတွင် ရမ်းကားပြီး ဥပဒေမဲ့လုပ်ရပ်ကို ပြည်ထောင်စု အစိုးရအနေဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရကသော်လည်းကောင်း တာဝန်ယူသင့်ကြောင်းနှင့် ဥပဒေနှင့်မညီကြောင်းကို သတ္တိရှိရှိဝန်ခံသင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။
ပြည်သူကို မလိမ်ညာဘဲ ရိုးသားစွာ ဆက်ဆံသင့်ကြောင်းနှင့် အုပ်စုဖွဲ့ရမ်းကားမှုကို
အစိုးရအနေဖြင့် တာဝန်မခံပါက အစိုးရအနေဖြင့် ရှေ့အလားအလာမကောင်းနိုင်ကြောင်း ၎င်းကဆိုသည်။
ရန်ကုန်မြို့နေ ပြည်သူများမှာ အဆိုပါကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ ဒေသခံများအပေါ် ယခင်ကာလများကပင် အထင်အမြင်သေးစွာ ခွဲခြားဆက်ဆံခံနေကြပြီး ကျောင်းသား
ဆန္ဒပြမှုများကို အကြမ်းဖက်ဖမ်းဆီးရာတွင် အဆိုပါဒေသခံအချို့ ပါဝင်ကြောင်း သတင်း
များပျံ့နှံ့ခဲ့ပြီး နောက် ၎င်းတို့အပေါ် အထင်အမြင်သေးမှုများ ထပ်မံမြင့်တက်လာမည်
ကို ဒေသခံများကစိုးရိမ်နေကြကြောင်း ပြည်သူအချို့က ပြောသည်။
သို့သော် လက်ပတ်အနီဝတ်သူများမှာ ငြိမ်းချမ်းရေးကို လိုလားသော ပြည်သူများနှင့် အထောက်အကူပြုအဖွဲ့များသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အထွေထွေ
အုပ်ချုပ်ရေးမှူးက မတ်လ ၅ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဆိုခဲ့သည်။
သတင်း-ထွန်းထွန်းမင်း၊
မိုးမင်ဒး ( 7 Day )
0 comments:
Post a Comment