Saturday, March 7, 2015

လှည်းတန်းဆန္ဒပြပွဲအောင်မြင်စွာပြီးဆုံး!


လှည်းတန်းမှာ လူထုက စွမ်းအားရှင်တွေကို အနီးကပ်စောင့်ကြည့်ပြီး ကျောင်းသားကို ဝိုင်းရံခဲ့ပြီ
ဆန္ဒပြပွဲ မစခင်မှာ ဒိုင်နာ ၃စီးနဲ့ စွမ်းအားရှင် ၅ဝလောက်ဟာ ကျောင်းသားဆန္ဒပြပွဲ မတိုင်ခင် နေ့လည် ၃နာရီလောက်မှာ လှည်းတန်းစိန်ဂေဟာအနီးမှာ ကားတွေရပ်ထားလိုက်ပါတယ်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက မာဇဒါဂျစ်နဲ့ရောက်လာပြီး အဲဒီလူအုပ်ကို ညွှန်ကြားချက်တွေ ပေးပြီး ကိုယ်ယောင်ဖျောက်၊ လူခွဲနေဖို့ ပြောပါတယ်။
ရပ်ကွက်နေပြည်သူတွေ၊ ဈေးသူဈေးသားတွေ ရာပေါင်းများစွာ လှည်းတန်းလမ်းမပေါ်ကို အကုန်ထွက်လာပြီး စွမ်းအားရှင်တွေကို စောင့်ကြည့်လိုက်ပါတယ်။
ကျောင်းသား ၄ဝလောက်ဟာ ၄နာရီခွဲမှာစိန်ဂေဟာထဲကထွက်လာပြီး ခွပ်ဒေါင်းအလံကိုလွှင့်လိုက်တယ်။
အကြမ်းဖက်မှုရပ်ဆိုတဲ့ ဗီနိုင်းကို ဖြန့်ချလိုက်တဲ့အချိန်မှာ အနီးအနားက ပြည်သူလူထု ၁ဝဝလောက်က ဝင်ရောက်ကြွေးကြော်ပြီး ကျောင်းသားဆန္ဒပြမှုနဲ့ ပူးပေါင်းလိုက်ပါတယ်။
အဲဒီအချိန်မှာ ကျောင်းသားတွေက တရားဟောပြီး Hledan Center ဆီဦးတည်လမ်းလျှောက်ချိန်မှာ ပြည်သူတစ်ထောင်လောက်ဟာ စွမ်းအားရှင် ၅ဝလောက်ကို စောင့်ကြည့်နေကြတဲ့အတွက် စွမ်းအားရှင်တွေဟာ ကိုယ်ယောင်ဖျောက်ပြီး ပျောက်သွားပါတယ်။
စိန်ဂေဟာဘေး လမ်းခြားထဲမှာ ရာနဲ့ချီစုဝေးနေတဲ့ စွမ်းအားရှင်တွေကို ဆန္ဒပြပွဲ ဖြိုခွင်းနှိမ်နင်းဖို့ လုံးဝထွက်မလာခဲ့ပါဘူး။
ပြည်သူလူထုအများစုက ကျောင်းသားဆန္ဒပြမှုကို မပူးပေါင်းဘဲ စွမ်းအားရှင်တွေရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ကျောင်းသားတွေဟာ Hledan Center မှာရှိတဲ့ အီးယူရုံးခန်းရှေ့မှာတော့ ကျောင်းသားတွေက မြန်မာရဲတွေကို လေ့ကျင့်သင်ကြားပေးတဲ့ အီးယူ (ဥရောပသမဂ္ဂ) ကို ကန့်ကွက်ရှုတ်ချပြီး စွမ်းအားရှင်နဲ့ ရဲတွေရဲ့ မတ်လ ၅ရက် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အီးယူမှာလည်း တာဝန်မကင်းဘူးလို့ ပြောပါတယ်။
အဲဒီမှာ ကမာရွတ်မြို့နယ် ထွေအုပ်အရာရှိနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရောက်လာပြီး ဥပဒေနဲ့ မညီညွတ်လို့ လူစုခွဲပေးဖို့ ပြောတယ်။
ကျောင်းသားတွေက ဆန္ဒထုတ်ဖော်ခွင့်ဟာ မွေးရာပါအခွင့်အရေးဖြစ်တယ်လို့ ပြန်ပြောတဲ့အခါမှာ ရဲနဲ့ထွေအုပ်တို့ ပြန်လည်ထွက်ခွာသွားပါတယ်။
ကျောင်းသားတွေဟာ အကြမ်းဖက်မှုကို ကန့်ကွက်ရှုတ်ချတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ပြီး ဆန္ဒပြမှုကို ရုတ်သိမ်းလိုက်ပါတယ်။ အဲဒီအချိန်မှာ အနီးအနားက ပြည်သူထောင်နဲ့ချီပြီး လက်ခုပ်လက်ဝါးတီး အားပေးချိန်မှာပဲ လူစုခွဲ အဆုံးသတ်လိုက်ပါတယ်။
-
(ကမာရွတ်မီဒီယာသတင်းထောက်ရဲ့ မျက်မြင်ကိုယ်တွေ့မှတ်တမ်း)

0 comments: