Tuesday, March 3, 2015

ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း(ပင်မ) ၏သဘောထားထုတ်ပြန်ချက်


လက်ပံတန်းမြို့ရှိ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း(ပင်မ)မှ သပိတ်မှောက်ကျောင်းသားများသည် ရဲတပ်ဖွဲ့များ တားဆီးပိတ်ပင်ထားသည့်နေရာ၌ ယနေ့ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး သဘောထားကြေငြာချက် ထုတ်ပြန်ခဲ့ပါသည်။

ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း(ပင်မ) ၏သဘောထားထုတ်ပြန်ချက်


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ဦးဆောင်ပြီး အမျိုးသားပညာရေးဥပဒေကို ပြုပြင်ပြောင်းလဲပေးရန် ရည်ရွယ်ပြီး တောင်းဆိုသပိတ်မှောက်နေကြသော ဒီမိုကရေစီပညာရေး ပင်မသပိတ်မှောက် စစ်ကြောင်းသည် လက်ပံတန်းမြို့တွင် စခန်းချနေရမှ မတ် ၃ ရက်မှစတင်ကာ ပြန်လည်ထွက်ခွာ ချီတက်ခဲ့သည်။



ကျွန်တော်တို့အနေဖြင့် မိဘပြည်သူများအားလုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲများအတွက် စိုးရိမ်ပူပန်မူ လျော့ကျစေရန် လည်းကောင်း၊ လွှတ်တော်အတွင်း အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်မူသည် မူကြမ်းအား အတည်ပြုပေးသည့် လုပ်ငန်းစဉ်များကို စောင့်ကြည့်နိုင်ရန်အတွက်လည်းကောင်း၊ မိမိတို့သပိတ်ကို စောင့်ကြည့် သပိတ်လုပ်ငန်းစဉ်အဖြစ် ပုံသဏန်ပြောင်းလဲ ရန်ရည်ရွယ့်ပြီး တောင်းဆိုချက် ၈ ချက် ကိုတောင်းဆိုခဲ့သည်။



(၁) ပင်မသပိတ်စစ်ကြောင်းသည် မတ် ၃ ရက် နံနက်ပိုင်းတွင် လက်ရှိတည်းခိုနေသော လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းတိုက်မှ သာယာဝတီမြို့နယ်အထိ လမ်းလျှောက်ချီတက်မည်၊ ချီတက်ရာတွင် သပိတ်ပုံစံဖြင့် ချီတက်မည်၊ ကြွေးကြော်သံများဖြင့် ချီတက်မည်၊
(၂) သာယာဝတီတွင် ညအိပ်နားနေပြီး နောက်နေ့နံနက်တွင် ရန်ကုန်သို့ ထွက်ခွာမည်၊ ရန်ကုန်သို့ ချီတက်ရာတွင် လမ်းလျှောက်ချီတက်မည် မဟုတ်ဘဲ ကားဖြင့်သွားမည်၊
(၃) ရန်ကုန်သို့ချီတက်သည့် ကားများတွင် သမဂ္ဂခွပ်ဒေါင်းအလံကို လွှင့်ထူသွားမည်၊
(၄) ချီတက်သည့် ကားများတွင် လမ်းတစ်လျှောက်ဖွင့်လာသော သီချင်းများအား ဖွင့်သွားမည်၊
(၅) ရန်ကုန်သို့သွားမည့် ကားများအား အမြန်မောင်းနှင်မည် မဟုတ်ဘဲ ပုံမှန်အတိုင်း မောင်းနှင်မည်၊
(၆) ရန်ကုန်သို့ ရောက်ရှိပါက ရွှေတိဂုံရင်ပြင်တော်ပေါ်ရှိ ပထမကျောင်းသားသပိတ် ဖြစ်ပွားချိန်တွင် အထိမ်းအမှတ်အဖြစ် စိုက်ထူထားသော ကျောက်တိုင် (သို့မဟုတ်) ရန်ကုန်တက္ကသိုလ် ၀င်းအတွင်းရှိ သမဂ္ဂရင်ပြင်ရှိ ဗိုလ်အောင်ကျော် ကျောက်တိုင်သို့ လည်းကောင်း သွားရောက်မည်ဖြစ်သည်၊
(၇) အဆိုပါ နေရာများသို့ ရောက်ရှိပါက အချိန်တို အခမ်းအနားတစ်ခု ပြုလုပ်မည်၊
(၈) ယင်းကဲ့သို့ အစီအစဉ်များ ပြီးဆုံးပါက မိမိတို့ အစီအစဉ်ဖြင့် လူစုခွဲပြီး နေရပ်အသီးသီးသို့ ပြန်မည်။






ယင်းတောင်းဆိုချက်များလုပ်ဆောင်နိုင်ရန်အတွက် လက်ပံတန်းမှ သာယာဝတီ၊ ထိုမှတဆင့် ရန်ကုန်သို့ ငြိမ်းချမ်းစွာ အိမ်ပြန်ခရီးကိုစတင်နေချိန်တွင် ရဲတပ်ဖွဲ့အင်အားဖြင့် တားဆီးခြင်းများကြုံတွေ့နေရကြောင်း၊ မိမိတို့ခရီးစဉ်သည် လက်နက်မဲ့အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာအိမ်ပြန်နေသောခရီးဖြစ်သည့်အတွက် ဖမ်းဆီးလုပ်ဆောင်ထားခြင်း၊ အကြမ်းဖက်ဖြိုခွင်းခြင်း၊ ဆက်လက်တားဆီးခြင်းများမပြုလုပ်ဘဲ အဆင်ပြေချောမွေ့စွာ ညှိနှိုင်းဆောင်ရွက်ပေးရန် သက်ဆိုင်ရာအစိုးရသို့ပန်ကြားအပ်သည်။


0 comments: