ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အစိုးရတပ် နဲ့ တီအန်အယ်လ်အေ
တအာင်းပလောင်တပ်ဖွဲ့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ရွာသားတွေ
သေဆုံးဒဏ်ရာရကြသလို ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာသားတွေ လည်း
ထောင်ချီ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက် နဲ့ ၃ ရက်မှာ တိုက်ပွဲပြင်းထန်ပြီး
စစ်တပ်က လေ ယာဉ်ပေါ်ကနေ ပစ်ချတဲ့ ကျည်ဆန်ကြောင့် ကိုယ်ဝန်ဆောင်မိခင် ၁
ဦးနဲ့ ရွာသား ၁ ဦး သေဆုံးပြီး ကလေး ၂ ဦး နဲ့ လူကြီး ၁ ဦး ဆေးရုံပို့ထား
ရတယ်လို့ တအာင်းအမျိုး သမီးအဖွဲ့အစည်း အထွေအထွေ အတွင်းရေးမှူး
ဒီဒီပို့ကျိန်းက ပြောပါတယ်။
TNLA
“၃ ရက်နေ့တိုက်ပွဲမှာ ပန်ထိကဆိုတဲ့ရွာက ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး
သေဆုံးပါတယ်။ နောက် အဲဒီရွာကပဲ တခြားအမျိုးသားတယောက်လည်း
ဗိုက်မှာဒဏ်ရာရပြီးမှ သေဆုံးတယ်။ ကလေး ၂ ယောက်ကလည်း ဗိုက်မှာထိတယ်။
မြတ်စေတနာလူမှုကူညီရေးအသင်းက မန္တလေးဆေးရုံကို ခေါ်သွားပါတယ်၊ နောက်ထပ်ရွာသား
တယောက်က မိုးကုတ်ဆေးရုံမှာ။”
ဒါ့အပြင် မိုးကုတ် နဲ့ မိုးမိတ် မြို့နယ် ၂ ခုကြားက ရွာတွေဖြစ်ကြတဲ့
လွယ်ဆာ၊ လွယ်လင်၊ ပန်ခါ၊ ရွှေညောင်ပင် ဆိုင်လင်၊ လွယ်ဟိန်း၊ ပိန်းပျစ်၊
ပန်တင်ဟုန်း၊ ပန်ထိက စတဲ့ ရွာက လူတွေလည်း တောထဲကို တချို့၊ မြို့ပေါ်
ဘုန်းကြီးကျောင်းတွေကို တချို့ ထွက်ပြေးလာတယ်လို့ သူကဆက်ပြောပါတယ်။
ထွက်ပြေးလာတဲ့ ရွာသားပေါင်း ၂ ထောင်လောက်ရှိမယ်လို့ ခန့်မှန်းရပြီး
မိုးကုတ် အရှေ့ရွာ ဘုန်းကြီးကျောင်း၊ လယ်ဦးအောင်တော်မူ၊ ပိတ်စွယ်၊
ညောင်လေးပင်၊ ရှမ်းကျောင်း၊ ဘုရားငါးဆူ နဲ့ အောင်မင်္ဂလာ အစရှိတဲ့
ဘုန်းကြီးကျောင်းတွေမှာ ၀င်ရောက်ခိုလှုံနေတယ်လို့ သူကဆက်ပြောပါတယ်။
ရွာသားတွေအတွက် စားနပ်ရိက္ခာကို ဘုန်းကြီးကျောင်း၊ မိုးကုတ်မြို့ခံတွေနဲ့
ကြက်ခြေနီ၊ မြို့နယ်အုပ်ချုပ်ရေးဌာနအပြင် လူမှုရေးအဖွဲ့အစည်းကလည်း
လာရောက်ထောက်ပံ့ လှူဒါန်းကြ တယ်လို့ ဆိုပါတယ်။
မြို့ပေါ်မရောက်ဘဲ နီးစပ်ရာ ဆွေမျိုးအိမ်နဲ့ တောထဲမှာ၊ လယ်တဲတွေမှာ
သွားနေနေကြတဲ့ ရွာသားတွေလည်း ရှိတယ်လို့ ဒီဒီပို့ကျိန်းက ပြောပါတယ်။
မိုးကုတ်မြို့နယ် ကတွတ်သျှို ရွာဦးကျောင်းတိုက်က ဆရာတော် ဦးအာစရကလည်း
တောထဲမှာ ရှိတဲ့ ရွာသားတွေကို သွားရောက်ကယ်ထုတ်ခဲ့ကြောင်း မိန့်ပါတယ်။
“ရွှေညောင်ပင် နဲ့ ဆိုင်းလိင်ဆိုတဲ့ ရွာ ၂ ရွာက တိုက်ပွဲကြားမှာ
ပိတ်မိနေတာလေ။ အဲဒါရွာသားတွေက မနေရဲဘဲ တောထဲထွက်ပြေးတယ်။
ဒဏ်ရာရတဲ့လူတွေလည်း ရှိတယ်ဆိုလို့ တိုက်ပွဲငြိမ်သွားတာနဲ့ ဦးဇင်းတွေက
တောထဲကလူတွေလိုက်ခေါ်တာ၊ တရုတ်ရွာက တယောက်ဆို လယ်တောထဲမှာ ဒဏ်ရာတွေနဲ့
လဲနေတယ်။ သူ့လက်မောင်းနဲ့ ရင်ဘတ်မှာ ကျည်ဆန်ထိတယ်၊ သွေးထွက်လွန်ပြီး
သတိမေ့သလိုဖြစ်နေတာ၊ ဆိုင်ကယ်နဲ့ တင်လာရတယ်။”
အဲဒီတရုတ်ရွာကပဲ ကျည်သင့်တဲ့ တခြား အမျိုးသားတဦး သေဆုံးသွားတယ်လို့ ဆရာတော်က မိန့်ပါတယ်။
သူတို့ကျောင်းတိုက်ကနေ တဆင့် မိုးကုတ်ဆေးရုံကို ပို့ဆောင်ပေးရသူ လူနာ ၃ ဦးရှိပြီး နောက် ၂ ဦးက အခြားရွာ က လာတာလို့ ဆိုပါတယ်။
မိုးကုတ် – မိုးမိတ်ကားလမ်း အရှေ့ဘက်မှာ တပ်မတော်စစ်ကြောင်းက နယ်
မြေရှင်း လင်းရေးလုပ်ရင်း ဖေဖော်ဝါရီ ၂ ရက် နဲ့ ၃ ရက်မှာ တီအန်အယ်လ်အေ
တအာင်း တပ်နဲ့ တိုက်ပွဲဖြစ်ပြီး အစိုးရတပ်ဘက်က စစ်သည် ၅ ဦး ကျဆုံး ၃ ဦး
ဒဏ်ရာရခဲ့ကြောင်း၊ တီအန်အယ်လ်အေ က်က အလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်းတွေ
သိမ်းဆည်း ရမိ တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
သတင်းရင်းမြစ် - ဒီဗွီဘီ