
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ ဒီနေ့မနက် ၆ နာရီကစပြီး
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရစစ်တပ် အကြား
တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။
ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ရဲ့နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့ ပြောခွင့်ရ
ဦးဒေါင်ခါးက“တိုက်ပွဲက မနက်ကတည်းကဖြစ်နေတာ အခုအချိန်အထိပဲ။
လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ပြီး အစိုးရစစ်တပ် က အခု ကျနော်တို့
နယ်ထဲအထိ ကျွံလာလို့ တိုက်ပွဲက ပိုပြင်းထန်လာတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
တိုက်ပွဲတွေဟာ ဖားကန့်မြို့နယ် အောင်ဘာလေ ကျေးရွာအနီးမှာဖြစ်ပြီး KIA
တပ်မဟာ ၂ မှ တပ်ရင်း (၆) တပ်ဖွဲ့ဝင်တွေနဲ့ အစိုးရ စစ်တပ် တပ်မ ၆၆
လက်အောက်ခံ တပ်ရင်းတွေ နှစ်ဖက်ပစ်ခတ် နေ ကြတာကြောင့် ဘေးလွတ်ရာကို
ရှောင်ပုန်းလိုနေကြတဲ့ ဒေသခံ ရွာသားတွေလည်း အခက်ကြုံနေရတယ်လို့ ဒေသခံတွေက
ဆိုပါတယ်။
“တိုက်ပွဲက ရွာနားမှာ ဖြစ်နေတာဆိုတော့ အောင်ဘာလေ ရွာသားတွေတော်တော်လေး
စိုးရိမ်ထိတ်လန့်နေ ကြတယ်။ ဖားကန့်မြို့ဘက်ကို ထွက်ပြေးဖို့ရာကလည်း
နှစ်ဘက်တိုက်ပွဲက လမ်းမှာပိတ်ဖြစ်နေတာ ဆိုတော့ ထွက်မရကြဘူးဖြစ်နေတယ်။
အခုတော့ သူတို့ရွာက ဘုရားကျောင်းမှာပဲ စုနေကြတယ်” လို့ ဒေသခံတဦးက
ပြောပါတယ်။
မနေ့ မနက်ပိုင်းက ဝှေခါ ကားလမ်းပေါ်မှာ ကချင်ပြည်နယ်
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်နဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦးကို KIA က
ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ နှစ်ဖက်တပ်တွေအကြား အခုလို တိုက်ပွဲ
တွေ ပြန်ဖြစ်နေတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်နဲ့
လုံခြုံရေးအဖြစ်လိုက်ပါသွားတဲ့ ရဲတပ်ဖွဲ့ ဝင်သုံးဦးဟာ မိုးကောင်း –
ကာမိုင်း – ဖားကန့် လမ်းကြောင်းအား စစ်ဆေးကြည့်ရှုဖို့
ရောက်ရှိနေတာဖြစ်ပြီး ဖားကန့် – ဆိတ်မူ – ဝှေခါ – ညောင်ပင် – လုံးတုံး –
ဟိုပင် လမ်းကြောင်း အတိုင်း ထွက်ခွာလာစဉ် မနေ့က ၁၁ နာရီခွဲခန့်မှာ KIA
အဖွဲ့က သေနက်ပစ်ဖောက်တားဆီးပြီး ဝန်ကြီးကို စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ကာ
ပြန်လွှတ်ပေးခဲ့ပေမယ့် လုံခြုံရေးအဖြစ် လိုက်ပါဆောင်ရွက်တဲ့ ဒုရဲအုပ်
မြင့်စိုး ဦးစီးတပ်ဖွဲ့ဝင် သုံးဦးကိုတော့ လက်နက်ခဲယမ်းတွေနဲ့ အတူ
ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ ဒီကနေ့ထုတ် မြန်မာအလင်း သတင်းစာမှာ
ဖော်ပြထားပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်သုံးဦးကိုလည်း ပြန်လွှတ်ပေးဖို့ KIO ဗဟိုဌာနချုပ်က အကြောင်းကြားထားပြီးဖြစ်လို့ လွှတ်ပေးဖို့ ပြုလုပ်နေစဉ်မှာ အစိုးရဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်လာတာလို့လည်းဆိုပါတယ်။
အစိုးရ တာဝန်ရှိသူတွေက ဖမ်းဆီးခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်သုံးဦး
ပြန်လွှတ်ပေးရေး မြစ်ကြီးနားမြို့ စီတာ ပူရပ်ကွက်ရှိ ပဋိပက္ခ ဖြေရှင်းရေး
ညှိနှိုင်းရေး အဖွဲ့ဝင် ဒုဗိုလ်မှူးကြီးအဆင့်ရှိ ဦးနော်ဒီနဲ့
မြစ်ကြီးနားမြို့ နည်း ပညာ ဆိုင်ရာ အကြံပေးအဖွဲ့ က ဦးလမိုင်ဂွန်ဂျာတို့ထံ
ဆက်သွယ်ဆောင်ရွက်ထားသလို အစိုးရ နယ်မြေ ခံ စစ်ကြောင်းက ဖမ်းဆီးသွားတဲ့ KIA
တပ်ဖွဲ့ကိုလည်း လိုက်လံရှင်းလင်းနေတယ်လို့ ဆိုပါတယ်။
KIA ကတော့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော် ဆိုတာမသိကြောင်း
သူတို့ လှုပ်ရှားနယ်မြေ အတွင်း အစိုးရ စစ်တပ်အရာရှိတဦး အရပ်ဝတ်နဲ့
ဝင်လာမယ်လို့ လျှို့ဝှတ်သတင်းရရှိထားမှုအရ တားဆီးစစ် ဆေးခဲ့တာဖြစ်ပြီး
ဝန်ကြီး ဦးကမန်းဒူးနော် ကိုတော့ စစ်ဆေးမှုတွေအပြီးမှာပဲ
ပြန်လွှတ်ပေးခဲ့တယ်လို့ ဦးဒေါင်ခါးကပြောပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်သုံးဦးကိုလည်း ပြန်လွှတ်ပေးဖို့ KIO ဗဟိုဌာနချုပ်က အကြောင်းကြားထားပြီးဖြစ်လို့ လွှတ်ပေးဖို့ ပြုလုပ်နေစဉ်မှာ အစိုးရဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်လာတာလို့လည်းဆိုပါတယ်။
“ရဲသုံးယောက်ကိုပြန်လွှတ်ဖို့ အထက်က အမိန့်ကျလာပြီးသား။ MPC ကိုလည်း
ကျနော်တို့ အကြောင်း ကြား ပြီးပါပြီ။ ကျနော်တို့ ပြန်လွှတ်ဖို့
ပြင်နေတုန်းမှာ အစိုးရ စစ်တပ်က တောက်လျှောက်ပစ်ခတ် တိုက်ခိုက်မှု
တွေလုပ်လာတာ” လို့ ဦးဒေါင်ခါး က ပြောပါတယ်။
မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန
(MPC) ကအကြီးတန်း အကြံပေး ပုဂ္ဂိုလ် ဦးလှမောင်ရွှေကတော့ တိုက်ပွဲဟာ မနက် ၆
နာရီအချိန်ကတည်းက ဖြစ်နေတာဖြစ်ပြီး KIA က ရဲတပ်ဖွဲ့ဝင် များ
ပြန်လွှတ်ပေးဖို့ အကြောင်းကြားလာတဲ့ အချိန်ဟာ နံနက် ၁၀
နာရီကျော်ကျော်မှာသာဖြစ်ကြောင်း ထောက်ပြပါတယ်။
အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ
(UPWC)နဲ့ KIA ပါဝင်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးဆိုင်ရာ
ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ဟာ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ ရေး
ဆွေးနွေးနေတဲ့ ကာလဖြစ်ပါတယ်။
အခုဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် KIA နဲ့ အစိုးရတို့ရဲ့
ငြိမ်းချမ်းရေး ယုံကြည်မှုတည် ဆောက်နေတဲ့ အခြေအနေတွေကို ရိုက်ခတ်မှု
ရှိမရှိဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ ဦးလှမောင်ရွှေ ကပြောပါတယ်။
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာကတော့ ယုံကြည်မှုတည်ဆောက်ပြီးတော့မှ
ဆွေးနွေးပြီး ဆက်သွားရမယ့် လမ်းစဉ် ဖြစ်တဲ့ အတွက် ဒီတိုင်း ကျနော်တို့
အနေနဲ့ ဆက်သွားဖို့မျှော်လင့်ထားတာပေါ့လေ။ ဒါပေမယ့် တိုက်ပွဲဖြစ်ပွားမှု
အပေါ်မှာ ဘယ်လောက် ရိုက်ခတ်သလဲဆိုတာကိုတော့ ဖြစ်တဲ့ အဖြစ်အပျက်အပေါ်မှာ တော့
ကျနော်တို့ ဆက်ပြီးတော့ စောင့်ကြည့်ဖို့ လိုဦးမယ်ထင်ပါတယ်” လို့
ဦးလှမောင်ရွှေက ပြောပါတယ်။
ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ (KDNG) က
နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး အဆိုပါပစ်ခတ်မှုတွေကြားမှာ ဒေသခံ ရွာသူ၊ ရွာသား
၇၀၀ ကျော်၊ ကျောင်းသား ၂၀၀ ကျော်နဲ့ ကျောင်းဆရာ၊ ဆရာမ ၂၁ ဦး
ပိတ်မိနေကြောင်း ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
ဒီနေ့ နံနက်ပိုင်းကလည်း ကချင်ပြည်နယ် အင်းတော်ကြီး ဒေသ
လွဲမွန်ကျေးရွာအုပ်စု နန်းမတဲ့ကျေးရွာ အနောက်ဖက် ၇မိုင်ခန့်အကွာမှာလည်း KIA
တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်းတွေနဲ့ အစိုးရတပ်များ
တိုက်ပွဲများဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့ KIA ဗိုလ်လောင်းသင်တန်းကျောင်းကို
တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်နဲ့
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲများ ဆက်တိုက်ဆိုသလို
ဖြစ်ပွားလာတာဖြစ်ပါတယ်။
သတင်းရင်းမြစ် - ဧရာဝတီ
0 comments:
Post a Comment