Thursday, January 29, 2015

အရှိန်အဟုန် ကောင်းလာတေ့မှ ချက်ခြင်းကြီး ဆွေးနွေးပြလာတာ ပုံသဏ္ဍန် မမှန်

ကျောင်းသူကျောင်းသားတွေ တောင်းဆိုခဲ့တဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့  ရက် ၆၀ အချိန်ပေးခဲ့တုန်းက ဘာလို့  အရေးတကြီး ဆွေးနွေးတာတွေ မလုပ်ဘဲ၊ အခုလို ကျောင်းသား သပိတ်စစ်ကြောင်းတွေ အရှိန်အဟုန် ကောင်းလာတေ့မှ ချက်ခြင်းကြီး ဆွေးနွေးပြလာတာ ပုံသဏ္ဍန် မမှန်ဖူး။

ပညာရေးဝန်ကြီးနဲ့  တိုက်ရိုက်ပြောဆိုရတာ၊ အမျိုးသားလွှတ်တော်က တာဝန်ရှိသူတွေနဲ့  တိုက်ရိုက်ဆွေးနွေးရတာ မဟုတ်ဘဲနဲ့  ကြားထဲက နိုင်ငံရေးပွဲစားဝန်ကြီး အောင်မင်းနဲ့  ပြောရတဲ့ အခြေအနေက ပုံသဏ္ဍန် မမှန်ဖူး။

နိုင်ငံတော်အလံကို ဖြုတ်ချတယ်ဆိုပြီး အမှုဖွင့်တာ နောက်ပိုင်းမှာ ဖမ်းဆီးဖို့  ကြိုတင်ပြင်ဆင်ထားတာ ပုံသဏ္ဍန် မမှန်ဖူး။ လမ်းခရီးတွေမှာ ခြိမ်းခြောက်လိုက်၊ လမ်းပိတ်ဆို့ လိုက်၊ ဖမ်းဆီးပြလိုက်၊ ပြန်လွှတ်လိုက်နဲ့  လုပ်ပြနေတာ ပုံသဏ္ဍန် မမှန်ဖူး။

ဒီလို ပုံသဏ္ဍန်မမှန်မှုတွေဟာ အာဏာရှင်တွေရဲ့  ကောက်ကျစ်ယုတ်မာမှုတွေနဲ့  နည်းလမ်းဟောင်းကြီးအတိုင်း တင်းမာမှုတွေ ဖြစ်လာရင် လေပြေသွေး ချော့မော့ပြီး အချိုသပ်မယ်၊ ပြီးရင် အင်အားတွေ ပြိုကွဲသွားအောင် သွေးထိုးဖြားယောင်းမယ်၊ အချိန်ဆွဲနည်းနဲ့  လုပ်လို့ ရအောင်နဲ့  အရှိန်အဟုန် ရပ်တန့် သွားအောင် ဆန္ဒထုတ်ဖော်မှုတွေကို ရပ်ခိုင်းမယ်၊ နောက်ဆုံးမှာတော့ ဦးစီးဦးဆောင်လုပ်နေသူတွေကို လူမသိ သူမသိဘဲဖြစ်ဖြစ် ဗြောင်ဘဲဖြစ်ဖြစ် ဖမ်းဆီးချုပ်နှောင်မယ်။

ချော့မယ်၊ အချိုသပ်မယ်၊ သွေးခွဲမယ်၊ သပ်သျှိုမယ်၊ မက်လုံးပေးမယ်၊ ဖြားယောင်းမယ်၊ အခွင့်အရေးတွေ ဗန်းပြမယ်၊ လမ်းကြောင်းလွှဲမယ်၊ အာရုံပြောင်းမယ်၊ ခြိမ်းခြောက်မယ်၊ အဓိကခေါင်းဆောင်သူတွေကို ဖမ်းဆီးမယ်၊ အများပြည်သူက အထင်လွှဲအောင် ဖန်တီးမယ်၊ လုပ်ကြံဇတ်တွေ ခင်းမယ်၊ ဇတ်လမ်းတွေ ဆင်မယ် ..

ဒီလို ယုတ်မာတဲ့ အကျင့်တွေ လုပ်ရပ်တွေကို လုပ်တာ လုပ်ခဲ့တာ လုပ်နေတာ အာဏာရှင်တွေရဲ့  လှည့်ဖြားမှုတွေမို့  ဒါတွေကို မြင်ဖို့ ၊ မယုံဖို့ ၊ တွန်းလှန်ကျော်ဖြတ်နိုင်ဖို့  လိုတယ်။

ဒီအတွက် ဆန္ဒဖော်ထုတ် ချီတက်နေကြတဲ့ လှုပ်ရှားမှုတွေကို ရပ်ပစ်လို့  မရဖူးဆိုတာ ပြောပြလိုတယ်။

အင်အားတွေကို အပြိုကွဲ မခံဘဲ လူထုအင်အားတစ်ရပ်လုံး ပါလာသည်အထိ ရှေ့ ဆက်သွားဖို့ ဘဲ ဖြစ်တယ်။

အာဏာရှင်တွေရဲ့  ကောက်ကျစ်ယုတ်မာ လှည့်ဖြားမှုတွေကို သိကြမြင်ကြပါ။



နစ်နေမန်း သတင်းနှင့် စုစည်းချက်

0 comments: