Thursday, November 19, 2015

#ပြောင်းလဲချိန်တန်ပြီ VS #ဘာကိုပြောင်းလဲရမှာလဲ



ကြံ့ခိုင်ရေးပါတီ အကြီးအကျယ်ရှုံးနိမ့်သွားရစေတဲ့ အဓိကတာဝန်ရှိသူကတော့ ပါတီဥက္ကဌ သမ္မတဦးသိန်းစိန်ပဲဖြစ်ပါတယ်..

တကယ်တော့ သူဟာ တိုင်းပြည်အပြောင်းအလဲကို ပထမဆုံးဦးဆောင်ခွင့်ရခဲ့တဲ့အပြင် တကယ် စွမ်းဆောင်ရည် ရှိမယ်ဆိုရင် တိုင်းပြည်ကို စိတ်တိုင်းကျ ပြောင်းလဲနိုင်ခွင့်ရခဲ့ တယ်.. ၅ နှစ် ဆိုတဲ့ လုံလောက်တဲ့ အချိန်အတိုင်းအတာတစ်ခုကို ရခဲ့တယ်.. ...

ဒါပေမဲ့ သူဟာ အဟောင်းထဲက အစစ်အမှန်ရုန်းမထွက်နိုင်ခဲ့ဘူး ... အပေါ်ယံ အပြောင်းအလဲတွေကြားမှာ သာနေခဲ့တယ်.. နောက် သူ့ရဲ့မဟာအမှားက ဒေါ်အောင်ဆန်းစုကြည်ကို ပူးပေါင်းဆောင်ရွက်ဖို့ မကြိုးစားပဲ ရုပ်ပြ သက်သက်ထားပြီး အတွင်းကို ဝင်မလာနိုင်အောင် ဖယ်ထုတ်ဖို့သာ အားထုတ်ခဲ့တယ် ... တကယ်ဆို ဒေါ်စုကိုလက်တွဲခြင်းနဲ့ သူ့အတွက် နိုင်ငံရေး အကျိုးအမြတ်ကို ရှာနိုင်ပါလျှက် သူအတ္တကြီးခဲ့တယ်..
.
နောက်တစ်ချက်က ပြည်သူကို အထင်သေးတာပဲ..ဖုန်းဈေးကျရုံ ကားဈေးကျရုံ ဂျာနယ်တွေမှာ ရေးခွင့်ရရုံနဲ့ ပြည်သူ့ရဲ့ထောက်ခံမှုကို ရလိမ့်မယ်လို့ အတွေးတိမ်ခဲ့တယ်..

သူ့ရဲ့ပြောင်းလဲမှုတွေဟာ အပေါ်ယံဟန်ပြသက်သက်ပဲဆိုတာ ပြည်သူတွေက ထင်ထင်ရှားရှားမြင်ခဲ့တယ်..
.
အထင်ရှားဆုံးအချက်တွေက ပြည်သူတွေစက်ဆုပ်ရွံ့ရှာနေပြီး တိုင်းပြည်ကိုဆင်းရဲတွင်းပို့ခဲ့တဲ့ လာဘ်ပေးလာဘ်ယူကိစ္စကြီးကို ထိရောက်တဲ့နှိမ်နင်းမှု လုံးဝကိုမလုပ်ခဲ့တာပဲ..

အစပိုင်းမှာ လေသံတွေပစ်ခဲ့ပေမယ့် ဒါဟာ လေသက်သက်ဆိုတာ ပြည်သူကသိခဲ့ရတယ်..တကယ်ဆို အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်တာတစ်ခုတည်းနဲ့ကို ဆန္ဒမဲအများအပြား သူရယူနိုင်ပါလျှက် သူမလုပ်နိုင်ခဲ့ဘူး..
.
နောက်ပြည်သူတွေရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းတောင့်တနေတဲ့အရာက တရားမျှတမှု..

ဒီအချက်ကိုဖော်ဆောင်ဖို့လည်းသူပျက်ကွက်ခဲ့တယ်..သာဓကအနေနဲ့ ကိုပါကြီး.

ဒေါ်ခင်ဝင်း. ကချင်ဆရာမနှစ်ဦး.သံဃာတွေကိုပစ်ခဲ့တဲ့ မီးလောင်ဗုံး.လယ်သိမ်းပြသနာစတဲ့ကိစ္စတွေမှာ သူဆီက တရားမျှတတဲ့ဖြေရှင်းမှုကို ပြည်သူတွေမရခဲ့ဘူး..

နောက်ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ လေသံကိုအော်ခဲ့ပေမယ့် ဒေါ်စုနဲ့တွှေ့ဆုံဖို့ကို အကြိမ်ကြိမ်ငြင်းပယ်ခဲ့တယ်..သူ့ရဲ့အစိုးရအဖွဲ့ထဲမှာ အဓိကအတိုက်အခံ NLD ကို တစ်နေရာမှနေရာမပေးခဲ့တာကြည့်ရင် သူ့မှာ ပူးပေါင်းဆောင်ရွက်လိုစိတ် လုံးဝမရှိ
တာ ထင်ရှားတယ်..၂၀၁၀မှာ အတင်းအကျပ်လုပ်ယူထားတဲ့မဲတွေနဲ့ တိုင်းပြည်အာဏာ မောင်ပိုင်စီးရေးဇာတ်လမ်းကို ပုံစံတမျိုးနဲကခဲ့ပြန်တယ်..

နောက်တစ်ချက်က တိုင်းပြည်အခြေအနေမှန်ကို ရိပ်စားမိနေတဲ့ သူရဦးရွှေမန်း သူရဦးအောင်ကိုတို့လိုလူတွေကို သူ့ပါတီထိပ်ပိုင်းရာထူးတွေထဲကနေ ဖယ်ထုတ်ခဲ့တာတွေကို ကြည့်ရင် သူ့မှာ စစ်မှန်တဲ့ပြောင်းလဲလိုစိတ်မရှိဘူးဆိုတာ ထင်ရှားစေခဲ့ပြန်တယ်..

နောက် ဦးရွှေမန်းက သူတို့ပါတီ အကြီးကျယ်ရှုံးနိမ့်နိုင်တယ်လို့ သုံးသပ်ပြနေချိန်မှာ ကြံ့ခိုင်ရေးပါတီထိပ်သီးတွေက ၈၀% ၇၀% အနိုင်ရမယ်လို့ မှန်းဆနေကြတာဟာ သူတို့တွေဟာ တစ်တိုင်းပြည်လုံးသိနေတဲ့ အခြေနေမှန်ကိုမသိ..ပြည်သူနဲ့ဘယ်လောက်
ကင်းကွာနေသလည်းဆိုတာ ထင်ရှားနေတယ်..ပြည်သူ့ခံစားချက်နဲ့ကင်းကွာနေသူတွေက တိုင်းပြည်ကိုဘယ်လိုပုံနဲ့အုပ်ချုပ်ကြမှာလဲ..

နောက်တစ်ချက် ကြံ့ခိုင်ရေးပါတီကို အရှက်ရစေခဲ့တဲ့ တရားခံတွေကတော့ သမ္မတအနားမှာဝန်းရံနေခဲ့တဲ့ ရေပေါ်ဆီ elite အကြံပေးအဖွဲ့နဲ့ သမ္မတရုံးဝန်ကြီးတွေပါပဲ..

ူနောက်ဆုံး ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ သူ့ကိုနိဂုံးချုပ်စေခဲ့တဲ့စကားကတော့ ............

#ဘာကိုပြောင်းလဲရမှာလဲ ဆိုတဲ့စကားပါပဲ..

ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ #ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ကြွေးကြော်သံဟာ ပြည်သူ့ရဲ့ရင်ထဲကမျှော်လင့်ချက် ပြည်သူ့ရဲနှလုံးသားနဲ့ ရင်ခုန်သံတစ်ထပ်တည်းကျခဲ့တယ်...
#ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့စကားဟာ ပြည်သူတွေရဲ့နှလုံးသားကို သိမ်းကျုံးဆွဲယူလှုပ်ရှားစေခဲ့တယ်..ဒီစကားကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါတီကြွေးကြော်သံအဖြစ်ရွေးချယ်ပေးခဲ့တာကိုကြည့်ရင် ဒေါ်စုဟာ လူထုနဲ့အတူ ရင်ခုန်သံတူတယ်ဆိုတာ ထင်ရှားသက်သေပြခဲ့တယ်...

.
ဒီအချိန်မှာ သမ္မတကြီးရဲ့ #ဘာကိုပြောင်းလဲရမှာလဲ ဆိုတဲ့စကားကြောင့် သူဟာ ပြည်သူရဲ့လိုလားချက် ဆန္ဒကိုမသိ.ပြည်သူ့ရဲ့ခံစားချက်ကို နားမလည် မခံစားတတ်တဲ့သူတစ်ယောက်ဆိုတာ သက်သေပြလိုက်တာပါပဲ..

#ဘာကိုပြောင်းလဲရမှာလဲ ဆိုတဲ့စကားတစ်ခွန်းဟာ သူနဲ့သူ့ပါတီကို ၂၀၁၅ ရွေးကောက်ပွဲက နှုတ်ဆက်ထွက်ခွာစေတဲ့ နိဂုံးစကားတစ်ခွန်းပါပဲ...့
Credit ~ Thetdwe Aung

ရွေးကောက်ပွဲရလဒ်နဲ့ ပေါ်ပေါက်လာမယ့် အန်အယ်လ်ဒီအစိုးရအပေါ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ရှုမြင်သုံးသပ်ချက်


ကိုမင်းကိုနိုင်နဲ့ မေးမြန်းချက်(၁)ရွေးကောက်ပွဲရလဒ်နဲ့ ပေါ်ပေါက်လာမယ့် အန်အယ်လ်ဒီအစိုးရအပေါ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးန...
Posted by RFA Burmese on Monday, November 16, 2015

ပါးစပ်အဌား ပြောခိုင်းဖို့ ထူထောင်ပေးထားတဲ့ ပါတီ


မြန်မာအမျိုးသားကွန်ဂရက်ပါတီက ကောင်းမြင့်ထွဋ် ၉တန်းပဲ ရောက်တာ မရောက်တာ စိတ်မ၀င်စားဘူး။ သူတို့ ဘာလဲ၊ ဘယ်လဲ... ဆိုတာတော့ လိုက်ကြည့်မိတယ်။

၁- ယူထားတဲ့ ပါတီတံဆိပ်ဟာ NLD နဲ့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ထားတဲ့ ခွပ်ဒေါင်းပဲ။ ဒေါင်းသူခိုးလို့တောင် ပြောလို့ရတယ်။


၂- NLD တီဗီမှာ မဲဆွယ်ခွင့်ရတဲ့နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် မဲဆွယ်တယ်။ (နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိ) လူတွေ မမုန်း၊ မုန်းအောင် ပြောသွားတယ်။ ကြိုက်ရင်ပေး မကြိုက်ရင် မပေးနဲ့။ မဲဆွယ်ချိန်မှာ ဒေါင်းတံဆိပ်ကို လူမုန်းအောင်လုပ်ပြီး မဲပေးချိန်မှာ ဒေါင်းချင်းမှားအောင် လုပ်ထားတယ်။


၃- ပါတီရည်ရွယ်ချက်ကိုကြည့်ပါ။ အမျိုးသားရေးအင်အားစု၊ အမျိုးသား အကျိုးစီးပွား၊ တို့တာဝန်အရေးသုံးပါး၊ အခြေခံဥပဒေကာကွယ်ရေး၊ ဒီစကားလုံးတွေက သူတို့နောက်က အရိပ်ကို ပြညွှန်းနေတယ်။


၎- ရွေးကောက်ပွဲ မနိုင်တဲ့ ပါတီတွေနဲ့ သမ္မတကြီးနဲ့ တွေ့တဲ့ပွဲမှာ အာဏာပြန်သိမ်းဖို့ ကောင်းမြင့်ထွဋ်က ပြောတယ်။ ရိုးရိုးလေးပဲ။ ဒီပွဲရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဒီစကားပြောသူက ဘယ်သူလဲ။ လက်ကြိုးကို ဆွဲရင် လက်လှုပ်မယ်။ ခြေကြိုးကို ဆွဲရင် ခြေလှုပ်မယ်။ အရုပ်ကို မကြည့်နဲ့၊ ကြိုးဆွဲသူကို မြင်အောင်ကြည့်။
ဒါပါပဲ


ဆရာသက္ကမိုးညို ရေးထားတာလေး
*****************************

Thursday, November 5, 2015

စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီကြရအောင်

တပြည်လုံးအပစ်အခတ်ရပ်ဆဲရေး လက်မှတ်ရေးထို:ထားကြပေမယ့် လက်ရှိအခြေအနေမှာတော့ သျှမ်းပြည်တခွင် အစိုးရမှထိုးစစ်ကြောင့် တိုက်ပွဲများအဆက်မပြတ် ဖြစ်ပွါးလျှက်ရှိပြီး စစ်ပြေးရှောင် ဒုက္ခသည်များ အဆမတန်တိုးပွါးလျှက်ရှိနေပါတယ်...

ဒုက္ခသည်များအတွက် အစားအသောက် ဆေးဝါးပစ္စည်းနဲ့ အဝတ်အစားတွေ ~ အရေးပေါ်အကူအညီ အထောက်အပံ့များစွာ လိုအပ်နေပြီး အခက်အခဲ့များစွာ ဖြစ်နေကြပါတယ်။ 

ဂျပန်န်ုင်ငံရောက် လုပ်ဖေါ်ကိုင်ဘက် မိတ်ဆွေများ တဦးခြင်း အနေဖြင့်ရော တဖွဲ့ခြင်းပါ တတ်နိုင်သလောက် ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

မိုင်းကျော်ဦး
တာဝန်ခံ
သျှမ်းပြည်တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်(SSND-Japan)

SSPP/SSA ဝမ်ဟိုင်းဌာနချုပ်အနီး တိုက်ပွဲပြင်းထန်


SSPP/SSA ရှမ်းပြည်တပ်မတော်ဌာနချုပ် ဝမ်ဟိုင်းနဲ့ ၅ မိုင်လောက်အကွာ မိုင်းအန်ရွာမှာ ဒီနေ့မနက်ပိုင်းကစပြီး အစိုးရတပ်မတော်နဲ့ SSPP/SSA တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်းဘက်က ၁၀ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့တိုက်ပွဲအခြေအနေအကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက အခုလို အတည်ပြု ပြောပါတယ်။
"နှစ်ဘက်ထိခိုက်ကျဆုံးမှု နည်းနည်းတော့များတယ်၊ အတိအကျတော့မသိဘူး၊ ကျနော်တို့ဘက်ကတော့ ၁ဝ ယောက် ဝန်းကျင်လောက်ရှိပြီ၊ သူတို့ဘက်ကပိုများတယ်၊ ဖြစ်လာတဲ့တောက်လျောက်မှာ သူတို့က ထိခိုက်ကျဆုံးတာ ရာဂဏန်းလောက်ရှိသွားပြီ၊ တာဆမ်ပူးနေရာရယ် မိုင်းအန်နဲ့ မိုင်းရှူးကားလမ်း တောင်ဘက် အခြမ်းတော့ သူတို့ကဆက်ပြီး စစ်ဆင်ရေးလုပ်နေမှာပဲ၊ သူတို့က ကျနော်တို့ အဲဒီဘက်မှာ အခြေမချနိုင်အောင် လုပ်ဆောင်နေတယ်"
အစိုးရတပ်မတော်က တာဆမ်ပူးနဲ့ မိုင်းအန်ဖက်က SSPP/SSA တပ်စခန်းတွေ အခြေချထားတဲ့နေရာကို အင်အား အလုံးအရင်းနဲ့ တိုက်နေတာလို့ ပြောပါတယ်။ တိုက်ပွဲဖြစ်နေတာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကတည်း က တစ်လနီးပါးရှိနေပြီဖြစ်ကာ ဒေသခံရွာသားတွေလည်း ထွက်ပြေးနေကြရပါတယ်။ ဝမ်ဟိုင်းဌာနချုပ်အနီး ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ဒေသခံရွာသားတွေဟာ တစ်နေ့ထက်တစ်နေ့ တိုက်ပွဲပြင်းထန်လာနေတဲ့အတွက် ဆက်ပြီးမနေရဲကြတော့ဘဲ ဝမ်ဆော့၊ ဟိုင်းပါနဲ့ မိုင်းရှုးမြို့ပေါ်တွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရာ ဒုက္ခသည် သုံးထောင်ကျော်ရှိနေပြီလို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

RFA

WSA အနေဖြင့် NCA လက်မှတ်ထိုးခဲ့သော အဖွဲ့ ၈ဖွဲ့ကို ထောက်ခံဆဲဖြစ် ကြောင်း၊ သို့သော်လည်း အစိုးရက လက်မှတ်ထိုးခဲ့သော အဖွဲ့များကိုသာ တရားမ၀င်အဖွဲ့အစည်း စာရင်းမှ ပယ်ဖျက်ပေး ခြင်း အားဖြင့် သွေးခွဲအုပ်ချုပ်မှု နည်းဗျူဟာကို ပြန်လည်အသုံးပြု


၂၀၁၅ ရွေးကောက်ပွဲ အလွန်ကာလတွင် တိုင်းရင်းသားများ အနေဖြင့် စုစည်းညီညွတ်ကြရန် “၀” ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA) က နိုဝင်ဘာလ ၁ ရက်နေ့က ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ၀ အထူးဒေသ၏ မြို့တော် ပန်ဆန်းတွင်ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ၏ ထိပ်သီး အစည်းအဝေး တွင်  တောင်းဆိုလိုက်သည်။

UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်း၏ ပြောရေးဆိုခွင့် ရှိသူက ဖတ်ကြားခဲ့သည့် ကြေညာချက်တွင် လက်ရှိအစိုးရက တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) ကို လက်မှတ်ရေးထိုးရာတွင် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးပါဝင်လာအောင် မပြုလုပ်နိုင်ခဲ့ဟု UWSA က ယူဆကြောင်း ဖော်ပြခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ထိုးစစ်အားလုံးကို ရပ်ဆိုင်းပေးရန် နေပြည်တော်တွင် တောင်းဆိုခဲ့သော် လည်း အစိုးရ တပ်ဖွဲ့များ၏ ဆက်လက်တိုက်ခိုက်နေမှုနှင့် လတ်တလောတွင် အရပ်သားပြည်သူများ တိမ်းရှောင်ထွက်ပြေးနေရ ခြင်းတို့က အထူးပင် စိုးရိမ်စရာ ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပရန်ရှိနေသည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း လွတ်လပ်၍ တရားမျှတပြီး ကောင်းစွာ ပွင့်လင်း မြင်သာမှုရှိသော ရွေးကောက်ပွဲ တခုကျင်းပရေးကို ထောက်ခံကြောင်း UWSA တာဝန်ရှိသူများက ပြောသည်။

ယခင်လက NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခြင်း မရှိခဲ့သည့် ပန်ဆန်း ထိပ်သီး အစည်းအဝေးသို့ UWSA အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ (The National Socialist Council of Nagaland -Khaplang) ကိုလည်း ဖိတ်ကြားခဲ့သော်လည်း တက်ရောက် နိုင်ခဲ့ခြင်း မရှိပေ။

အစည်း အဝေးသို့ တက်ရောက်လာသူများသည် NCA လက်မှတ်မထိုးသည့် အဖွဲ့များကြား ပူးပေါင်းဆောင် ရွက် မှု တည်ဆောက်ရန် နှင့် ၂၀၁၆ ခုနှစ် အလွန်တိုင်းပြည်၏ နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်သည်ဟု UWSA က ထုတ်ပြန်ပြောဆိုခဲ့ပြီးဖြစ်သည်။

အောက်တိုဘာလ ၃၁ရက်နေ့တွင် ဦးပေါက်ယူချန်းက တိုင်းရင်းသား ခေါင်းဆောင်များကို ၎င်း၏ နေအိမ်သို့ ညစာစားပွဲ ဖိတ်ခေါ်၍ စကားပြောခဲ့ပြီး UWSA အနေဖြင့် NCA လက်မှတ်ထိုးခဲ့သော အဖွဲ့ ၈ဖွဲ့ကို ထောက်ခံဆဲဖြစ် ကြောင်း၊ သို့သော်လည်း အစိုးရက လက်မှတ်ထိုးခဲ့သော အဖွဲ့များကိုသာ တရားမ၀င်အဖွဲ့အစည်း စာရင်းမှ ပယ်ဖျက်ပေး ခြင်း အားဖြင့် သွေးခွဲအုပ်ချုပ်မှု နည်းဗျူဟာကို ပြန်လည်အသုံးပြုနေသည်ဟု  ညစာ စားပွဲတွင် ဦးပေါက်ယူချန်းက သတိပေးခဲ့သည်ဟု UWSA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးအောင်မြင့် ကဆိုသည်။

နောက်လာမည့် အစိုးရ၏ ပုံစံအနေအထားက ရေရာခြင်း မရှိသေးသည့် အတွက် တိုင်းရင်းသား လူနည်းစုအဖွဲ့အစည်းများ အနေဖြင့် ဟန်ချက်ညီမျှမှုရရှိရန် အတူတကွလုပ်ဆောင်သင့်ကြောင်း  ဦးအောင်မြင့်က ပြောခဲ့သော်လည်း အနာဂတ်တွင် ပဋိပက္ခများ လျော့နည်းသွားရန် မျှော်လင့်သည်ဟု ဆိုသည်။

“ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အနာဂါတ် နိုင်ငံရေး စိန်ခေါ်မှုတွေကို ဘယ်လို ဖြစ်ရှင်းရမလဲ ဆိုတာအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ နိုင်ငံရေး အရ အငြင်း အခုံဖြစ်ရတာတွေ တိုက်ခိုက်တာတွေ အများကြီး ရှိလာပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံရေး တိုက်ပွဲကြောင့် သွေးထွက်သံယိုတော့ ရှိမှာမဟုတ်ပါဘူး။ ကျနော်တို့ တိုင်းရင်းသား လူနည်းစုအဖွဲ့တွေ အနေနဲ့ စည်းလုံးဖို့ လိုပါတယ်။ ဒါမှသာ အဲဒီနိုင်ငံရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။” ဟု ဦး အောင်မြင့်ကပြောသည်။

UWSA သည် မြန်မာနိုင်ငံတွင် အင်အား အတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင် ဖွဲ့ဖြစ်ပြီး အင်အား ၂၀၀၀၀ သို့ မဟုတ် ၂၀၀၀၀ ကျော်ရှိမည် ဟုခန့်မှန်းရသည်။ ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး အပြန်အလှန် သဘော တူညီချက် ရရှိခဲ့သည်။

မဲမပေးရသည့် နယ်မြေ

မြို့နယ် ၆ ခုဖြင့် ဖွဲ့စည်းထားသော “၀” အထူးဒေသသည် မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ တစိတ်တပိုင်း ကိုယ် ပိုင် အုပ်ချုပ်ခွင့်ရသည့် နေရာတခုဖြစ်သည်။

“၀” တိုင်းရင်းသားများသည် ၎င်းတို့၏ ဒေသသုံး ဘာသာစကား နှင့် တရုတ်စကားကို ပြောဆိုကြပြီး များသောအားဖြင့် မြန်မာ စကား ကို ကျွမ်းကျင်စွာ မပြောနိုင်ကြပါ။ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် အုပ်ချုပ်ရေး အဆောက်အအုံများ၏ အပြင် ဘက်တွင် တရုတ်ဘာသာ ဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်များက အဆိုပါ ဒေသတွင် ဒေသသုံးစကားသာ လွှမ်း မိုး ကြောင်း ဖော်ပြနေကြသည်။

မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့် ရာနှင့် ချီသော ကျေးရွာများ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာတွင် “၀” အထူးဒေသမှ မြို့နယ် ၄ခု လည်း အပါအ၀င်ဖြစ်သည်။ “၀” အထူးဒေသမှ ကျန် မြို့ နယ် ၂ ခုတွင်လည်း ရွေးကောက်ပွဲကို တစိတ်တပိုင်းသာ ကျင်းပနိုင်မည် ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်တွင် အဆိုပါ ဧရိယာများ၌ ရွေးကောက်ပွဲကို လွတ်လပ်၍ မမျှတစွာ ကျင်းပရန် ဖြစ်နိုင်မည် မဟုတ်ဟု ဖော်ပြထားသည်။

ရွေးကောက်ပွဲကို ပယ်ဖျက်ခြင်း မပြုခဲ့လျှင်ပင် ၀တိုင်းရင်းသား အများစုမှာ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကိုင်ဆောင် ထားနိုင်ခြင်း မရှိသည့် အတွက် မဲပေးခွင့်ရမည် မဟုတ်ဟု UWSA ခေါင်းဆောင်များက ပြောသည်။

မြန်မာ အစိုးရက နိုင်ငံသားဖြစ်ခွင့်ကို စေ့စေ့စပ်စပ် စစ်ဆေးပြီး အကန့်အသတ်ဖြင့်သာ လုပ်ဆောင်ပေးသည်ဟု ပန်ဆန်း ဒေသခံများက ဧရာဝတီသို့ပြောသည်။ နိုင်ငံသား စိစစ်ရေး ကတ်များ ထုတ်ပေးခဲ့သည့်တိုင် ကန့်သတ်မှုများ ရှိနေသည်ဟု ဆိုသည်။

“သူတို့လာပြီးတော့ နိုင်ငံသား ကတ် တချို့ ထုတ်ပေးခဲ့တယ်။ ဒါပေမယ့် ကတ်တွေက ဒီဧရိယာ ကနေ ခရီးသွားတာကို ကန့်သတ်ထားတယ်။ တချို့ကတော့ ခရီးသွားတဲ့အခါ အတားအဆီးဖြစ်မှာစိုးလို့ နိုင်ငံသား ကတ် ရဖို့ မကြိုးစားတော့ဘူး။” ဟု ပန်ဆန်းတွင်နေထိုင်သူ ဦးရင်နိုင် ကပြောသည်။

နိုင်ငံသား အထောက်အထား ရယူထားသူများကိုလည်း အစိုးရက အိမ်ထောင်စု စာရင်း များ ထုတ်ပေး ခြင်းမရှိဘဲ ဥပေက္ခာပြု ထားခဲ့သည်ဟုလည်း သူက ဆိုသည်။

ဧရာဝတီ

သမ္မတအထက်မှနေ၍ အစိုးရကိုပဲ့ကိုင် မည့် ဒေါ်အောင်ဆန်းစုကြည်


နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရဖွဲ့သည် အထိ အနိုင် ရရှိပါက NLD က သမ္မတတင်မြှောက်မည်ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ အထက်မှ နေ၍ အစိုးရ အဖွဲ့ကို ပဲ့ကိုင် အုပ်ချုပ်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ယနေ့နံနက်ပိုင်း ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ တွင်  ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။

NLD ပါတီအနေဖြင့် သမ္မတ ရာထူးအတွက် ရည်ရွယ်ထားသူရှိနေပြီး မိမိအနေဖြင့် ယခုအချိန်တွင် ထုတ်ဖော်ပြောဆိုရန် အစီအစဉ်မရှိကြောင်း၊ မိမိအနေဖြင့် သမ္မတ၏ အထက်တွင် တည်ရှိနေပြီး ဆုံးဖြတ်ချက်များ ချမှတ်ခြင်းဖြင့် အစိုးရအဖွဲ့ကို ပဲ့ကိုင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

“ကျမက သမ္မတရဲ့ အထက်မှာရှိနေမှာပါ။ ဒါက ရိုးရှင်းတဲ့ သတင်းစကားပါပဲ။ အခြေခံဥပေဒမှာလည်း သမ္မတအထက်မှာ ရှိနေတဲ့သူနဲ့ပတ်သက်လို့ ပြဋ္ဌာန်းထားတာမရှိလို့ ဒါက ဥပဒေချိုးဖောက်တာလည်းမဟုတ်ပါဘူး။ကျမအနေနဲ့ အရေးကြီးတဲ့ သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်သွားမှာပါ။ ထိပ်ကနေပြီးတော့ ဆုံးဖြတ်ချက်တွေချတာ ခေါင်းဆောင်ပဲပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံခြားသား သား၊ သမီး၊ ဇနီး၊ ခင်ပွန်း ရှိသူများသည် သမ္မတဖြစ်ခွင့်မရှိဟု ပြဋ္ဌာန်းထားရာ နိုင်ငံခြားသား ၂ ဦးရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့် တားဆီး ခံထားရသည်။

လတ်တလော ကြိုတင်မဲကိစ္စများနှင့်ပတ်သက်၍ မသမာမှုများရှိနေပြီး အထောက်အထားများလည်းရရှိနေကြောင်း၊ ရွေးကောက်ပွဲ ရလာဒ်သည် စစ်မှန်သော ရလာဒ်ဘဲ မဲခိုးမဲလိမ်ရလာဒ်များဖြစ်နေပါက အခြေအနေမူတည်၍ လက်ခံ သင့်၊ မခံသင့် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောဆိုသည်။

“ ဒါက ဘယ်လောက်အထိ အမှားအယွင်းတွေရှိတယ်၊ ဘယ်လိုပုံစံနဲ့ လုပ်တယ်ဆိုတာကို စောင့်ကြည့်ပြီးမှ အဖြေပေး လို့ရ မှာပါ။ အခုချိန်မှာ ဘယ်လောက်ထိမှားမယ်၊ ဘယ်လိုလုပ်မယ်ဆိုတာ ပြောလို့မရပါသေးဘူး။ ကြိုတင်မဲတွေနဲ့ ပတ်သက် လို့ ရှိရင်တော့ ၀င်လာတဲ့သတင်းတွေအထိတော့ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အုပ်ချုပ်ရေးပိုင်း ဆိုင် ရာနဲ့ ဒေသဆိုင်ရာပေါ့နော် ရွေးကောက်ပွဲကော်မရှင်တွေက ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာ သတင်းတွေ ကလည်း ၀င်လာပြီ၊ သက်သေအထောက်အထားတွေကလည်း လုံလောက်ပါတယ်။ ဒီကိစ္စတွေကို တတ်နိုင်သမျှ အမြန်ဆုံး ကိုင် တွယ် သွားချင်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ပြည်သူလူထုနဲ့ တစိတ်တည်း တ၀မ်း တည်းပါပဲ။ ဒီရွေး ကောက်ပွဲ ကြီးကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ အောင်အောင်မြင်မြင် ဖြစ်စေချင်တယ်။ ရွေးကောက်ပွဲ တွေ ဖြစ် မြောက်ပြီးမှ ဘယ်လောက်အတိုင်းအတာအထိ လက်ခံနိုင်စရာရှိလဲ၊ လက်မခံနိုင်စရာရှိလဲဆိုတာ ကျမတို့အားလုံး သိမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲသည် ၁၉၉၀ ရွေးကောက်ပွဲကဲ့သို့ အာဏာမလွှဲသည့် ဖြစ်စဉ်မျိုးပေါ်ပေါက်လာမည်ဟု မထင်ကြောင်း၊ ၁၉၉၀ ခုနှစ် အခြေအနေနှင့် ၂၀၁၅ ခုနှစ် အခြေအနေသည် လုံးဝ ကွာခြားသွားပြီဖြစ်ကြောင်း ၎င်း ကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်လာပါက ပွင့်လင်းမြင်သာမှုကို အဓိကထားမည်ဖြစ်ပြီး မြစ်ဆုံစီမံကိန်း၊ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်၊ စီးပွားရေး အပါအ၀င် နိုင်ငံရေးရာကိစ္စများတွင် ပွင့်လင်းမြင်သာမှု၊ အဂတိတရားကင်းရှင်းမှု၊ သန့်ရှင်းမှုများ ဖြင့် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

“ခရိုနီဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ဘယ်သူကမှ သေချာဖွင့်ဆိုထားခြင်း မရှိသေးဘူး၊ အန်တီတို့က အဂတိတရား ကင်းစင်သည့် အစိုးရတစ်ရပ် ထူထောင်သွားဖို့ ရှိတယ်၊ အစိုးရက အဂတိတရား မကင်းရင် စီးပွားရေးသမားတွေကလည်း အဂတိတရားကင်းမှာ မဟုတ်ပါဘူး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်မယ့် အစိုးရကို ထူထောင်သွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

NLDအနေဖြင့် အမျိုးသားရင်ကြားစေ့ရေး လမ်းစဉ်ကိုလည်း ကိုင်စွဲထားပြီး တပ်မတော်နှင့် ကောင်းမွန်းသော ဆက်ဆံရေး ထူထောင်လိုကြောင်း ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း ယခင်အစိုးရ ဆောင်ရွက်ခဲ့သည်များမှ ကောင်းမွန်မှုများကို ဆက်လက်ခံပြီး မကောင်းမွန်သည်များကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ကျမတို့ကနေပြီးတော့ အရင်အစိုးရကလုပ်ခဲ့ဆိုပြီး လက်မခံတဲ့ စိတ်ဓာတ်မျိုးမရှိပါဘူး။ အရင်တုန်းက ငြိမ်းချမ်းရေး လမ်းစဉ် မှာ လက်ခံသင့်တဲ့ကိစ္စတွေရှိရင် လက်ခံမှာပါ။ လက်ခံသင့်တဲ့အပိုင်းတွေကို လက်ခံမှာပါ။ ပြောင်းသင့်တဲ့ အပိုင်း တွေကို ပြောင်းမှာပါ။ ကျမတို့က ဒီအစိုးရ၊ အရင်အစိုးရလုပ်ခဲ့တာမို့လို့ အားလုံးပြောင်းပစ် မယ်ဆိုတာမျိုးက မလိုအပ်တဲ့ အာဃတစိတ်ဓာတ်ထားပါ။ ငြိမ်းချမ်းရေးဆိုရင်လည်းဒီအတိုင်းပဲ ။ ကောင်းတာတွေ ယူမယ်။ မကောင်းတာ တွေကို ပြင်မယ်။ ပိုပြီးလို့ကောင်းအောင်ကြိုးစားပါ့မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။

“အရင်တုန်းဖြစ်မယ်လို့လည်း မယုံပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၀ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်နဲ့ မတူပါဘူး။ ဥပမာဆိုလို့ရှိရင် ၂၀၁၀ နဲ့တောင် မတူပါဘူး။ ၂၀၁၀ တုန်းကဆိုရင် ကြိုတင်မဲတွေကိစ္စက ဆိုးဆိုးဝါးဝါးကို ဖြစ်ခဲ့တယ်ဆိုတာ လူတိုင်း သိတယ်။ ဒါပေမယ့် ဘယ်သူကမှ ဘာမှမလုပ်ပါဘူး။ အခုကျတော့ ဒီဟာတွေကို ကန့်ကွက်မယ့်သူတွေရှိတယ်။ ပြည်သူ တွေကလည်း ပြောရဲလာပြီဆိုတော့ အခြေအနေက လုံးဝ ပြောင်းသွားပါပြီ။ ဒါကြောင့်မို့ ၁၉၉၀ အတိုင်း ဖြစ်မယ်လို့တော့ မထင်ပါဘူး။ အရေးကြီးတာက ရွေးကောက်ပွဲ မတိုင်မီ တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းရှိဖို့ပဲ။ ရွေးကောက်ပွဲ မသမာ မှုတွေကို တရားဥပဒေအရ ထိထိရောက်ရောက်ကိုင်တွယ်ဖို့ အရေးကြီးပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဥပဒေပြုရေးအပိုင်းနှင့်ပတ်သက်၍လည်း နိုင်ငံနှင့်ပြည်သူကို အကျိုးမပြုသော ဥပဒေများကို ပယ်ဖျက်သွားမည်ဖြစ်ပြီး နိုင်ငံ၏ အနာဂတ်ရေရှည် ဥပဒေများဖြစ်ပေါ်ရေး ဥပဒေပြု လွှတ်တော်အမတ်များနှင့် ကြိုးပမ်း အကောင် အထည်ဖော် သွားမည်ဟု ၎င်းက ပြောသည်။
“ဥပဒေတွေအားလုံးတရားမျှမျှတ ဖြေရှင်းကိုင်တွယ်ရမှာပေါ။ ဖြေရှင်းကိုင်တွယ်တယ်ဆိုတာက နိုင်ငံကို ရေရှည် အကျိုးပြု တဲ့ဥပဒေတွေဖြစ်ရပါ့မယ်။ ဥပဒေတွက ၃ လ ၊ ၄ လ တချို့တွေက သဘောကျအောင်လို့ ချွေးသိပ်တဲ့သဘောနဲ့ လုံးဝ မဖြစ်ရပါဘူး။ နိုင်ငံအနာဂတ်အတွက် သင့်တော်တဲ့ ဥပဒေတွေ ဖြစ်အောင် ကျမတို့ လုပ်မှာပါ။ ပညာရေးနဲ့ ပတ်သက် လို့ပဲဖြစ်ဖြစ်၊ တခြားကိစ္စတွေနဲ့ပဲပတ်သက်လိုပဲဖြစ်ဖြစ်၊ ဒီလို အခြေခံမူနဲ့ ပဲ ဥပဒေကို ပြဋ္ဌာန်းရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

ဧရာဝတီ

Tuesday, November 3, 2015

ပြည်တွင်းစစ် ချက်ချင်းရပ်ရေး တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်များ တောင်းဆို


ဓာတ်ပုံ - Jade Land Kachin Facebookဓာတ်ပုံ - Jade Land Kachin Facebook

နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ၀နယ်မြေမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တွေရဲ့ ဒုတိယအကြိမ် ထိပ်သီးစည်းဝေးပွဲမှာ တက်ရောက်လာတဲ့ တိုင်းရင်းသားတွေက တောင်းဆိုလိုက်တာဖြစ်ပြီး ရွေးကောက်ပွဲပြီးလို့ ထွက်ပေါ်လာမယ့် အစိုးရနဲ့ ဆက်လက်ဆွေးနွေးသွားမယ်လို့ ယူဒဗလျူအက်စ်အေရဲ့ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးကျောက်ကော်အန်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့မနက် ဆွေးနွေးပြီးခဲ့တာ ဆိုလို့ရှိရင် တိုင်းပြည်ရဲ့ ဒီလာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုအောက်မှာ ဆောင်ရွက်နေတယ် ဆိုလို့ရှိရင်တော့ ကောင်းပါတယ်။ ကျနော်တို့ အဲဒါကိုလည်း လက်ခံတယ်။ နောက်ထွက်လာမယ့် အစိုးရအသစ်ဟာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပူးပေါင်းပြီးနောက်မှာ ရှေ့ဆက်ရမယ့် ဆွေးနွေးပွဲတွေလုပ်မယ်။ လောလောဆယ်တော့ ပြည်တွင်းစစ် ချက်ချင်းရပ်စဲရေး၊ ချက်ချင်းရပ်ပြီးနောက်မှာ နိုင်ငံရေးနည်းနဲ့ ပြည်တွင်းကိစ္စကို ဖြေရှင်းပါလို့ပဲ ပါပါတယ်။”

‘၀’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် စစ်ဦးစီးချုပ်နဲ့ ပါတီဥက္ကဋ္ဌ ဦးပေါက်ယူချန်းကတော့ ရွေးကောက်ပွဲအလွန် ထွက်ပေါ်လာမယ့် မည်သည့်ပါတီက ဖွဲ့စည်းတဲ့ အစိုးရသစ်နဲ့မဆို တနိုင်ငံလုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထိပ်သီးစည်းဝေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်များရဲ့ ဒုတိယအကြိမ် ထိပ်သီးစည်းဝေးပွဲမှာ ၀’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ)၊ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အို)၊ ကိုးကန့်မဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ)၊ မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ)၊ ရခိုင်တပ်မတော် (အေအေ)၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ)၊ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (ကေအန်ဒီအို)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ တအာင်း (ပလောင်) တပ်မတော် (ပီအက်စ်အယ်လ်အက်ဖ်)၊ ရှမ်းပြည်အရှေ့ဘက် မဟာမိတ်တပ်ဖွဲ့ (အန်ဒီအေအေ) နဲ့ ကယန်းပြည်သစ်ပါတီ စတဲ့အဖွဲ့ ၁၁ ဖွဲ့က ကိုယ်စားလှယ် ၄၁ ဦး တက်ရောက်ခဲ့ပြီး လေ့လာသူအနေနဲ့ ၁၃ ဦး တက်ရောက်ခဲ့ပါတယ်။

DVB

Monday, November 2, 2015

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲထပ်မံဖြစ်ပွား


၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂ ရက်

တအာင်းဒေသ၊ တပ်မဟာ (၁) နယ်မြေ၊ ကွတ်ခိုင်မြို့နယ်၊ မန်ဆွေကျေးရွာနှင့် မန်ပူးကျေးရွာကြားတွင် ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၀၈း၁၅ နာရီမှ ၀၈း၄၅ နာရီအထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်ရင်း (၁၀၁)နှင့် မြန်မာ့တပ်မတော် တပ်မ (၉၉) တို့နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် တအာင်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက် ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။
မြန်မာ့တပ်မတော်မှ တပ်အင်အား (၂၀၀) ကျော်ဖြင့် နမ့်ဆွမ်ဖက်မှ တအာင်းတပ်မတော် တည်ရှိရာ လှုပ်ရှားစခန်းဖက်သို့ တက်လာပြီး အဝေးကင်းနှင့် ထိပ်တိုက်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်မှ ပိန်းပွန်းကျေးရွာဖက်သို့ ပြန်လည် ဆုတ်ခွါသွားခဲ့သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

Thursday, October 29, 2015

အမတ်လောင်း တဖြစ်လည်း လက်နက်ကိုင် ခေါင်းဆောင် ဟောင်းများနှင့် မူယစ်ဆေး ဆက်စပ်သူများ



လက်နက်ကိုင် အဖွဲ့အစည်းများမှ အစိုးရကို ထောက်ခံသည့် ခေါင်းဆောင်များက အများလက်ခံမှု မရရှိခဲ့သော မြန်မာနိုင်ငံ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြဖူးသည်။ အဆိုပါ လက်နက်ကိုင် ခေါင်းဆောင်များသည် ယခုနိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင်လည်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ ၀င်ရောက် ယှဉ်ပြိုင်ကြဦးမည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းတွင် သေနတ်များက ဆက်လက် အရေးပါနေဆဲကြောင်း ထပ်ပြီး သတိပေးလိုက်သလို ဖြစ်လာသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) မှ အပြီးသတ် ထုတ်ပြန်လိုက်သည့် ကိုယ်စားလှယ်လောင်း စာရင်းတွင် ပါဝင်လာသော အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုရှိသူ အများအပြားမှာ အကျိုးအမြတ် များပြားလှသည့် တရားမ၀င် မူးယစ်ဆေး ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု သံသယရှိခြင်း ခံခဲ့ရသူများလည်း ဖြစ်သည်။

အခြေခံဥပဒေတွင် ပြည်သူ့စစ်အဖွဲ့များဟု တရားဝင် သတ်မှတ်ထားသော အဆိုပါလက်နက်ကိုင် အဖွဲ့အစည်းများသည် တိုင်းပြည်၏ တချို့သော နေရာများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိထားပြီး ဗဟိုအစိုးရက ၎င်းတို့၏ အုပ်ချုပ်ရေး ခိုင်မာစေရန်အတွက် ကိုယ်စားလှယ်များအဖြစ် နှစ်ပေါင်းများစွာ အသုံးချခဲ့သည်။ မြန်မာနိုင်ငံတွင် လက်နက်ကိုင် အဖွဲ့အစည်း ၅၀ ကျော်ရှိသည်ဟု ခန့်မှန်းထားပြီး ဘဏ္ဍာငွေရရှိရေးအတွက် သဘာဝသယံဇာတ လုပ်ပိုင်ခွင့်များ၊ လမ်းကြေး ဂိတ်ကြေး ကောက်ခံမှုများ ပြုလုပ်နေကြသလို မူးယစ်ဆေးကုန်သွယ်မှုများ လည်းပြုလုပ်နေသည်ဟု ဝေဖန်မှုများ ရှိနေသည်။

မြန်မာနိုင်ငံတွင် အကြီးဆုံး ပြည်နယ်ဖြစ်ပြီး မူးယစ်ဆေး ပြဿနာလည်း အများဆုံးရှိနေသည့် ရှမ်းပြည်နယ်သည် အဆိုပါ အဖွဲ့အစည်းများ ကြီးထွားလာရေးအတွက် ရေခံမြေခံကောင်းသည့် နေရာတခုဖြစ်ကြောင်း တွေ့ရှိခဲ့ရပြီး တချို့ နေရာများတွင် အပိုင်စားနယ်မြေနီးပါးမျှ တည်ထောင်လာခဲ့ကြသည်။ ထိုသို့ တိုးတက်လာခြင်းသည် အစိုးရတပ်အတွင်းမှ ၎င်းတို့၏ မဟာမိတ်များ၏ ပူးပေါင်းဆောင်ရွက်မှုမပါဘဲ ဖြစ်မလာနိုင်ဟု ဝေဖန်သူများက ပြောကြသည်။

လက်နက်ကိုင် အမတ်မင်းများ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှ ကချင်တိုင်းရင်းသား တယောက်ဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဦးတီခွန်မြတ်က ယခုနှစ် ရွေးကောက်ပွဲတွင် ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ဥပဒေကြမ်းကော်မတီသည် ဥပဒေအသစ်များ ရေးဆွဲရေးနှင့် ခေတ်မမီတော့သော ဥပဒေများကို ပြင်ဆင်ရေး၊ ဖျက်သိမ်းရေး ကိစ္စများကို တာဝန်ယူဆောင်ရွက်ရသည့် အဖွဲ့အစည်းတခု ဖြစ်ပါသည်။ သြဇာရှိသည့် လွှတ်တော် ကော်မတီ တခုကို ဦးဆောင်နေသည့် ဦးတီခွန်မြတ်သည် ကွတ်ခိုင် အခြေစိုက် ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြခဲ့သည်။ ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနက ၂၀၁၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော “လွှတ်တော်တွင်းမှ မူးယစ်ရာဇာများ” (Druglords in Parliament) အမည်ရှိ ရှမ်းပြည်နယ် မူးယစ်ဆေး ၀ါး စောင့်ကြည့်ရေး အစီရင်ခံစာတခုတွင် ဦးတီခွန်မြတ်နှင့် သူ၏ ပြည်သူစစ်အဖွဲ့က ၎င်းတို့၏ နယ်မြေအတွင်း မူးယစ် ဆေးဝါးများ ဖြတ်သန်းသယ်ဆောင်သည့် နေရာတွင် အကာအကွယ်ပေးခြင်း၊ သယ်ယူ ပို့ဆောင်ပေးခြင်းများဖြင့် ပါဝင် ပတ်သက်မှုရှိခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာတွင် ဦးတီခွန်မြတ်က သူနှင့် သိကျွမ်းသူများကို ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သူတဦးဟု သတ်မှတ် ကြကြောင်း ဖော်ပြထားသည်။ “တကယ်လို့ ကျနော်တို့က သူ့ရဲ့ လက်အောက်ငယ်သားတွေကို မသိခဲ့ဘူးဆိုရင် သူက မူးယစ်ဆေးကိစ္စမှာ ပတ်သက်ခဲ့တယ် ဆိုတာကို ယုံကြည်ဖို့ ခက်ပါတယ်” ဟု ကွင်းဆင်းလေ့လာသူတဦးက ပြောကြောင်း အစီရင်ခံစာက ဆိုသည်။

ဦးတီခွန်မြတ်က ယခုအခါ ရပ်ဆိုင်းသွားပြီ ဖြစ်သော မြန်မာ မေဖလားဝါးဘဏ်၏ ရှယ်ယာပိုင်ရှင်တဦး ဖြစ်သည်ဟု ကွတ်ခိုင်မှ သတင်းရင်းမြစ်တဦးက ပြောကြောင်း ၂၀၁၀ ပြည့်နှစ်က သျှမ်းသံတော်ဆင့်မှ ဆောင်းပါးတပုဒ်တွင် ရေးသားခဲ့သည်။ WikiLeaks မှ ပေါက်ကြားခဲ့သော အမေရိကန် သံတမန် ကြေးနန်းသတင်းတွင် မြန်မာ မေဖလားဝါးဘဏ်က မူးယစ်ဆေး ကုန်သွယ်မှုနှင့် ငွေကြေးခ၀ါချမှုများနှင့် ဆက်သွယ်မှု ရှိနေသည်ဟု ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက သံသယရှိကြောင်း အမေရိကန် သံတမန်တဦးက ၂၀၀၅ ခုနှစ်က သတင်းပေးပို့ခဲ့သည်ကို တွေ့ရှိရသည်။ မြန်မာ အစိုးရတာဝန်ရှိသူများက မေဖလားဝါးဘဏ်နှင့် တခြားဘဏ်တခုကို ပိတ်သိမ်းရန် အမိန့်ထုတ်ခဲ့ပြီး များမကြာမီ အချိန်တွင် ထိုသို့ သတင်းပေးပို့ခဲ့ ခြင်းဖြစ်သည်။

ဦးတီခွန်မြတ်နှင့် သူ၏ ပြည်သူ့စစ်အဖွဲ့နှင့် ပတ်သက်၍ စွပ်စွဲမှုများရှိနေကြောင်း ဘန်ကောက်ပို့စ် (Bangkok Post) သတင်းစာနှင့် အယ်လ် ဂျာဇီးယား (Al Jazeera) သတင်းဌာန တို့က သတင်းရေးသား ဖော်ပြခဲ့ကြသော်လည်း သူ့ကို ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခဲ့ပုံမရပါ။ သူက ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလက အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့သို့ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ဦးဆောင်သွားရောက်ခဲ့သည်။ ဂျွန် ဟော့ပ်ကင်း (Johns Hopkins) တက္ကသိုလ် Paul H. Nitze School of Advanced International Studies (SAIS) မှ ဖွင့်လှစ်သည့် တပတ်ကြာသင်တန်းသို့လည်း တက်ရောက်ခဲ့သည်။

အမေရိကန် ကွန်ဂရက်လွှတ်တော်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့သည့် အချိန်တွင် ဦးတီခွန်မြတ်နှင့် အဖွဲ့ဝင် များသည် ဒီမိုကရက်တစ်ပါတီမှ အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) နှင့် ရီပတ်ဘလစ်ကင်ပါတီမှ အထက်လွှတ်တော် အမတ် James Inhofe တို့နှင့် တွေ့ဆုံခဲ့သည်။ ဂျင်မ် ဝက်ဘ်သည် ယခုလာမည့်သက်တမ်းတွင် အမေရိကန် သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နေသည်။ ဦးတီခွန်မြတ်သည် လွှတ်တော် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့များနှင့် အတူ ၂၀၁၃ ခုနှစ်က ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး လွန်ခဲ့သော ၂ နှစ်က အိန္ဒိယနိုင်ငံသို့လည်း သွားရောက် ခဲ့သည်။

ကချင်ရိုးရာ ခေါင်းဆောင်များဖြစ်သည့် ဒူးဝါးမျိုးရိုးမှ ပေါက်ဖွားခဲ့သူဖြစ်သည့် ဦးတီခွန်မြတ်၏ နာမည်အစ စာလုံး တီ (T) ဆိုသည်မှာ မိသားစုအမည်ဖြစ်သော Tangbau ကို ဆိုလိုခြင်းဖြစ်သည်။ ထိုနာမည်ကို သူ၏ တခြား ကချင်အမည်တခု ဖြစ်သည့် Khun Myat Lahtaw နှင့် ပေါင်းစပ်ထားသော ဦးတီခွန်မြတ်သည် ဟိုတယ်ပိုင်ရှင် စီးပွားရေးသမား တဦးဖြစ်ပြီး ၁၉၉၄ ခုနှစ်က အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆွေးနွေးရာတွင် ကူညီခဲ့သူ ဖြစ်သည်။ အဆိုပါ အပစ်အခတ်ရပ်စဲရေးမှာ ယခုအခါ ပျက်ပြားသွားခဲ့ပြီ ဖြစ်သည်။

ရှမ်းပြည်နယ် မူးယစ်ဆေးစောင့်ကြည့်ရေး အစီရင်ခံစာတွင် ပါဝင်သည့် နောက်ထပ် ကိုးကန့်တရုတ်လူမျိုး လွှတ်တော် ကိုယ်စားလှယ်တဦးမှာ ဦးဟိုရှောက်ချန်း (Ho Xiaochang) ဖြစ်သည်။ ကိုးကန့် အထူးရဲအဖွဲ့၏ ဒုတိယ တပ်မှူးဟောင်း ဦးဟိုရှောက်ချန်းသည် လက်ရှိအချိန်တွင် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကွမ်လုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး သူကလည်း မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲတွင် ပြန်လည် ယှဉ်ပြိုင်မည် ဖြစ်သည်။ အစီရင်ခံစာ၏ အဆိုအရ ဦးဟိုရှောက်ချန်းသည် အထူးရဲတပ်ဖွဲ့တွင် ရှိနေစဉ်ကတည်းက သြဇာ အာဏာ ကြီးမားသူ တယောက်ဖြစ်ပြီး အကောက်ခွန် အရာရှိငယ်တယောက်ကို သေနတ်နှင့် ပစ်သတ်ခဲ့သဖြင့် ထောင်ကျခဲ့သော သူ၏ တပည့်တဦးကို လပိုင်းအတွင်းမှာ ပြန်လွှတ်ပေးနိုင်အောင် ယခင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပုဂ္ဂိုလ်ရေးအရ အကူအညီ တောင်းခံနိုသည်အထိ ပေါက်ရောက်ခဲ့သူ ဖြစ်သည်ဟု သိရသည်။ နိုဝင်ဘာလ ၈ ရက် နောက်ပိုင်းတွင် ပေါ်ပေါက်လာမည့် လွှတ်တော်က ထိန်းချုပ်ရန် ခက်ခဲမည်ဟု မျှော်လင့်ရသည့် အခြေအနေတွင် ဦးဟိုရှောက်ချန်း၏ စေ့စပ်ညှိနှိုင်းရေး စွမ်းရည်များက အသုံးဝင်ကြောင်း တွေ့ရနိုင်ပါသည်။

လွှတ်တော်မှ တရားဝင် ထုတ်ပြန်ထားသည့် ကိုယ်စားလှယ်များ၏ ကိုယ်ရေးအကျဉ်းချုပ်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်းမှ လားဟူတိုင်းရင်းသား ကြံ့ခိုင်ရေးပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၏ အလုပ်အကိုင်များကို ဖော်ပြရာ၌ တာချီလိတ်မြို့နယ်မှ ရေပူစမ်းဌာနေ ပြည်သူ့စစ်အဖွဲ့၏ အကြီးတန်း အဖွဲ့ဝင်တဦးအဖြစ် ဆောင်ရွက်ခဲ့သည်ဟု ရေးသားထားသည်။ အဆိုပါ ပြည်သူ့စစ်အဖွဲ့သည် ဘိန်းဘုရင် ခွန်ဆာ၏ လက်အောက်တွင် ဒု ဗိုလ်ချုပ်ကြီး အဖြစ်တာဝန် ထမ်းဆောင်ခဲ့ဖူးသော ယီရှေး (Yi Shay) ဦးဆောင်သည့် Nampong-Loi Taw Kham ပြည်သူ့စစ်အဖွဲ့ ဖြစ်သည်ဟု သျှမ်းသံတော်ဆင့် သတင်းဌာနက ဆိုသည်။ ယမန်နှစ် ဒီဇင်ဘာလအတွင်းတွင် ထိုင်းနိုင်ငံမှ မူးယစ်ဆေး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး (ONCB) က မူးယစ်ဆေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံက ဖမ်းဆီးပေးစေလိုသော ၎င်းတို့ သံသယရှိသူ ၁၀ ဦး စာရင်း ထုတ်ပြန်ခဲ့ရာတွင် Yi Shay လည်း ပါဝင်နေခဲ့သည်။ ယခုလာမည့် ရွေးကောက်ပွဲတွင်လည်း ဦးဝီလ်ဆင်မိုးက အမျိုးသားလွှတ်တော် အတွက် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) မှ ပြန်လည် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

သျှမ်းသံတော်ဆင့်၏ မူးယစ်ဆေးစောင့်ကြည့်ရေး အစီရင်ခံစာတွင် ပါဝင်နေသည့် နောက်ထပ် ပြည်သူ့စစ်ခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ်တဦးမှာ မုံးပေါ် ပြည်သူ့စစ်ခေါင်းဆောင် ကချင်တိုင်းရင်းသား ဦးကိန်မိုင် ဖြစ်သည်။ သူက ရှမ်း ပြည်နယ်၊ မူဆယ်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။ ရွေးကောက်ပွဲတွင် သူ ရွေးချယ်ခံရခြင်း နောက်ကွယ်တွင် ခြိမ်းခြောက်မှုများစွာ ပါဝင်နေခဲ့သည်ဟု သျှမ်းသံတော်ဆင့်က ဆိုသည်။

“သူ့စကားလုံးတွေကို ကြောက်လန့်လို့ မဲပေးကြတယ်” ဟု တရုတ်-မြန်မာ နယ်စပ်မှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ သူတဦးက ၂၀၁၀ ခုနှစ်တွင် သျှမ်းသံတော်ဆင့်သို့ ပြောကြားခဲ့သည်။ “တကယ်လို့ သူတို့က ကြံ့ခိုင်ရေးပါတီကို မဲမပေးရင် ရွေးကောက်ပွဲပြီးတဲ့အခါ ဒုက္ခရောက်မှာကို စိုးရိမ်ခဲ့ကြတယ်” ဟု အမည်မဖော်လိုသူ တဦးက ပြောသည်။

ယခုတကြိမ်မှာတော့ ရွေးကောက်ပွဲတွင် ဦးကိန်မိုင် မည်သို့ ယှဉ်ပြိုင်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ ယခုအခါတွင် သူ့ အတွက် ရင်ဆိုင်ရမည့် ပြိုင်ဘက်များ ပိုများလာသလို ရွေးကောက်ပွဲ အခြေအနေကို အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပိုမို၍ စေ့စေ့စပ်စပ် စောင့်ကြည့်လာကြပြီ ဖြစ်သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ဦးကိန်မိုင်က ပြိုင်ဘက် ၃ ဦးနှင့် ယှဉ်ပြိုင်ခဲ့ရပြီး ယခုနိုဝင်ဘာလ ရွေးကောက်ပွဲတွင် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအ၀င် ပြိုင်ဘက် ၄ ဦးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ တရားဝင် မဲဆွယ်လှုပ်ရှားမှု ပထမဆုံးလ အတွင်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရိုးသားမှု မရှိကြောင်း စွပ်စွဲမှုပြောဆိုများ မြင့်တက်လာသော်လည်း NLD ပါတီက ရှောင်ထွက်ခြင်း မပြုခဲ့ပါ။

ကြံ့ခိုင်ရေးပါတီဝင် မဟုတ်သော်လည်း လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့မှ လွှတ်တော်ကိုယ်စားလှယ် အဖြစ်သို့ ကူးပြောင်းခဲ့သူ တဦးကတော့ အင်အားသုံးသည့်နည်းကို ကချင်ပြည်နယ်တွင် အသုံးပြုခဲ့ပြီး ဖြစ်သည်။ ကချင်ပြည်သူ့စစ် ခေါင်းဆောင် တဦး ဖြစ်သော ဦးစခုန်တိန့်ယိန်းက သူ၏ New Democratic Army–Kachin (NDAK) တပ်ဖွဲ့က ထိန်းချုပ်ထားသည့် ဧရိယာအတွင်းတွင် NLD လွှတ်တော် ကိုယ်စာလှယ်လောင်းများ မဲဆွယ်လှုပ်ရှားမှု မပြုလုပ်ရန် စက်တင်ဘာလ ၂၂ ရက် နေ့က စာရေးသား၍ တားမြစ်လိုက်သည်။ NDAK အဖွဲ့သည် ၂၀၀၉ ခုနှစ်က နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် တရားဝင် ပြောင်းလဲခဲ့သည့် အဖွဲ့ဖြစ်သည်။

ထိုသို့ တားမြစ်ခြင်းကို NLD ပါတီက ကန့်ကွက်ခဲ့သည့်အတွက် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ကြားဝင်ဖြန်ဖြေပြီး ကချင်ပြည်နယ် အထူးဒေသ (၁) ဟု သိကြသည့် ဦးစခုန်တိန့်ယိန်း၏ နယ်မြေအတွင်းတွင် အတိုက်အခံ NLD ပါတီကို မဲဆွယ်ခွင့် ပေးခဲ့သည်။ သို့သော်လည်း ဦးစခုန်တိန့်ယိန်းက သူ၏ အပိုင်စားနယ်မြေအဖြစ် ကာလရှည်ကြာစွာ ရှိနေခဲ့သည့် ကချင်ပြည်နယ်၏ ဝေးလံသော ထောင့်စွန်းဒေသတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတခု အမှန်တကယ် ကျင်းပခွင့် ပေး၊ မပေးက စောင့်ကြည့်ရဦးမည် ဖြစ်သည်။

ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကွတ်ခိုင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် ကြံ့ခိုင်ရေး ပါတီဝင် ကိုးကန့်-တရုတ် တိုင်းရင်းသား ဦးမြင့်လွင် ခေါ် ဝန်ခိုးတာ့သည်လည်း မူးယစ်ဆေး ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့ (Shan Drug Watch) က ဆိုသည်။ ဦးမြင့်လွင်သည် အစိုးရကို ထောက်ခံသည့် တာမိုးညဲ ပြည်သူ့စစ်အဖွဲ့မှ ၀ါရင့်အဖွဲ့ဝင် တယောက်ဖြစ်ပြီး တချိန်က သြဇာကြီးခဲ့သော ခွန်ဆာ၏ (Mong Tai Army – MTA) တပ်ဖွဲ့မှ ပေါ်ပေါက်လာခဲ့သည့် တခြား ရှမ်းပြည်သူ့စစ် အဖွဲ့ ၂ ခုမှ ခေါင်းဆောင်များနှင့် အနီးကပ် ဆက်သွယ်မှုရှိသူ ဖြစ်သည်။ သူက မူးယစ်ဆေးဝါး ထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေးတွင် အကြီးအကျယ် ပါဝင်ပတ်သက်မှုရှိခဲ့သည်ဟု Shan Drug Watch အစီရင်ခံစာတွင် ဖော်ပြထားသည်။

သျှမ်းသံတော်ဆင့် သတင်းဌာန၏ နောက်ထပ် ဆောင်းပါးတပုဒ်တွင် ဦးမြင့်လွင်ကို တာမိုးညဲ ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် ဖော်ပြထားပြီး နယ်သာလန်နိုင်ငံ အခြေစိုက် Transnational Institute (TNI) ၏ ၂၀၁၂ ခုနှစ်ထုတ် အစီရင်ခံစာတွင် ရှမ်းပြည်နယ်တွင်းမှ သယံဇာတထုတ်ယူရေး လုပ်ငန်းများတွင် အကြီးအကျယ် ပါဝင်ပတ်သက်နေသော တာမိုးညဲချမ်းသာ ကုမ္ပဏီကို ထိန်းချုပ်ထားသူ ဖြစ်သည်ဟု ဖော်ပြထားသည်။ အဆိုပါ စီးပွားရေး လုပ်ပိုင်ခွင့်များကို ရရှိခဲ့ခြင်းမှာ ဦးမြင့်လွင်နှင့် ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၏ ရင်းနှီးကျွမ်းဝင်မှုကြောင့် ဖြစ်သည်ဟု TNI က ဆိုသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ၁၉၇၀ နှစ်များကထဲက စတင် သိကျွမ်းခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ရှမ်းပြည်နယ် ကချင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇုတ်ဒေါင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သော Asia Foundation ၏ အစီရင်ခံစာတွင် သူ့ကို ရှမ်း ပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသော မုန်းကိုးပြည်သူ့ စစ်အဖွဲ့နှင့် ဆက်သွယ်မှုရှိသူအဖြစ် ဖော်ပြထားသည်။ မုန်းကိုး ပြည်သူ့ စစ်အဖွဲ့ကို ဦးဇုတ်ဒေါင်၏ သားဖြစ်သူ နော်ခမ်းက ဦးဆောင်နေသည်ဟု သိရသည်။ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဦးဇုတ်ဒေါင်က တိုင်းရင်းသားရေးရာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ထပ်မံ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ယခုတကြိမ်တွင် တသီးပုဂ္ဂလအနေဖြင့် ရွေးကောက်ပွဲဝင်မည် ဖြစ်သည်။

အမတ်စာရင်းမှ တပ်ခေါက်သွားသူများ

ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့စစ်အဖွဲ့များနှင့် ဆက်သွယ်မှုရှိသော လက်ရှိ လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၅ ဦးခန့်က ရွေးကောက်ပွဲ ပြန်လည် ၀င်ရောက်တော့မည့်အချိန်တွင် ယခုတကြိမ်တွင် လွှတ်တော်နိုင်ငံရေးမှ ထွက်ခွာတော့မည့် တခြားသူများလည်း ရှိသည်။

ပန်းဆေး ပြည်သူ့ စစ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှ သူအပိုင်စားရသည့် နယ်မြေကို ကိုယ်စားပြု၍ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်ရေးပါတီမှနေ၍ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဦးကျော်မြင့်ကို ယခုလာမည့် ရွေးကောက်ပွဲတွင် နမ့်ခမ်းမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းတွင် မတွေ့ရှိရပါ။

၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ပလောင်အမျိုးသမီး အစည်းအရုံး (PWO) က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစောင်တွင် ဦးကျော်မြင့်နှင့် သူ၏ ပြည်သူ့ စစ်အဖွဲ့က မူးယစ်ဆေးကုန်သွယ်မှုတွင် အကြီးအကျယ် ပါဝင် ပတ်သက်နေကြောင်း စွပ်စွဲဖော်ပြထားသည်။ အစီရင်ခံစာနှင့်အတူ ထုတ်ပြန်ခဲ့သည့် ကျေညာချက်တွင် (PWO) က “အခုဆိုရင် ဦးကျော်မြင့်က လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားပြီ။ မူးယစ်ဆေး ရောင်းဝယ်ဖို့ သူ့မှာ အာဏာ ပိုရှိသွားပြီ” ဟု ရေးသားခဲ့သည်။

၂၀၁၁ ခုနှစ် Shan Drug Watch အစီရင်ခံစာတွင်လည်း ဦးကျော်မြင့်၏ ပြည်သူ့စစ်အဖွဲ့ အမည်ကို ဖော်ပြခဲ့ပြီး ယခုနှစ် အစောပိုင်းက နမ့်ခမ်းမြို့နယ်သို့ ဧရာဝတီက သွားရောက်ခဲ့ရာတွင် ဒေသခံများက အလားတူ စွပ်စွဲမှုမျိုး အကြိမ်ကြိမ် ပြောခဲ့ကြသည်။ မူးယစ်ဆေးဆန့်ကျင်ရေး လုပ်ဆောင်နေသည့် ပလောင်တိုင်းရင်းသား တက်ကြွလှုပ်ရှားသူများက နယ်စပ်မြို့ မူဆယ်နှင့် ကီလိုမီတာ ၃၀ ခန့်ကွာဝေးသည့် ကွတ်ခိုင်မြို့ကြားတွင် ဦးကျော်မြင့်၏ ပန်းဆေးပြည်သူ့ စစ်အဖွဲ့က ထိန်းချုပ်ထားသည့် ဧရိယာ ဧက ၂၀၀၀၀ ခန့် ရှိသည်ဟု ဧရာဝတီ သတင်းထောက်တဦးကို ပြောခဲ့ပါသည်။

ပန်းဆေး ပြည်သူ့စစ်အဖွဲ့က ပြီးခဲ့သည့် နှစ်များအတွင်း ရှမ်းပြည်နယ်အတွင်းတွင် အစိုးရတပ်ဖွဲ့များနှင့် အတူလက်တွဲ၍ ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မကြာခန ဖြစ်ပွားခဲ့ရသည့်အတွက် ရွေးကောက်ပွဲတွင် နောက်တကြိမ် အနိုင်ရရှိရေးထက် သူ၏ ပြည်သူ့စစ်အဖွဲ့က ထိန်းချုပ်ထားသည့် နယ်ပြေကို ဆက်လက် ထိန်းသိမ်းနိုင်ရေးကို ဦးကျော်မြင့်က ဦးစားပေးလိုက်ခြင်း ဖြစ်ဖွယ်ရာ ရှိပါသည်။ ၂၀၁၂ ခုနှစ်မှ စ၍ TNLA က မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအတွက် ဆိုသည့် အကြောင်းပြချက်ဖြင့် ၎င်းတို့၏ တပ်ဖွဲ့များက ပန်းဆေး ပြည်သူ့စစ် အဖွဲ့ထိန်းချုပ် နယ်မြေအတွင်းသို့ အကြိမ်ကြိမ်ဝင်ရောက် တိုက်ခိုက်ခြင်း၊ ဘိန်းစိုက်ခင်းများကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

Shan Drug Watch အစီရင်ခံစာတွင် ပါဝင်သော နောက်ထပ် လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့် ကြံ့ခိုင်ရေးပါတီမှ ဦးလျူကွယ်ရှိ သည်လည်း သူ၏ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၁) တွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုတော့သည်ကို တွေ့ရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှ တာဝန်ရှိသူ တဦးဖြစ်ခဲ့ပြီး ဗကပ အဖွဲ့ ပြိုကွဲသွားချိန်တွင် ကိုးကန့် နယ်မြေရှိ ရှမ်းပြည်နယ် အထူးဒေသ (၁) ၏ အတွင်းရေးမှူး ဖြစ်လာခဲ့သော ဦးလျူကွယ်ရှိကို ၁၉၉၀ နှစ်များအတွင်းတွင် ဟောင်ကောင် အခြေစိုက် Far Eastern Economic Review စာစောင်က မူးယစ်ဆေး လောက၏ အဓိက လူတယောက်အဖြစ် ဖော်ပြခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ၁၉၉၉ ခုနှစ် နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး နည်းဗျူဟာ နှစ်စဉ်အစီရင်ခံစာတွင် မူးယစ်ဆေးကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု အမေရိကန် အစိုးရက ယုံကြည်သူ တဦးအဖြစ် ဖော်ပြထားသည်။ ဦးလျူကွယ်ရှိသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

သျှမ်းသံတော်ဆင့်၏ အဆိုအရ ဦးလျူကွယ်ရှိ နှင့် ဆွေမျိုးတော်စပ်ပြီး ဦးလျူကွယ်ရှိ တည်ထောင်ထားသော စီးပွားရေး လုပ်ငန်းများမှ အဖွဲ့ဝင်တဦးဖြစ်သည့် ဦးကျောက်တယ်ချန်က ၂၀၁၀ ရွေးကောက်ပွဲတွင် ကုန်းကြမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ၀င်ရောက် ယှဉ်ပြိုင်ရာတွင် ပြိုင်ဘက်မရှိ အနိုင်ရရှိခဲ့သည်။ ယခု ရွေးကောက်ပွဲတွင်လည်း ဆက်လက် ယှဉ်ပြိုင်မည် ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် လောက်ကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြိုင်ဘက်မရှိ အနိုင်ရခဲ့သော ကိုးကန့် အထူး ဒေသ၏ လက်ရှိဥက္ကဋ္ဌ ဦးပိုင်ဆိုချင် (ခေါ်) ပယ်ရှောက်ချိန် သည်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကိုယ်စားလှယ်လောင်း စာရင်းတွင် မပါဝင်တော့ပါ။ လောက်ကိုင်မြို့တွင် နေထိုင်သော ဦးပိုင်ဆိုချင်သည် သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်း တယောက်ဖြစ်သော ဖုန်ကြားရှင် အပေါ် သစ္စာခံသည့် ကိုးကန့်တပ်ဖွဲ့များနှင့် အစိုးရတပ်ဖွဲ့များ အကြား ဖေဖော်ဝါရီ လအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်းတွင် အမြောက်ဆံ ထိမှန်ခြင်း ခံခဲ့ရသည်ဟု အစိုးရမီဒီယာတွင် ဖော်ပြခဲ့သည်။ သူ့ကိုလည်း Shan Drug Watch အစီရင်ခံစာက မူးယစ်ဆေး ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေသူ တယောက်အဖြစ် ဖော်ပြထားသည်။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ၏ ဥက္ကဋ္ဌနေရာကို ဗဟို အစိုးရက တိုက်ရိုက် ခန့်ထားခြင်း ဖြစ်သည့်အတွက် သူ့ရာထူးကို ဆက်လက် ထိန်းသိမ်းနိုင်ရန် ရွေးကောက်ပွဲဝင်ရန် မလိုအပ်ခြင်း ဖြစ်ပုံရပါသည်။

ဦးပိုင်ဆိုချင် (ခေါ်) ပယ်ရှောက်ချိန်၏ သားဖြစ်သူ Bai Yingneng (ခေါ်) ဦးခင်မောင်လွင်က ကိုးကန့်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဖခင်၏ ခြေရာအတိုင်းလိုက်ရန် မျှော်လင့်ထားသည့် အသွင်ရှိသည်။ ရှမ်းပြည်နယ်လွှတ်တော် လောက်ကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တွင် ကြံ့ခိုင်ရေး ပါတီကို ကိုယ်စားပြု၍ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းသွင်းထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံအတွက် မျှော်လင့်ချက် ကြီးမားစွာ ထားရှိနေကြသည့် အထွေထွေ ရွေးကောက်ပွဲ၏ ရလဒ်ကို အပြည့်အ၀ ကြိုတင် ခန့်မှန်း၍ မရနိုင်သော်လည်း သေချာနိုင်သည်ကတော့ သေနတ်၊ မူးယစ်ဆေးနှင့် အာဏာတို့၏ အပြန်အလှန် သက်ရောက်မှုက (လွန်ခဲ့သော ဆယ်စုနှစ်များက အတိုင်း) မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် အဓိက အကြောင်းများအဖြစ် ဆက်ပြီး ရှိနေပါလိမ့်ဦးမည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Seamus Martov ၏ Ruling Party MPs Return Guns, Alleged Drug Ties to 2015 Race ကို ဘာသာပြန်ဆိုသည်။

============

The Irrawaddy (Burmese Version)

http://mobile.irrawaddy.org/article/2015/10/20/97424.html

Sunday, October 25, 2015

NCA လက်မှတ်မထိုးသေးသော အဖွဲ့များ ပန်ခမ်းတွင် ညီလာခံ ပြုလုပ်မည်

NCA, အပစ်အခတ်ရပ်စဲရေး, UWSA,
မေလအတွင်း ကျင်းပခဲ့သော ပန်ဆန်းညီလာခံ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစည်းအဝေးကို ‘ဝ’ ပြည်သွေးစည်း ညီညွှတ်ရေး ပါတီ၊ ‘ဝ’ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSP/UWSA) ထိန်းချုပ်နယ်မြေဖြစ်သော ပန်ခမ်းမြို့၌ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါအစည်းအဝေးတွင် NCA လက်မှတ်မရေးထိုးရသေးသော UWSP/UWSA အပါအဝင် စုစုပေါင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ကိုဖိတ်ကြားထားကြောင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်များ ဒုတိယအကြိမ်ပန်ခမ်းဖြစ်မြောက်ရေးကော်မတီ ထံမှ သိရသည်။
UWSP/UWSA ပြင်ပ ဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်း၏ ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လျှောက်ဖူ က “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲအပေါ် သဘောထားအမြင်ပေါ့။ နံပတ်နှစ် အချက်က တိုင်းရင်း သား အဖွဲ့အစည်းတွေအနေနဲ့ ရွေးကောက်ပွဲအပြီး တက်လာမယ့်အစိုးရသစ်နဲ့ ဘယ်လိုဆက်ပြီး ညှိနှိုင်းမလဲဆိုတဲ့ အချက်ပေါ့ ဒီနှစ်ချက်ကို ဆွေးနွေးကြမှာပါ” ဟု ဧရာဝတီသို့ပြောသည်။
ဖိတ်ကြားထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ထဲတွင် UWSP/UWSA အပါအဝင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု (NDAA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCN-K) အဖွဲ့များပါဝင်သည်။
ထို့အပြင် ကရင် အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)၊ ကယန်းပြည်သစ်ပါတီ (KNLP) တို့လည်း ပါဝင်သည်ကိုတွေ့ရသည်။
ပန်ခမ်းမြို့တွင် ယခုနှစ် မေလကလည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကျင်းပခဲ့ဖူးပြီး ယခုအကြိမ်သည် ဒုတိယ အကြိမ်ဖြစ်သည်။ ထိုအကြိမ်က ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် အခြားလက်နက်ကိုင်အချို့ တက်ရောက်ခဲ့ကြသော်လည်း ယခုအကြိမ်တွင် NCA လက်မှတ်ရေးထိုးသော အဖွဲ့များကို ဖိတ်ကြားခြင်း မရှိပေ။
ပန်ခမ်းတွင်ပြုလုပ်မည်ဖြစ်သော ညီလာခံနှင့် ပတ်သက်၍ မသိရှိရသေးသော်လည်း သမ္မတ ဦးသိန်းစိန် လက်ထက်တွင် အုပ်မြစ်ချခဲ့သော NCA ကို ရွေးကောက်ပွဲမှ တဆင့် နောက်တက်လာမည့် အစိုးရသက်တမ်းတွင်လည်း လက်မှတ် မထိုးရ သေးသော အဖွဲ့များအနေဖြင့် ဆက်လက်ဆွေးနွေးနိုင်မှာဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန(MPC) ပြောခွင့်ရပုဂ္ဂိုလ် ဦးလှမောင်ရွှေ က ဧရာဝတီသို့ ပြောသည်။
နေပြည်တော်၌ ယခုလ ၁၅ ရက်နေ့တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့အကြား NCA လက်မှတ်ရေးထိုးခဲ့ပြီး ယခုပန်ခမ်းညီလာခံကို ဖိတ်ကြားထားသည့် အဖွဲ့များအနေဖြင့် အားလုံးပါဝင်ရေးမူကို လက်မခံ၍ လက်မှတ်မထိုးနိုင်သေးကြောင်း သဘောပေးခဲ့ကြသည်။
NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး လက်မှတ်မရေးထိုးနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ အထူးသဖြင့် တရုတ်နယ်စပ်တွင် အခြေစိုက်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့အနေဖြင့် အားလုံး မပါဝင်နိုင်သေးလျင် လက်မှတ်မရေးထိုးသေးရန် အိမ်နီးချင်း တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုများရှိနေကြောင်း MPC ၏ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်း အကောင်အထည်ဖော်ရေးဋ္ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက မကြာသေးခင်က ထုတ်ဖော် ပြောဆိုခဲ့သေးသည်။


ဧရာဝတီ

Friday, October 23, 2015

*ဆေးဝါးပစ္စည်း ~ ဆန်*စစ်ဘေးရှောင် ဒုက္ခသည် ပေးပို့လှူဒန်း။




သျှမ်းပြည်တောင်ပိုင်း အစိုးရမှထိုးစစ်ဆင်ပြီး တိုက်ပွဲကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ဂျပန်ရောက် သျှမ်းပြည်သားများတို့မှ ပထမအသုတ်အနေဖြင့်  * ဆေးဝါးပစ္စည်း , ဆန် *  ၂၂ သိန်းကျပ်ဘိုး ဝယ်ယူလှူဒန်းပေးပို့နိုင်ခဲ့ပါတယ် ပါဝင်လှူဒန်းခဲ့သူများအားလုံး အထူးကျေးဇူးတင်ရှိပါတယ်။

ဒုတိယအသုတ် အနေဖြင့်လဲ စစ်ဘေးရှောင်ဒုက္ခသည်များကို ဆက်လက်အကူညီပေးပို့လှူဒန်းသွားမည်ဖြစ်ပြီး တတ်အားသမျှ ပါဝင်ကူညီပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
မိုင်းကျော်ဦး
၂၂-၁၀-၂၀၁၅

ကျောက်စိမ်းတွင်းများမှ ဦးသန်းရွှေမိသားစု အကြီးအကျယ် အမြတ်ထွက်နေဟု ဆို


လန်ဒန်အခြေစိုက် Global Witness အဖွဲ့က စုံစမ်းစစ်ဆေးထားတဲ့ မြန်မာပြည်မြောက်ဖျားက ကျောက်စိမ်း စီးပွားရေးလုပ်ငန်း အစီရင်ခံစာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီအစီရင်ခံစာရဲ့ နာမည်က Jade: Myanmar’s “Big State Secret” (ကျောက်စိမ်း သို့မဟုတ် မြန်မာပြည်က နိုင်ငံတော်လျှို့ဝှက်ချက်ကြီး) ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ သမိုင်းဝင် ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ဒီအစီရင်ခံစာကို Global Witness အဖွဲ့က ဖြန့်ချိမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်က ဖားကန့် ကျောက်စိမ်းတွင်းတွေနဲ့ အဲ့ဒီကထွက်ရှိတဲ့ ကျောက်စိမ်းတွင်းလုပ်ငန်း၊ အကျိုးအမြတ်တွေကို ရရှိနေတာတွေက ဘယ်သူတွေလဲ။ ဘယ်သူတွေက ခေါင်းပုံဖြတ်နေတာလဲ အသေးစိတ် အစီရင်ခံထားပါတယ်။

ဒီအစီရင်ခံစာမှာ အရင် စစ်အစိုးရ ခေါင်းဆောင်ဟောင်း တချို့နဲ့ ခရိုနီတွေကို မီးမောင်းထိုးပြထား ပြီး အဓိကပစ်မှတ်ကတော့ အရင်စစ်အစိုးရ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ မိသားစု လက်ဝါးကြီးအုပ် ပိုင်ဆိုင်ထားတယ်ဆိုပြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သူ့မိသားစုဟာ ဖားကန့်က ကျောက်စိမ်းတွင်းတွေကို Kyaing International နဲ့ Myanmar Naing Group ဆိုပြီး ထုတ်နေတဲ့အပြင် အဲဒီကုမ္ပဏီ ၂ ခုရဲ့ ဒါရိုက်တာဟာ ဦးသန်းရွှေရဲ့ သား ၂ ဦးပူးပေါင်းပြီး ကြွယ်ဝဆုံး (အင်္ဂလိပ်လို Richest Gems) ကုမ္ပဏီနာမည်နဲ့လည်း ကျောက်စိမ်းထုတ်နေကြောင်း ရေးသားဖော်ပြထားပါတယ်။

အစီရင်ခံစာရဲ့အဆိုအရ ကျောက်စိမ်းဈေးကွက်ကရတဲ့ တန်ဖိုးဟာ ခန့်မှန်းရခက်သော်လည်းပဲ သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်လုပ်ငန်းက ဝင်ငွေနဲ့ တရုတ်-မြန်မာနယ်စပ် တရုတ်အကောက်ခွန်ဌာနက စာရင်းကို အခြေခံပြီး ၂၀၁၄ မန်မာနိုင်ငံမှာ ကျောက်စိမ်း ထုတ်လုပ်မှုတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ ရှိနိုင်တယ်လို့ သိရပြီး ဘီလီယံပေါင်း ၃၁ ဘီလီယံအထိ ရောက်ရှိနိုင်ပါတယ်လို့ Global Witness က တွက်ချက် ဖော်ပြထားပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ တရားဝင် GDP ၄၈ ရာခိုင်နှုန်းနဲ့ ညီမျှပြီး မြန်မာအစိုးရရဲ့ ကျန်းမာရေး အသုံးစရိတ်ရဲ့ ၄၆ ဆနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။

ဒီကျောက်စိမ်းလုပ်ငန်းကို အကြီးအကျယ် ခြစားမှုတွေ၊ လက်စားမှုတွေ၊ ခရိုနီသူဌေးတွေက လက်ဝါးကြီးအုပ်မှုတွေအပြင် တပ်မတော်ရဲ့ ဦးပိုင် ကုမ္ပဏီတွေက ကြီးစိုးခြယ်လှယ်ထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီကျောက်စိမ်းတွင်းရဲ့ လုပ်ငန်းတွေကို ခရိုနီ စီးပွားရေးသမားကြီးတွေအပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမိသားစု အပါအ၀င် ကချင်ပြည်နယ်မှာ တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ် အုန်းမြင့်၊ ကြံ့ခိုင်ရေး ပါတီမှာ အရင်က အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း မောင်မောင်သိန်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဘုန်းဆွေ၊ ဒါ့အပြင် ကာကွယ်ရေး ၀န်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဌာန ဒုဝန်ကြီး ဦးဝင်းသန်းဟာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာကို ကျောက်မျက်ပြပွဲများမှ ရရှိခဲ့တယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်ရဲ့ စီးပွားရေး ထိန်းချုပ်ထားတဲ့ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Myanmar Economic Holdings Limited and Myanmar Economic Corporation က ကချင်ပြည်နယ် ကျောက်စိမ်းဈေးကွက်ကို ထိန်းချုပ်ထားပြီး ကျောက်မျက်ပြပွဲက အမြတ်အစွန်းတွေကို ရရှိနေပြီး ဒီအမြတ်အစွန်းတွေဟာ တပ်မတော် ခေါင်းဆောင်ပိုင်းကို တိုက်ရိုက်သွားနေတယ်လို့ Global Witness က သူ့ရဲ့ အစီရင်ခံစာမှာ စွပ်စွဲရေးသားထားပါတယ်။ ကချင်ပြည်နယ်က ပြည်သူပြည်သား အများစုကတော့ ကျောက်စိမ်းဈေးကွက်ကရတဲ့ အမြတ်အစွန်း ပိုက်ဆံတွေနဲ့ စစ်တပ်ရဲ့ ကချင်ပြည်နယ်က KIA/KIO တိုက်ပွဲတွေမှာ ထောက်ပံ့ကူညီနေတယ်လို့ သံသယရှိတယ်လို့ မေးခွန်းထုတ်ထားပါတယ်။

၂၀၁၄ မှာ နိုင်ငံ့ဘဏ္ဍာထဲကို အမေရိကန်ဒေါ်လာ ၃၇၄ သန်းပဲ ရောက်လာခဲ့ပေမယ့် ကျန်တဲ့ ဘီလီယံနဲ့ချီတဲ့ပိုက်ဆံတွေဟာ သူတို့အိတ်ကပ်ထဲကို သွားခဲ့တယ်လို့ Globla Witness က အစီရင်ခံစာမှာ သုံးသပ်ခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင် လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်တာတွေ ညစ်လုံးတွေ လုပ်နေတာတွေဟာ ခေါင်းမာတဲ့ စစ်အုပ်စုတွေက ငွေကြေးပေး ထောက်ပံ့နေသလားဆိုတာကို မြန်မာပြည်သူတွေ သိသင့်တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ဧရာဝတီ

Tuesday, October 20, 2015

နိုင်ငံရေးခိုလှုံခွင့်ဗီဇာ လိမ်လည်လျှောက်ထားမှု」နှင့် 「ပြည်နှင်ဒဏ်」ဆောင်ရွက်ပုံအား ပြန်လည်သုံးသပ်ခြင်း


-နိုင်ငံရေးခိုလှုံခွင့်အသိအမှတ်ပြုစနစ်အား အသုံးချပြီး အလုပ်လုပ်ရန်ရည်ရွယ်ချက်ဖြင့် ဗီဇာလိမ်လည်
လျှောက်ထားမှုများ ဖြစ်ပေါ်နေသောကြောင့် တရားရေးဝန်ကြီးဌာန၏ ကျယ်ကျယ်ပြန့်ပြန့်ပြန်လည်သုံးသပ်ထားသော အဆိုတင်သွင်းချက်အလုံးစုံကို၃ရက်နေ့တွင် ကြော်ငြာလိုက်သည်။

-ယခုလက်ရှိတွင်ဗီဇာလျှောက်ထားပြီး၆လပြည့်ပါက မည်သူမဆိုအားနိုင်ငံတွင်းတရားဝင်အလုပ်လုပ်ခွင့်ပြုခဲ့သော်လည်း နောက်ပိုင်းမှစ၍ ပုံစံတူအကြောင်းပြချက်ဖြင့် ပြန်လည်လျှောက်ထားသူများအား ခွင့်ပြုချက်မပေးရန်နှင့် နိုင်ငံရေးခိုလှုံသူအဖြစ် အကျုံးဝင်ခြင်းမရှိသောအကြောင်းပြချက်ဖြင့် ထပ်ခါတလဲလဲလျှောက်ထားလျှက်ရှိသော မသမာသူများအား ဂျပန်နိုင်ငံတွင်းနေထိုင်မှုပင် ခွင့်ပြုမည်မဟုတ်ပေ။

-စစ်မှန်သောနိုင်ငံရေးခိုလှုံသူများကိုသာ မြန်ဆန်တိကျစွာဖြင့်အသိအမှတ်ပြုသောစနစ်အား သတ်မှတ်လိုက်သည်။

-တရားရေးဝန်ကြီးဌာနအနေဖြင့် ယခုအဆိုပြုချက်အကြောင်းအရာအား လူဝင်မှုကြီးကြပ်ခြင်း အခြေခံစီမံကိန်းသစ်တွင် ထည့်သွင်းသွားမည်ဖြစ်ပြီး ယခုလအတွင်းတရားဝင်ဆုံးဖြတ် အတည်ပြုပြီးနောက် လျင်မြန်စွာလည်ပတ်စေရန်ပြောင်းလဲမည့် အစီအစဉ်ဖြစ်သည်။

-၂၀၁၀ခုနှစ်၃လပိုင်းတွင် ဂျပန်နိင်ငံ၏နိုင်ငံရေးခိုလှုံခွင့် စနစ်အားကောင်းမွန်စေရန်ပြင်ဆင်ခဲ့သည့်အတွက်
လျှောက်ထားပြီး၆လပြည့်ပါကနိုင်ငံတွင်း အလုပ်လုပ်ခွင့်အား ခွင့်ပြုချက်ပေးခဲ့သည်။

-အသိအမှတ်ပြုခြင်းမခံရသော်လည်း ကန့်ကွက်နိုင်သည့်အဆိုနှင့် ပြန်လည်လျှောက်ထားမှုကိုထပ်ခါထပ်ခါပြုလုပ်ပါက နိုင်ငံတွင်းဆက်လက်အလုပ်လုပ်နိုင်သည့်အတွက် ထိုကဲ့သို့အလုပ်လုပ်ရန်ရည်ရွယ်ချက်ဖြင့် လိမ်လည်လျှောက် ထားမှုများအားကျူးလွန်နေကြခြင်းဖြစ်သည်။

-နိုင်ငံခြားသားအလုပ်သင်ဗီဇာစနစ်ဖြင့် ဂျပန်သို့လာရောက်သော သင်တန်းသားသည် စက်ရုံမှထွက်ပြေး၍ ပိုမိုကောင်းမွန်သော အလုပ်ရှာဖွေရန် နိုင်ငံရေးခိုလှုံခွင့်ဗီဇာလျှောက် ထားမှုများအဆက်မပြတ်ဖြစ်ပေါ်နေပြီး သင်တန်းသားခေါ်ယူသောထိုစနစ်မှာလက်တွေ့အကောင်အထည်ပေါ်မှုမရှိဘဲဖြစ်လာမည့်အလားအလာရှိသည်။

-တရားရေးဝန်ကြီးဌာန၏ ပြန်လည်သုံးသပ်ထားသောစနစ်တွင် အလွန်များပြားသောလိမ်လည်လျှောက်ထားမှုများစိစစ်ခြင်းကို ကြန့်ကြာမှုမရှိစေရန် 「မိမိနိင်ငံတွင်အကြွေးများရှိသဖြင့် ထွက်ပြေးလာရပါသည်」စသည်ဖြင့် နိုင်ငံရေးခိုလှုံခွင့်နှင့် သက်ဆိုင်မှုလုံးဝမရှိသော အကြောင်းပြချက်များကို အလေးအနက်စိစစ်ခြင်းမပြုဘဲ လွယ်ကူသောလျှောက်ထားမှုအဖြစ်
လျှင်မြန်စွာစိစစ်သွားမည်ဖြစ်သည်။

2015/9/4 YOMIURI
သတင်းစာဆောင်းပါး
(ဘာသာပြန် Myat Thet)

Monday, October 19, 2015

တိုကျိုသံရုံး ဒုတိယမဲပေးရာတွင် မသမာမှုတွေ့ရှိချက်များ




ဂျပန်နိုင်ငံရှိ တိုကျိုသံရုံးတွင်ပြုလုပ်သည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှု အစီအစဉ်မှ ဒုတိယနေ့ မသမာမှုများကို ၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေးကော်မတီ(ဂျပန်)မှ စီစစ်တွေရှိချက်များ။

တိုကျိုမြန်မာသံးရုံး ကြိုတင်မဲပေးမှု အောက်တိုဘာလ ၁၈ ရက် မနက်မှာ မဲပေးပြီးသူများ အစဉ်ပြေခဲ့သူတွေရှိသလို မနေ့က ကြုံတွေ့အခက်အခဲများနဲ့ မဲပေးခွင့်ဆုံးရှုံးခဲ့ရတာကိုလဲတွေ့ရပါတယ်။

ဒီကနေ့ပိုထူးခြားတာကတော့ မဲပေးခွင့် အမည်စာရင်းတွင်ပါဝင်ပြီး ကိုယ်တိုင်မဲဝင်ပေးသည့်အချိန်မှာ မိမိအမည်စာရင်းသည် မဲပေးပြီးစာရင်း ဖြစ်နေကြောင်းကို အံ့သြစွာတွေ့ရပြီး မဲပေးခွင့်ဆုံးရှုံးခဲ့သော်လည်း သံရုံးမှ ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိပါ။

ရန်ကင်းမြို့နယ် နေပြည်သူများမှာလဲ မဲ ၂ မဲသာ ထုတ်ပေးသည့်အတွက် တမဲပေးပိုင်ခွင့် ဆုံရှုံးခဲ့ရပါတယ်။

အင်းစိန်မြို့နယ်နေ ပြည်သူများနဲ့ တောင်ကြီးမြိုနယ်တွေမှာလဲ အမျိုးသားလွတ်တော်အတွက် တမဲထဲသာ ပေးခွင့်ရပြီး တိုင်းဒေသကြီး နှင့် ပြည်သူလွတ်တော်အတွက် မဲ ၂ မဲ ဆုံးရှုံးခဲ့ရတာ ဒီကနေ့လဲ ထပ်မံကြုံခဲ့ရပါတယ်။

တောင်ဥက္ကလာပ နေ ပြည်သူတွေဆိုရင် အမျိုးသားလွတ်တော် /တိုင်းလွတ်တော် အတွက် ၂ မဲသာ ထုတ်ပေးခဲ့ပြီး ပြည်သူ့လွတ်တော်မဲအတွက် ထုတ်ပေးခြင်းမရှိပါ ပြည်သူလွတ်တော်အတွက် မဲပေးခွင့်ဆုံးရှုံးခဲ့ရပါတယ်။

စာအိတ်ပြဿနာမှာ စာအိတ် ပိတ်ထားသည်ဘက်မှာ လွယ်ကူစွာနဲ့ ခွာလို့ရတာတွေ့ရ။ ယနေ့ခေတ်မှာ မမြင်ဘူးနိုင်လောက်အောင် စာအိတ်စက္ကူအရည်အသွေး အင်မတန်ညံ့ဖျင်းမှုကြောင့် စာအိတ်ပြဲနေတာ ပေါက်နေတာ တွေ့ရှိသော်လည်း ပြန်လည်လဲပေးခြင်းမရှိပါ။ စာအိတ်ဆိုက်မှာ အရွယ်အစားမညီမှုကြောင့် မဲထည့်ပြီး ကော်ပြန်ကပ်ရာတွင် များစွာအခက်အခဲကြုံတွေ့ရပါသည်။

အမျိုးသားလွတ်တော် အတွက် စာအိတ်တွင် ပြည်သူလွတ်တော်ကိုယ်စားလှယ်မဲအား လွဲမှားစွာထည့်ထားခြင်း မဲစာအိတ်ပေါ်ရှိလိပ်စာတွင် ရပ်ကွက်နှင့် မြို့ ကိုက်ညီမှုမရှိပဲ လွဲမှားနေတာကိုလဲ ဒီကနေ့ဒုတိယနေ့ ထပ်မံ တွေ့ရှိရပါတယ်။

ဒီကနေ့မှာလဲ မိမိပေးရွှေးချယ်လိုသည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ လွှဲမှားနေတာထပ်မှန်တွေ့ရပြီး မိမိပေးချင်သော မဲဆန္ဒရှင်အား ရွှေးချယ်မဲပေးခွင့်မရရှိခဲ့ပါ။

ပုံစံ ၁၅ တင်ပြီး အမည်စာရင်းမပါဝင်သူများကို သံရုံးမှ ထပ်တိုးအမည်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြပေးမည်ဟု ပြန်ကြားခဲ့သော်လည်း တစုံတရာအာမခံချက်မပေးခဲ့ပါ ထပ်မံ ကြေငြာထုတ်ပြန်မည်ဟု ပြောကြားခဲ့သည်။

ဒီကနေ့တနေ့လုံး ပြဿနာကြီးကြီးမားမားမရှိခဲ့သော်လည်း ညနေ ၅:၂၀ နာရီတွင် မဲပေးရန် ရောက်ရှိနေသူတဦး၏ မဲပေးပိုင်ခွင့်တောင်းဆိုမှုကို ပြေလည်အောင်မဖြေရှင်းပဲ ခေတ္တစောက့်ဆိုင်းစေကာ မဲရုံပိတ်သည် ၆ နာရီထိ အချိန်ဆွဲပြီး တစုံတရာဖြေရှင်းမှုမလုပ်ပဲ မဲရုံကိုပိတ်ပစ်လိုက်ပါသည်။ ယင်းလုပ်ရပ်ကို ဂျပန်ရွေးကောက်ပွဲစောင့်ကြည့်ရေးကော်မတီရှေ့သာမက ဂျပန်လုံခြုံရေး ရဲရှေ့များတို့တွင် ပြုမှုခဲ့သည့်အတွက်ကြောင့် မြန်မာနိုင်ငံသားများအဖို့ အလွန်တရာရှက်စရာကောင်းသော တာဝန်မယူတတ်သော လုပ်ရပ်တခုအဖြစ် ကြုံတွေ့ခဲ့ရပါသည်။

ဂျပန်မှာ သံရုံးသို့ ဝင်ရောက်မဲပေးသူ ဦးရေ Volunteer ကော်မတီမှ ရေတွက်ပြီး စာရင်းအရ ယနေ့ ၈:၀၀ ကနေ ညနေ ၆:၀၀ ထိ စုစုပေါင်း (၃၈၀) ရှိပါတယ်။

၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေးကော်မတီ - ဂျပန်။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်။

အသေးစိတ် တွေ့ရှိချက်များကို သတင်းများကို ၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေးကော်မတီ ဂျပန်မှ ထုတ်ပြန်ချက် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၈ရက်။

တိုကျိုသံရုံး ၂၀၁၅ ရွေးကောက်ပွဲ ကြိုတင်မဲပေးမှုတွင်မသမာမှုတွေ့ရှိ


 
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်။

ဂျပန်နိုင်ငံရှိ တိုကျိုသံရုံးတွင်ပြုလုပ်သည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှု အစီအစဉ်မှ မသမာမှုများကို ၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေးကော်မတီ(ဂျပန်)မှ စီစစ်တွေရှိချက်များ။

ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား လူဦးရေ ဂျပန် လဝက ထုတ်ပြန်ချက်စာရင်းမှာ မြန်မာနိုင်ငံသား စုစုပေါင်း ၁၀,၂၅၂ ,ဦးရှိပြီး ပုံစံ ၁၅ တင်ပြသူများထဲမှသံရုံးမှထုတ်ပြန်သည့် မဲပေးနိုင်သူ မဲစာရင်း ၁၀၇၈, ကျော်သာပါဝင်ခဲ့ပြီး မြန်မာနိုင်ငံသားများ မဲပေးနိုင်ခွင့် အများအပြား ဆုံးရှုံးခဲ့ကြရတာကို တွေ့မြင်ကြရပါတယ်။

ပုံစံ ၁၅ တင်ပြသော်လည်း မဲစာရင်း အမည်မပါခြင်း နာမည် စာလုံး မှားခြင်း မွေးသက္ကရာဇ်မှား ခြင်း မဲစာရွက်မှားခြင်း မဲစာအိတ်တွင် ခြစ်ရာပါခြင်း မဲစာအိတ်ကြံ့ခိုင်မှုမရှိခြင်း မဲပုံး ၁ပုံးထဲသာရှိခြင်း မဲစာရွက်တွင် ကော်မရှင် တံဆိပ်တုံး ပါမပါ အမျိုးမျိုး သော အခက်အခဲများရင်ဆိုင်နေရပါတယ်။

မြန်မာပြည် နေပြည်တော်မှ အစိုးရပညာတော်သင် (စာအုပ်အစိမ်း) လာရောက်သည့်သူအချို့ မဲပေးခွင့် ဆုံးရုံးမှုရင်ဖွင့်သံကိုလဲ ကြားရမိပါတယ်။

စာအိတ်ပြဿနာမှာ စာအိတ်ထက် မဲစာရွက်က ကြီးနေပြီ မဲကအပြင်ထွက်နေပြန် ပြန်ပိတ်ရင် ကော်က မဲစာရွက်ပေါ် ဖိမိနိုင်။ စာအိတ် ပိတ်ထားသည်ဘက်မှာ လွယ်ကူစွာနဲ့ ခွာလို့ရတာတွေ့ရ။ စာအိတ်ပြဲနေတာ ပေါက်နေတာ တွေ့ရှိသော်လည်း ပြန်လည်လဲပေးခြင်းမရှိပါ။ အမျိုးသားလွတ်တော် အတွက် စာအိတ်တွင် ပြည်သူလွတ်တော်ကိုယ်စားလှယ်မဲအား လွဲမှားစွာထည့်ထားခြင်း မဲစာအိတ်ပေါ်ရှိလိပ်စာတွင် ရပ်ကွက်နှင့် မြို့ ကိုက်ညီမှုမရှိပဲ လွဲမှားမှားနေတာကိုလဲ တွေ့ရှိရပါတယ်။

အဓိက စိုးရိမ်စရာ ဆုံးရှုံးမှုအများဆုံးကတော့ တောင်ဥက္ကလာပ နေ ပြည်သူတွေဆိုရင် အမျိုးသားလွတ်တော် /တိုင်းလွတ်တော် အတွက် ၂ မဲသာ ထုတ်ပေးခဲ့ပြီး ပြည်သူ့လွတ်တော်မဲအတွက် ထုတ်ပေးခြင်းမရှိပါပြည်သူလွတ်တော်အတွက် မဲပေးရွှေးခွင့်မရသည့်အတွက် မကျေနပ်ရင်ဖွင့်သံလဲကြားရ။

ရန်ကင်းမြို့နယ် နေပြည်သူများမှာလဲ မဲ ၂ မဲသာ ထုတ်ပေးသည့်အတွက် တမဲပေးပိုင်ခွင့် ဆုံရှုံးခဲ့ရပါတယ် ၊ ထိုအတူ အင်းစိန်မြို့နယ်နေ ပြည်သူများမှာလဲ အမျိုးသားလွတ်တော်အတွက် တမဲထဲသာ ပေးခွင့်ရပြီး တိုင်းဒေသကြီး နှင့် ပြည်သူလွတ်တော်အတွက် မဲ ၂ မဲ ဆုံးရှုံးခဲ့ရပါတယ်။

မကွေးတိုင်း ပခုက္ကူ က အမျိုးသားလွတ်တော် မဲပေးခွင့်မရ။

တိုင်းရင်းသားဒေသများအတွက် မဲလာပေးသူများတွင် ကိုယ်စားလှယ်ရှိသော်လည်း မဲအပြည့်ထုတ်ပေးခြင်းမရှိသဖြင့် တိုင်းရင်းသားကိုယ်စားလှယ်အား မဲရွေးချယ်ပိုင်ခွင့် မရရှိခဲ့ပါ ။ တချို့တိုင်းရင်းသားဒေသများအတွက် မဲကို မဲ ၂ မဲသာ ထုတ်ပေးနေတာလဲ သိရပါတယ်။

မဲပေးခွင့် လက်မှတ်မပြည့်စုံမှုနှင့်ပတ်သက်၍ မဲရုံတာဝန်ခံမှ ဖြေရှင်းမှုမှာ ပြည်တွင်းရွေးကောက်ပွဲကော်မရှင်မှ ပေးပို့လိုက်သည့် အရည်အတွက်အတိုင်းသာ ဖြစ်ကြောင်းနှင့် ယခုလို မဲပေးရန် ကိုယ်စားလှယ် မဲ မပြည့်မစုံဖြစ်နေသည့်ကိစ္စကို ပြည်တွင်းရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားပြီး မဲပေးခွင့် ထပ်မံတောင်းဆိုပေးမည်ဖြစ်ကြောင်း မဲထပ်မံပေးရန်အတွက် ၂၃ ရက်ထိ သက်တမ်းတိုးထားပြီး ထိုရက်အမှီ မဲများရောက်ရှိလာပါက မဲပေးခွင့်ဆက်လက်ပြုပေးမည်ဖြစ်ပြီး အချိန်မှီ မရောက်ရှိလာပါက မဲဆုံးရှုံးမည့်သဘောမျိုး ပြောဆိုဖြေရှင်းသွားပါသည်။

ဂျပန်မှာ သံရုံးသို့ မဲဝင်ရောက်ပေးသူ ဦးရေ Volunteer ကော်မတီမှ ရေတွက်ပြီး စာရင်းအရ ယနေ့ ၈:၀၀ ကနေ ညနေ ၆:၀၀ ထိ စုစုပေါင်း (၄၄၇) ရှိပါတယ်။

၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေးကော်မတီ - ဂျပန်။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်။

စလုံးရောက် ပြည်ထောင်စုသားတွေကို လေးစားတယ်ဗျို့

ညီလေးညီမလေးတို့အဲ့ဒီလိုလမ်းပေါ်မှာမအိပ်ရဖို့ အတွက်
စင်္ကာပူကအစ်ကိုတွေအစ်မတွေကညီလေးတို့ အနာဂတ်လှပဖို့မဲပေးရန်အတွက် ပလက်ဖောင်းပေါ်မှာအိပ်ပေးနေပါတယ်။


LinLin Aung(FB) စာမျက်နှာမှ

Friday, October 16, 2015

န်စီအေ လက်မှတ်မထိုးသည့် တိုင်းရင်းသားအဖွဲ့များ၏ သဘောထား

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့အကြား ဒီကနေ့ မနက်က နေပြည်တော်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)ကို  လက်မှတ် ရေးထိုးခဲ့တာနဲ့ပတ်သက်ပြီး လက်မှတ်ထိုးရာမှာမပါဝင်ခဲ့တဲ့  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အမြင်သဘောထားတွေကို မေးမြန်းထားပါတယ်။

ဗိုလ်မှူးကြီးစိုင်းလ (ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း)

“ဒီကနေ့ နေပြည်တော်မှာ တပြည်လုံးအပစ်ခတ်ရပ် လက်မှတ်ရေးထိုးပြီး အောင်ပွဲအ ထိမ်းအမှတ်တွေ လုပ်နေကြတယ်။ ကျနော်တို့ဆီမှာတော့ သေနတ်သံတွေ ညံနေတယ်။  အထူးသဖြင့် မိုင်းရှုးမြို့နယ် တာ့ဆမ်ပူး ဒေသနဲ့ တန့်ယန်းမြို့နယ် ဟိုမန်းဒေသထဲမှာ ၊ မနေ့တုန်းက တာ့ဆန်ပူးမှာ နေ့ခင်း ၁၂ နာရီကနေ ညနေ ၅ နာရီထိ အပြင်းအထန် ထိုးစစ်ဆင်တယ် ၊ ၁၂၀ မမ ၊ ၁၅၀ ပေါင်လေးတဲ့ လက်နက်ကြီးတွေနဲ့ ထုတယ်၊ ဒီကနေ့လည်း လက်နက်ကြီးတွေ ပါတဲ့ ကား ၁၂ စီး ကာလိရွာဘက်ကနေ တာ့ဆမ်ပူးဘက် ထပ်ပြီး တက်လာတယ်။ နေပြည်တော်မှာ အပြောတမျိုး မြေပြင်ပေါ်မှာ အလုပ်တမျိုး ထိုးစစ်ဆင်နေတာကြောင့်  အဲဒီ အပစ်အခတ်ရပ် လက်မှတ်ထိုးနေတဲ့ကိစ္စရပ်ဟာ မစစ်မှန်ဘူးလို့ ကျနော်တို့ ပြောချင်ပါတယ်။”

နိုင်ဟံသာ (ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ – ယူအန်အက်ဖ်စီ ဒုတိယဥက္ကဋ္ဌ)  

naing-han-thar-21“လုပ်တဲ့လူက လုပ်တာပဲလေ။ ကြီးကျယ်အောင်တော့ လုပ်မှာပေါ့။ ဒါပေမယ့် တကယ့်အနှစ်ကို ပြန်ကြည့်ရင် အဖွဲ့ နည်းနည်းလေးနဲ့ပဲ လုပ်တယ်ဆိုတဲ့ဟာက တပြည်လုံး အတိုင်းအတာဆောင်တဲ့ အပစ်ခတ်ရပ်စဲရေး နာမည်ခံပြီးတော့မှ အဖွဲ့နည်းနည်းလေးနဲ့ လုပ်တာတော့ အဓိပ္ပာယ်မရှိဘူးလို့ ထင်တယ်လေ။ အဓိပ္ပာယ်လည်း မပြည့်ဘူးလို့ မြင်တယ်။

“တဖက်က ကြိုးစားနေတာကတော့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊  လုပ်လိုက်တာကတော့ အစိတ်အပိုင်းတခုနဲ့ ဒေသဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောမျိုး ဖြစ်နေတယ်။ အဲဒါနဲ့ ဆက်လုပ်သွားမယ်ဆိုရင် မူလရည်ရွယ်ချက် ဘယ်လိုအဓိပ္ပာယ်ရှိမလဲ။ ဘာမှလည်း ထိရောက်မှု ရှိမှာ မဟုတ်ဘူး။

“တခြားအဖွဲ့တွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိမလဲတော့ အသေအချာတော့ ပြောလို့ မရသေးဘူး။ ဒါပေမယ့် လောလောဆယ်တော့  လွန်ခဲ့တဲ့ ၁ ပတ်အတွင်းမှာ ပြန်ကြည့်ရင် ကချင်မှာရော၊ ရှမ်းမှာရော၊ ပလောင်မှာရော ထိုးစစ်တွေ တော်တော်လေးကို တိုးချဲပြီးတော့ လုပ်လာနေတယ်။ ဒါကို ကြည့်လိုက်ရင် ဒါက ခွဲပြီးတော့မှ ချေမှုန်းတယ်ဆိုတဲ့ ဗျူဟာအရ အဲဒါမျိုးကို ကျင့်သုံးနေတာလားလို့ တွက်စရာတော့ ဖြစ်နေတယ်။”

ဦးအောင်ဆန်းမြင့် (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး)

“ကျနော်တို့ဘက်က အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထားတာပေါ့။ အစိုးရဘက်က အဲလိုမဟုတ်ဘဲနဲ့ အခု လက်မှတ်ထိုးပြီးသားလူတွေနဲ့ပဲဆိုရင်တော့ ကျနော် ထင်တယ် သူတို့ကတော့ နိုင်ငံရေးကို ဆက်သွားဖို့ဆိုတာ မလွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်စီအေထဲမှာ ပါတဲ့ code of condact  နှစ်ဘက်လိုက်နာရမယ့်ကျင့်ဝတ် ကိစ္စတွေ ပူးတွဲစောင့်ကြည့်ရေး ကိစ္စတွေ၊ နောက် နိုင်ငံရေးမူဘောင်ကိစ္စတွေက တိုင်းရင်းသားတွေ အားလုံးပါဝင်မှသာ ကျနော်တို့က အကောင်အထည်ဖော်လို့ရမှာ ဖြစ်တယ်။ လက်မှတ်ထိုးတဲ့ ၈ ဖွဲ့နဲ့ ဘာမှ ခေါ်လို့ မရဘူး။ ဒါအပြင်ကို ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးဆွေးနွေးပွဲကို သွားမယ်ဆိုရင်လည်း ဒီအဖွဲ့ ၈ ဖွဲ့က ကျနော်တို့ တနိုင်ငံလုံးကို ကိုယ်စားမပြုနိုင်ဘူး။ လူမျိုးစုအားလုံးကို ကိုယ်စားမပြုနိုင်ဘူး။ ဒါကြောင့်မို့လို့ သူတို့ ဘယ်လိုညှိမလဲဆိုတဲ့ အဖြေပေါ်မှာ မူတည်တာပေါ့ဗျာ။ ဒါ့အပြင်ကို တိုက်ပွဲတွေကလည်း အခုတလောမှာ ပိုပြီးတော့ ပြင်းထန်လာတဲ့အတွက်ကို အန်စီအေက အဓိပ္ပာယ်ကော ရှိပါ့မလာပေါ့။ ”


DVB

Thursday, October 15, 2015

facebook မှာ တင်တဲ့ပုံကြောင့် နောက်တဦးအဖမ်းခံရ



နိုင်ငံရေးသရော်တဲ့ဓါတ်ပုံကြောင့် အဖမ်းခံရ

အပစ်ရပ်ကို ဘာကြောင့် လောနေရသလဲ



၂၀၀၉ ခုနှစ်မှာ BGF နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ်နဲ့ PM ပြည်သူ့စစ်များအဖြစ် အသွင်ပြောင်းလို့ ဖိအားပေးခံရတဲ့အခါ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေရဲ့ အစီအစဉ်ကို လက်မခံနိုင်တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေဟာ အစိုးရထိုးစစ်ဆင်လာမဲ့အဖြစ်ကို ကြိုတွက်မိလို့ စိုးရိမ်စိတ် ရှိခဲ့ကြပါတယ်။ ၂၀၁၀ ခု၊ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးချိန်မှာပဲ KIO (ကချင်)၊ NMSP (မွန်)နဲ့ SSPP (ရှမ်းမြောက်)တို့က အပစ်မရပ်ရသေးတဲ့ KNU (ကရင်)၊ KNPP (ကရင်နီ)နဲ့ CNF (ချင်း)တို့နဲ့ ပေါင်းမိပြီး ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးကော်မတီ (CEFU) ကို ကမန်းကတန်း ထူထောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့က ကြာရှည်မခံခဲ့ဘဲ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ပြည်ထောင်စုနေ့မှာ UNFC ဆိုတဲ့ အဖွဲ့နဲ့ အစားထိုးခဲ့ကြပါတယ်။ UNFC ဆိုတာ The United Nationalities Federal Council ရဲ့ အတိုကောက်ပါ။ စုစည်းညီညွတ်သောတိုင်းရင်းသားလူမျိုးများရဲ့ ဖက်ဒရယ်ကောင်စီပါပဲ။ ဖွဲ့စည်းစမှာ UNFC မှာ အဖွဲ့ဝင် (၁၂)ဖွဲ့ ရှိပြီး အဖွဲ့ရဲ့ ဥက္ကဋ္ဌဟာ အခု လက်ရှိ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မူတူပါပဲ။ အတွင်းရေးမှူးကတော့ NMSP က နိုင်ဟံသာ ဖြစ်တယ်။

UNFC အဖွဲ့ရဲ့ ပင်မရည်ရွယ်ချက်မှာ ဖက်ဒရယ်ပြည်ထောင်စု(မြန်မာနိုင်ငံ)တစ်ခုနဲ့ ယင်းပြည်ထောင်စုရှိ ပြည်သူများကို ကာကွယ်ဖို့ ဖက်ဒရယ်တပ်မတော်တစ်ခု ဖွဲ့စည်းဖို့ ဖြစ်တယ်။ ဒီရပ်တည်ချက်ကို စာဖတ်နေသူကြီးက မကြိုက်နှစ်သက်ပါ။ စာဖတ်သူကြီးနဲ့ သိန်းစိန်၊ မင်းအောင်လှိုင်အပါအဝင် သူ့တပည့်နောက်လိုက်တွေက UNFC ကို တစ်ခုခုလုပ်ဖို့ စဉ်းစားရပါတယ်။ အဲဒါကတော့ UNFC အရိပ်အောက်မှာ တိုင်းရင်းသားအားလုံး မဝင်ရောက်မိရေး ကြိုတင်ဟန့်တားဖို့ပါပဲ။ ဒီလိုဟန့်တားဖို့ဆိုရင် UNFC မှာ ဗိုလ်ချုပ်မူတူက ဥက္ကဋ္ဌဆိုပေမဲ့ UNFC မူဝါဒများကို တကယ်ကိုင်တွယ်နေသူများဟာ KIO နဲ့ NMSP တို့ ဖြစ်ကြောင်း သိရှိသွားကြတယ်။ ဒါကြောင့် KIO ကို ချက်ချင်းထိုးစစ်ဆင်ပြီး NMSP နဲ့ နှစ်ထပ်ကွမ်း အပစ်ရပ်ဖို့ လုပ်ပါတယ်။ ဒီကြားထဲမှာ UNFC မှာ ပါဝင်ဖို့ ဝန်လေးနေတဲ့ RCSS ကို ချဉ်းကပ်ဖို့ EBO ပဲ့ကိုင် ဟန်ယောင်ဝေကို အသုံးချဖို့ ရှိလာတယ်။ နော်ဝေးနောက်ခံနဲ့ ဇင်းမယ်မှာ Pyidaungsu Institute (PI) ကို အားသစ်လောင်းကာ UNFC မှာ ထင်သလောက် မပေါက်တဲ့ ဗိုလ်ချုပ်မူတူနဲ့ သူ့အကြံပေး စောတူးတူးလေးတို့ကို ချဉ်းကပ်ပြီး KNU ကို UNFC ကနေ ထွက်သွားအောင် ဆွယ်တရားဟောခဲ့တယ်။ ဒါနဲ့ပဲ KNU ဟာ UNFC ရဲ့ ပထမဆုံးကွန်ဂရက်ကို အိုးမည်းသုတ်ပြီး လောလောနဲ့ ယာယီနုတ်ထွက်သွားခဲ့တယ်။ KNU ထွက်သွားတာနဲ့ ဟန်ယောင်ဝေက UNFC ကို ရစရာမရှိအောင် ဝေဖန်ပုတ်ခတ်ခဲ့ပါတယ်။

RCSS နဲ့ KNU တို့ကို စည်းရုံးနိုင်ခဲ့တဲ့နောက်မှာ တိုင်းရင်းသားတွေကို တဖွဲ့ချင်း ဖဲ့ထုတ်လို့ ရမယ်လို့ ထင်ထားတဲ့ ဦးအောင်မင်းတို့ဟာ တွက်ခြေမကိုက်ခဲ့ပါဘူး။ ဒါကြောင့် လိုင်ဇာမှာ NCCT ကို ဖွဲ့စည်းတဲ့အခါ သဘောတူခဲ့ရပါတယ်။ တကယ့်တကယ်ကျတော့ RCSS နဲ့ KNU တို့လည်း သိန်းစိန်အစိုးရကို ယုံကြည်ကြတာ မဟုတ်ဘူးဆိုတာ ထင်ရှားခဲ့ပါတယ်။ ဒီလိုနဲ့ NCCT ကိုလည်း KIO နဲ့ NMSP တို့ပဲ ဦးဆောင်နေတာကို တွေ့ရတဲ့အခါ  RCSS နဲ့ KNU တို့က သိန်းစိန်အစိုးရနဲ့ သီသန့်တွေ့ဆုံမှုပေါင်း မြောက်မြားစွာ လုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ NCCT ဟာ UNFC အဖွဲ့ပိုင်မဟုတ်ဘူးလို့ ဝေဖန်ကြတဲ့အထိ ဖြစ်တယ်။ ဒါဟာ တိုင်းရင်သားလောကမှာ မရင့်ကျက်သေးတဲ့ နိုင်ငံရေးခံယူချက်အချို့ကို တင်ပြခြင်းဖြစ်တယ်။ ဒါကို အဖြေရှာဖို့ KNU အဆိုပြုတဲ့ SD အဖွဲ့ကို NCCT က လက်ခံရပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေက SD အဖွဲ့ကို ဦးဆောင်ဖို့ RCSS နဲ့ KNU ခေါင်းဆောင်အချို့ကို ဘဝင်မကျဘဲ KNU ဒုဥက္ကဋ္ဌ နော်စီဖိုရာစိန်ကိုပဲ ဦးဆောင်စေလိုကြတယ်။  SD အဖွဲ့ဆိုတာ NCCT နဲ့ UPWC တို့ သဘောတူညီထားတဲ့ NCA ကို အပြီးသတ်ဖို့တာဝန် ရှိတယ်။ ဒီအဖွဲ့ကို နော်စီဖိုရာစိန်က ဦးဆောင်လာတဲ့အခါ သန်းရွှေကြီးနဲ့ သူ့လက်ရင်းတပည့်တွေက တွက်ခြေမကိုက်ပြန်ပါဘူး။ 

ဒါကြောင့် သန်းရွှေနဲ့ သူ့လက်ရင်းတပည့်တွေက သေရိဝဝါဏိဇဇာတ်မှာလို ရွဲကို မပေးဘဲ ရွှေခွက်ကိုသာ အလကားရလိုတဲ့ ဆန္ဒနဲ့ တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲစေတဲ့ နည်းနာတွေကို ပြန်စဉ်းစားကြရပါတယ်။ ဒီတော့ UNFC ကိုလည်း အကြပ်ရိုက်စေ၊ ပြည်တွင်းစစ်ကိုလည်း အဓွန့်ရှည်စေဆိုပြီး အပစ်ရပ်စာချုပ်မှာ အဖွဲ့(၆)ဖွဲ့ လက်မှတ်ထိုးစရာမလိုဘူးလို့ ပြောလာပါတော့တယ်။ အထူးသဖြင့် တအာင်း၊ ရခိုင်နဲ့ ကိုးကန့်တို့ဟာ လက်နက်ချကို ချရမယ်လို့ အတိအလင်း ပြောလာပါတယ်။ ကျန်အဖွဲ့တွေကတော့ အပစ်ရပ်စာချုပ် ချုပ်ဆိုပြီးတာနဲ့ အားလုံးဟာ လက်နက်ချတဲ့ကိစ္စကို မဖြစ်မနေ ပြောကြရလိမ့်မယ်လို့ ပြောပါလာတော့တယ်။ ဒီအဆိုကို KNU နဲ့  RCSS တို့က အရေးမကြီးတဲ့သဘော ပြောနေပေမဲ့ တိုင်းရင်းသားလူမျိုးအတော်များများမှာ တကယ့်ကို ဂယက်ရိုက်စေခဲ့ပါတယ်။ လောလောဆယ်မှာ ဖဒိုမန်းငြိမ်းမောင်က အစိုးရဘက်ကို ပါကြောင်း သိစေလိုလို့ အဖွဲ့အားလုံးပါမှ အပစ်ရပ်ကို ရပ်ကြမယ်ဆိုရင် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း စောင့်ရင်တောင် မဖြစ်နိုင်ဘူးလို့ ဆိုလာပါတယ်။ သမ္မတက သြဂုတ်လ (၁၁)ရက်နေ့မှာ အပစ်ရပ်ဖို့ စာပို့၊ KNU က (၁၅)ရက်နေ့မှာပဲ လက်ရှိစာချုပ်အတိုင်း လက်မှတ်တိုးနိုင်ကြောင်းကျေညာခဲ့တာ ဘာဆန်းသလဲ။ 

ဒီလို မတင်မကျဖြစ်နေလို့ ထုံးစံအတိုင်း ဇင်းမယ်ကို ပြေးကြရပြန်ပါတယ်။ နော်စီဖိုရာစိန်က KNU လည်း အားလုံးပါဝင်မှ လက်မှတ်ထိုးမယ်လို့ မျက်နှာပူပူနဲ့ ပြောရတဲ့အထိပါပဲ။ ထိပ်သီးတွေက ချွေးသီးရတဲ့အထိ ညှိနိုင်းကြတော့ အရင်လိုပဲ အားလုံးပါဝင်နိုင်မှ အပစ်ရပ်ကို လက်မှတ်ထိုးနိုင်မယ်လို့ ဖြစ်ကုန်ပါတယ်။ အားလုံးပါဝင်လက်မှတ်ထိုးနိုင်ရေးအတွက် ကြီး(၅)ကြီးခေါင်းဆောင်တွေနဲ့ SD က ခေါင်းဆောင်(၃)ဦးတို့ဟာ လာမဲ့လ (၉)ရက်နေ့မှာ သမ္မတနဲ့ ကာချုပ်ကို သွားတွေ့ကြပါအုံးမယ်။ ဒါဟာ အပစ်ရပ်ကို လက်မှတ်ထိုးဖြစ်မလား၊ မထိုးဖြစ်ဘူးလား အန္တိမဆုံးဖြတ်ချက် ဖြစ်ဖို့များပါတယ်။ ဒီထက် ညှိစရာ မရှိတော့ဘူး။ ညှိခဲ့ရင်လည်း ကလေးကလားဆန်လွန်းနေမှာ အမှန်ပဲ။

ဒီတော့ အပစ်ရပ်စာချုပ်ဟာ လက်မှတ်မထိုးရသေးတဲ့အချိန်မှာတောင် အတော့်ကို ရှုပ်ထွေးနေပါတယ်။ နာဂစ်ဖွဲ့စည်းပုံကလည်း အရှုပ်ထုပ်တွေနဲ့ ရေးခဲ့ပါတယ်။ ဒီတော့ ဒီအပစ်ရပ်စာချုပ်နဲ့ နာဂစ်ဖွဲ့စည်းပုံတို့ဟာ ပြဿနာကို ရှင်းဖို့အတွက်လား၊ ပြဿနာတွေကို ဖန်တီးဖို့ နောက်အစတစ်ခု ဖြစ်နေမလား ဝေခွဲရခက်နေပါပြီ။ ဒါကြောင့်လည်း အပစ်ရပ်စာချုပ်နဲ့ အရူးတစ်ပိုင်း ဖြစ်နေတဲ့ စောတူးတူးလေးနဲ့ ဟန်ယောင်ဝေကို မလောဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးရခြင်းပါ။ ဒေါ်အောင်ဆန်းစုကြည်က ဘာကြောင့် သတိပေးရသလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောကြားထားခြင်းမရှိပါဘူး။ ဒါပေမဲ့ ဒီအပစ်ရပ်ရေးမှာ သပွတ်အူလို ရှုပ်ထွေးပွေလီနေတယ်ဆိုတာ သူ ခန့်မှန်းမိလို့ နေမယ်။ စောတူးတူးလေးနဲ့ ပုဂ္ဂိုလ်ရေးခင်မင်မှု ရှိတဲ့ ရှေ့နေ ဦးအောင်ထူးကလည်း အပစ်ရပ်စာချုပ်ရဲ့ ဟာကွက်တွေကို မနည်းထောက်ပြထားပါတယ်။ ဒီအပစ်ရပ်စာချုပ်မှာ ဘာငြိမ်းချမ်းရေးကိုမှ အာမခံချက်ပေးမထားဘူး၊ စစ်တပ်က နောက်ထပ်ထိုးစစ်မလုပ်တော့ဘူးလို့ ခံဝန်ချက် မပါဘူး၊ တိုင်းရင်းသားတွေကို လက်နက်ချတဲ့စကားမပြောဘူးလို့ မပါဘူး။ အပစ်ရပ်ကို လက်မှတ်ထိုးပြီးတာနဲ့ တိုင်းရင်းသားတွေအတွက် အပိတ်ချည်းပဲ ဖြစ်ပြီးတော့ သန်းရွှေနဲ့ သူ့ငယ်ပါကျွန်တွေက အဖွင့်ချည်းပဲ တိုက်ကွက်ဆင်နေပါလိမ့်မယ်။ 

မိမိအမြဲတမ်းထောက်ပြနေတဲ့အချက်တစ်ခုမှာ လက်ရှိစာချုပ်ကို တဖက်ဖက်က ချိုးဖောက်ခဲ့ရင် ကုလငြိမ်းချမ်းရေးတပ် ဝင်ရောက်ဖို့လမ်းစ ထည့်ထားဖို့ ဖြစ်တယ်။ အခု အဲဒီစာပိုဒ် မပါသလို ရှေ့နေဦးအောင်ထူးထောက်ပြတဲ့အတိုင်း ဒီစာချုပ်ကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ တတိယပါတီတစ်ခုတောင် ဖော်ပြထားတာမရှိဘူး။ စာမျက်နှာ (၁၇)မျက်နှာ ရှိပြီး အချက်ပေါင်း (၃၃)ချက်ရှိတဲ့ ဒီအပစ်ရပ်စာချုပ်ဟာ သတ်ကွင်းနဲ့တူတဲ့ လွှတ်တော်နိုင်ငံရေးဆီကိုပဲ ထွက်ပေါက်ပေးထားတဲ့ ဝင်္ကဘာတစ်ခုလိုပါပဲ။ ဒါကြောင့် ဒီအပစ်ရပ်ဝင်္ကဘာထဲ လောလောနဲ့ ဘာကြောင့် ဝင်ချင်ရသလဲ စောတူးတူးလေးနဲ့ ဟန်ယောင်ဝေကို မေးကြည့်ရမယ်။ သူတို့က သန်းရွှေဆီက ဘာအမာခံချက်ကို ရရှိခဲ့ပါသလဲ။ CEFU ကိုလည်း လောလောနဲ့ ဖွဲ့ပြီး လောလောနဲ့ ရုပ်သိမ်းလိုက်တယ်။ UNFC ထဲကိုလည်း လောလောနဲ့ ဝင်လာပြီး လောလောနဲ့ ထွက်သွားတယ်။ အခုလည်း အပစ်ရပ်ကို လောလောနဲ့ လက်မှတ်ထိုးပြီး လောလောနဲ့ ပြန်ပစ်ကြရင် (အခုလည်း ပစ်နေကြတာပဲ) ဘာထူးမှာလဲ။ တစ်ခုတော့ ပြောထားမယ်။ လက်မှတ်မထိုးခင်အထိတော့ လွတ်လပ်သူပါပဲ။ ပင်လုံကို လက်မှတ်မထိုးခင်အထိ ကချင်၊ ရှမ်း၊ ကရင်နီနဲ့ ချင်းတို့ဟာ လွတ်လပ်နေခဲ့တယ်။ အဲဒီလက်မှတ်တစ်ချက်ကြောင့် ဘယ်လောက်ဒုက္ခရောက်နေခဲ့ရသလဲ။ နောက်ပြီး လက်မှတ်ဘယ်နှခါ ထိုးခဲ့ပြီးပြီလဲ။ စစ်တပ်က ဘယ်တုန်းက ကတိတည်ဖူးသလဲ။ သန်းရွှေကို ဘယ်လောက်ယုံနိုင်မလဲ။ ယုံတယ်ဆိုရင် ထိုးကြပါလေ။ သေချာတာက သန်းရွှေက သူ့မူဝါဒ ဘာတစ်ခုမှ မပြောင်းသေးဘူး။ အရင်အတိုင်းပဲဆိုတာ သိန်းစိန်နဲ့မအလတို့ရဲ့ လက်စလက်နကို ကြည့်ရင် ရိပ်မိသင့်လှပါတယ်။

Friday, October 9, 2015

သွေးခွဲအုပ်ချုပ်နေတဲ့အစိုးရနဲ့ အိမ်ပြန်ချင်တဲ့ တော်လှန်ရေးသမားကြီးများ



၂၀၁၄ ခု၊ ဇူလိုင်လမှာ အပစ်ရပ်စာချုပ်မှာ သမ္မတနဲ့ ကာချုပ် လက်မှတ်ထိုးမယ်လို့ MPC က ပြောပြီး စက်တင်ဘာလကျတော့ အဆိုပါ(၂)ဦး မထိုးတော့ဘူးလို့ ပြောပြန်တယ်။ ဒါဟာ လက်မှတ်ထိုးခါနီးအချိန်မှာ အစိုးရဘက်က ဘယ်သူလက်မှတ်ထိုးမှာလဲ မသိရသေးဘဲ ရှိနေခဲ့တယ်။ 

NCA တတိယမူကြမ်းမှာ လမ်းပြမြေပုံကို အတည်ပြုနိုင်ခဲ့ပေမဲ့ စက်တင်ဘာလအစည်းအဝေးမှာပဲ လမ်းပြမြေပုံကို ပြောင်းချင်ကြောင်း အစိုးရက တင်လာပြန်တယ်။ တပ်ပိုင်းဆိုင်ရာကို နောက်ဆုံးအဆင့်မှာ ဆွေးနွေးဖြေရှင်းဖို့ သဘောတူခဲ့တာကို ပယ်ဖျက်ပြီး စတုတ္တအဆင့်မှာပဲ လက်နက်စွန့်ဖို့ အစိုးရက တင်ပြလာတယ်လို့ ဗိုလ်ချုပ်ဂွန်မော်က ပြောပါတယ်။

နေပြည်တော်ကို ကြီးငါးကြီးခေါင်းဆောင်တို့က အားလုံးပါဝင်ရေးကို ညှိုနှိုင်းဖို့ သွားတဲ့အချိန်ပါ။ ညှိဖို့ (၂)လလောက် ပြင်ဆင်ထားခဲ့တဲ့ ခရီးပါ။ ဒါပေမဲ့ ကာချုပ်နဲ့ တွေ့ခွင့် မရခဲ့လို့ မညှိနိုင်ခဲ့ဘူး။ ကာချုပ်မတက်ရင် ဒုကာချုပ်တက်သင့်ပေမဲ့ သူလည်း မတက်ပါ။ ဒါကြောင့် ကိုးကန့်ကို သမ္မတက တိုက်ရိုက်ဆက်သွယ်မယ်ဆိုပေမဲ့ ကိုးကန့်တွေကို မေးကြည့်တော့ ဆက်သွယ်တာ မရှိဘူးလို့ ပြောပြန်တယ်။ 

အပစ်ရပ်လက်မှတ်ထိုးခါနီးတိုင်း အစိုးရက (၃)ကြိမ်(၃)ခါတိတိ အခက်အခဲဖြစ်အောင် လုပ်ခဲ့တယ်လို့လည်း ဗိုလ်ချုပ်ဂွန်မော်က ပြောပါတယ်။ နောက်ပြီး အပစ်ရပ်မှာ သူတို့လက်မှတ်ထိုးခိုင်းပေမဲ့ မထိုးတဲ့ အဖွဲ့တွေကို နိုင်ငံရေးဆွေးနွေးခွင့်မပေးဘဲ သူတို့က အပစ်ရပ်လက်မှတ်ထိုးခွင့်မပေးတဲ့ WNO လိုအဖွဲ့မျိုးကိုကျတော့ နိုင်ငံရေးဆွေးနွေးခွင့်ပေးမယ်လို့ ပြောတာဟာလည်းပဲ အမြီးအမောက်မတည့်တဲ့ကိစ္စ ဖြစ်တယ်။

UNFC တွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်ပြီး အပစ်ရပ်မယ်လို့ မျှော်လင့်မထားပေမဲ့ အပစ်ရပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ခွန်ဥက္ကာကတော့ (၁) လက်ရှိအပစ်ရပ်ကို လက်ရှိအစိုးရကပဲ စခဲ့လို့ လက်ရှိအစိုးရနဲ့ပဲ အပစ်ရပ်သင့်တယ်၊ (၂) လက်ရှိအစိုးရက စစ်တပ်နဲ့ ဆက်ဆံရေးကောင်းမွန်လို့ လက်ရှိအစိုးရနဲ့ အပစ်ရပ်ခြင်းမှာ အပစ်ရပ်စာချုပ်ကို ပိုမိုအားကောင်းစေတယ်၊ (၃) ရွေးကောက်ပွဲနောက်မှာ တက်လာတဲ့အစိုးရက ဘယ်သူဖြစ်မလဲမသိနိုင်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်မယ်လို့လည်း အာမခံချက်မရှိပါဘူး၊ (၄) အပစ်ရပ်လက်မှတ်ကို ထိုးလိုက်လို့ မတရားအသင်းကနေ ပယ်ဖျက်ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ 

ဒီတော့ ခွန်ဥက္ကာအမြင်ကို စိစစ်ကြည့်ရအောင်ပါ။ အမှတ်(၁)စကားဟာ ခေါင်းဆောင်တစ်ယောက်ရဲ့ ဗွီရှင်း မဖြစ်သင့်ပါ။ ဒီအစိုးရက စခဲ့လို့ ဒီအစိုးရနဲ့ လက်မှတ်ထိုးရမယ်လို့ ပြောခြင်းဟာ ရိုးသားလွန်းလှပါတယ်။ အပေါ်က ဗိုလ်ချုပ်ဂွန်မော်စကားက ထောက်ပြခဲ့ပြီသားပါ။ တိုင်းရင်းသားအားလုံးက အပစ်ရပ်ကို လက်မှတ်ထိုးခဲ့ရင် အစိုးရက ဝမ်းမြောက်ရမဲ့အစား ဘာကြောင့် အချို့အဖွဲ့တွေကို ချန်ထားပြီး အချို့အဖွဲ့တွေကိုပဲ လက်ခံရပါသလဲ။ ခွန်ဥက္ကာမှာ ဖြေစရာစကားရှိမယ်မထင်ပါ။

အမှတ်(၂)စကားကို ကြည့်ရင်လည်း လက်ရှိအစိုးရဟာ စစ်တပ်ကို ညှိပေးရင် တိုင်းရင်းသားတွေအတွက် ပိုအဆင်ပြေတယ်လို့ တွက်ထားပုံမှာ အင်မတန်မှ ညာဏ်တိမ်လှပါတယ်။ လက်ရှိအစိုးရနဲ့ လက်ရှိစစ်တပ်က တကြံထဲ တညာဏ်ထဲ ရှိနေတာကိုးက တိုင်းရင်းသားတွေအတွက် မဟာအခက်အခဲကြီး ဖြစ်နေတာကို သူ မသိရှာပါဘူး။

အမှတ်(၃)စကားကို သူ ပြောလိုက်တော့ သူ လုပ်နေတဲ့ တော်လှန်ရေးကို သူ့ဟာသူပဲ သိက္ခာချလိုက်တာပါပဲ။ ပြည်တွင်းစစ်ဆိုတာ သိန်းစိန်လက်ထက်မှာ စခဲ့တာ မဟုတ်သလို တကယ်လို့ နောက်ဒုတိယသက်တမ်းမှာ သိန်းစိန်က တာဝန်ထမ်းဆောင်ခဲ့လို့ လက်ရှိအပစ်ရပ်လုပ်ငန်းစဉ်ကို ဆက်လက်ပြီး အကောင်အထည်မဖော်ခဲ့ရင် ဒါဟာ သိန်းစိန်တို့မှာ ရိုးသားဖြောင့်မတ်တဲ့စိတ် မရှိလို့ပါပဲ။ အပစ်မရပ်ဘဲ အာဏာကို ရခဲ့လို့ အပစ်ရပ်ကို ရပ်တန့်ထားမယ်ဆိုရင် လက်ရှိအပစ်ရပ်က အာဏာရစေဖို့လို့ ဆိုလိုရာရောက်သလို လက်ရှိအပစ်ရပ်ရဲ့ မလေးနက်မှုကိုလည်း ဖော်ပြရာ ရောက်နေပါတယ်။ တကယ်လို့ ပြည်တွင်းရေးက အရေးကြီးတယ်လို့ ယူဆရင် ဘယ်အစိုးရပဲတက်တက် ဒီငြိမ်းချမ်းရေးကို ဆက်လုပ်သွားရမှာ ဖြစ်တယ်။

အမှတ်(၄)စကားကတော့ ပေါ့ပျက်ပျက်အနိုင်ဆုံးပဲ။ တော်လှန်ရေးလုပ်တာက မတရားအသင့်ကို ပယ်ဖျက်ပေးဖို့ မဟုတ်ဘူး။ မိမိတို့အမြင်အရ အစိုးရကပဲ မတရားအသင်း ဖြစ်နေတာပါ။ အစိုးရက လက်ရှိဖွဲ့စည်းပုံကို အတင်းအကြပ် ပြဌာန်းခဲ့တယ်။ ၂၀၁၀ ခုနှစ်မှာ မဲခိုးပြီး တက်လာခဲ့တယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာလည်း ရွေးကောက်ပွဲနိုင်နိုင် မနိုင်နိုင် အာဏာကို လက်မလွှတ်ချင်ဘူး။ သိန်းစိန်က နောက်ထပ် (၅)နှစ်စီမံကိန်းကို သေသေချာချာ ထုတ်ပြောနေခြင်းမှာ အာဏာကို ဘယ်နည်းနဲ့မှ လက်လွှတ်ခံမှာမဟုတ်ဘူးဆိုတာ ပြသနေပါတယ်္ဓ ဒါကြောင့် မိမိတို့အမြင်အရ လက်ရှိအစိုးရဟာ မတရားအသင်း ဖြစ်တယ်။ မတရားတဲ့အစိုးရကနေ မတရားအသင်းကို ပယ်ဖျက်ပေးဖို့ အပစ်ကို ရပ်ရပါတယ်ဆိုခဲ့ရင် သူရဲ့ တော်လှန်ရေးအတွေးအခေါ်ကို ဝေဖန်ဆန်းစစ်သင့်ပါတယ်။

KNU ကတော့ ဘယ်သူကိုမှ ဂရုမစိုက်တဲ့ အဖွဲ့ ဖြစ်တယ်။ ကရင်လူမှုအဖွဲ့အစည်းပေါင်း (၄၁)ဖွဲ့က သတိပေးနေတဲ့ကြားက အပစ်ရပ်ဖို့ ဆုံးဖြတ်သွားတာ ဖြစ်တယ်။ တိုင်းရင်းသားအားလုံးပါဝင်နိုင်မဲ့အချိန်ကို စောင့်ပြီးမှ လက်မှတ်ထိုးဖို့ တိုက်တွန်းချက်ကို မူတူစေဖိုးက လျစ်လျူရှုခဲ့ပါတယ်။ ဒုဥက္ကဋ္ဌ နော်စီဖိုရာစိန်ကတော့ အဖွဲ့အားလုံး မပါတော့ နိုင်ငံရေးဆွေးနွေးတဲ့အခါ လွယ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အခု နောက်ဆုံး KAF လို့ ခေါ်တဲ့ ကော်သူလေးလက်နက်ကိုင်တပ်ဖွဲ့က ကျေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ လက်ရှိ KNU လုပ်ရပ်ကို ဆန့်ကျင်ဝေဖန်ထားပါတယ်။ မြန်မာအစိုးရနဲ့ အပစ်ရပ်တော့မဲ့ ကရင်တပ်ဖွဲ့များဟာ ဒီရက်ပိုင်းမှာပဲ အချင်းချင်းပစ်နေကြပါတယ်။ KNU တပ်မဟာ(၅)ရဲ့ စစ်သားစုဆောင်းမှုကြောင့် ကရင်လူမျိုး (၂၀၀၀)ခန့် ဖာပွန်ခရိုင်ကနေ ထွက်ပြေးပြီး အစိုးရလက်ကိုင်တုတ်တပ်များမှာ ခိုးလှုံနေကြောင်း သိရပါတယ်။  ကရင်အချင်းချင်း ပဋိပက္ခမဖြစ်အောင်၊ အပစ်ရပ်ကို နားမလည်မှုမလွဲအောင် ရှင်းပြနိုင်ပါတယ်လို့ နော်စီဖိုရာစိန်က ပြောနေပေမဲ့ တကယ့်တကယ်မှာတော့ လွယ်မယ်မထင်ပါ။

ကရင်မှာ အခက်အခဲ ရှိသလို ရှမ်းပြည်မှာလည်း အခက်အခဲအများကြီး ရှိနိုင်ပါတယ်။ အမှန်ကို ပြောရရင် ရှမ်းအချင်းချင်းလည်း မညီပါ။ တောင်ပိုင်းတပ်မတော်က တစ်မျိုး၊ မြောက်ပိုင်တပ်မတော်က တစ်မျိုး ဖြစ်နေပါတယ်။ အခု တောင်ပိုင်းတပ်မတော်က အစိုးရနဲ့ အပစ်ရပ်ဖို့ ဆုံးဖြတ်လိုက်တော့ အစိုးရက မြောက်ပိုင်းတပ်မတော်ကို ထိုးစစ်ဆင်လျက် ရှိပါတယ်။ ဒါကြောင့် လက်ရှိအစိုးရဟာ တိုင်းရင်းသားအချင်းချင်းကို သွေးခွဲရာမှာ တော်သလို လုဿမျိုးတစ်မျိုးထဲမှာလည်း မစုစည်းမိအောင်၊ မညီမညွတ်ဖြစ်အောင် လုပ်နိုင်တာကို တွေ့နိုင်ပါတယ်။ 

အပေါ်က ပြောထားသလို NCA ဟာ တိုင်းရင်းသားအားလုံးကို လက်ခံလိုက်ရင် ရှင်းရှင်းလင်းလင်း ဖြစ်နိုင်ပေမဲ့ အစိုးရက တမင်ရှုပ်ထွေးအောင် ဖန်တီးပါတယ်။ အရှုပ်အရှင်းကြားမှာ အဖွဲ့ (၈)ဖွဲ့က လက်မှတ်ထိုးဖို့ ဆုံးဖြတ်ထားပါတယ်။ အစိုးရက ဒီလက်မှတ်ထိုးပွဲမှာ ကုလသမဂ္ဂ၊ အီးယူ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်းကိုယ်စားလှယ်တွေ တက်ရောက်ကြဖို့ အလုပ်များနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်တို့ကို အစိုးရက တရားဝင်မဖိတ်ကြားရသေးပေမဲ့ ဒီပွဲကို တက်ရောက်ဖို့ ဖိအားပေးမှာ ဖြစ်တယ်။ ၂၀၁၆ ခုနှစ်မှာ အစိုးရဖွဲ့နိုင်ခဲ့ရင် တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရယူလိုတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိအပစ်ရပ်ဟာ မစစ်မှန်ကြောင်း သိပေမဲ့ အသိသက်သေအဖြစ် တက်ရောက်နေမလား စဉ်းစားမိပါတယ်။ ဒီအကွက်ဟာ NLD ကို အကြပ်ရိုက်စေမဲ့ အကွက် ဖြစ်တယ်။ ပါဝင်ခဲ့ရင် လက်ရှိအပစ်ရပ်ကို အသိအမှတ်ပြုရာရောက်တယ်။ မပါဝင်ခဲ့ရင် NLD ဟာ ငြိမ်းချမ်းရေးကို လိုလားတဲ့ပါတီမဟုတ်ကြောင်း လုပ်ကြံဝါဒဖြန့်အုံးမှာ မြင်ယောင်သေးတယ်။ အဆိုးဆုံးမှာ NLD ပါတီက အစိုးရမဖွဲ့စည်းနိုင်အောင်၊ အစိုးရဖွဲ့နိုင်ခဲ့ရင်လည်း တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိလိမ့်မှာမဟုတ်ကြောင်း ကန့်လန့်နောက်မှာ ပြောချင်ပြောနေပါလိမ့်မယ်။

UNFC ကတော့ စစ်မှန်တဲ့ အပစ်ရပ်ရေး ဖြစ်ပေါ်ဖို့ ပြည်တွင်းရှိအင်အားစုများနဲ့ နိုင်ငံတကာမိသားစုများကို အထူးပန်ကြားထားပါတယ်။

U Ravika