
ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရာမှာ တကယ်ဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေသာ
ဆွေးနွေးသင့် တယ်လို့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက
ပြောဆိုလိုက်ပါတယ်။
ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာပြုလုပ်တဲ့ ယူအန်အေ
ခေါ် စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုများ မဟာမိတ်အဖွဲ့ ညီလာခံရဲ့
အဖွင့်မိန့်ခွန်းမှာ ပြောကြားလိုက်တာပါ။ အဲ့ဒီ ညီလာခံကို ဒီဇင်ဘာလ ၂၂
ရက်နေ့ကနေ ၂၄ ရက်နေ့ထိ ၃ ရက်ကြာ ပြုလုပ်မှာဖြစ်ပါတယ်။
ရှမ်းတိုင်ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က
“MPC မှာက စကားပြောဖို့ပဲ တာဝန်ရှိတယ်။ သူ့မှာဆုံးဖြတ်ပိုင်ခွင့်
မရှိခဲ့ဘူး။ လုပ်ပိုင်ခွင့်လည်း မပေးခဲ့ဘူး။ အဲ့ဒါကြောင့်
ဆွေးနွေးတဲ့လူချင်းချင်းမှာ ဘာမှအဖြေမပြနိုင်တာ ဒါဟာပြဿနာပဲ။
အမှန်ဆိုလို့ရှိရင် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ တပ်မတော်ရယ်၊ MPC ရယ်၊
နောက်ပြီးတော့ ငြိမ်းချမ်းရေးအဖွဲ့ရယ် ပေါင်းလိုက်လို့ရှိရင်တော့
တကယ့်တမ်းစေတနာမှန် စိတ်မှန်မှန်နဲ့ ပြောင်းလဲမယ်ဆိုရင်တော့
ရနိုင်ပါတယ်။ အခုဖြစ်နေသလို ဆွေးနွေးတာက တမျိုး၊ ဆုံးဖြတ်ချက်ချတာက
တယောက်ဆိုတော့ ဒီငြိမ်းချမ်းရေးက နှစ်ပေါင်း ၁၀၀ ဆွေးနွေးလည်း
မပြီးပါဘူး။ ဆွေးနွေးတဲ့သူကို တိကျတဲ့ ဆုံးဖြတ်ချက် အာဏာပေးမှသာလျှင်
ဒီကိစ္စက ပြီးလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒါကြောင့်ဆွေးနွေးပုံ
ဆွေးနွေးနည်းတွေဟာ အများကြီး ပြောင်းသင့်နေပါပြီ”လို့ ပြောပါတယ်။
MPC နဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေ ဆွေးနွေးနေတာဟာ ၃
နှစ်ကျော်ရှိနေပြီးခါမှ လွှတ်တော်ထဲ ယူသွားမယ်ဆိုတဲ့ ကိစ္စဟာ မဖြစ်သင့်ဘူး
လို့လည်း ဆိုပါတယ်။
“လွှတ်တော်ထဲ ယူသွားပြီးတော့ ဆွေးနွေးမယ်ဆိုရင် ပြောစဉ်အခါက
လွှတ်တော်ထဲမှာ မပြောကြပဲနဲ့ ဆုံးဖြတ်ချက်ပေးတဲ့အခါမှ လွှတ်တော်ထဲမှာ
ဆုံးဖြတ်ချက်ပေးမယ် ဆိုတာလည်း သဘာဝမကျပါဘူး။ ကျနော် ဆိုလိုရင်းကတော့
ဒီမှာ အဆိုးဆုံးနေရာကတော့ ဘာလဲဆိုလို့ရှိရင် ဒီလိုသာ သွားမယ်ဆိုရင်တော့
ငြိမ်းချမ်းရေးကတော့ ဒီလိုပဲဝေးနေမှာပဲ။ သူတို့က
အချက်အလက်တွေသိပါလျက်နဲ့ ရှောင်ရှားပြီးတော့ ဒီငြိမ်းချမ်းရေးက
ဘယ်နည်းနဲ့မှ လမ်းစမရနိုင်ဘူးဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်။”
ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပပြုလုပ်နေတဲ့
စည်းလုံးညီညွတ်သော တိုင်းရင်းသား မဟာမိတ်အဖွဲ့ရဲ့ ဆွေးနွေးပွဲကို
အဖွဲ့ဝင်ပါတီ ၈ ခုစလုံးက ကိုယ်စားလှယ်တွေ တက်ရောက်နေကြပြီး
လက်ရှိမြန်မာ့ နိုင်ငံရေးအကျပ်အတည်းဆိုက်နေတာ အဖြေရှာဖို့၊
ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး နည်းလမ်းရှာဖို့ အဓိက ဆွေးနွေးကြမှာလို့
အဖွဲ့ဝင် ဦးအေးသာအောင်က ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် ညီလာခံမှာ UNA ရဲ့ နို်င်ငံရေး ရပ်တည်ချက်၊
ဖွဲ့စည်းပုံမူကြမ်းနဲ့ နောက်ဆုံးရက်မှာ မိတ်ဘက် နိုင်ငံရေးပါတီများနဲ့
လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဆွေးနွေးသွားဖို့
စီစဉ်ထားပါတယ်။
UNA ညီလာခံ ကျင်းပနေချိန်မှာ အစိုးရနဲ့ တိုင်းရင်းသားတွေ အပစ်ရပ်ရေး
ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။
ညီညွတ်သော တို်င်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA ကို ၁၉၉၀
ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ ၈ ပါတီနဲ့ ဖွဲ့စည်းထားတာ
ဖြစ်ပါတယ်။
သတင်းရင်းမြစ် - ဒီဗွီိဘီ
0 comments:
Post a Comment