Thursday, December 25, 2014

လက်ပံတောင်းပဋိပက္ခ တရုတ်အစိုးရ စိုးရိမ်ဝမ်းနည်းမိပါကြောင်း ထုတ်ဖော်ပြောကြား


လက်ပံတောင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရအနေနဲ့ စိုးရိမ်ဝမ်းနည်းမိပါကြောင်း ထုတ်ဖော်ပြောကြား လိုက်ပါတယ်။ ဒီဇင်ဘာ ၂၄ရက်နေ့က ပီကင်းမြို့တော်မှာ ပြုလုပ်တဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ တရုတ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရးဆိုခွင့်ရှိသူ ဟွာချွန်ယင်က ဒီကိစ္စကို ထည့်သွင်း ပြောကြားသွားတာပါ။
.
"အခု ပဋိပက္ခမှာ အသက်ဆုံးရှုံးရသူအတွက် တရုတ်အစိုးရအနေနဲ့ ၀မ်းနည်းမိကြောင်း၊ ပြသနာတခုကို ထိထိရောက်ရောက်နဲ့ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းသွားနိုင်မယ်လို့ မျှော်လင့်ပါကြောင်း" သူကဆိုပါတယ်။
.
ဒီဇင်ဘာ ၂၂ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ တရုတ် ၀မ်ပေါင်ကုမ္ဗဏီက ခြံစည်းရိုးခတ်ရာကနေ ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး မိုးကြိုပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ကျည်ထိမှန် သေဆုံးကာ ဒေသခံ ၂၀ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
.
"တရုတ်နဲ့ မြန်မာ အစိုးရတွေဟာ ချစ်ကြည်ရေးခိုင်မာတဲ့ အိမ်နီးနားချင်း နိုင်ငံတွေ ဖြစ်ကြပြီး တရုတ်ကုမ္ဗဏီတွေအနေနဲ့ နိုင်ငံရပ်ခြားမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ရာမှာ သက်ဆိုင်ရာ တိုင်းပြည်ရဲ့ တရားဥပဒေကို အလေးထားဖို့အပြင် လူမှုရေးဆိုင်ရာ တာဝန်ယူမှုတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေကို ဂရုပြုဖို့ တရုတ်အစိုးရအနေနဲ့ တရုတ်စီးပွားရေးသမားတွေကို အလေးအနက် တိုက်တွန်းကြောင်း" တရုတ် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
.
လက်ပံတောင်း ကြေးနီစီမံကိန်းမှာ ပါဝင်တဲ့ မြန်မာဝမ်ပေါင်ကုမ္ဗဏီဟာ တရုတ် လက်နက်ထုတ်လုပ်ရေး ကော်ပိုရေးရှင်းတခုဖြစ်တဲ့ China North Industries Groupရဲ့ လက်အောက်ခံဖြစ်ပါတယ်။
.
Credit : DVB

0 comments: