Monday, December 15, 2014

တိုက်ပွဲဖြစ်ပွါးပါက ဓားနှစ်လက်အင်္ကျီဝတ်ထားသူများကိုအရင်ပစ်သတ်မည်ဟု အစိုးရတပ်ဆို

]



ဗန်းမော်မြို့နယ်၊ ဒေါ့ဖုန်းယန် မြို့နယ်ခွဲတွင် နေထိုင်သော ဘာသာရေး ဆရာနှင့် ရှမ်းလူကြီးများကို ဒေါ့ဖုန်းယန် အခြေစိုက် ခမရ (၁၄၂) တပ်ရင်းရုံးတွင် တိုက်ပွဲဖြစ်ပွါးပါက ဓားနှစ်လက် အင်္ကျီ ၀တ်ထားသူများကို အရင်ပစ်သတ်မည်ဟု အစီုးရတပ် အရာရှိ တစ်ဦးက ခေါ်ယူ သတိပေးခဲ့ကြောင်း သတင်း ရရှိသည်။ “ဓားနှစ်လက် အင်္ကျီကို မဝတ်ဖို့အတွက် စစ်တပ်က ဗိုလ်မှူးတစ်ယောက်က ပြောပါတယ်။ ဒီနား တစ်ဝိုက်မှာ တိုက်ပွဲဖြစ်လာလို့ရှိရင်၊ အဲဒီ အင်္ကျီ ဝတ်တဲ့သူတွေကို အရင် ပစ်သတ်မယ်။ မဖြစ်ရင်တော့ ဘာမှ မလိုဘူးဆိုပြီး ပြောသွားတယ်” ဟု ခေါ်ယူ သတိပေး ခံရသော ဘာသာရေးဆရာ ဦးတန်အောင် က ပြောသည်။

ဓားနှစ်လက် အမှတ်အသား သင်္ကေတ အင်္ကျီသည် ကချင် တစ်ပြည်နယ်လုံးရှိ ပြည်သူများ ဝတ်ဆင် နေကြ၍ ကန့်ကွက်မည် ဆိုပါကတရားဝင် စာဖြင့် ကြေညာပေးရန် ပြန်လည် တောင်းဆိုထားကြောင်း ၄င်းက ဆိုသည်။ ဓားနှစ်လက် အမှတ်တံဆိပ်သည် ကချင်လူမျိုးများ၏ အမှတ်အသား တစ်ခုအဖြစ် ရှေးခေတ် (ကချင် လူမျိုးများက ပရောဖက် ကိုးကွယ်သော) အချိန်ကတည်းက စတင်၍ အသုံးပြုခဲ့သည့် အတွက် ကေအိုင်အို အမှတ်တံဆိပ်ဟု ပြောဆိုမည်ဆိုပါက မှားမည်ဖြစ်ကြောင်း၊ ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဌ ဒူဝါဝလူဆင်ဝါး က MID NEWS သို့ ပြောသည်။ “ဓားနှစ်လက် သင်္ကေတ ဆိုတာက ကချင်လူမျိုးတွေ အသုံးပြုခဲ့တဲ့ သင်္ကေတ တစ်ခုဖြစ်တယ်။ အခုမှ ကေအိုင်အေသုံးလို့ သုံးတယ် ဆိုတာမျိုး မဟုတ်ပါဘူး” ဟု ၄င်းက ပြောဆိုသည်။ ရှေးခေတ် နှစ်ပေါင်း ထောင်ချီက ကချင်လူမျိုးများသည် ၎င်းတို့၏ ပရောဖက် အစစ်အမှန် ဟုတ် မဟုတ်၊ ခွဲခြားမှု ပြုနိုင်ရန် အထက်ဆုံး ဓားကောင်း နှစ်လက်ကို အသုံးပြုပြီး၊ ကြက်ခြေခတ် အနေ အထားဖြင့်၊ လှေကားပုံစံ အဆင့် ခုနှစ်ဆင့်နှင့် ကိုးဆင့် ပြုလုပ်ကာ ယင်းလှေကားသို့ တက်စေ၍ ခွဲခြားမှု ပြုလုပ်ခဲ့ကြောင်း ၄င်းက ရှင်းပြသည်။

မြစ်ကြီးနားမြို့ရှိ ကချင်အထိမ်းအမှတ် ပစ္စည်းအရောင်းဆိုင် တစ်ခုမှ ဆိုင်ရှင်တစ်ဦး က “ဒီအလံကို ကေအိုင်အေ အလံဖြစ်တယ်ဆိုပြီး လာစွပ်စွဲလို့ မရပါဘူး။ ဒီအလံက ကချင်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အလံဖြစ်တယ်။

ကေအိုင်အေ မပေါ်ခင်ကတည်းက ကချင်လူမျိုးတွေ အသုံးပြုခဲ့တာ ဖြစ်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရက်ပိုင်းအတွင်း ဆိုင်မှာ စိတ်ပူတဲ့ သူတွေ ဖုန်းဆက်လာတာ ရှိပါတယ်။ ဒါက တရားမဝင်တဲ့ ပစ္စည်း မဟုတ်ပါဘူး” ဟု ပြောသည်။ မြစ်ကြီးနားမြို့ ဒေသခံ တစ်ဦးကမှု လတ်တလောတွင် ဓားနှစ်လက် အမှတ်အသား သင်္ကေတ အင်္ကျီ ဝတ်ဆင်သူများကို ညဘက်တွင် လိုက်လံ ချောင်းရိုက်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့် အတွက်၊ ၎င်း၏ သား၊ သမီးများကို မဝတ်ဆင်ရန် တားမြစ်ထားကြောင်း ပြောသည်။ ကချင် နိုင်ငံရေးပါတီဖြစ်သည့် ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက် (KNCD) ၏ ပါတီအလံ သည် ကေအိုင်အေ အလံနှင့် ထပ်တူနီးပါး ဖြစ်နေသည့်အတွက် လဲလှယ်ပေးရန် နိုင်ငံပိုင် သတင်းစာ များတွင် စက်တင်ဘာ ၉ ရက်က ကြေညာ ခံခဲ့ရသည်။

၎င်းတို့က ကေအိုင်အို အလံနှင့် မသက်ဆိုင်ကြောင်း၊ ပါတီ စတင်တည်ထောင်ခဲ့သော ၁၉၄၉ခုနှစ် ကတည်းက အသုံးပြုခဲ့သော ပါတီအလံ ဖြစ်သည့်အတွက် တရားဥပဒေ ဘောင်အတွင်းမှ တရားဝင် ဖြစ်ရန် ဆောင်ရွက်သွားမည် တုံ့ပြန်ထားသည်။ “ပါတီစတင် တည်ထောင်ကတည်းက အနီအစိမ်းခံ ဓားနှစ်လက်ကို မူပိုင်အသုံးပြုခဲ့တဲ့ အလံဖြစ်တယ်။ ၁၉၉၀ ရွေးကောက်ပွဲ ပြန်လုပ်တုန်းကလည်း အဲဒီဟာကိုပဲ သုံးပြီးဝင်ခဲ့တယ်။ လက်ရှိ နိုင်ငံရေးပါတီ မှတ်ပုံတင် တုန်းကလည်း ဒါနဲ့ပဲ တင်ခဲ့တယ်။

ကျနော်တို့ အလံကို တရားသောနည်းနဲ့ ဥပဒေဘောင် အတွင်းကနေ တရားဝင်ဖြစ်အောင် လုပ်သွားမှာပါ” ဟု ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက် တွဲဖက် အတွင်းရေးမှူးဦးဘရန်ဆိုင်း က ပြောသည်။ ဓားနှစ်လက် သင်္ကေတ အမှတ်တံဆိပ်ကို ဒုတိယကမ္ဘာစစ် အတွင်းက အင်္ဂလိပ် အစိုးရမှ ဖွဲ့စည်းပေး ခဲ့သော၊ ကချင် လဲဗီးတပ်က ၎င်းတို့ အမှတ်တံဆိပ်အဖြစ် အသုံးပြုခဲ့ပြီး၊ ၁၉၄၂-၁၉၄၇ ခုနှစ် အထိ (မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် ကတည်းက) အမေရိကန် အစိုးရမှ ဖွဲ့စည်းပေးခဲ့သော ကချင် ရိန်းဂျားတပ်နှင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုနှစ်တွင် အစိုးရတပ် အတွင်းရှိ ကချင်တပ်ရင်း ၅ ခု မှယင်းဓားနှစ်လက် သင်္ကေတ အမှတ်တံဆိပ်ကို အသုံးပြုခဲ့သည်။

သတင်းရင်းမြစ် - ကချင်သတင်းဌာန

0 comments: