Sunday, November 16, 2014

ဆန္ဒပြကျောင်းသားများ သမဂ္ဂအဆောက်အဦးဟောင်းနေရာသို့ သွားရောက်ဂါရ၀ပြု.

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ယခင်ကျောင်းသားသမဂ္ဂအဆောက်အဦတည်ရှိခဲ့ဖူးသည့် နေရာရှိ ဗိုလ်အောင်ကျော်အထိမ်းအမှတ်ကျောက်တိုင်တွင် သွားရောက် ဂါရ၀ပြုနေသည့် ပညာရေးဥပဒေဆန့်ကျင်ဆန္ဒပြသည့် ကျောင်းသားများကို နိုဝင်ဘာလ(၁၅)ရက်နေ့ ညနေပိုင်းကတွေ့မြင်ရစဉ်
(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)


ကျောင်းသားများက ၎င်းတို့ အခွင့်အရေးများ ဆုံးရှုံးနေသည့် အမျိုးသား ပညာရေး ဥပဒေ ပြဌာန်းချက်အား ဆန့်ကျင်ဆန္ဒပြ တောင်းဆိုမှုကို ရန်ကုန်မြို့ သမိုင်းလမ်းဆုံမှ စတင်ပြီး ရန်ကုန်တက္ကသိုလ် အတွင်းရှိ ကျောင်းသားသမဂ္ဂအဆာက်အဦဟောင်းနေရာအထိ လမ်းလျှောက်ဆန္ဒပြမှုတစ်ခု နိုဝင်ဘာလ(၁၅)ရက်နေ့ကပြုလုပ်ခဲ့သည်။

လှိုင်တက္ကသိုလ်နယ်မြေ အဓိပတိလမ်းမပေါ်ရှိ တက္ကသိုလ်ဝင်ပေါက်တွင် ဆန္ဒပြကျောင်းသားများ ကျောင်းအတွင်း ၀င်ရောက်ခြင်းမရှိစေရန် အတွက် ၀င်းတံခါးပိတ်ထားခဲ့သည့်အတွက် ကျောင်းသားများ တောင်းဆိုမှုများကို ပြုလုပ်ခဲ့သည်။ အာဏာပိုင်များမှ လိုက်လျောခြင်းမရှိသည့်အတွက် ဆန္ဒပြကျောင်းသားများသည် ကျောင်းနံရံကို ကျော်တတ်ကြပြီး ကျောင်းသား သမဂ္ဂ အဆောက်အဦးဟောင်း တည်ရှိခဲ့ဖူးသည့် နေရာရှိ အင်္ဂလိပ်အစိုးရ လက်ထက်က ကျဆုံးခဲ့သည့် ကျောင်းသား ခေါင်းဆောင်ဦးဖြစ်သည့် ဗိုလ်အောင်ကျော် အထိမ်းအမှတ်ကျောက်တိုင်သို့ သွားရောက်ဂါရ၀ပြုခဲ့ကြသည်။

အဆိုပါ ဆန္ဒပြ ကျောင်းသားများသည် ဂါရပြုမှုပြီးဆုံးသည့်အခါ လှည်းတန်း ကုန်းကျော်တံတားအောက်သို့သွားရောက်ပြီး ကျောင်းသားများ၏ လိုအပ်ချက်များ ကျောင်းသားအခွင့်အရေးများအတွက် ဟစ်ကြွေးတောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲသို့ (၈၈)မျိုးဆက် ကျောင်းသားဟောင်းများနှင့် နိုင်ငံရေးအင်အားစုများ လာရောက် အားပေး ကူညီဝိုင်းဝန်းခဲ့ကြသည်။ လွှတ်တော်အဆင့် အမျိုးသား ပညာရေး ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီနှင့် သမ္မတရုံးမှ ဦးဆောင်သည့် လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ နှစ်ခုက ရေးဆွဲတင်ပြခဲ့သည့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းပါ အချက်များအပေါ် ကျောင်းသားသမဂ္ဂများက ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည့်ကြားမှ စက်တင်ဘာလ ၃၀ ရက်တွင် ပြည်ထောင်စု လွှတ်တော်က အမျိုးသား ပညာရေး ဥပဒေကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။

သတင်းရင်းမြစ် - ဧရာဝတီ

0 comments: