Monday, November 10, 2014

ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှု မြင့်တက်၊ တိုင်းရင်းသား ဒေသများတွင်ပါ ပိုမိုမြင့်တက်လာကြောင်း ကယားပြည်နယ်ခရီးစဉ်က သက်သေပြ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှု ပိုမိုမြင့်တက်လာပြီး တိုင်းရင်းသားဒေသများတွင်ပါ ပိုမိုမြင့်တက်လျက် ရှိနေကြောင်းကို နိုဝင်ဘာ ၈ ရက်က သွားရောက်ခဲ့သည့် ကယားပြည်နယ်ခရီးစဉ်က သက်သေပြခဲ့ကြောင်း သိရသည်။

 .
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကယားပြည်နယ် လူထုနှင်တွေ့ဆုံရန် နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီက နေပြည်တော်မှ လွိုင်ကော်မြို့သို့သွားရောက်ရာ လမ်းခရီး၌ ကြိုဆိုသည့် တိုင်းရင်းသားပြည်သူ အလွန်များပြားခဲ့ရာ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် ထိန်ပင်ကျေးရွာအုပ်စု ဖိုကုန်းကျေးရွာ၊ ရှမ်းပြည်နယ် ပင်လောင်းမြို့၊ ဖယ်ခုံမြို့နှင့် မိုးဗြဲမြို့များ၌ ကြိုဆိုသည့် ပြည်သူလွန်စွာ များပြားခဲ့သည်။
.
အဆိုပါ ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သော တိုင်းရင်းသားဒေသ ခရီးစဉ်များအနက် ချင်းပြည်နယ်နှင့် ကရင်ပြည်နယ် ခရီးစဉ်များထက် လူထုအားပေးထောက်ခံမှု ပိုမိုခဲ့ခြင်းကို တွေ့မြင်ခဲ့ရ သည်ဟု ခရီးစဉ်၌ လိုက်ပါသတင်း ရယူခဲ့သော သတင်းထောက်များ၏ ပြောကြားချက်အရ သိရသည်။
.
လွိုင်ကော်မြို့တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ရှမ်းပြည်နယ်တောင်ပိုင်း အလယ်ကယန်း ကျေးရွာအုပ်စု ဆီးဘူးကျေးရွာနေ ဦးရွှေဘက “ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ တစ်ခါမှမမြင်ဖူးဘူး။ ဓာတ်ပုံတွေ ဗီဒီယိုတွေထဲမှာပဲ တွေ့ဖူးတယ်။ အခုလိုအပြင်မှာ ဗိုလ်ချုပ်အောင်ဆန်းသမီးကို အပြင်မှာ မြင်ရတွေ့ရတဲ့အတွက် အရမ်းဂုဏ်ယူ မိပါတယ်။ ကျွန်တော်တို့ ပြည်နယ်လူထု ခံစားနေရတဲ့ မတရားမှုတွေကို ပြောပြခွင့်ရရှိခဲ့တဲ့ အတွက်လည်း ကျေနပ်မိပါတယ်” ဟု ပြောကြားသည်။
.
သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်း ကုန်ဆုံးရန် တစ်နှစ်ခန့်သာ ကျန်တော့ချိန်တွင် တရားမျှတမှု မရှိခြင်းများ၊ ငြိမ်းချမ်းရေး မရေရာမှုများ၊ ဆင်းရဲမွဲတေမှု မြင့်မားလာခြင်းများအပြင် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်အပေါ် ပြည်သူလူထု၏ စိတ်ပျက်မှု များပြားလာသည်နှင့်အမျှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံအားပေးမှု ပိုမိုလာခဲ့ခြင်းဖြစ်သည်။
.
ပြီးခဲ့သည့် ကာလများအတွင်း တိုင်းရင်းသား ဒေသများအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအပေါ် နှုတ်ဆိတ်ခဲ့ခြင်းအား အကြောင်းပြုပြီး တိုင်းရင်းသားများအကြား ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်မှုနည်းလာပြီး ထောက်ခံမှု ကျဆင်းလာသည်ဆိုသော နိုင်ငံတကာ မီဒီယာအချို့၏ ရေးသားဖော်ပြမှု၊ အစွန်းရောက်အချို့၏ သုံးသပ်မှုများလည်း မှားယွင်းခဲ့ကြောင်း ကယားပြည်နယ်ခရီးစဉ်က ဖော်ညွှန်းခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ နောက်လာမည့် ခရီးစဉ်များတွင်လည်း ပိုမိုအားကောင်းသော ထောက်ခံမှုများ ရရှိလာနိုင်သည်အထိ အခြေအနေများ ပြောင်းလဲလာခဲ့ကြောင်း သိရသည်။
.
နိုဝင်ဘာ ၈ ရက် ညနေပိုင်းတွင် ပြုလုပ်မည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ လူထုဟောပြောပွဲခရီးစဉ်သို့ နေပြည်တော်မှ တစ်ဆင့်သွားရောက်သည့် လမ်းတစ်လျှောက်တွင် ဒေသခံတိုင်းရင်းသား ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး ၎င်းတို့ ရင်ဆိုင်နေရသော မတရားမှုများ၊ မကျေနပ်ချက်များကိုလည်း ထုတ်ဖော်ပြောကြား ခဲ့ကြသည်။
.
ကယားပြည်နယ် ခရီးစဉ်သို့ အသွားလမ်းခုလတ်ဖြစ်သည့် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်သို့ ရောက်ရှိချိန်တွင် အထက်ပေါင်းလောင်းဆည် တည်ဆောက်မှုကြောင့် ရေဝပ်ဧရိယာအတွင်း ကျရောက်နေသည့် ကျေးရွာ ၂၃ ရွာမှ ဒေသခံများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြသည်။
.
ထိုသို့တွေ့ဆုံရာတွင် ဒေသခံများက ၎င်းတို့အနေဖြင့် သက်ဆိုင်ရာမှ လျှပ်စစ်ဓာတ်အား ထုတ်ယူရန် ဆည်ရေပိတ်မှုကြောင့် စိုက်ပျိုးမြေ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ လယ်ယာမြေများ ရေနစ်မြုပ်သဖြင့် အလုပ်အကိုင်မရှိဘဲ စားဝတ်နေရေး ကျပ်တည်းမှုများ ဖြစ်ပေါ်နေကြောင်း တင်ပြခဲ့ကြသည်။
.
ထို့နောက် ယင်းအခက်အခဲများကို ကူညီဖြေရှင်းပေးရန် တောင်းဆိုမှုများပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
.
“ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့အင်အားက အကန့်အသတ်နဲ့ ရှိပါတယ်။ ကျွန်မတို့ဟာ နိုင်ငံရေးပါတီပါ။ ကျွန်မတို့က အစိုးရအဖွဲ့ မဟုတ်ပါဘူး။ ဒါပေမဲ့ အစိုးရအဖွဲ့ မဟုတ်ပေမယ့်လည်း ပြည်သူတွေရဲ့ အင်အားနဲ့ပြည်သူတွေရဲ့ ယုံကြည်မှုဆိုတာ ရှိနေလို့ ကျွန်မတို့မှာ လုပ်ရည်တွေ အများကြီးရှိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
.
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကယားပြည်နယ်သို့ သုံးကြိမ်မြောက် လာရောက်ခဲ့ဖူးခြင်းဖြစ်ပြီး နိုဝင်ဘာ ၈ ရက် ကယားလူထု တွေ့ဆုံပွဲ၌လည်း လူဦးရေသောင်းကျော် လာရောက်ခဲ့ကြောင်း သိရသည်။
.
Credit : EMG

0 comments: