ယနေ့ မနက် နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော နိုင်ငံရေး ထိပ်သီး ဆွေးနွေးပွဲမှ မည်သည့် ရလဒ်မျှ မထွက်ခဲ့ဘဲ
တက်ရောက်သူများက ၎င်းတို့ ကိုယ်စားပြုသော အဖွဲ့အစည်းများ၏ နိုင်ငံရေး
မျှော်မှန်းချက်များကိုသာ ပြောဆိုခဲ့ကြကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားမဟုတ်ဘဲ
ပုဂ္ဂလိက သဘောဆန္ဒကို တင်ပြဆွေးနွေးကြောင်း ဆွေးနွေးပွဲအပြီး ပြုလုပ်သော
သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မည်သည့်အကြောင်းအရာ ဆွေးနွေးသည်ကို မေးမြန်းရာ
"ဒေါ်အောင်ဆန်းစုကြည်ကိုပဲ တိုက်ရိုက်မေးပါ"ဟု ပြန်လည် ဖြေကြားသည်။

သမ္မတ ဦးသိန်းစိန်ကမူ ၁) လက်ရှိပြုပြင်ပြောင်းရေးကို
ဆက်လက်အကောင်အထည်ဖော်မည်ဟု၎င်း ၂) နောက်အစိုးရမပြောင်းခင်
အပစ်ရပ်စဲရေးစာချုပ်ချုပ်ခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို
ခိုင်မာစေမည်ဟု၎င်း ၃)၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးတည်ငြိမ်မှုကို
အားလုံးက ဝိုင်းဝန်းဖော်ဆောင်ပေးကြပါရန် တိုက်တွန်းပါသည်ဟု၎င်း အချက် ၃
ချက်ကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
ယခုတွေ့ဆုံပွဲသည်
နေပြည်တော်တွင် ရှေ့လ ကျင်းပမည့် အမေရိကန် သမ္မတ အိုဘားမား လာတက်မည့်
အရှေ့အာရှ ထိပ်သီး အစည်းအဝေးနှင့် အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲများ
မတိုင်မီ ရုတ်ချည်းဆိုသလို ဖြစ်လာခဲ့သဖြင့် အမေရိကန်အစိုးရ၏ ဖိအားပေးမှုများ
ရှိနေသလားဟု မေးခွန်းထုတ်စရာဖြစ်သည်။
ကြာသပတေးနေ့ကလည်း အိုဘားမားက
ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တဦးချင်းထံ သီးခြားစီခွဲပြီး
တယ်လီဖုန်း ဆက်သွယ် စကားပြောဆိုခဲ့ကြောင်း ၀ါရှင်တန် သမ္မတ အိမ်ဖြူတော်ကို
ကိုးကားပြီး ဗီအိုအေသတင်းဌာနက သတင်းပေးပို့သည်။
တွေ့ဆုံပွဲသို့
သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ဦးရွှေမန်း၊
ဒေါ်အောင်ဆန်း စုကြည် တို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ
ဦးတင်အေး၊ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုဥက္ကဋ္ဌ
ဦးဌေးဦး ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ ဥက္ကဋ္ဌ ဦးသန်းတင် ၊
ညီညွှတ်သော တိုင်းရင်း သားများ မဟာမိတ်အဖွဲ့ (UNA) ခေါင်းဆောင်လည်းဖြစ်၊
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လည်းဖြစ်သူ ဦးခွန် ထွန်းဦး ၊
ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့(FDA) ခေါင်းဆောင် ဦးခင်မောင်ဆွေ ၊
တိုင်းရင်းသား ညီနောင်များ ဖက်ဒ ရေးရှင်း(NBF) အဖွဲ့ ခေါင်း ဆောင်
လည်းဖြစ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ လည်းဖြစ်သူ
ဦးစိုင်းအိုက် ပေါင်း စုစုပေါင်း ၁၀ ဦးပါဝင်သည်။
သတင်းရင်းမြစ် - ဧရာဝတီ
0 comments:
Post a Comment