Friday, October 17, 2014

ဖါးကန့် KIA,တပ်ရင်း (၆)သည် ၄င်းတို့နေရာမှ လုံးဝ ဖယ်ပေးမည်မဟုတ်

 (ဓါတ်ပုံ- ဖါးကန့် ကေအိုင်အေ တပ်ရင်း (၆)မှ ကေအိုင်အေ ရဲဘော် များအားရှေ့တန်းတနေရာ၌တွေ့ရစဉ်။)

 ကေအိုင်အေတပ်ရင်း(၆)ထိန်းချုပ်နေမြေတွင် ကျောက်စိမ်းတူးဖော်နေသူများ ထွက်ပြေးနေ။ကေအိုင်အေတပ်ရင်း(၆)အားအစိုးရ တပ်မတော်တပ်မ(၆၆)မှ အောင်တိုဘာလ ၁၄ ရက်ညနေ (၆)နာရီတွင် နောက်ဆုံးထားကာ ပြောင်းရွေ့ပေးရန် စာပေးပို့သောကြောင့် ၄င်းနေရာတွင် ကျောက်စိမ်းတူးဖော် လုပ်ကိုင်နေ သူများ မနေ့ကနေစတင်ပြီး လုံးခင်းသို့ ထွက်ပြေးလာပြီဖြစ်ကြောင်း ကေအိုင်အေ အနောက်ပိုင်းတပ်မှူးဦးတန်ဆိုင်းကပြောသည်။

ကေအိုင်အေ နောက်ပိုင်းတပ်မှူးဦးတန်ဆိုင်းက “ စာပို့လာတဲ့နောက်ပိုင်း စစ်ဖြစ်လာရင် သူတို့ဒုက္ခရောက်မှာ စိုးလို့ ကြိုတင်ထွက်ပြေးဖို့ ပြောထားတယ်၊ မနေ့ကနေပြေးပြီ ဒေသခံ ရွာသားတွေက မပြေးဘူး။သူတို့ပြေးရင် ဗမာတွေ သူတို့နေရာတွေကို ၀င်သွားမှာစိုးလို့ ဆိုပြီး မပြေးဘူး” ဟုပြောသည်။
စစ်ရေးအခြေအနေနှင့်ပတ်သတ်ပြီး ကေအိုင်အေအနေဖြင့် သူတို့နေရာတွင်သာ ရှိနေမည် ဖြစ်ပြီး၊ မြန်မာ အစိုးရတပ်မတော် စစ်ကြောင်းများ ၀င်ရောက်ကျူးကျော်လာပါက ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

ယခုကဲ့သို့ စစ်ရေးတင်းမာမှု ဖြစ်ပွားလာရခြင်းမှာ ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများ လွပ်လွပ်လပ်လပ် ကျောက်စိမ်းတူးဖော်နိုင်ဖို့ အစိုးရစစ်တပ်က ကာကွယ်ပေးခြင်းတို့ကြောင့် ဖြစ်ပေါ်လာရသည့် ကိစ္စဖြစ်ကြောင်း ကေအိုင်အေ အနောက်ပိုင်းခရိုင်မှူးက သုံးသပ်ပြောဆိုသည်။

(ကေအိုင်အေတပ်ရင်း(၆)ကို ပြောင်းရွေ့ပေးရန် စာပေးပို့သည့် ကိစ္စနှင့်ပတ်သတ်ပြီး သတင်းအချက်အလက် မေးမြန်းရန် မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်ကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံခြင်းမရှိပါ။)

 သတင်းရင်းမြစ် - ကချင်သတင်းဌာန

0 comments: