
ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)၊ NARONG SANGNAK/အီးပီအေ
မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ လေ့လာသူများနှင့် ပညာရှင်များက
တူညီသော မှတ်ချက်တစ်ခု ပေးကြသည်။ အခြေအနေမကောင်းဘူးဟူ၍ ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ
အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးလိုသည့် ဆန္ဒရှိသည်။
ကရင်အမျိုးသား အစည်းအရုံး(KNU)မှလွဲ၍
ကျန်တိုင်းရင်းသား လက်နက်ကိုင် အများစုကမူ ၂၀၁၅ နောက်ပိုင်း တက်လာမည့်
အစိုးရနှင့်မှ လက်မှတ်ထိုးလိုသည့် သဘောရှိသည်။ တပ်မတော်ကလည်း
တိုင်းရင်းသားများ လက်မခံသည့် မူ ၆ ချက်ကို တစ်နိုင်ငံလုံး အပစ်ရပ်ရခါနီးမှ
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပြန်လည်ရှေ့တန်းတင်လာသည်ကို တွေ့ရသည်။
ထို့ကြောင့်လည်း စက်တင်ဘာလ နောက်ဆုံးပတ်တွင် ပြုလုပ်သော
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့်
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT) တို့၏ ငါးရက်ကြာ
ဆွေးနွေးပွဲ၌ မည်သည့် သဘောတူချက်မှမရဘဲ ပြီးဆုံးသွားခဲ့သည်။
ထို့
နောက်ပိုင်းမှစ၍ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့သည်။
နောက်ပိုင်းမှစ၍ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့သည်။
လွှတ်တော်နိုင်ငံရေးတွင်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများက
ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဦးတည် ပြောဆိုချိန်တွင်
ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲ စနစ်ပြင်ရေး(PRစနစ်ကျင့်သုံးရေး)ကို
ရှေ့တန်း တင်လာသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲရေးမှာ ၂၀၁၅
ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ရှေ့တိုးမလာဘဲ ရပ်တန့် သွားသည့် အနေအထား
ဖြစ်လာခဲ့သည်။
အပြောင်းအလဲ မလိုချင်သူများနှင့် ကိုယ်ကျိုးစီးပွား ထိခိုက်မည်ကို
စိုးရိမ်သူများက လက်ရှိ နိုင်ငံရေး အခြေအနေအား ရှေ့မတိုးအောင်
ဆောင်ရွက်နေသည့် အနေအထားမျိုး ဖြစ်နေသည်ကို တွေ့ရကြောင်း ဒီချုပ်မှ
လွှတ်တော်အမတ် ဦးမြင့်ဦးက သုံးသပ်သည်။
ကမ္ဘာ့ဘဏ် (WB)၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော ၂၀၁၃- ၁၄ ကြားဖြတ်
မဟာဗျူဟာ စာတမ်းတွင် ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ယခင်အစိုးရ လက်ထက်၌
ကြီးပွားချမ်းသာ သွားခဲ့သော အသိုင်းအ၀ိုင်းက ယခုပြုပြင်ပြောင်းလဲမှုများကို
အန္တရာယ်ဟု ထင်မြင် လာနိုင်သည်ဟု သုံးသပ်ထားသည်။
‘‘စလုပ်တဲ့ အချိန်မှာတုန်းက ဆွေးနွေးလို့ရတဲ့ဟာ ဆွေးနွေးတယ်။ မရတဲ့ဟာတွေ
ခဏချန်ထား ခဏချန်ထားနဲ့ ဒီအချိန်မှာ ခဏချန်ထားတာတွေ လာပြီးဆုံတာပေါ့။
ဒါတွေကို ဖြေရှင်းဖို့က ဒီလိုပဲ နှေးသွားတာပေါ့’’ဟု ပြည်ခိုင်ဖြိုးပါတီ
ဗဟိုကော်မတီဝင် ဦးတင့်ဇော်က သူ၏အမြင်ကို ပြောသည်။
လက်ရှိ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍
မြန်မြန်သွားချင်သော အင်အားစုများနှင့် မသွားချင်သော အင်အားစုများဟူ၍
အင်အားစု နှစ်စုဖြစ်ပေါ်လာပြီး ပြုပြင်ပြောင်းလဲရေး မလိုလားသူများက
အချိန်ဆွဲနေသည့် အနေအထား ဖြစ်နေသည်။
‘‘နိုင်ငံရေးအသွင်ကူးပြောင်းရေးနဲ့ ပတ်သက်လို့ ဘုံသဘောတူညီချက်က
သိပ်မရှိဘူးလိုဖြစ်နေတယ်။ အခြေခံ ဥပဒေပြောင်းလဲရေးကို ဘယ်လိုလုပ်မှာလဲ။
တိုင်းရင်းသားရေးရာကိစ္စတွေကို ဘယ်လိုလုပ်မှာလဲ။ ဆင်းရဲမွဲတေမှု ကိစ္စကို
ဘယ်လိုလုပ်မှာလဲ’’ဟု အမေရိကန်နိုင်ငံ တက္ကသိုလ်တစ်ခုတွင်
နိုင်ငံရေး သိပ္ပံဘာသာရပ် သင်ကြားနေသူ ကိုမင်းဇင်က ခေတ်ရနံ့မဂ္ဂဇင်းနှင့်
အင်တာဗျူးတွင် သုံးသပ်ထားသည်။

၂၀၁၁ သြဂုတ်လ တတိယပတ်တွင် ခေါင်းဆောင်နှစ်ဦး
တွေ့ဆုံ သဘောတူညီမှု ရပြီးနောက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ
မြန်ဆန်ခဲ့သည်။ ယခုအခါမူ ဆက်ဆံရေး အေးဆက်နေသည်။
ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့လက်ထက်
နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ ၂၀၁၁ သြဂုတ် ၁၉ ရက်တွင်
သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စတင်တွေ့ဆုံချိန်မှ
စတင်ခဲ့သည်။ ကျောင်းသား ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ
ဆက်တိုက်လွှတ်ပေးခြင်း၊ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း၊
ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ပေးကာ ဒီချုပ်ကို
ကြားဖြတ် ရွေးကောက်ပွဲဝင်နိုင်ရန် လမ်းဖွင့်ပေးခြင်း၊
မီဒီယာလွတ်လပ်ခွင့်ပေးခြင်း၊ ဆန္ဒပြခွင့်ဥပဒေပြဋ္ဌာန်းခြင်း စသည်တို့
ဆောင်ရွက်ခဲ့သည်။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများနှင့်
ငြိမ်းချမ်းရေးဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့သည်။
ယင်းဆောင်ရွက်မှုများကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်
ပါတီပြန်လည် မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။
ငြိမ်းချမ်းရေး ကမ်းလှမ်းမှုဆောင်ရွက်ပြီး တစ်နှစ်အတွင်း
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့နှင့်လည်း ပဏာမ
အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခဲ့ကြသည်။
သို့သော် ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး ရရှိရန်
တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် ဆွေးနွေးရင်း၊
နှစ်ကျော်လာသည့်အချိန်တွင်မူ ငြိမ်းချမ်းရေးအခြေအနေမှာ
အကျပ်အတည်း တစ်ခုနှင့် ရင်ဆိုင်လာရသည်။
‘‘NCA(တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်) အလားအလာက
အခုသုံးသပ်ကြည့်မယ်ဆိုရင် အလားအလာ မကောင်းပါဘူး’’ဟု RCSS/SSA
(ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်)မှ
ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက သုံးသပ်သည်။
‘‘တပ်မတော်ရဲ့ ကိုယ်စားလှယ်အဖြစ် နောက်ဆုံးဦးဆောင်ပြီး
လာဆွေးနွေးသွားတဲ့ပုံကို ကြည့်မယ်ဆိုရင် တပ်မတော်ရဲ့ မူ ၆ချက်ကို
ပြန်ရှေ့တန်းတင် လာတာက တိုင်းရင်းသားတွေ လက်ခံနိုင်မှာ မဟုတ်ပါဘူးဆိုတာ
သိရက်နဲ့ တမင်သက်သက် ပြန်တင်ပြသလိုမျိုး ဖြစ်နေပါတယ်’’ဟု
ဗိုလ်မှူးကြီးစိုင်းလှက ပြောသည်။
သဘောတူညီမှု ရရှိခါနီးတွင် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးနေသော
နှစ်ဖက်ကိုယ်စားလှယ်များအနေဖြင့် လက်တွေ့မကျသော ဆွေးနွေးမှုများနှင့်
ဆုံးဖြတ်ချက်များ ပြုလုပ်လာကြသဖြင့် ဆွေးနွေးပွဲမှာ
ရှေ့မတိုးဘဲဖြစ်လာကြောင်း NCCT ဒုတိယအဖွဲ့ခေါင်းဆောင်
ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။
ထို့ကြောင့်လည်း ယခင် အစည်းအဝေးများတွင် သဘောတူထားသော
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းပါ အချက်အချို့ကို
နောက်ဆုံးပြုလုပ်ခဲ့သည့် စက်တင်ဘာ ဆွေးနွေးပွဲတွင် ပြန်လည် ထည့်သွင်းလာကြပြီး
ငါးရက်ကြာပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ မည်သည့် သဘောတူညီချက်မှ မရရှိဘဲ
ပြီးဆုံးခဲ့သည်။
ထိုဆွေးနွေးပွဲပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလဆန်းတွင်
ပြောကြားသော မိန့်ခွန်းတွင် ‘‘အခုလို အလွန်အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့
တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်
လက်မှတ် ရေးထိုးရေးကိစ္စကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှသာလျှင်
မိမိတို့နိုင်ငံရဲ့ နိုင်ငံရေး အနာဂတ်ကို ပုံဖော်ထုဆစ်နိုင်မယ့်
နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်မှာဖြစ်ပါတယ်။ အဲဒီလို
စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု၊ ၂၀၁၅
အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့
နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ရေရာသေချာစေမှာဖြစ်တဲ့ အကြောင်းကိုလည်း
သတိပြုမိစေလိုပါတယ်’’ဟု သတိပေးစကား ပြောကြားခဲ့သည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တို့ကြား
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အခြေအနေ မကောင်းသည့် အနေအထား ရှိနေချိန်တွင်
အစိုးရနှင့် လွှတ်တော်တို့ကြား ဆက်ဆံရေးမှာလည်း ကောင်းသည့် အနေအထား မဟုတ်ပေ။
အစိုးရ အနေဖြင့်လည်း လွှတ်တော်က ပြဋ္ဌာန်းပေးသည့် ဥပဒေများအား
နည်းဥပဒေအဖြစ် ပြဋ္ဌာန်းပေးရန် ကြန့်ကြာခြင်းနှင့် လွှတ်တော်က အစိုးရအပေါ်
တိုက်တွန်းချက်များကို ဖြေရှင်းပေးမှု နည်းလာသည်ဟုလည်း ဦးအုန်းတင်က
သုံးသပ် ပြောကြားသည်။
ဝန်ကြီးအများစုမှာလည်း အစိုးရသက်တမ်း တစ်နှစ်သာ
ကျန်ရှိတော့သည် အချိန်တွင် ကြိုးစားအားထုတ်မှု လျော့နည်းလာသည်ကို
တွေ့ရှိရကြောင်း နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးက သုံးသပ်သည်။
ထို့အပြင် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရေး အေးစက်နေသည်မှာလည်း
တစ်နှစ်ခန့်ပင် ရှိလာပြီဖြစ်သည်။ သမ္မတဦးသိန်းစိန်အနေဖြင့်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ နှုတ်ဆိတ်နေခြင်းနှင့်
လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုရာတွင်
မဆောင်ရွက်ပေးနိုင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက
သုံးသပ်သည်။
ထို့ကြောင့်လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးမှာ
အေးစက်လာခဲ့ပြီး နိုင်ငံတကာမှ ရင်းနှီးမြှုပ်မှုများမှာ ၂၀၁၅
ရွေးကောက်ပွဲပြီးမှ ဝင်ရောက်မည့် အနေအထားမျိုးဖြစ်လာခဲ့သည်။ သို့သော်
နှစ်ပေါင်းများစွာ ဆင်းဆင်းရဲရဲနေခဲ့ရပြီး အလုပ်လက်မဲ့ များစွာဖြစ်နေသော
ပြည်သူလူထု၏ မျှော်လင့်ချက်မှာ လက်ရှိအစိုးရအပေါ်
များစွာမျှော်လင့်ခဲ့ကြသည်။ သို့သော် ဆင်းရဲတွင်းက နက်နေဆဲဖြစ်နေသည်။
အစိုးရအနေဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မလုပ်ဆောင်နိုင်သည့်အပြင်
လတ်တလော ပေါ်ပေါက်လာသော ပြဿနာများကို ဖြေရှင်းရန် အစိုးရသက်တမ်း
သုံးနှစ်ကျော် လာချိန်တွင်မူ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးမှာ
ရှေ့မတိုးဘဲ ရပ်တန့်လု အနေအထားပင် ဖြစ်လာခဲ့သည်။
ပြုပြင်ပြောင်းလဲရေး ရပ်တန့်သွားသော်လည်း ခြိမ်းခြောက်မှုများက
တစ်ခုပြီးတစ်ခု တိုးလာခဲ့သည်။ နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားခဲ့သော
ပြည်တွင်းစစ်အား ငြိမ်းချမ်းအောင် မဆောင်ရွက်နိုင်သဖြင့် နယ်စပ်ဒေသများကို
မအုပ်ချုပ်နိုင်ခဲ့ပေ။ ထို့ကြောင့်လည်း အင်အားကြီးနိုင်ငံများနှင့်
ထိစပ်နေသော မြန်မာနိုင်ငံအနေဖြင့် ပထဝီဝင်နိုင်ငံရေးအရ
ခြိမ်းခြောက်မှု ခံနေရသည်။
မြန်မာနိုင်ငံအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ရန်မှာ
အလွန်အရေးကြီးသည့် အနေအထားဖြစ်သည်။ အမျိုးသားပြန်လည် သင့်မြတ်ရေး
မဆောင်ရွက်နိုင်သရွေ့ ပထဝီဝင်နိုင်ငံရေးအရ ခြိမ်းခြောက်မှုများ
ခံနေရပေဦးမည်ဖြစ်သည်။

သူရရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် သတင်းထောက်များနှင့် တွေ့ဆုံစဉ်/ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ထို့ကြောင့် မြန်မာနိုင်ငံအတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးမှာ
အလွန်အရေးကြီးသည့် အနေအထားဖြစ်သည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင်
ပြည်တွင်းစစ် ရပ်စဲရေးမှာ အဓိကကျသည်။ ထို့အပြင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပါအဝင် နိုင်ငံရေး အင်အားစုများကြား
ဘုံသဘောတူညီမှုတစ်ခု ရရှိရန် လိုအပ်ပေသည်။ သို့သော် မြန်မာ့နိုင်ငံရေးတွင်
အဓိကအကျဆုံးဖြစ်သော သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊
ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု လွှတ်တော်နာယကတို့ကြား ငြိမ်းချမ်းရေး၊
နိုင်ငံဖွံ့ဖြိုးရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး စသော အရေးကြီးကဏ္ဍများတွင်
ပူးပေါင်းဆောင်ရွက်မှု၊ ဘုံသဘောတူညီမှုမရှိပေ။ သမ္မတနှင့် ကာချုပ်ကြား၊
လွှတ်တော်နာယကနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြား တစ်ဦးပေါ်တစ်ဦး ယုံကြည်မှု၊
နားလည်မှုရှိပုံရသော်လည်း ကျန်သူများ ယုံကြည်မှုပျောက်ဆုံး နေပုံရကြောင်း
နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
အထူးသဖြင့် လက်ရှိ အစိုးရသက်တမ်း လေးနှစ်ရှိလာသည့် အချိန်ထိ
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကြား တစ်ကြိမ်မျှ
တွေ့ဆုံဖူးခြင်း မရှိသေးပေ။ ထိုအချက်က အဓိကအတိုက်အခံပါတီ ခေါင်းဆောင်နှင့်
တပ်မတော်အကြား မည်သည့် နားလည်မှုမျှ မရသေးသည့် သဘောဟု သုံးသပ်သူများ ရှိသည်။
အဆိုပါ အယူအဆများနှင့် ဆန့်ကျင်ဘက် ၂၀၁၅ ရွေးကောက်ပွဲကို
အစီအစဉ်အတိုင်း ကျင်းပပြီး အနိုင်ရရှိသောပါတီ အစိုးရဖွဲ့ကာ
နိုင်ငံရေးအသွင် ပြောင်းလဲမှု ချောချောမွေ့မွေ့ ရှိလိမ့်မည်ဟု တွေးဆထားသူများ
ရှိသည်။
ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အာမခံချက်မရှိပါက ၂၀၁၅ တွင်
ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲမှာလည်း တည်တည်ငြိမ်ငြိမ်
ဖြစ်လာလိမ့်မည် မဟုတ်နိုင်ကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က
ပြောသည်။ သို့သော် လက်ရှိ ငြိမ်းချမ်းရေးအခြေအနေမှာ အနေအထားကောင်းသည့်
အခြေအနေ မဟုတ်ပေ။ အောက်တိုဘာလတွင် UPWC နှင့် NCCT တို့
တွေ့ဆုံ ဆွေးနွေးရန်မှာ မသေချာသည့် အနေအထား ဖြစ်နေသည်။
‘‘ဒီလို လမ်းပိတ်နေတဲ့ အခြေအနေမှာ NCCT က ယခုနောက်ဆုံး
ဆွေးနွေးပွဲမစတင်မီမှာ တပ်မတော်ရဲ့ အလွန်အရေးကြီးတဲ့ ကတိကဝတ်တစ်ခု
အရင်ရထားဖို့ လိုအပ်ပါတယ်’’ဟု RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ
ဗိုလ်မှူးကြီးစိုင်းလှကဆိုသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးနိုင်သော်လည်း
နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသွားမည့် ကတိက၀တ်ကို
ရရှိအောင် ဆောင်ရွက်ရန် လိုအပ်ပြီး တိုက်ပွဲများ ဆက်လက် မဖြစ်ပွားရန်
ထိန်းသိမ်းဖို့ လိုအပ်ပေသည်။ ထိုကဲ့သို့ မဆောင်ရွက်နိုင်ပါက
တိုင်းပြည်မတည်ငြိမ်မှုများဖြစ်လာမှာကို စိုးရိမ်ရပြီး ၂၀၁၅
ရွေးကောက်ပွဲလည်းမဖြစ်၊ တိုင်းပြည်ရဲ့အာဏာကိုလည်း တပ်မတော်က
ပြန်သိမ်းသွားမည်ကိုလည်း စိုးရိမ်ရကြောင်း ဗိုလ်မှူးစိုင်းလှကဆိုသည်။
ထိုအခြေအနေတွေကို ကျော်လွှားနိုင်ရန် တွေ့ဆုံဆွေးနွေးရေး
နည်းလမ်း တစ်ခုသာရှိသည်။ သမ္မတဦးသိန်းစိန်အနေဖြင့် ငါးပွင့်ဆိုင်
တွေ့ဆုံဆွေးနွေးရေး အမြန်လုပ်ဆောင်သင့်၍ နိုင်ငံရေးနှင့်ပတ်သက်ပြီး
ညှိနှိုင်း ဆွေးနွေးသင့်ကြောင်း NLD ပါတီမှ ဗဟိုကော်မတီဝင်
ဦးထွန်းထွန်းဟိန်းက အကြံပြုသည်။
မြန်မာနိုင်ငံ၏ ရှေ့တွင် ဒီမိုကရေစီနိုင်ငံအဖြစ် အောင်မြင်စွာ
အသွင်ကူးပြောင်းနိုင်ခဲ့သော တောင်အာဖရိက၊ အင်ဒိုနီးရှားတို့ နမူနာအရ
နိုင်ငံရေးခေါင်းဆောင်များ အကြား ဘုံသဘောတူညီချက် ရရှိရန်နှင့်
ကိုယ်ကျိုးမငဲ့ဘဲ သဘောထားကြီးရန် လိုအပ်ကြောင်း သက်သေပြနေသည်။
တောင်အာဖရိကဆိုလျှင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ အဆင်ပြေချောမွေ့ရန်
လူမည်းခေါင်းဆောင် မန်ဒဲလားနှင့် လူဖြူအစိုးရခေါင်းဆောင် ဒီကလက်ပ်တို့မှာ
အမြော်အမြင်ကြီးစွာ၊ သဘောထားကြီးစွာဖြင့် အပြန်အလှန် ယုံကြည်မှုရှိရှိဖြင့်
လက်တွဲဆောင်ရွက်နိုင်ခဲ့သည်။ အင်ဒိုနီးရှား ဆိုလျှင်လည်း
တပ်မတော် ခေါင်းဆောင်များက သဘောထားကြီးစွာ၊ အမြော်အမြင်ကြီးစွာဖြင့်
နိုင်ငံရေးတွင် တပ်မတော်တို့၏ ပါဝင်မှုကို လျှော့ချကာ အသွင်ကူးပြောင်းရေး
ချောမွေ့အောင် စွမ်းဆောင်နိုင်ခဲ့ကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့်
မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ၏ အမြော်အမြင်ကြီးမှု၊ ကိုယ်ကျိုးမငဲ့ဘဲ
တိုင်းပြည်အတွက် စေတနာထားမှု၊ ဉာဏ်ပညာကြီးမှုတို့ကို ပြသရန်အချိန်မှာ
ယခုအချိန်ပင်ဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးလေ့လာသူများက
သုံးသပ်သည်။
ထိုသို့မဟုတ်လျှင် လက်ရှိမြန်မာနိုင်ငံ၏ အကျပ်အတည်းမှာ အဖြေရှာတွေ့မည်မဟုတ်ပေ။
‘‘ရွေးကောက်ပွဲမတိုင်ခင် ဒီနိုင်ငံမှာ နိုင်ငံရေးအရ အဖြေတစ်ခုခု
ရှာသင့်တယ်။ မျှခြေတစ်ခုခုရအောင် လုပ်သင့်တယ်။ ဒါ လုပ်နိုင်၊ မလုပ်နိုင်ကမှ
အသွင်ကူးပြောင်းရေးရဲ့ တကယ့်မှတ်ကျောက်ပဲ။ ဒီလိုမဟုတ်ဘဲ ရွေးကောက်ပွဲကို
တွန်းလုပ်ရင် ပီအာရ်ကိုပဲ သုံးစေဦးတော့ အတိုက်အခံက အပြတ်အသတ်နိုင်မှာပဲ။
အကယ်၍သာ မဲမခိုး၊ မဲမလိမ်ဘူးဆိုရင် နိုင်မှာပေါ့။ အဲဒီလိုနိုင်ရင်
ဘာဖြစ်မလဲ။ အုပ်စိုးသူက မလုံမခြုံဖြစ်မှာပဲ။ အုပ်စိုးသူက မလုံမခြုံဖြစ်ရင်
အာဏာလွှဲဖို့ထက်စာလို့ရှိရင် တခြားနည်းတွေနဲ့ မတည်ငြိမ်မှုတွေ
ပိုပြီးဖြစ်လာနိုင်တယ်။ စစ်တပ်က ခြောက်လလောက် (သို့) တစ်နှစ်
အာဏာကိုထိန်းနိုင်ဖို့ လုပ်လို့ရတယ်။ ဒါကအတိုက်အခံက
အပြတ်အသတ်နိုင်လို့ရှိရင်ပေါ့။ အပြတ်အသတ်မနိုင်ဘဲ မဲညစ်တာ၊ မဲလိမ်တာ၊
မဲခိုးတာ၊ အတိုက်အခံက အပြတ်အသတ် မနိုင်ဘူးဆိုရင်လည်း လူထုက
စိတ်ဆိုးပြီးတော့ လူထုအုံကြွမှုတွေ၊ မတည်ငြိမ်မှုတွေ၊ အဲဒီကာလတွေကို
ဖြေရှင်းရလိမ့်မယ်။ ရွေးကောက်ပွဲကာလဆိုတော့ ပိုပြီးတော့ ဖြစ်လာနိုင်တယ်။
ကျွန်တော့်အမြင်ကတော့ ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်ညှိနှိုင်းမှုမရှိထားဘူး။
နိုင်ငံရေးမျှခြေတစ်ခုကို မရှာနိုင်ဘူးဆိုရင် ရွေးကောက်ပွဲဟာ
မှတ်ကျောက်မဟုတ်ဘဲနဲ့ တိုင်းပြည်အတွက် ဒုက္ခဖြစ်စေမယ့် Spark
မီးပွားဖြစ်သွားဖို့ ပိုများပါတယ်’’ဟု ကိုမင်းဇင်က
ခေတ်ရနံ့နှင့်အင်တာဗျူးတွင် သုံးသပ်သည်။
ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ လက်ရှိနိုင်ငံရေးတွင် အဓိကကျသော
အင်အားစုများကြား နိုင်ငံရေးပဋိညာဉ် (Political Pact) သို့မဟုတ်
ဘုံသဘောတူညီမှုတစ်ခုရရှိရန် မဖြစ်မနေဆောင်ရွက်ရမည့် အနေအထားဖြစ်သည်။
ထိုသို့ မဆောင်ရွက်နိုင်ပါက နိုင်ငံရေးအပြောင်းအလဲသည်
အောင်မြင်ရန်မဖြစ်နိုင်ဟု နိုင်ငံရေး သိပံ္ပပညာရှင်များ၊
နိုင်ငံရေး လေ့လာသူများက သုံးသပ်နေကြသည်။
Copy from - 7daydaily.com
0 comments:
Post a Comment