ထိုင်းနိုင်ငံတောင်ပိုင်း စူရဌာနခရိုင် လိပ်ကျွန်းပေါ် ဗြိတိန်နိုင်ငံသား
နှစ်ဦးကို သတ်မှုဖြင့် စွပ်စွဲကာ တရားရုံးတင်ထားသည့်အမှုကို ထိုင်းအစိုးရ
ဥပဒေအကြံပေးအဖွဲ့က ပယ်ချလိုက်သည်ဟု စွပ်စွဲခံထားရသူများကို လိုက်ပါ
ကူညီပေးနေသည့် ရှေ့နေ ဦးအောင်မျိုသန့်က အောက်တိုဘာ ၈ ရက်တွင် ပြောသည်။

ကမ္ဘာလှည့်ခရီးသည်စုံတွဲကို
သတ်မှုဖြင့် ဖမ်းဆီးခံထားရသော ကိုဝင်းဇော်ထွန်း(ဘယ်)နှင့် ကိုစော(ညာ)
တို့သည် ထိုင်းရဲတပ်ဖွဲ့အား အခင်းဖြစ်ပွားပုံကို သရုပ်ပြနေစဉ်။ (ဓာတ်ပုံ -
အေဖက်စ်ပီ)
ထိုင်းရဲတပ်ဖွဲ့မှ တရားစွဲဆိုရန် တင်ပြချက်များသည်
မပြည့်စုံခြင်းကြောင့် စွဲချက်တင်သည်ကို ပယ်ချလိုက်ခြင်း ဖြစ်သည်ဟု
ဦးအောင်မျိုးသန့်က ဆိုသည်။
“ဟုတ်ပါတယ် ခင်ဗျား ထိုင်းတရားရုံးက အမှုနဲ့ပတ်သက်လို့ ပြည့်စုံတာ
မရှိဘူး ပြန်လည် စိစစ်ပါဆိုပြီးတော့ တင်ပြလိုက်ပါတယ်။ တင်ပြလိုက်တဲ့အခါမှာ
အစိုးရ ရှေ့နေရုံးရဲ့ ဆုံးဖြတ်ချက်အရ ဒီအမှုကို ပြန်လည် ပြည့်စုံအောင်
စိစစ်ပြီးတော့ တင်ပြပါ ဆိုပြီးတော့ ပယ်ချလိုက်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
“ထိုင်းရဲ့
ထုံးစံအရ အမှုတွဲတခုကို တင်မယ်ဆိုရင် အမှုတွဲကို ရဲက စစ်ဆေးပြီးတာနဲ့
တပြိုင်နက် အစိုးရ ရှေ့နေရုံးကို တင်ပြပါတယ်။ အဲဒီအစိုးရ ရှေ့နေရုံးက
ခွင့်ပြုမှသာလျှင် တရားရုံးကို တင်လို့ ရပါတယ်။ အစိုးရ ရှေ့နေရုံးက
ခွင့်ပြုခြင်းမရဘဲနဲ့ ပြန်ချပေးလိုက်တာပါ” ဟုလည်း ဦးအောင်မျိုးသန့်က
ပြောသည်။
စွပ်စွဲခံရသူများကို မြန်မာကောင်စစ်ဝန် အပါအဝင် အဖွဲ့က ၃ ရက်ကြာ
စစ်ဆေးတွေ့ရှိချက်များအရ မြန်မာနိုင်ငံသား နှစ်ဦးမှာ လူသတ်မှုနှင့်
ပတ်သက်ပါဝင်ခြင်း မရှိဟုလည်း ရှေ့နေ ဦးအောင်မျိုးသန့်က သုံးသပ်ခဲ့သည်။
၎င်းအမှုစစ်ဆေးရေးတွင် မြန်မာနိုင်ငံတော်အဆင့် ပူးတွဲ ပါဝင်ဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း သူက ပြောဆိုသည်။
သတင်းရင်းမြစ် - ချင်းမိုင် (မဇ္ဈိမ)
0 comments:
Post a Comment