Friday, September 19, 2014

ကျပ် (၅,၀၀၀)တန် အသစ်ထုတ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နေပြည်တော် (၂၀၁၄၊၉၊ ၁၈)ရက်နေ့သတင်းကြေညာချက်


မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံတော်၏ ဈေးကွက်စီးပွားရေးအနစ် ပီပြင်စွာဖြစ်ပေါ်လာရေးနှင့် ငွေရေးကြေးရေး စနစ်ခေတ်မီ၊ ခိုင်မာတိုးတက်လာစေရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ အဆင့်မီ အဆင့်မြင့်လုံခြုံမှုအဆင့်တန်းရှိသော ငွေစက္ကူ များကို ထုတ်ဝေခဲ့ပါသည်။

  မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ဝေခဲ့သော ငါးထောင်ကျပ်တန် ငွေစက္ကူ ၏ တရားဝင်လှည့်လည် သုံးစွဲငွေအဖြစ် တည်ရှိနေမှုကို မထိခိုက်စေဘဲ ယင်းငွေစက္ကူ ၏ လုံခြုံမှုအဆင့်အတန်း ပိုမိုမြင့်မားစေ၍ အရည်အသွေး ပိုမိုကောင်းမွန်စေရန်၊ အသုံးပြုနိုင်မှု သက်တမ်း ပိုမိုရှည်ကြာစေရန်နှင့် အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန် အလို့ငှာ လုံခြုံရေးကြိုး ပုံစံသစ်၊ ရေစာသစ်နှင့် ငွေစက္ကူ ၏ မျက်နှာပြင်နှစ်ဘက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ်ကာကွယ်ထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ထုတ်ဝေမည် ဖြစ်ပါသည်။

မူလက ငါးထောင်တန် ငွေစက္ကူ ၏ မျက်နှာစာတွင် ဒေါင်လိုက်ထည့်သွင်းထားသော အကန့်လိုက် ဆစ်ပိုင်းပြီး မြှုပ်နှံထားသည့် လုံခြုံရေးကြိုးအစား အရောင်ပြောင်းလဲနိုင်သည့် လုံခြုံရေးကြိုးအသစ်ကို အကန့်လိုက် အဆစ်ပိုင်းပြီး ပြောင်းလဲထည့်သွင်းထားပါသည်။ ၎င်းလုံခြုံရေးကြိုးအသစ်သည် ယခင်လုံခြုံရေးကြိုးထက် အရွယ်အစား ပိုမိုကြီး၍ အရောင်လည်းပြောင်းလဲနိုင်ပြီး ငွေစက္ကူ ကို ကြည့်သည့် အနေအထားပေါ်မူတည်၍ လုံခြုံရေးကြိုး၏ အရောင်သည် ရွှေဝါရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲနိုင်ပါသည်။ ငါးထောင်ကျပ်တန် ငွေစက္ကူ ၏ မျက်နှာစာဖက်၊ လက်ယာဘက်ပိုင်းတွင် ပုံစံအသစ်ဖြင့် ပြုလုပ်ထားသည့် ဆင်ဖြူ တော်ပုံ ရေစာပါရှိပြီး ငွေစက္ကူကို အလင်းရောင်တွင် ကြည့်ပါက ရေစာကို တွေ့နိုင်ပါသည်။ ငွေစက္ကူ ကို ဖုံးအုပ်ကာကွယ်ထားသည့် ဗားနစ် (Varnish) အလွှာသည် ပြင်ပမှ ရေခိုးရေငွေ့များ၊ အရည်များနှင့် အရောင်စွန်းထင်းနိုင်သည့် အရာများကြောင့် ငွေစက္ကူ ၏ အရည်အသွေး နိမ့်ကျ၍ ငွေစက္ကူ ပျက်စီးခြင်းကို ကာကွယ်စေသဖြင့် ငွေစက္ကူ ၏ အသုံးပြုမှု သက်တမ်းကို ပိုမို
ရှည်ကြာစေပါသည်။

ယခုထုတ်ဝေမည့် ငါးထောင်ကျပ်တန် ငွေစက္ကူ မှာ လုံခြုံရေးကြိုးပုံစံသစ်၊ ရေစာသစ်နှင့် ငွေစက္ကူ ၏ မျက်နှာပြင်နှစ်ဘက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ်ကာကွယ်ထားခြင်းတို့မှ အပ ငွေစက္ကူ အရွယ်အစား၊ ပုံသဏ္ဍာန်နှင့် အရောင်သတ်မှတ်ချက်များသည် မူလ ငါးထောင်ကျပ်တန် ငွေစက္ကူ အတိုင်းဖြစ်ပါသည်။

 လက်ရှိ တရားဝင် လှည့်လည်သုံးစွဲလျက်ရှိသော ငါးထောင်ကျပ်တန် ငွေစက္ကူ များသည်လည်း တရားဝင်ငွေ အဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ပါသည်။

0 comments: