
ကျိုက်မရောမြို့နယ်တွင်းမှာ DKBA နဲ့ မြန်မာအစိုးရစစ်တပ်တို့
ထိပ်တိုက်တွေ့နေတဲ့ အခြေအနေ ဖြစ်နေပြီး ဒီကနေ့ထိ တိုက်ပွဲတွေ
ဆက်လက်ဖြစ်နေတုန်းပဲလို့ ဒီကေဘီအေ မြဝတီမြို့ ဆက်ဆံရေးရုံးတာဝန်ခံ
ဗိုလ်ကြီးစိုးမြင့်က အတည်ပြု ပြောကြားပါတယ်။
“ဒီနေ့ ကျိုက်မရောမှာ မနက် ၈ နာရီမှာ တကြိမ်၊ ၁၀ နာရီမှာ တကြိမ်
မွန်းလွဲပိုင်းမှာ တကြိမ် စုစုပေါင်း သုံးကြိမ်တိုက်ပွဲဖြစ်ခဲ့တယ်။
ကျနော်တို့ လူကြီးတွေနဲ့ အစိုးရအထက်ပိုင်းတွေလဲ ညှိနေကြတယ်။ ဒါပေမယ့်
အောက်ခြေအထိ မသက်ရောက်ဘူးဖြစ်နေတယ်၊ အစိုးရစစ်တပ်ဘက်ကလည်း
အင်အားအလုံးအရင်းနဲ့ ညှပ်ထားတော့ အခြေအနေက လှုပ်တာနဲ့ တိုက်ပွဲသံကြားရမယ်
အနေအထားလေ၊ အဲဒီတော့ ၂ ဖက်လုံး ထိန်းသိမ်းဖို့ လိုတယ်။ ကျနော်တို့ ဒီကေဘီအေ
အနေနဲ့လည်း ၂၆ ရက်နေ့က သိမ်းသွားတဲ့ သူတို့ လက်နက်တွေ
ပြန်လွှဲပေးမှာပဲဖြစ်တယ်။ သိမ်းထားတဲ့ လက်နက်ကို စစ်ရေးနည်းနဲ့
အရလိုက်ယူမယ်ဆိုရင်တော့ အခြေအနေတွေ ပိုရှုပ်ထွေးလာနိုင်ပါတယ်” လို့
ဗိုလ်ကြီးစိုးမြင့်က ပြောပြပါတယ်။
စက်တင်ဘာ ၂၈ ရက် မနေ့က
ကျိုက်မရောမြို့နယ် ငါးပြေမရွာမှာဖြစ်တဲ့ တိုက်ပွဲမှာ ဒီကေဘီအေ ဘက်က
ကျဆုံးသူမရှိ၊ ရဲဘော် ၂ ဦးသာ ဒဏ်ရာရခဲ့တယ်ပြီး စိုးရိမ်စရာမရှိဘူးလို့
ဗိုလ်မှူး စောလုံ့လုံက ပြောပြချက်အရ သိရှိရပြီး ...
“မွန်ပြည်နယ်
ကျိုက်မရောဘက်မှာ နှစ်ဘက်တပ်တွေ ထိပ်တိုက်တွေ့တဲ့ အခြေအနေတွေကို ကစထ
မှူးနဲ့ ညှိနှိုင်ခဲ့တယ်။ အခြေအနေတွေ ထပ်ပြီး ရှုပ်ထွေးမှုမဖြစ်အောင်
နှစ်ဘက်တပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ထားဖို့တော့ လိုတယ်။ အခြေအနေက
လှုပ်လိုက်တာနဲ့ ထိတွေ့မှုတွေ ဖြစ်မှာ အသေအချာပဲ” လို့ ဒီကေဘီအေ အဖွဲ့မှ
ဗိုလ်မှူး စောလုံ့လုံက တဆက်တည်းပြောပြပါတယ်။
စက်တင်ဘာ ၂၀ ရက်နဲ့ ၂၁
ရက်နေ့တွေတုန်းက မုဒုံမှာရှိတဲ့ ဒီကေဘီအေ ရုံးတွေနဲ့ အိမ်တွေကို
အာဏာပိုင်တွေရဲ့ စစ်ဆေးရေအဖွဲ့တွေက ဝင်ရောက်စစ်ဆေးခဲ့ပြီး
လက်နက်တွေသိမ်းဆည်းသွားခဲ့တယ်။ အာဏာပိုင်တွေ သိမ်းသွားတဲ့လက်နက်တွေထဲမှာ
ရန်ကုန်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုသွားတက်တဲ့ ဒီကေဘီအေ
ခေါင်းဆောင်တချို့ရဲ့ လက်နက်တွေလည်းပါတယ်လို့ စုံစမ်းသိရှိရတယ်။
စက်တင်ဘာ ၂၆ ရက် မနက် ၁ဝ နာရီလောက် ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်
အုပ်စု ကရင်တောရွာမှာ ခလရ ၂ဝ၈ တပ်ရင်းမှ မော်တော်ယာဉ်ကို ဒီကေဘီအေအဖွဲ့က
ခြောက်လှန့်ပစ်ခတ် တားဆီးခဲ့ပြီး ပါလာတဲ့ စစ်သားတွေ ရဲတွေကို
ဖမ်းဆီးလိုက်တဲ့အတွက် နှစ်ဖက်တပ်အကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ဒီကေဘီအေ
အဖွဲ့က မြန်မာအစိုးရစစ်တပ်ဆီက လက်နက် ၁၀ လက်ကျော် သိမ်းဆည်လိုက်ပြီး
ရဲဘော် ၃၀ လောက်ကိုလည်း ဖမ်းဆီးခဲ့တယ်။ ညနေ ၄ နာရီခွဲလောက်မှာ ဖမ်းထားတဲ့
ရဲဘော်တွေကို ပြန်လွှတ်ပေးလိုက်ပြီး သိမ်းလိုက်တဲ့ သေနတ်တွေကိုတော့
ပြန်မပေးသေးဘူးလို့ သိရတယ်။
အဲဒီနေ့ကစလို့ နှစ်ဘက်တပ်တွေကြား လေးရက်ဆက်တိုက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
0 comments:
Post a Comment