
မိသားစုနှင့်ခွဲ၍ ရန်ကုန်တွင် အိမ်အကူလုပ်နေသည့် သမီးငယ်ကို လ ၂၀ အကြာ
တွင် ပြန်မြင်လိုက်ရချိန်တွင်တော့ တုန်လှုပ်စွာ အော်ဟစ်ငိုကြွေးမိသူမှာ မိခင်ဖြစ်သူ
ဒေါ်သိန်းသိန်းဝင်းပင်။
နဂိုက သေသပ်လှပခဲ့သော သမီးငယ်၏ ချစ်စဖွယ်နှုတ်ခမ်းတို့သည် မွေးရာပါနှုတ်ခမ်းကွဲ
သူကဲ့သို့ အသားစိုင်တွေ အပြည့်မရှိတော့။ ယခင်က တီတီတာတာပြောခဲ့သော စကားသံ
နေရာတွင် ဗလုံးဗထွေးစကားများသာ ထွက်လာတော့သည်။ ပါးနှစ်ဖက်တွင်လည်း တစ်လက်မခန့် ဒဏ်ရာတစ်ခုစီက အထင်းသား။ ဘယ်လက် လက်ကောက်ဝတ်က
ကျိုးနေပြီး ညာဘက်လက်မှာ ရောင်ကိုင်းနေသည်။ လက်ချောင်းလေးတွေမှာမူ အရင်လို
ဖြောင့်စင်းမနေတော့ဘဲ အရေခွံများလန်နေကာ ကွေးကောက်နေသည်။ ကျောကုန်း၊ တင်ပါး၊ ခြေသလုံးနှင့် ခေါင်းတို့တွင် ထုရိုက်ခံထားရသော ဒဏ်ရာများနှင့် သမီးဖြစ်သူ
ကို ပြန်တွေ့ရချိန်တွင် မိခင်အရင်းသာမက မြင်နေရသူတိုင်း စုတ်တသပ်သပ် ဖြစ်ကြ
ရသည်။
‘‘ကလေးဒဏ်ရာကိုကြည့်ပြီး ဆေးရုံတင်ဖို့သွားတဲ့လမ်းမှာစိတ်တွေညစ်လွန်းလို့
မိသားစုလိုက် ကားရှေ့ဝင်တိုးပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေလိုက်ဖို့အထိ တွေးမိခဲ့
တယ်’’ဟု ဒေါ်သိန်းသိန်းဝင်းက ဝမ်းနည်းစွာပြောသည်။
မျက်နှာပျက်စီးသည်အထိ ဆိုးရွားကာ ကိုယ်ခန္ဓာအနှံ့ဒဏ်ရာရခဲ့သူ အသက်(၁၄)နှစ်
အရွယ် သန်းသန်းစိုးသည် (၁၂)နှစ်အရွယ်ကပင် မိဘများ၏စေလွှတ်မှုကြောင့် ဇာတိ
ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ကျေးရွာတစ်ရွာမှတက်လာ၍ ရန်ကုန်မြို့ မင်္ဂလာဒုံ
မြို့နယ်ရှိ ဆရာဝန်ဇနီးမောင်နှံအိမ်တွင် အိမ်အကူလုပ်ခဲ့သူဖြစ်သည်။
စတင်အလုပ်လုပ်
သည့်နေ့မှ ၂၀၁၄ ခုနှစ် ဩဂုတ်လအထိ တစ်နှစ်နှင့်ရှစ်လတာကာလအတွင်း မိဘများ
နှင့် တွေ့ခွင့်မရရုံသာမက အိမ်ရှင်က ဖုန်းပင်ပေး၍မပြောခဲ့ပေ။ လုပ်ခကို အိမ်အကူ
ပွဲစားမှတစ်ဆင့် ပေးချေခဲ့သည်။ ထိုအချိန်မှစ၍ သန်းသန်းစိုး အိမ်အကူအလုပ်သမား
ဘဝ နေ့ရက်ပေါင်း ၆၀၀ နီးပါးမှာ အရွယ်နှင့်မမျှသည့်ဒုက္ခများ ခါးစည်းခံခဲ့ရသည်။
‘‘သမီးကို ခိုင်းတာမေ့ရင်လည်းရိုက်တယ်။ အလုပ်မပြီးလည်းရိုက်တယ်။ အဝတ်
လျှော်တာမပြောင်လို့ရိုက်တယ်။ အိုးတိုက်လို့မပြောင်တာရိုက်တယ်။ ဟင်းခိုးစားလို့
ရိုက်တယ်’’ဟု ရိုက်နှက်ခံရမှုကြောင့် ရထားသော တင်ပါးဒဏ်ရာ အနာသက်သာေ
စေရန် နေရာပြင်ထိုင်ရင်းပြောသည်။ အဆိုပါဒဏ်ရာသည် ပြင်းထန်သောကြောင့်
ဆေးရုံတွင် အသားအစားထိုး ကုသထားရကြောင်း မိခင်ဖြစ်သူ ဒေါ်သိန်းသိန်းဝင်း
က ပြောသည်။ သန်းသန်းစိုး၏ ပြန်ပြောမှုအရ အိမ်ရှင်များက ၎င်း၏လက်နှစ်ဖက်ကို
ရေနွေးပူထဲစိမ်ပြီးကာမှ ကလေးအဝတ်အစားများ လျှော်စေသည်အထိ ဆိုးရွားစွာပြု
လုပ်ကြောင်း ဒေါ်သိန်းသိန်းဝင်းက ဆိုပါသည်။
(၁၂)နှစ်အရွယ်မှစ၍ အိမ်အကူလုပ်ခဲ့ပြီး (၁၄)နှစ်အရွယ်ရောက်မှသာ မိဘများနှင့် ပြန်
ဆုံခွင့်ရခဲ့သည့် သန်းသန်းစိုးသည် အိမ်အကူမလုပ်လျှင်မရသည့် နောက်ခံမိသားစု
ပြဿနာမျိုးစုံ ရှိနေသည်။ ကျောက်ကပ်ရောဂါသည် ဖခင်နှင့် ကျပန်းအလုပ်သမားမိခင်တို့
ရှိသည့် မိသားစုတွင် သန်းသန်းစိုးသည် မိသားစုစားဝတ်နေရေးပြဿနာအတွက် အဓိက
ဖြေရှင်းပေးနေသူဖြစ်သည်။ အိမ်အကူပွဲစား၏ မဲဆွယ်ကောင်းခြင်းနှင့် ဆင်ခြင်တုံ
တရားကင်းမဲ့ပြီး အယုံလွယ်သည့် တောသူတောင်သား မိဘနှစ်ပါးကြောင့် ပြန်ပြင်
မရသည့် မျက်နှာအသွင်အပြင်ဖြင့် သန်းသန်းစိုး၏ အိမ်အကူဘဝ အဆုံးသတ်လိုက်
ရပြီဖြစ်သည်။
၎င်းအားရိုက်နှက်ခဲ့သည့် မိသားစုကို ရဲတပ်ဖွဲ့က စစ်ဆေးနေပြီး သန်းသန်းစိုးကိုယ်တိုင်လည်း ဆေးကုသမှုခံယူနေရဆဲ ဖြစ်သည်။
အဆိုပါအမှုကို အာမခံပေး၍မရသော ချွန်ထက်သော လက်နက်ဖြင့် အပြင်းအထန်
နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားသော်လည်း အမှုကို အသေးစိတ်စစ်ဆေးရန် ရှိနေသောကြောင့် ဆရာဝန်မိသားစုကို ဖမ်းဆီးထားခြင်းမရှိသေးကြောင်း ထောက်ကြန့်
မြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိကပြောသည်။
‘‘ဖွင့်ရတဲ့အကြောင်းရင်းကတော့ ကလေးရဲ့ရုပ်ဆင်းအင်္ဂါပျက်စေတဲ့အတွက် ပြင်းထန်
နာကျင်ဒဏ်ရာဆိုပြီး ဖွင့်ထားတာ။ ကျွန်တော်တို့ဆီရောက်တဲ့အချိန်မှာ ဒဏ်ရာက အဟောင်းဖြစ်နေတယ်။ အလျော်အစားဆိုပြီး ပိုက်ဆံယူထားပြီးမှ မပြေလည်တဲ့ကိစ္စ
လည်း ဖြစ်နေတယ်။ အမေကိုယ်တိုင်ကလည်း ခွင့်ပြုပြီးတော့ တစ်နှစ်ရှစ်လ ဒီအိမ်မှာ ကြာမြင့်စွာလုပ်ပြီးဖြစ်တယ်။
လုပ်ခလစာတွေလည်း ပြည့်ဝစွာရတယ်။ နောက်ပြီး ဆရာဝန်ရဲ့ဆေးစာက ဘယ်လိုပြန်လာမယ် မသိသေးတော့ စောင့်နေတုန်းပါ။
ပြီးရင်တော့ အဖြေမှန်ကိုရအောင် စစ်ဆေးဖော်ထုတ်မှာပါ’’ဟု အဆိုပါရဲအရာရှိ
ကပြောသည်။ သန်းသန်းစိုးနှင့်ပတ်သက်၍ စွပ်စွဲခံရသည့် အိမ်ရှင်မိသားစုကိုမူ အကျိုးအကြောင်းမေးရန်အတွက် ဆက်သွယ်သော်လည်း ဆက်သွယ်၍မရခဲ့ပေ။
နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း (ILO)၏ သုတေသနပြုလုပ်ချက်အရ ကမ္ဘာ
တစ်လွှားနိုင်ငံများတွင် ကလေးအလုပ်သမားများကို နိုင့်ထက်စီးနင်းပြုကျင့်မှု အဆိုးရွား
ဆုံးနိုင်ငံစာရင်း၌ ထိပ်ဆုံး၌ ရပ်တည်နေဆဲဖြစ်သော မြန်မာနိုင်ငံတွင် သန်းသန်းစိုး
ကဲ့သို့ နှိပ်စက်ခံရသော အိမ်အကူကလေးလုပ်သားများစွာ ရှိနေပါသည်။
စက်တင်ဘာ ၂ ရက်ကပင် ကမာရွတ်မြို့နယ် လှည်းတန်းရှိ အိမ်တစ်အိမ်တွင် အိမ်
အကူလုပ်နေသည့် အသက်(၁၂)နှစ်အရွယ် မိန်းကလေးတစ်ယောက် အိမ်ရှင်၏
ရိုက်နှက်မှုကို ကြောက်သောကြောင့် ထွက်ပြေးသွားခဲ့ရာ သူ့ကို ရိုက်နှက်သည့် အိမ်ရှင်
လက်မှ လွတ်မြောက်သွားခဲ့သော်လည်း စာနာစိတ်မရှိသည့် ယောက်ျားသား
တစ်ယောက်၏ အဓမ္မပြုကျင့်ခြင်းကို ခံလိုက်ရသည်။
ထိုနေ့က အိမ်မှထွက်ပြေးလာပြီးနောက် လှည်းတန်းကားမှတ်တိုင်တွင်ရပ်၍ ငိုနေ
သည့် အဆိုပါမိန်းကလေးအနားသို့ အမျိုးသားတစ်ဦးရောက်လာပြီး မွေးစားမည်ဟု
ပြောဆိုကာ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ အိမ်တစ်အိမ်သို့ခေါ်၍ အဓမ္မပြုကျင့်ခဲ့ခြင်း
ဖြစ်သည်။ ရပ်ကွက်ကသိ၍ ရဲခေါ်ဖမ်းခဲ့ခြင်းဖြစ်ပြီး အိမ်အကူမိန်းကလေးမှာတော့ ပို၍ဆိုးသောဘဝသို့သာ ရောက်ခဲ့ရသည်။
အိမ်ရှင်က အိမ်အကူမိန်းကလေးများကို စာနာစိတ်ကင်းစွာ ရိုက်နှက်ညှဉ်းဆဲသော နာမည်ကျော်အမှုအခင်းပေါင်းများစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ပေါပေါ
များများရှိပါသည်။
အိမ်ရှင်သရုပ်ဆောင်က သတ်၍သေသည့် အိမ်အကူလိုအမှုမျိုးအပြင် အဆိုတော်အမျိုးသမီးက နှိပ်စက်သောကြောင့် သေရာပါဒဏ်ရာရခဲ့သည့် အိမ်အကူ
ကလေးငယ်များလည်း ရှိပါသည်။ ထို့အပြင် နာမည်ကြီး အမျိုးသားအဆိုတော်
တစ်ယောက်က ဆေးကြောင်ကာအိမ်အကူကလေးငယ်ကို နှိပ်စက်သော ဖြစ်စဉ်များ
လည်း မြန်မာ့လူ့အဖွဲ့အစည်းတွင် မကြာခဏဖြစ်ပွားနေသည်။
သို့သော် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်အခြေစိုက် World Justice Project
WJP ခေါ် ကမ္ဘာ့တရားမျှတရေးအစီအစဉ်အဖွဲ့၏ ထုတ်ပြန်ချက်အရ တရားဥပဒေ
စိုးမိုးမှုအားနည်းသည့် နိုင်ငံပေါင်း ၉၉ နိုင်ငံတွင် အဆင့် ၈၉ နေရာယူထားသည့်
မြန်မာနိုင်ငံတွင် လူချမ်းသာမိသားစုများနှင့်ပတ်သက်သည့် အမှုအခင်းများ လူမသိ
သူမသိ ပျောက်ဆုံးသွားလေ့ရှိနေသည်။ အမှုအခင်းစတင်ဖြစ်ပွားချိန်တွင်သာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ပွားလေ့ရှိပြီးအချိန်ကာလကြာသည်နှင့်အမျှ မေ့မေ့ပျောက်
ပျောက်ဖြစ်သွားကာ တရားရေးပိုင်းမှ အရေးယူမှုအပိုင်းမှာလည်း အကြောင်းပြချက်
မျိုးစုံဖြင့် လျော့ရဲသွားလေ့ရှိသည်။
ဆန့်ကျင်ဘက် လူ့အလွှာနှစ်ခု၏ ထိပ်တိုက်
တွေ့ဆုံမှုတွင် အမှုမှလွတ်ချင်သူ လူချမ်းသာမိသားစုက ဆင်းရဲချို့တဲ့သူ ကာယကံရှင်
မိသားစုကို ငွေကြေးပမာဏများစွာ အရိပ်အယောင်ပြလိုက်ရုံမျှဖြင့် ကျေအေးပေး
လိုက်သည့် အမှုအခင်းများမှာ တစ်ပုံတစ်ပင်ရှိနေသည်။
သန်းသန်းစိုး၏အမှု ရဲစခန်းသို့မရောက်မီမှာပင် အိမ်အကူပွဲစားက ၎င်း၏မိဘများ
အား ကျပ် ၁၂ သိန်းပေး၍ ကျေအေးလက်မှတ်ထိုးစေခဲ့ပြီး အိမ်ပေါ်မှပြုတ်ကျ၍
ရသော ဒဏ်ရာဟုလိမ်ညာ၍ ဆေးရုံတက်ကုသခိုင်းခဲ့သည်ဟု ဆိုသည်။
ဆရာဝန်
များက သာမန်ဒဏ်ရာမဟုတ်ကြောင်း သုံးသပ်ခြင်းနှင့် ဆေးရုံခုတင်ချင်းကပ်
နေသူများ၏ တိုက်တွန်းမှုကြောင့်သာ ရဲစခန်းတွင် အမှုဖွင့်နိုင်ခဲ့ခြင်းဖြစ်သည်။
‘‘ကလေးဒဏ်ရာတွေအကြောင်း ရဲတိုင်ရင် အသက်မပြည့်တဲ့ကလေးကို အလုပ်
လုပ်ခိုင်းမှုနဲ့ ကျွန်မတို့ကိုပါ ရဲက ဖမ်းမှာစိုးလို့ မတိုင်ဘဲ ကျိတ်ကုခဲ့တာပါ’’ဟု
ဒေါ်သိန်းသိန်းဝင်းက သမီးဖြစ်သူကို ကြင်နာစွာကြည့်ရင်း ပြောသည်။
ပဲ့သွားသော နှုတ်ခမ်းသား၊ အနာရွတ်တင်ကျန်ခဲ့သည့် ပါးနှစ်ဖက်မှဒဏ်ရာ၊ ကျောက်
ပတ်တီးစည်းထားသည့် လက်နှစ်ဖက်၊ ကွေးကောက်နေသည့် လက်ချောင်းများဖြင့် သန်းသန်းစိုးတစ်ယောက် မင်္ဂလာဒုံမြို့နယ် NLD ပါတီမှ စီစဉ်ပေးထားသည့် အခန်း
တစ်ခုထဲတွင် လဲလျောင်းနေသည်။
စိတ်ပညာရှင် ဒေါက်တာအောင်မြတ်ကျော်စိန်က အိမ်အကူကို ဆရာဝန်လင်မယားက ရိုက်နှက်ခဲ့သည့်အပေါ် ယခုကဲ့သို့ သုံးသပ်ပြသည်။‘ပညာတတ်အသိုင်းအ၀ိုင်းဆိုပေမဲ့ သူတို့မှာလည်း စီးပွားရေး၊ အိမ်ထောင်ရေး အဆင်မပြေမှုတွေ ရှိနိုင်တယ်။ ယောက်ျား
သော်လည်းကောင်း၊ မိန်းမသော်လည်းကောင်းပေါ့။ သူတို့ရဲ့အလုပ်တွေမှာ ဖိစီးမှုေ
တွေက အိမ်အကူကလေးပေါ်မှာ ဖွင့်ချလိုက်သလို ဖြစ်တာပေါ့။
အဲဒီထက်ဆိုးတာ
ကတော့ သူတို့ကိုယ်တိုင်ကိုယ်က အတွင်းစိတ်သန္တာန်မှာ လူတစ်ယောက်အပေါ်
နှိပ်စက်ညှဉ်းပန်းလိုစိတ် ရှိနေနိုင်တာပေါ့။ တစ်ဦးချင်းမှာလေ။ အဲဒီလိုမျိုးဆိုရင်တော့ စိတ်ရောဂါဆန်သွားပြီ’’ဟု ဆိုသည်။
ထို့အပြင် နှိပ်စက်ခံရသည့် ကလေးငယ်သည် လူ့အဖွဲ့အစည်းအတွင်း အဆင်မပြေမှု
များ ခံစားရနိုင်သောကြောင့် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှုမျိုး ပုံမှန်ပြန်
ဖြစ်နိုင်ရန်ကျွမ်းကျင်သူများနှင့်ပြသ၍ ဖေးဖေးမမ နေသင့်ကြောင်း ဒေါက်တာေ
အောင်မြတ်ကျော်စိန်က အကြံပြုသည်။
ရုပ်ပိုင်းရော စိတ်ပိုင်းပါ ဖွံ့ဖြိုးခါစကလေးငယ်များကို သက်ဆိုင်ရာပတ်ဝန်းကျင်အသိုင်း
အဝိုင်းက နွေးနွေးထွေးထွေးမဆက်ဆံဘဲ ညှဉ်းပန်းနှိပ်စက်မှုများလုပ်မိပါက ကလေး
များ၏ နောင်ရေးအတွက် စိတ်ပိုင်းဆိုင်ရာပြဿနာများ ရင်ဆိုင်ရနိုင်သလို လူ့အဖွဲ့အစည်း
အတွက်လည်း အန္တရာယ်များကြောင်း စိတ်ပညာရှင် ဒေါက်တာခင်ဝင်းက ပြောသည်။
လက်ရှိ ပြဋ္ဌာန်းပေးထားသော အလုပ်သမားအဖွဲ့အစည်းများဥပဒေတွင် အိမ်အကူ
လုပ်သားများအတွက်ပါ အကျုံးဝင်သော်လည်း လက်တွေ့နယ်ပယ်တွင် အသက်ဝင်မှု
နည်းပါးခြင်းကြောင့် အိမ်အကူအလုပ်သမားများ အကာအကွယ်မဲ့နေရခြင်းများ ရှိနေ
သေးကြောင်း ဥပဒေရေးရာကျွမ်းကျင်သူအချို့က သုံးသပ်သည်။
ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)က ‘‘အိမ်အကူဆိုတာ စက်ရုံအလုပ်သမားမျိုး မဟုတ်
ပါဘူး။ ကိုယ့်အိမ်မှာပဲနေပြီး အိမ်ရဲ့ဝေယျာဝစ္စအကုန်လုပ်ပေးရတဲ့အတွက် အိမ်သား
လို၊ မိသားစုလိုပဲ သဘောထားသင့်ပါတယ်’’ဟု ဆိုသည်။
ထို့အပြင် မိဘများ၏ စီးပွားရေးအဆင်မပြေမှုကို နားလည်တတ်ပြီး ကိုယ်တိုင်အလုပ်
လုပ်လိုသည့် ကလေးများ၏ ဘဝလုံခြုံရေးကို ကာယကံရှင်မိဘများကိုယ်တိုင် မမေ့
လျော့ရန်လိုကြောင်း သတိပေးသည်။
‘‘ကလေးတွေအနေနဲ့က အိမ်ရဲ့စီးပွားရေးအခြေအနေကို သိတဲ့အတွက်ကြောင့်
မိဘတွေကို သနားတယ်။ အိမ်အတွက် တစ်ဖက်တစ်လမ်းကနေ ပိုက်ဆံရှာချင်တယ်။ မိဘတွေအနေနဲ့ အိမ်ရဲ့စားဝတ်နေရေးအတွက် ကလေးကို ဖိအားတစ်ခု ဖြစ်သွားတာ
မျိုး မဖြစ်အောင် သတိထားသင့်တယ်’’ဟု ဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။
‘‘တချို့အိမ်အကူတွေ မဟုတ်တာလုပ်တာတွေ အများကြီးပါ။ ဒါမျိုးတွေဆို အိမ်ရှင်တွေ
က သတိရှိရှိနဲ့ ကိုင်တွယ်ရတယ်။ အိမ်ဖော်အများစုက အသက်ငယ်သူတွေ။ ဘာမှလဲ
နားမလည်။ မိဘရဲ့ ဆိုဆုံးမမှုလဲမရကြဘူး။ သူတို့ဘ၀တွေကလဲ အရမ်းဆင်းရဲတော့ စာရိတ္တပိုင်းတွေ ပျက်စီးလာတယ်။ ဒါကြောင့် မြို့ပေါ်မှာ အလုပ်တက်လုပ်တော့
အိမ်ရှင်တွေရဲ့ စရိုက်နဲ့ ဘယ်လိုမှအံမ၀င်ဘူး။ သူတို့ဘ၀နဲ့ ကိုယ်တွေ ကြီးပြင်းလာ
ရတာ မတူပါဘူး။ ဒါကြောင့် အိမ်ရှင်များလည်း ပါးစပ်နဲ့သာ သွန်သင်ဆုံးမပါ။ မရရင် သူတို့မိဘတွေဆီ ပြန်အပ်လိုက်တာ အကောင်းဆုံးပါ’’ဟု အိမ်အကူမိန်းကလေး
တစ်ဦးခေါ်ထားသည့် ကမာရွတ်မြို့နယ်မှ ဒေါ်သန္တာက ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် ပြဋ္ဌာန်းပေးထားသော အလုပ်သမားဥပဒေမှာလည်း အိမ်အကူ
ကဲ့သို့ ကလေးလုပ်သားများအရေးကို လက်တွေ့တွင် လုပ်ဆောင်နေသူတို့၏
အကြံပြုချက်များ မပါဝင်သည့်အတွက် အားနည်းချက်များရှိကြောင်း အလုပ်သမားများ
အရေး ဆောင်ရွက်နေသည့် ရှေ့နေဦးနိုင်မင်းက ပြောသည်။
အစိုးရသစ်လက်ထက် မြန်မာနိုင်ငံသည် ကလေးလုပ်သားများကို နိုင့်ထက်စီးနင်းပြုမှု အဆိုးရွားဆုံးနိုင်ငံများဖြစ်သော မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ ကွန်ဂို၊
ဇင်ဘာဘွေ၊ အာဖဂန်နစ္စတန်၊ ဘရွန်ဒီ၊ ပါကစ္စတန်နှင့် အီသီယိုးပီးယားနိုင်ငံတို့၏
အထက်တွင် ရပ်တည်နေဆဲဖြစ်ပါသည်။
ယူနီဆက်ကလည်း ယခုအချိန်သည်
မြန်မာနိုင်ငံရှိ ကလေးလုပ်သားများအတွက် စွန့်စားရမှုနှင့် အန္တရာယ်ရှိမှုတို့မှ
ကာကွယ်ပေးရန် အဓိကကျသော ကာလဖြစ်နေကြောင်း ယခုနှစ်အစောပိုင်းက သတိပေးထားပါသည်။
သန်းသန်းစိုး၏မိခင် ဒေါ်သိန်းသိန်းဝင်းကတော့ သမီးဖြစ်သူကို ရိုက်နှက်သူများအား ရဲစခန်းတွင်တိုင်ထားသည့်အမှု ပြီးပြတ်ပါက ရွာသို့အပြီးပြန်ခေါ်သွားမည်ဟု ပြော
ပါသည်။ သန်းသန်းစိုးကလည်း ၎င်းအားရိုက်နှက်သည့် အိမ်ရှင်များနှင့် မတွေ့လို
တော့ဘဲ ရွာမှထွက်လာပြီးမှ မိခင်ကမွေးလိုက်သည့် လသားအရွယ် မောင်လေး
ဖြစ်သူနှင့် အတူနေလိုကြောင်း ဖွင့်ဟသည်။
ရက်ပေါင်း ၆၀၀ ခန့် သန်းသန်းစိုး ဒုက္ခဆင်းရဲခံခဲ့ရသောအိမ်မှာ လူဦးရေထူထပ်
သည့် မင်္ဂလာဒုံမြို့နယ် ပုလဲ(၃)ရပ်ကွက်တွင် ရှိနေပါသည်။ ထို့အပြင် အိမ်အကူ
မလုပ်လိုသောကြောင့် ထွက်ပြေးလာစဉ် အဓမ္မပြုကျင့်ခံလိုက်ရသည့် အသက်(၁၂)
နှစ်အရွယ် မိန်းကလေးနေခဲ့သော အိမ်မှာလည်း နေ့စဉ်လူပေါင်းသောင်းချီ သွား
လာနေသည့် လှည်းတန်းတွင်ရှိပါသည်။
လူပေါင်းများစွာနှင့် နီးနီးကပ်ကပ်ရှိနေ
သော အိမ်နံရံများ၏ အခြားတစ်ဖက်၌ ပိတ်လှောင်နှိပ်စက်ခံနေရပြီး မျှော်လင့်ချက်
မဲ့နေသော ကလေးငယ် မည်မျှအထိ ရှိနေမည်မသိနိုင်ပါ။
သတင်းဆောင်းပါး- အောင်သစ်လွင် ( 7 Day )
0 comments:
Post a Comment