Sunday, August 17, 2014

အပစ်ရပ်ခိုင်မာဖို့ စောင့်ကြည့်ရေး ကော်မတီများ ဖွဲ့ရမည်ဟု NCCT ခေါင်းဆောင်ပြော


Saturday, 16 August 2014

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူညီမှု လက်မှတ်ရေးထိုးပြီးနောက် နှစ်ဖက် တပ်များ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပေါ်စေရန် စောင့်ကြည့်ရမည့် ကော်မတီများ ဖွဲ့စည်းသွားမည်ဟု အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ ( NCCT)မှ ပထမ ခေါင်းဆောင် နိုင်ဟံသာက မဇ္ဈိမကိုပြောသည်။

“ တပ်ဖွဲ့တွေရဲ့ နယ်မြေထိစပ်နေတဲ့ နေရာတွေမှာ ပစ်ခတ်မှု မဖြစ်အောင် စောင့်ထိန်းရမယ့် စည်းကမ်းတွေ ချမှတ်ဖို့ လိုတယ်၊ ဒီ့အပြင် စည်းကမ်းတွေ လိုက်နာဖို့ စောင့်ကြည့်ရမယ့် ကော်မတီ ဖွဲ့ရမယ်၊ဒါမှ အပစ်ရပ် ခိုင်မာမယ်" ဟု မဇ္ဈိမကိုပြောသည်။ တိုက်ပွဲများကြောင့် အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ယုံကြည်မှု ကျဆင်းစေနိုင်သည်ဟု နိုင်ဟံသာက မှတ်ချက်ပြုသည်။

အပစ်ရပ်သဘောတူညီမှု လက်မှတ်ရေးထိုးပြီးနောက် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပြည်နယ် အလိုက် စောင့်သည့် တပ်များ ထားရှိရန် လို/မလို ၊ ပြည်ထောင်စုတပ်မတော်တွင် လူမျိုးပေါင်းစုံ ပေါင်စည်းသည့် စစ်ရေးခေါင်းဆောင်ပါဝင်ရန် လို /မလို စသည်ဖြင့် ဆွေးနွေးပွဲတွင် အကောင်အထည် ဖော်သွားမည်ဟု ဆိုသည်။

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ အထူးအကြံပေး ဦးလှမောင်ရွှေက “ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဆုံးဖြတ်ချက်တွေကို အကောင်အထည် ဖော်သွားဖို့ လိုတယ်၊ အဲ့မတိုင်ခင် ၁၀၀ ရာနှုန်း စံနှုန်းပြည့်တော့ ဖြစ်မှာမဟုတ်ဘူး၊ နှစ်ဖက် ညှိပြီးယုံကြည်မှုနဲ့ သွားရမယ်” ဟု ပြောသည်။

တိုင်းရင်းသားဒေသအချို့တွင် ပဏာမ အပစ်ရပ်သဘောတူညီမှုများ ရှိသော်လည်း တိုက်ပွဲများ ထိတွေ့မှု ဖြစ်နေသည်မှာ တပ်နေရာ ချထားမှုများ မရှိခြင်းကြောင့် ဟု ဦးလှမောင်ရွှေက ပြောသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် သဘောတူညီ လက်မှတ်ရေးထိုးပြီးနောက်တွင် တိုက်ပွဲများ ထပ်မံမဖြစ်ရန် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

   *****************************************
အပစ်ရပ်မူကြမ်း ၁၀ ချက်သာ ဆွေးနွေးရန် လိုတော့သည်

 

 အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ဆွေးနွေးနေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးမူကြမ်းတွင် ဆက်လက်ညှိနှိုင်းရန် အချက် ၁၀ ချက်သာ ကျန်ရှိတော့သည်ဟု သြဂုတ်လ ၁၆ ရက်၊ ဆွေးနွေးပွဲ အပြီးတွင် နှစ်ဖက်ခေါင်းဆောင်များက မီဒီယာများကို ထုတ်ဖော်ပြောဆိုလိုက်သည်။

NCCT မှ ဒုတိယခေါင်းဆောင် စောကွယ်ထူးဝင်းက “အချက်အကုန်လုံး သဘောတူညီမှု ရရှိနေပြီလို့လည်း ပြောနိုင်တယ်၊ အပစ်ရပ်မူကြမ်းမှာ ထည့်ဖို့ မလိုအပ်တဲ့ အချို့အချက်တွေကိုတော့ အဖွဲ့တစ်ဖွဲ့ထပ်ဖွဲ့ပြီး
အသေးစိတ် ဆွေးနွေးမယ်" ဟု ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ဆွေးနွေးပွဲတွင် အခန်း(၃) အပစ်ရပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခန်း (၄) အပစ်ရပ်ရေးကို ခိုင်မာစေရန် ဆောင်ရွက်ရမည့် နည်းလမ်းများ ဟူသည့် အခန်းနှစ်ခန်းပြီးစီးခဲ့ပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအား အချက်အလက်အလိုက် ဆွေးနွေးမှု ပြုခဲ့သည်ဟု စောကွယ်ထူးဝင်းက မဇ္ဈိမကိုပြောသည်။

အခန်း (၃) နှင့် အခန်း(၄) ဆွေးနွေးခဲ့သည်များနှင့် ပတ်သက်၍ စောကွယ်ထူးဝင်းက “ဒီနေ့ ဆွေးနွေးခဲ့တဲ့ထဲမှာ ပြန်ဆွေးနွေးရမှာ ဆိုရင်တော့ အချက် ၂ ချက်တော့ရှိတယ်" ဟု ပြောသည်။

ထိုအချက် ၂ ချက်ထဲမှ တစ်ချက်မှာ တပ်သားစုဆောင်းရေးဆိုင်ရာ ကိစ္စရပ်ဖြစ်ပြီး ကျန်အချက်အား နှစ်ဖက်ခေါင်းဆောင်များမှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသည့် အချက် (၁၀) မှာ သြဂုတ်လ ၁၇ ရက်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။ အခန်း(၅) နိုင်ငံရေးဆွေးနွေးရန် အပြန်အလှန်ကတိပြုခြင်း၊ အခန်း (၆) စေ့စပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ အခန်း(၇)
အထွေထွေ တို့မှ ဖြစ်သည်။ အပစ်ရပ်မူဘောင်တွင် အခန်း (၇) ခန်းပါရှိပြီး အချက်အားဖြင့် ၃၁ ချက်ရှိသည်။ ထိုအထဲမှ (၁၀) ချက်သာ ကျန်ရှိနေခြင်း ဖြစ်သည်။

ဆွေးနွေးရန် ကျန်ရှိနေသည့် အခန်းများနှင့်ပတ်သက်၍ အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ အထူးအကြံပေး ဦးလှမောင်ရွှေက “ ကျန်နေတဲ့ အခန်းတွေက အများကြီး မဟုတ်တော့ဘူး၊ ၁၀ ချက်ပဲ ကျန်တော့တယ်၊ ဒီတော့ သုံးရက်တာ ဆွေးနွေးပွဲက အပြီးသတ်လုနီးပါး ဖြစ်နေပါပြီ" ဟု ပြောသည်။

မူကြမ်းအချောသတ်ရရှိရန် ပဌ္စမအကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး သြဂုတ်လ ၁၅ ရက်တွင် အခန်း(၁) အခြေခံမူ၊ အခန်း(၂) ရည်ရွယ်ချက်နှင့် ဦးတည်ချက် တို့ကို ညှိနှိုင်းနိုင်ခဲ့ကာ တိုင်းရင်းသားတို့၏ အဓိက အရေးကြီးဆုံး တောင်းဆိုထားသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ် အကောင်အထည်ဖော်ရေးကိုလည်း အစိုးရဘက်မှ လက်ခံခဲ့သည်။

UPWC နှင့် NCCTတို့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူကြမ်း ဒုတိယမူကြမ်းနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC)တွင် သြဂုတ် ၁၅ရက်မှ စတင် တွေ့ဆုံ ညှိနှိုင်းနေခြင်းဖြစ်သည်။

မဇ္ဈိမ

0 comments: