Monday, August 11, 2014

ဖက်ဒရယ် ဖွဲ့စည်းပုံ မပေါ်သရွေ့ လက်နက်ကိုင် တပ်များ အသွင်ပြောင်ရေးကို မွန်ပြည်သစ် လက်မခံ

Monday, 11 August 2014
တိုင်းရင်းသား များ၏ အမျိုးသား နိုင်ငံရေး ပြသနာကို မဖြေရှင်း နိုင်သရွေ့နှင့် အာမခံမှု ရှိသည့် ဖက်ဒရယ် ဖွဲ့စည်းပုံ မရေးဆွဲ နိုင်သရွေ့ မိမိတို့ လက်နက်ကိုင် တပ်များ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်အသီးသီး၏ လက်နက်ကိုင် တပ်များ အသွင် ပြောင်းရေးကို လက်ခံမည် မဟုတ်ကြောင်း (၆၇) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့၌ မွန်ပြည်သစ် ပါတီက ထုတ်ဖော် ပြောကြား လိုက်သည်။

“သေချာ တာကတော့ အပစ်အခတ် ရပ်စဲရေး ရတာလောက်နဲ့ ကျနော်တို့ လက်နက်ကိုင် တပ်တွေ ပြောင်းလဲ ဖွဲ့စည်းပြီး တမျိုး တဖုံနဲ့ အစိုးရ ထိန်းချုပ်မှုအောက် ရောက်ရှိ သွားမှာကို ကျနော်တို့ လက်မခံ နိုင်ဘူး၊ အလားတူပဲ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေကလည်း လက်ခံ နိုင်မှာ မဟုတ်ဘူး ၊ ကျနော်တို့ ရည်မှန်း ထားတဲ့ တိုင်းရင်းသား နိုင်ငံရေး ပြသနာကို မဖြေရှင်း နိုင်သရွေ့နဲ့ ဖက်ဒရယ် စနစ်ကို အာမခံတဲ့ ဖွဲ့စည်းပုံ မပေါ်မချင်းတော့ လက်နက်ကိုင်စွဲ နေရဦးမှာပဲ” ဟု မွန်ပြည်သစ်ပါတီ ပြောရေး ဆိုခွင့်
ရှိသူ နိုင်ဟံသာ ဗိုန်ခိုင်က မွန်တော်လှန်ရေးနေ့ အခမ်းအနား အပြီး သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောကြား ခဲ့သည်။

၁၉၄၈ ခုနှစ် မြန်မာ့ သက္ကရာဇ် ၁၃၁၀ ခုနှစ် ဝါခေါင်လပြည့် နေ့တွင် မွန်တိုင်းရင်းသား ကာကွယ်ရေး အဖွဲ့ (MNDO) မှ ကရင်ပြည်နယ် ဇာသပြင် ရဲစခန်းအား ဝင်ရောက် စီးနင်း၍ မွန်တော်လှန်ရေး အစပြု ခဲ့သည်ကို အစွဲပြု၍ မွန်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ် ထားခဲ့ကာ နှစ်စဉ် အခမ်းအနားများ ကျင်းပ ခဲ့ကြသည်။

နှစ်ပေါင်း (၆၀) ကျော် (၇၀) နီးပါး မွန်အမျိုးသားတို့၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးနှင့် ကိုင်ပိုင်ပြဌာန်းခွင့် ရရှိရေး အတွက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့သည့် တစ်လျှောက်၌ မွန်ပြည်သစ် ပါတီ၏ အရာရှိ အရာခံ စစ်သည် (၁၂၀၀) ကျော် အသက် ပေးလှူ သွားခဲ့ရပြီ ဖြစ်ကြောင်းလည်း တော်လှန်ရေးနေ့ အခမ်းအနား၌ ဖတ်ကြား ခဲ့သည့် ကျဆုံး စစ်သည်များ စာရင်း အရ သိရှိ ရပါသည်။

သတင်းရင်းမြစ် - ရွှေဟင်္သာသတင်းဌာန

0 comments: