Monday, August 25, 2014

အရှေ့အလယ်ပိုင်းဒေသစစ်ပွဲများတွင် အာရှသားပေါင်းများစွာ သွားရောက်တိုက်ခိုက်နေ


အာရှဒေသမှ လူရာပေါင်းများစွာသည် အီရတ်နှင့် ဆီးရီးယား နိုင်ငံများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများတွင် သွားရောက် တိုက်ခိုက် နေကြကြောင်း သိရသည်။ အာရှဒေသမှ လူများစွာ အရှေ့အလယ်ပိုင်း စစ်ပွဲများတွင် သွားရောက် တိုက်ခိုက်နေခြင်းသည် အာရှဒေသ အတွက် ပြဿနာ တစ်ခုဖြစ်လာပြီဖြစ်ပြီး၊ ယင်းကိစ္စကို အချိန်မီတားဆီးရမည်ဖြစ်ကြောင်း အက်စ်ရာဇရတ်နမ် နိုင်ငံတကာလေ့လာရေး ကောလိပ်ရှိ နိုင်ငံရေး အကြမ်းဖက်မှု နှင့် အကြမ်းဖက်ဝါဒ လေ့လာရေး နိုင်ငံတော်ဌာန၏ အကြီးအကဲ ပါမောက္ခ ရိုဟန်ဂူနာရတ်နာက ပြောဆိုခဲ့သည်။ အရှေ့အလယ်ပိုင်း စစ်ပွဲများတွင် အာရှ သားများ ၀င်ရောက် တိုက်ခိုက်နေခြင်းတွင် အကြောင်းအရင်း စုံလင်လှကြောင်း၊ တချို့က ဘာသာရေးကြောင့် တချို့က လူမျိုးရေးကြောင်း နှင့် တချို့က အယူအဆတို့ကြောင့် တိုက်ပွဲဝင်ကြခြင်းဖြစ်ကြောင်း၊ မည်သို့ပင်ဆိုစေ ဘာသာရေး စစ်ပွဲဆင်နွှဲခြင်း သို့မဟုတ် ဂျီဟတ်စစ်ပွဲဆင်နွဲခြင်းသည် အရှေ့တောင် အာရှတွင် တဖြည်းဖြည်းဖြင့် ခြေကုပ်ယူနေပြီ ဖြစ်ကြောင်း လေ့လာသူများ သုံးသပ်သည်။

အီရတ်နှင့် မဟာဆီးရီးယား အစ္စလာမ် နိုင်ငံတော်အဖွဲ့ (ISIS) ဟု ယခင်က သိကြသည့် အစ္စလာမ် နိုင်ငံတော်အဖွဲ့ (IS)သည် ဆီးရီးယားနှင့်အီရတ်တို့ရှိ ၎င်းတို့ သိမ်းပိုက်ထားသည့် နယ်မြေတချို့ကိုစုစည်းပြီး အစ္စလာမ် နိုင်ငံတော်ထူထောင်ကြောင်း ကြေညာခဲ့ပြီး နောက် စစ်ပွဲများ ၏အရှိန် မြင့်တက်လာခဲ့ သည်။ ယင်းကြောင့် အာရှနိုင်ငံများ အထူးသဖြင့် နိုင်ငံတွင်း အစ္စလာမ် ဥပဒေများဖြင့် အုပ်ချုပ်သည့် ပြည်နယ်များ ထူထောင်လို သည့် အဖွဲ့များရှိနေသော အင်ဒိုနီးရှားနိုင်ငံ အတွက် စိုးရိမ်စရာများရှိ လာခဲ့သည်။ အင်ဒိုနီးရှားအစိုးရသည် ISIS ကို တားမြစ် ပိတ်ပင်ခြင်းဖြင့် နိုင်ငံတွင်း အကြမ်းဖက်အဖွဲ့ခြေကုပ်ယူမည့် အန္တရာယ်ကို ကြိုတင်ကာကွယ်ခဲ့သည်။ သို့သော် အင်ဒိုနီးရှားအစိုးရသည် နိုင်ငံသားများ နိုင်ငံရပ်ခြားသို့ သွားရောက်ပြီး တိုက်ခိုက်မှုများတွင်ပါဝင် နေခြင်းကို ပိတ်ပင်ခြင်း မရှိသောကြောင့် နိုင်ငံသာား(၂၀၀)ခန့်သည် ဆီးရီးယားသို့ သွားရောက် တိုက်ပွဲဝင် ခဲ့ပြီးဖြစ်သည်။ ယင်း ဖြစ်ရပ်သည် အင်ဒိုနီးရှား တစ်နိုင်ငံတည်းတွင်သာ ဖြစ်ပွားနေခြင်း မဟုတ်ဘဲ ဒေသတွင်းရှိ နိုင်ငံအများစုတွင် မြေအောက် အဖွဲ့အစည်းများသည် စစ်သွေးကြွ တပ်သားများကို စုဆောင်းမှုများရှိ နေခဲ့သည်။ အရှေ့ အလယ်ပိုင်း စစ်ပွဲများတွင် မလေးရှားနိုင်ငံသား(၁၀၀)ကျော်၊ စင်ကာပူနိုင်ငံသား အနည်းငယ်နှင့် သြစတြေးလျ နိုင်ငံသား အများအပြားတို့ ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

သြစတြေးလျအစိုးရသည် ယင်းဖြစ်ရပ်ကို တားဆီးနိုင်ရန် အတွက် နိုင်ငံ၏ အကြမ်းဖက်မှု ဥပဒေများကို တင်းကြပ်မှုများပြု လုပ်ခဲ့သည်။ မကြာသေးမီတွင် ပြဋ္ဌာန်းလိုင်သည့် ဥပဒေသစ်များအရ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများသည် ဒေသခံအကြမ်းဖက် အဖွဲ့ငယ်များကို ဖယ်ရှားပစ်ခြင်း၊ နိုင်ငံရပ်ခြားရှိ စစ်ပွဲများတွင် ၀င်ရောက်တိုက်ခိုက်နေသည့် နိုင်ငံသားများ၏ ပတ်စ်ပို့ကို ရုပ်သိမ်းခြင်းနှင့် နိုင်ငံသို့ ပြန်လာခွင့်ပိတ်ပင်ခြင်း တို့ကို ပြုလုပ်ခွင့်ရှိနေသည်။

အစွန်းရောက်များ မိခင်နိုင်ငံသို့ ပြန်လာခွင့် မရှိအောင် ပိတ်ပင်ခြင်းသည် အရေးပါလှကြောင်း၊ အာရှဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို လေ့လာလျှင် ပြည်ပ တွင် အကြမ်းဖက်ပညာများလေ့လာသင်ယူ ပြီး ပြည်တော်ပြန်လာသည့် ဒေသခံများက ကျူးလွန်ခဲ့သည်ကို တွေ့မြင်နိုင်ကြောင်း ပါမောက္ခ ဂူနာရတ်နာက ပြောဆိုခဲ့သည်။

အင်တာနက်သတင်းစာမျက်နှာမှ

0 comments: