
မဟာရန်ကုန် မြို့ ပြသယ်ယူပို့ဆောင်ရေးစီမံကိန်း (YUTRA)အတွက် ဂျပန် JICA က စီမံကိန်းအကြိုလေ့လာသုံးသပ်ချက်လုပ်ပြီး အချက်ကြီးကိုးခုကိုပြင်ဆင်ဖို့
လိုအပ်တယ်လို့ အကြံပြုထားပါတယ်..။ မီးပွိုင့်တွေ စနစ်တကျမရှိတာ၊ လမ်းပေါ်
ဈေးရောင်းတာ၊ ကားတွေ စည်းကမ်းမလိုက်နာတွေ..ပေါ့..။ အချက်အားလုံးဟာ
အမှန်တွေချည်းပဲဆိုတော့ သိပ်တော့ ပြောစရာမရှိပါဘူး..။ ဒါပေမယ့် ဂျပန်တွေက
ချို့ ယွင်း ပျက်စီးနေတာတွေ စည်းကမ်းမရှိတာတွေ အဲဒီလို အပေါ်ယံတွေပဲ သိပြီး
အဲဒါတွေ ဘာလို့ဖြစ်နေသလဲ ဆိုတာကိုသေချာမ သိဘူးလို့ထင်ပါတယ်..။
မီးပွိုင့်လည်း မပျက်ဘူး..ဒါပေမယ့် ပွိုင့်ကင်းတဲတွေရှေ့ ကို
ပိုက်ဆံ ပစ်ချပေးတတ်တဲ့ လိုင်းကားတွေ ပွိုင့်ဝနားခေါင်းပြူလာရင် စိမ်းနေရင်
ဘယ်လောက် ကြာကြာထပ်စိမ်းတယ်..နီနေရင် ရုတ်ချည်း ထစိမ်းတဲ့ ပွိုင့်တွေ ရှိတာကို
ဂျပန်တွေမသိဘူး..။
ကားအုံနာ အပွင့်ကြီးကြီးတွေကို ကြောက်ပြီး
တာဝန်ရှိသူတွေ မဖမ်းရဲတဲ့ စည်းကမ်းပျက် လိုင်းကားတွေ ရှိနေတာကို
ဂျပန်တွေမသိဘူး..။ ဒီလိုကားမျိုးက ကားသမားတွေက ရပ်ကွက်ထဲ တုတ်နဲ့
ဝင်ရိုက်ရင်တောင် မဖမ်းနိုင်တာ၊ မဖမ်းရဲတာကို ဂျပန်တွေမသိဘူး..။
လမ်းပေါ် ဈေးရောင်းခွင့်သာ တရားဝင်မရှိတာ ဈေးကောက်မှန်မှန်ပေးပြီးမှ
ဈေးရောင်း နေကြတယ်ဆိုတာကို ဂျပန်တွေမသိဘူး..။ ဒီဈေးသည်တွေကို
ဖမ်းချင်တဲ့အချိန်ဖမ်းပြီး မဖမ်းချင်တဲ့အချိန် ဈေးကောက်တောင်းပြီး
ပေးရောင်းထားတာကို ဂျပန်တွေမသိဘူး..။
သယံဇာတကြွယ်ဝပြီး တက္ကသိုလ်က
နှစ်စဉ်သောင်းချီပြီး ဘွဲ့ရပညာတတ်တွေရှိနေတဲ့ ဒီနိုင်ငံမှာ
လမ်းဘေးဈေးရောင်းပြီး ၀မ်းစာကို ခက်ခက်ခဲခဲ ရှာစားနေရတဲ့ ဒီလို
လမ်းဘေးဈေးသည်တွေ ဘာလို့များများလာသလဲ... ဂျပန်တွေမသိဘူး..။
မီးသတ်အလုပ်နဲ့ မဆိုင်လှပါဘဲ VIP မသာကားထွက်ဖို့အတွက်ကို ခါးကြားမှာ
စကားပြောစက်ထိုးပြီး ခရာလေးမှုတ်ပြီး မလိုအပ်ဘဲ ကားတွေ အကုန်ရပ်ခိုင်းတဲ့
မီးသတ်ရဲဘော်တွေကြောင့် ကားကြောတွေ ရပ်ရပ်သွားတာကို ဂျပန်တွေမသိဘူး..။
မသာတောင် VIP ရှိတာကို ဂျပန်တွေမသိဘူး..။
လမ်းပေါ်ရပ်ထားတဲ့ကား
ကရိန်းနဲ့သွားဆွဲတာ စစ်သားကားဖြစ်နေလို့ ဖမ်းရမယ့်သူက
မကျေနပ်တဲ့လူတွေ ရန်မပြုရဲအောင် လုံခြုံရေးပြန်စောင့်ပေးပြီး ကရိန်းဆရာက
ထိုင်ကန်တော့ပြီး ပြန်လာကြရတဲ့ အဖြစ်တွေကို ဂျပန်တွေမသိဘူး..။
မြို
့တွင်းလမ်းတွေ..လမ်းကြိုလမ်းကြားတွေ ကောင်းဖို့အတွက် မဲဆွယ်ခါနီးမှ
လာလာပြင်ပေးတတ်တဲ့ ပါတီအကြီးကြီးရှိတယ် ဆိုတာကို ဂျပန်တွေမသိဘူး..။
မြို့တွင်းမှာ အမှိုက်ကင်းစင်တဲ့ စံပြမြို့နယ်ဖြစ်ဖို့အတွက်
အမှိုက်ကောက်ချင်တဲ့အခါ ကြိုတင်ခွင့်ပြုချက် လိုအပ်ပြီး ခွင့်မပြုရင် ဘယ်သူမှ
အမှိုက်ကောက်လို့ မရဘူးဆိုတာကို ဂျပန်တွေမသိဘူး..။
လူသွားဖို့
ပလက်ဖေါင်းတွေပေါ်မှာ မီဒီယာကော်နာတို့ ဖုန်းရုံတို့ကို ခွင့်ပြုပေးထားရတဲ့
နောက်ကွယ်က အကြောင်းတရားတွေကို ဂျပန်တွေမသိဘူး..။ အဲဒါတွေကြောင့်
လမ်းပေါ်တက်လျှောက်ရတဲ့ လမ်းသွားလမ်းလာတွေ ရှိနေရတာကို ဂျပန်တွေမသိဘူး..။
ရေ၀ပ်လို့ လမ်းတွေ ရေမြှုပ်ကုန်တဲ့အခါ ရေနုတ်မြောင်းနဲ့ ရေဆိုးထုတ်စနစ်ကို
ပြင်စရာမလိုဘဲ လမ်းကို ကွန်ကရစ် ခင်းရမယ်ဆိုတဲ့ နည်းပညာဆန်းတွေ
ကျွန်တော်တို့ဆီမှာ ရှိနေတာကို ဂျပန်တွေမသိဘူး..။
အဲဒီလို
လမ်းခင်း၊ လမ်းပြင်တဲ့အချိန်တွေဟာ ကားအသွားအလာ အများဆုံးအချိန်တွေဖြစ်
နေလို့ ညဖက်ပြောင်းလုပ်ဖို့ လွှတ်တော်မှာ မေးတုန်းက အစီအစဉ်မရှိဘူးလို့
ခပ်တည် တည်ဖြေခဲ့တဲ့ တာဝန်ရှိသူတွေ
ဒီမြို့တော်ကြီးကို တာဝန်ယူထားတယ်ဆိုတာကို ဂျပန်တွေမသိဘူး..။
အ၀ိုင်းမှာ မီးပွိုင့်တပ်လိုက်ရင် လမ်းတွေပို ကျပ်ကုန်မယ်ဆိုတာကို
တွေးကြည့်ရုံနဲ့ မသိဘဲ ချစမ်းကြည့်မှ ယုံတတ်တဲ့ လက်တွေ့သမားကြီးတွေ
ဒီရန်ကုန်မြို့ ကြီးမှာ ရှိနေတယ်ဆိုတာကို ဂျပန်တွေမသိဘူး..။
ရပ်ကွက်ထဲ တူထုသံကြားတာနဲ့ ခွင့်ပြုချက်မရဘဲ သံရိုက်လို့ဆိုပြီး
ဒါဏ်ရိုက်ဖို့ သက်ဆိုင်ရာဝန်ထမ်းတွေ ရောက်ချလာတတ်ပေမယ့် လမ်းတွေပေါ်
ကျောက်ပုံ၊ အုတ်ပုံနဲ့ ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေ လမ်းပိတ် လုပ်နေရင်တော့
မတွေ့မမြင်တတ်ကြတဲ့ ၀န်ထမ်းတွေ ရှိနေတာကို ဂျပန်တွေမသိဘူး..။
အဲဒီလိုလူတွေကို အရင်ဆုံး အမြစ်ပြတ်အောင် မဖယ်ရှားနိုင်ပဲနဲ့တော့
ဂျပန် မကလို့ သိကြားမင်း ဆင်းလာပြီး မဟာစီမံကိန်းကြီး လာလုပ်လည်း
အောင်မြင်မှာ မဟုတ်ပါဘူး။ JICA နဲ့ ဂျပန်တွေရဲ့ မဟာရန်ကုန်မြို့ ပြ
သယ်ပို့စီမံကိန်းကြီး အောင်မြင်ပါစေကြောင်း စေတနာကောင်းနဲ့
ဂျပန်တွေ မသိတာလေးတွေကို ပြောပြရခြင်းဖြစ်ပါတယ်..။
Thein Min Win (FB)စာမျက်နှာမှ
0 comments:
Post a Comment