သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့
လိုင်ဇာထိပ်သီးညီလာခံက ပြန်လာတဲ့ NCCT အဖွဲ့ဝင်တွေ သြဂုတ် ၃ရက်နေ့က
မြစ်ကြီးနားမှာ အလွတ်သဘော တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာ
တိုင်းရင်းသားညီလာခံက ချမှတ်ခဲ့တဲ့ မူ ၁ဝကိစ္စ ဘာတွေ ပြောဖြစ်လဲ။
နှစ်ဖက်ကြား သီးခြားတွေ့ဆုံမှုတွေ လုပ်ခဲ့တာကြောင့် နားလည်မှုရှိခဲ့ပြီး
ရှေ့ဆက်ညှိနှိုင်းရတာ ပိုလွယ်ကူသွားနိုင်တယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင်
ဦးလှမောင်ရွှေက ပြောပါတယ်။ လိုင်ဇာ ညီလာခံက ချမှတ်ခဲ့တဲ့ မူ ၁ဝချက်ထဲက အဓိက
၃ချက်ကို သူတို့က ညှိနှိုင်းရဖို့များတယ်လို့ ပြောပေမယ့် ဘယ် အချက်
၃ချက်လဲဆိုတာတော့ ထုတ်မပြောခဲ့ပါဘူး။
မြန်မာအစိုးရဘက်က
ဦးအောင်မင်းနဲ့အတူ စစ်တပ်ကိုယ်စားပြု ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊
လွှတ်တော်ကိုယ်စားပြု ဦးသိန်းဇော်တို့ပါဝင်ပြီး တိုင်းရင်းသားတွေဘက်ကတော့
နိုင်ဟံသာ၊ ဖဒိုကွယ်ထူးဝင်းနဲ့ ဆလိုင်း လျန်မှုန်းဆာခေါင်းတို့နဲ့ ၂နာရီကြာ
သီးခြားဆွေးနွေးခဲ့ကြပါတယ်။
လိုင်ဇာ တိုင်းရင်းသားထိပ်သီးညီလာခံက
ချမှတ်လိုက်တဲ့ မူ ၁ဝချက်ဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူ ၆ချက်လို
လမ်းညွှန်မှုမျိုးဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး စာချုပ်ထဲမှာ အတင်းအကြပ်
ထည့်သွင်းဖို့တော့ လုပ်မှာ မဟုတ်ပါဘူးလို့ ဒေါက်တာ
ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုပါတယ်။
လာမယ့် သြဂုတ်ကျရင် ရန်ကုန်မှာ
ကျင်းပမယ့် နှစ်ဖက်ဆွေးနွေးပွဲတွေမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး
စာချုပ်မူကြမ်းကို အချောသတ်နိုင်ဖို့ မျှော်လင့်ထားကြပြီး ၉၅
ရာခိုင်နှုန်းလောက်တော့ အပြီးသတ်နိုင်မယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။
စာချုပ်အတွက် ညှိနှိုင်းဖို့ ၃၁ချက် ကျန်နေသေးပြီး အချက်တစ်ချက်လောက်
ကျန်နေသေးရင်တော့ လက်မှတ်ထိုးနိုင်မယ့် အခြေအနေ ရောက်ဦးမှာ မဟုတ်ဘူးလို့
ဆိုပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ
UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့ NCCTတို့ကြား
သြဂုတ် ၁၅ရက်နေ့ ရန်ကုန်မှာ ဆွေးနွေးဖို့ အစိုးရဘက်က အဆိုပြုထားပေမယ့်
တိုင်းရင်းသားတွေက ၁၈ရက်နေ့မှာ စတင်ဖို့ ပြောထားတာကြောင့် ရက်သတ်မှတ်ရေး
ညှိနှိုင်းရဖို့ ရှိနေပါတယ်။
Copy from - Jade Land
0 comments:
Post a Comment