Wednesday, August 13, 2014

မန္တလေး တံတားဦးလေဆိပ်အကြောင်း ပြောပြန်ရင် လွန်ရာကျမယ် မထင်.....

မန္တလေးအပြည်ပြည်ဆိုင်ရာ တံတားဦးလေဆိပ်ကို ပြန်ရောက်ပြီဆိုရင်ပဲ အပြည်ပြည်ဆိုင်ရာဆိုတဲ့ အသုံးအနှူံးနဲ့ တော်တော်လေး အလှမ်းဝေးနေသလို ခံစားလိုက်ရတယ်.... 

 Immigration လဝက ကနေထွက်လာတဲ့ခရီးသည်တွေကို ကတွတ်ပေါက်က ဗျိုင်းစောင့်နေတဲ့အလား ပုံပျက်ပန်းပျက်နဲ့ တာကော၊ လောပန်း အိတ်ရွေးပေးမယ် ဘာညာ စသဖြင့် မားကက်တင်းဝိုင်းပြီးဆင်းနေတဲ့ အလုပ်သမားများကို ရှောင်ရှားနေရတာက တစ်ဒုက္ခ။ လိုင်စင်ရ အလုပ်သမားတွေ လဝကကောင်တာနားအထိလာပြီး မားကက်တင်းဆင်း ဘော်ချက်တာဟာ တခြား နိုင်ငံတကာလေဆိပ် တွေမှာ မတွေ့ဘူးတဲ့ ပြည်ပခရီးသည်တချို့လဲ ထူးခြားအံ့ဖွယ် ဖြစ်လို့နေမှာပါ။

 ခရီးဆောင်အိတ်က တော်တော်နဲ့ထွက်မလာတာဟာလဲ ထုံးစံလိုဖြစ်နေတဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးရဲ့ ထူးခြားတဲ့ စီမံခန့်ခွဲမှု အတတ်ပညာဆိုရင်မှားမယ်မထင်ပါ။ အဲ့ဒီထက်ပိုထူးခြားတာကတော့ သူများနိုင်ငံကလေဆိပ်တွေမှာ အခမဲ့ဝန်ဆောင်မှုပေးနေတဲ့ လူနာတွန်းလှည်းကို တရားဝင်ငွေတောင်းခံပြီး ဝန်ဆောင်မှုပေးတာကလဲ အံ့ဖွယ်တစ်ပါးပါ။

 စိတ်ရှည်သီးခံမှုအပေါင်းနဲ့ ခရီးဆောင်အိတ်ရွေးပြီး သကာလ ဓာတ်မှန်စက်တစ်လုံးတည်းနဲ့ ခရီးသည် တစ်ရာကျော်ရဲ့ အိတ်တွေကို ဖြတ်သန်းစစ်ဆေးခြင်းဟာလဲ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးရဲ့ အံ့မခန်းဝန်ဆောင်မှုပင်။ တခြားနိုင်ငံကလေဆိပ်တွေမှာတော့ ရေဗူးမယူရပါဘူး။ ဒီမှာတော့ တာကော၊ လောပန်းတွေ ရေဗူးကိုယ်စီနဲ့။ သူများနိုင်ငံက စစ်ဆေးရင် ခရီးသည်ရဲ့ ဖိနပ်၊ ခါးပါတ်ချွတ်ပြီး ရှာတယ်။ ခရီးသည်တွေရဲ့ လုံခြုံရေးကိုသာ ရှေးရှုတယ်လို့ ခံစားရတယ်။ ဒီမှာ ဘာရှာသလဲဆိုတာ တော့ မပြောတတ်။ ဒီလို လုံခြုံရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ချင်ရင် စက် သုံးလေးလုံးထားပြီး နိုင်ငံတကာအဆင့် လုပ်စေချင်ပါတယ်။ 

 အဲ့ဒိနောက် လုံခြုံရေးလဲဖြတ်ပြီးရော နိုင်ငံတကာအဆင့်မီ ဆိုက်ကားဂိတ်ထဲ ရောက်သွားတဲ့အလား ကားဂိတ်တွေက ဝိုင်းဆွဲမတတ်ပါ။ ကားငှားဖို့ ဂိတ်တွေရှိနေတာပဲ၊ လိုအပ်ရင် လာငှားမှာပေါ့။ ခုလိုမျိုးမြင်ရတာ တကယ့်ကို စိတ်မချမ်းသာစရာပါ။ 

 အဆိုးတွေထဲက အဆိုးဆုံးကိုဆက်ပြောရရင် ပြည်ပနိုင်ငံတွေမှာ ခရီးဆောင်အိတ်တင်တွန်းလှည်းကို ကားရပ်နားကွင်းအထိ ယူသွားလို့ရပါတယ်၊ ဒီမှာတော့ ယူလို့မရအောင်လုပ်ထားပြီး အပြင်က လိုင်စင်ရအလုပ်သမားတစ်သိုက်က ကိုက်တစ်ရာလောက် သယ်ပေးလိုက်ရင် တစ်အိတ်ကို တစ်ထောင်ပေးတာ နှာခေါင်းရှုံ့သေးတယ်။ ပြည်ပမှာ ကိုယ့်အိတ်ကိုယ်ကို တစ်လမ်းလုံး အေးအေးဆေးဆေး သက်သက်သာသာ သယ်လာခဲ့သမျှ မန္တလေးလေဆိပ်ရောက်မှ အညွန့်ခူးခံလိုက်ရတယ်ဆိုရင် မမှားပါ။

 သူများရဲ့ဝမ်းရေး ဆိုပေမယ့် နိုင်ငံတကာလေဆိပ်မျိုးမှာတော့ ရုပ်ပျက်ဆင်းပျက်နဲ့ နိုင်ငံပါ သိက္ခာကျတယ်လို့ မြင်မိတယ်။

 ဒီလို ပုံစံဖြစ်လာအောင် ရှယ် ဝန်ဆောင်မှုတွေနဲ့ဖန်တီးထားတော့ တာဝန်ကျ Old Service အတွင်း ဝန်ထမ်းတချို့က ကိုယ်ပိုင်ကုမ္ပဏီထောင်ထား သကဲ့သို့ ခရီးသည်ကြိုပို့ အဆင့်မြင့်ဝန်ဆောင်မှု ဈေးကွက် တစ်ခု ထပ်မံပေါ်ပေါက်လာရ တော့တာပါပဲ။ ဘယ်လောက် အဆင်ပြေသလဲဆိုရင် လေယာဉ်ပေါ်ကဆင်းပြီး လူပဲအပြင်ကို ထွက်သွားရုံပဲ။ ပြီးရင် ပေါ်တီကိုအောက်မှာ လာကြိုတဲ့ကားပေါ် တက်ပြီးဇိမ်လေးနဲ့ ထိုင်စောင့်နေလိုက်ပါ။ သူများတကာတွေလို နဖူးကချွေး ခြေမကျအောင် တန်းစီနေစရာမလိုဘူး။ ကျန်တဲ့ အိတ်တွေက အတွင်းလူရဲ့ ကိုယ်ပိုင် ကုမ္ပဏီဖွင့်ထားသလိုမျိုး ထူးရှယ် ဝန်ဆောင်မှုနဲ့ မကြာခင် ကားပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါလိမ့်မယ်။ ဒါဟာလဲ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးရဲ့ ထူးခြားတဲ့ ဂုဏ်အင်တစ်ခုပါပဲ။ 

 ဒါ့အပြင် ဆိုက်ရောက်ခန်းမမှာ လေအေးပေးစက်မဖွင့်တာတွေ၊ အိမ်သာထဲမှာ စက္ကူမထား၊ ဖင်ဆေးရေမလာတော့ ဖင်တုန်းလုံးနဲ့ အပြင်ထွက်ပြီး အခန့်သားစောင့်နေတဲ့ အိမ်သာစောင့်ဆီကနေ ကျေးဇူးစကားဆိုပြီး စက္ကူတောင်းရမှာလား၊ ဝယ်ရမှာလား၊ အာကေပေးရမှာလား မသိနိုင်တာတွေ၊ ပေါ်တီကိုအောက် ကားရပ်ချင်ရင် လမ်းကြောင်းရှိတာတွေ၊ ကားအစုတ်အပြတ်တွေနဲ့ လေယာဉ်ပေါ်လိုက်ပို့တာတွေ၊ Terminal တွေအလုပ်မလုပ်တာတွေ၊ အင်တာနက်ကောင်းကောင်း မပေးနိုင်လို့ Check Trough ခရီးသည်တွေကို နောက်ထပ်ခရီးစဉ်အတွက် လေယာဉ်လက်မှတ် မထုတ်ပေးနိုင်တာတွေ၊ စတာတွေဟာ ဘယ်နိုင်ငံတကာ လေဆိပ်မှာ မှ ဒါမျိုးဝန်ဆောင်မှုကို မရနိုင်ပါဘူး။
အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုရဲ့ အခြေခံ လိုအပ်ချက် Necessary တွေတောင် လုပ်မပေးတာလား၊ မလုပ်တတ်တာလား၊ မသိကျိုးကျွံ လုပ်နေတာလားမသိ။ တခြားတိုင်းပြည်တွေနဲ့ယှဉ်ရင် ထပ်လောင်း Facility ဆိုတာ မိုင်တစ်သောင်းမက ကျန်ပါသေးတယ်။ 

 ခရီးသည်များထံမှ လေဆိပ်အသုံးပြုခ Airport Tax ကောက်ခံထားသော်လည်း အထက်ပါ ပြောမဆုံးပေါင် တောသုံးတောင် ဝန်ဆောင်မှုတွေကို ကြုံကြိုက်လို့ မြည်းစမ်း ခံစားချင်ကြည့်ရင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ကမ္ဘာပေါ်မှာ လူပြောအများဆုံးနဲ့ အကောင်းတက အကောင်ဆုံး စီမံခန့်ခွဲမှုပါလို့....

မှတ်ချက်- အရင်တစ်ခါတုန်းက ရေးခဲ့သလို မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုသွားရင် ယပ်တောင်လေး ဆောင်သွားကြပါတို့၊ အပေါ်က မျက်နှာကြက်ပြုတ်ကျမှာစိုးလို့ Saftty Hat ဆောင်းသွားပါတို့၊ ကြမ်းပြင်က ကွဲနေတဲ့ကြွေပြားတွေ ခြေထောက်ရှမှာ စိုးလို့ တွတ်ပီဖိနပ်စီးသွားပါတို့ စာရှည်မှာစိုးလို့ မရေးတော့ပါဘူး။

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အသုံးပြုနေရတဲ့ ခရီးသည်အပေါင်း စိတ်ပျက်ခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်ကုန်ခြင်း အပေါင်းမှ အမြန်ကင်းဝေးနိုင်ကြပါစေ


Zin Min Swe(FB)သတင်းစာမျက်နှာမှ

0 comments: