သမတကြီးဆိုတဲ့ DSA အပတ်စဉ် ၉ ဆင်း ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်နိုင်ဖို့ဆိုပြီး အဓိကမူ ၂ ချက်ကိုဘဲ ‘မှာကြား’ထားတယ်။ အဲဒါတွေက (၁) ပြည်ထောင် စုမှမခွဲထွက်ခြင်း (၂) ပြည်ထောင်စု၏ အချုပ်အခြာအာဏာကို မထိပါးစေခြင်း ဆိုတဲ့ နှစ်ချက်ဘဲဖြစ်တယ်။
ဒါပေမဲ့ အဲဒါကို DSA
အပတ်စဉ် ၁၉ ဆင်း မင်းအောင်လှိုင်က ချောင်ထိုးပစ်လိုက်ပြီး
သူ့ရဲ့ငြိမ်းချမ်းရေးမူ ၆ ချက်ဆို တာကို အစိုးရအဖွဲ့တို့ လွှတ်တော်တို့ရဲ့
တရားဝင်အတည်ပြုချက် မရှိဘဲ ဇွတ်အတင်းပွဲထုတ်နေတယ်။ မြဝတီဆိုတဲ့
စစ်တပ်ရုပ်သံလိုင်းမှာ နေ့တိုင်း ပြောင်ပြောင်တင်းတင်း လွှင့်နေတယ်။ ဒီ ၆
ချက်ထဲမှာ ဦးသိန်းစိန်ပြောတာနဲ့ လုံးဝ ကွဲလွဲပြီး တိုင်းရင်းသားတွေ
လုံးဝလက်မခံနိုင်တဲ့ အချက်(၅) နဲ့ အချက်(၆) ပါနေတာဟာ ငြိမ်းချမ်းရေးကို
ရာနှုန်းပြည့် ဆန့်ကျင်နေတယ်။ အဲဒါတွေက (၅) နိုင်ငံတော်ကထုတ်ပြန်သည့်
တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန် (၆) ဒို့တာဝန်အရေး ၃ ပါးနှင့်
ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်
ဒီမိုကရေစီလျှောက် လှမ်းမှုတွင် လိုက်ပါ ဆောင်ရွက်ရန်ဆိုတဲ့
ကြိုတင် စည်းကမ်းသတ်မှတ်ချက်တွေ ဖြစ်တယ်။ သဘောကတော့ မင်း
အောင်လှိုင်ရဲ့အာဏာနီဟာ သမတအထက်မှာ ရှိနေတဲ့ အဓိပ္ပါယ်ပါဘဲ။
မင်းအောင်လှိုင်က ဖက်ဒရယ်ဆိုတာ အပစ်ရပ်ပြီးနောက်မှ နိုင်ငံရေးဆွေးနွေးပွဲမှာ
ဆွေးနွေးရမယ့်ကိစ္စလို့ ဇွတ်ပြော နေပေမဲ့ မူ ၆ ချက်ပါ ၂၀၀၈
လိုက်နာရေးကိုတော့ နိုင်ငံရေးဆွေးနွေးပွဲထဲ မထည့်ဘဲ ကြိုတင် စည်းကမ်းသတ်
လက်ခံ ခိုင်းနေတယ်။ ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေမှာ
တိုင်းရင်းသား တန်းတူရေး ပါပြီးသားလို့လဲ လျှောက်ပြောနေတယ်။ တကယ်တော့
ဗမာပြည်နယ်မရှိဘဲ စစ်မှန်တဲ့တန်းတူရေး လုံးဝမဖြစ်နိုင်သလို တမတ်သားမဖယ်၊
ကာချုပ်နဲ့ သမတက ထိုးထည့်ထားတဲ့လူတွေ မဖယ်ဘဲ
စစ်မှန်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လဲ လုံးဝမဖြစ်နိုင်တာ နိုင်ငံရေးလေ့လာသူ
အားလုံး အသိဖြစ်တယ်။
မင်းအောင်လှိုင်တို့ဟာ အပစ်ရပ်စာချုပ်မှာ
ပင်လုံမူ/ပင်လုံကတိဆိုတာကိုထည့်ဖို့ အကြောက်အကန်ဆန့်ကျင်ပြီး ပင်လုံ
စိတ်ဓာတ်ဆိုတဲ့ လိုသလိုဆွဲယူလို့ရတဲ့ ယေဘုယျစကားလုံးနဲ့ ချွေးသိပ်
ညာဝါးဖို့လဲ ကြိုးစားနေတယ်။ ၂၀၀၈ ဥပဒေ မှာ ထည့်သွင်းမထားတဲ့ secular
နိုင်ငံ (ဘာသာရေးနဲ့နိုင်ငံရေး မရောယှက်တဲ့နိုင်ငံ) ဖြစ်ရေးအခြေခံမူ
တိုင်းရင်းသား တွေဘက်ကတင်တာကို ဆန့်ကျင်နေတာကလဲ ဘာသာရေးခုတုံးလုပ်ချင်တဲ့
လက်မည်းကြီးကို ဖော်ပြနေတာ ဖြစ် တယ်။
အပစ်ရပ်စာချုပ်မှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ဆိုတဲ့စကားလုံး မသုံးဖို့ ကန့်ကွက်နေပေမဲ့ နိုင်ငံတော် ဆိုတဲ့ စကားလုံးကိုတော့ ထည်လဲနဲ့တဖက်သတ် သုံးနှုန်းပြီး အထက်စီးယူနေတယ်။ စစ်တိုက်ယူလို့မရခဲ့တဲ့ တိုင်းရင်းသား နယ်မြေတွေမှာ အပစ်ရပ်စာချုပ်နဲ့ ‘တည်ဆဲဥပဒေ’ဆိုတာကို အသုံးချပြီး အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေးကိစ္စတွေ ဝင်စွက်ဖို့လဲ လုပ်နေတယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တောင်းနေပေမဲ့ တိုင်းရင်းသားတွေကို ပြည်တွင်းပြည်ပ NGO တွေနဲ့ ဆက်ဆံလုပ်ကိုင်ခွင့်မပေးဘဲ လက်ဝါးကြီးအုပ်နိုင်ဖို့လဲ စီစဉ်နေ တယ်။
အပစ်ရပ်ပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ကိစ္စကို
နှစ်ဖက်ပူးတွဲဦးဆောင်ကော်မတီက တာဝန်ယူဖို့
တိုင်းရင်းသားတွေအဆိုပြုတာကိုလဲ လက်မခံဘဲ စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ဘဲ
ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီကဘဲ
လက်ဝါးကြီး အုပ်ချယ်လှယ်ဖို့ လုပ်နေတယ်။
မြန်မာ့တပ်မတော်ရဲ့
အရေးမပါတဲ့အောက်ခြေနေရာအချို့မှာ တိုင်းရင်းသား စစ်သားအချို့ပါရုံနဲ့
ပြည်ထောင်စုတပ်မတော် မဖြစ်သွားဘူးဆိုတာ ခလေးကအစ ခွေးကအစသိကြလို့ ဒီနေရာမှာ
အကျယ်ချဲ့မပြောတော့ပါဘူး။ မင်းအောင်လှိုင်တို့ကတော့ သူတို့စစ်တပ်ဟာ
ပြည်ထောင်စုတပ်ဖြစ်နေပြီလို့ ဇွတ်ပြော နေလေရဲ့။
တိုင်းရင်းသားတွေပြောတဲ့ ‘ပင်လုံမူ’အခြေခံတဲ့
(ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်မယ့်) ပြည်ထောင်စု ညီလာခံကိုလဲ လက်မခံ ချင်၊
(လွှတ်တော်-စစ်တပ်-ဝန်ကြီးအဖွဲ့အပါအဝင်) အစိုးရတစု၊
တိုင်းရင်းသား တော်လှန်ရေးတစု၊ နိုင်ငံရေးပါတီတစု ကိုယ်စားလှယ်အချိုးညီပါတဲ့
နိုင်ငံရေး ဆွေးနွေးပွဲကိုလဲ လက်မခံချင်ဘဲ ညောင်နှစ်ပင်ညီလာခံတုံးက
ရွေးကောက်ခံ ကိုယ်စားလှယ်တစု၊ နိုင်ငံရေးပါတီတစုနဲ့
(တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေ ပါဝင်တဲ့) အခြားဖိတ်ကြားသင့်သူတစုကို
စစ်အုပ်စုစိတ် ကြိုက်ရွေးထားတဲ့ အလုပ်သမား၊ တောင်သူလယ်သမား၊ အသိပညာရှင်၊
နိုင်ငံ့ဝန်ထမ်း၊ တိုင်းရင်းသား ကိုယ်စားလှယ် ဆိုတဲ့ ၅ စုနဲ့ဖိခဲ့သလို
အခုလဲ အပစ်ရပ်ပြီးလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ (တိုင်းရင်းသားအပစ်ရပ်
အဖွဲ့တွေပါဝင်တဲ့) တိုင်းရင်းသားလူမျိုးတစုနဲ့ နိုင်ငံရေးပါတီတစုကို
စစ်အုပ်စု စိတ်ကြိုက် ရွေးမယ့် သြဇာခံ အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊
ပညာရှင်အဖွဲ့၊ စီးပွားရေးအသင်းအဖွဲ့၊ အရပ်ဖက် လူမှုအသင်းအဖွဲ့ ကိုယ်စားလှယ် ၆
စုနဲ့ ဝိုင်းဖိ အားပေးဖို့ ကြံစည်နေပြန်ပါပြီ (ဟိုတုံးက
အခြားဖိတ်ကြားသင့်သူ အစုထဲမှာ တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေအပြင် စစ်အုပ်စု
ခေါင်းခေါက် ရွေးထားတဲ့လူတွေ ရောထည့်ခဲ့သလို
အခုတိုင်းရင်းသားလူမျိုးအစုမှာလဲ တိုင်းရင်းသားအပစ်ရပ် အဖွဲ့တွေအပြင်
စစ်အုပ်စု ခေါင်းခေါက်ရွေးထားတဲ့ အလိုတော်ရိ တိုင်းရင်းသားတွေ
ညှပ်ထည့်အုံးမှာဖြစ်တယ်)။
_________________
ဂါမဏိ (July 16, 2014)
_________________
ဂါမဏိ (July 16, 2014)
0 comments:
Post a Comment