Thursday, May 1, 2014

စိမ်းလန်းဖြာဝေ တအန်းဌာနေ

တအန်းလူမျိုးများအခြေချနေထိုင်ရာ တောင်တန်းဌာနေများ

အဖွင့်လွှာ    

၂၀၁၃ တနှစ်လုံး ၂၀၁၄ အထိ ခြေလျှင်တလှည့်၊ ဆိုင်ကယ်တလှည့်ဖြင့် စိမ်းလန်းဖြာဝေ တအန်းဌာနေသို့ တတောင်တက် တတောင်ဆင်း၊ တချောင်းကျော် တကုန်းပေါ်တက်ဖြင့် တအန်းဌာနေ တောင်တန်းပြာပြာဆီ နေရာအနှံ့ခရီးဆန့်ခဲ့ကြသည်။ တအန်းတပ်မတော် ရဲဘော်များ၊ လူငယ်မောင်မယ်များ၊ ရဟန်းသံဃာတော်များ အားလုံးကလည်း တက်ကြွစွာ ခရီးအပြင်းနှင်ခဲ့ကြသည်။

သို့သော် တအန်းတောင်တန်းပြာပြာများက မဆုံးနိုင်။ တတောင်ပေါ် တတောင်ဆင့် တောင်အမြင့် ပတ်ခြံရံ တအန်းတောင်ပြာတန်း တံတိုင်းကား မြင့်မားလှပါဘိ။ ပညာအလင်းမဲ့ တအန်းကလေးငယ်များကို ရင်းလေးဖွယ် တွေ့မြင်ခဲ့ရသည်။ မှိုင်းမှုန်ရီပြာတောင်တန်းတွင် ကျန်းမာရေးစောင့်ရှောက်မှု ဗလာနတ္တိ။ တအန်းလူနေမှုဘ၀ အားရစရာ မရှိ။ မှုန်တိမှုန်ဝါး မြင်ကြားခဲ့ရသည်။ မူးယစ်အဆိပ်ပန်းကြား နိုးထခြင်းငှာ ရုန်းကန်နေရသည့် တအန်းတောင်တန်းပြာအလှ ရင်မောဖွယ်ရာအတိဖြစ်သည်။

 ပီအက်စ်အယ်အေ ငြိမ်းချမ်းရေးကာလ စောင်မမှုကြောင့် ပညာ၊ ကျန်းမာ တင့်တယ်မှုတစုံတရာ ကျန်ရှိသည့် တောင်တန်းဌာနေအချို့ကိုမြင်တွေ့ခဲ့ရသည်။ ပြီးဆုံးခဲ့သည့် တအန်းအဖွဲ့ကြီးကို လွမ်းမော တမ်းတမိသည်။ သို့သော်လည်း တအန်းဌာနေအားလုံး၏ ငါးချိုးတချိုးမရှိ။

မည်သို့ပင်ဆိုစေကာမူ သွားဖန်များခရီးရောက်၏။ သို့သော် ခရီးကား မပြီးနိုင်။ ရှမ်းပြည်ကုန်းပြင်မြင့်ဟု အများတကာသိကြသည့် တအန်းတောင်တန်းပြာကား ဤ၍ ဤမျှ ကျယ်ပြောမြင့်မားသည်ကို ခရီးစဉ် မှတ်တမ်းဖြင့်သာ မှတ်တမ်းပြုကမ္ပည်းသက်သေထူကြရပေမည်။
သို့အတွက် ရဟန်းရှင်၊ လူငယ်မောင်မယ်များ ဆက်ဆက် ခရီးအပြင်းနှင် ရပေအုံးမည်။ မှတ်တမ်း အချက်အလက်စုဆောင်းကြရပေအုံးမည်။ မှိုင်းဝေအုံ့ဆိုင်းနေသည့် မြန်မာ့နိုင်ငံရေးလောကတွင် တအန်းသမိုင်းကို ကြည်လင် ပြတ်သားလာစေရန် အလုပ်များစွာလုပ်ကြရပေအုံးမည် မဟုတ်ပါလား။

မြန်မာပြည် အဓိကလူမျိုးကြီး (၈) မျိုးနှင့် (၈) ပြည်နယ်
လက်နက်အင်အားအခြေပြု မြန်မာ့နိုင်ငံရေးယဉ်ကျေးမှုတွင် မြန်မာစစ်ခေါင်းဆောင်များအပါအ၀င် မြန်မာ (ဗမာ)လူမျိုးနှင့် အခြားတိုင်းရင်းသားလူမျိုးများပါဝင်သည့် နိုင်ငံရေးအခင်းအကျင်းတွင်လည်းကောင်း၊ မြန်မာလူမျိုးများ မပါသည့် လူမျိုးစုတိုင်းရင်းသားများ၏ နိုင်ငံရေးအခင်းအကျင်းတွင်လည်းကောင်း နိုင်ငံ့အရေး ကို အခြေခံဆွေးနွေး စဉ်းစားရာတွင် အဓိကလူမျိုးကြီး (၈) မျိုးနှင့် (၈) ပြည်နယ် (သို့မဟုတ်) ပြည်နယ် (၇) ခုနှင့် တိုင်းဒေသများကိုသာ အခြေခံစဉ်းစားဆွေးနွေးခဲ့ကြသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်သည့်နိုင်ငံတွင် အဓိကလူမျိုးကြီးနှင့် ပြည်နယ်များကို လက်နက် အင်အားအခြေခံ၊ စစ်ရေးနိုင်ငံရေးစွမ်းဆောင်မှုအပေါ်တွင်သာ အခြေခံပြီး သတ်မှတ်ဆုံးဖြတ်ခဲ့ကြသည်။ ကျင့်သုံးလာခဲ့ကြသည်။ ထိုကဲ့သို့ သတ်မှတ်ရာတွင်လည်း လက်ဝယ်အာဏာရှိသည့် လူမျိုး၊ အဖွဲ့အစည်းက လိုသလိုသတ်မှတ်ကျင့်သုံးလာခဲ့သည်။ ထိုကြောင့် တိုင်းရင်းသားလူမျိုးများအကြား အမျိုးသားတန်းတူရေး ပြဿနာများပိုမိုကြီးထွားကာ ပြည်တွင်းစစ်မီး အနှစ်ခြောက်ဆယ်ကျော်မှာ ယနေ့ထက်ထိတိုင် ငြိမ်းသတ် နိုင်ခြင်းငှာ မစွမ်းနိုင်ကြသေးခြင်းဖြစ်သည်။

မြန်မာ့နိုင်ငံရေးကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း ဟူသည့် လူမျိုး ရှစ်မျိုးနှင့် ပြည်နယ်ရှစ်ပြည်နယ်ကိုသာ တရားသေကိုင်စွဲပြီး နိုင်ငံရေးပြဿနာဖြေရှင်းရန်ကြိုးပမ်းပါက ဖြေရှင်းရင်းနှင့်ပင် ဒီမိုကရေစီအခြေခံမဲ့သည့် အာဏာရှင်စံနစ်ဆီသို့ မလွှဲမသွေပြန်လည်ဦးတည်သွားမည်သာဖြစ်သည်။

အဓိကလူမျိုးတွင်မပါဝင်သော ပြည်နယ်မဲ့ တအန်း(ပလောင်)၊ ပအိုဝ်း၊ ၀၊ နာဂ အစရှိသည့် တိုင်းရင်းသားလူမျိုးများသည် ထိုအဓိကလူမျိုးကြီး (၈) မျိုးပါ အချို့တိုင်းရင်းသားလူမျိုးများထက် လူဦးရေ၊ နယ်မြေ ပိုပြီးများပြားကျယ်ဝန်းသည်။ တိကျခိုင်မာသည့် လူမျိုးနောက်ခံသမိုင်းကြောင်းလည်းရှိသည်။ သို့သော် ထိုတိုင်းရင်းသားများကို အဓိက လူမျိုးကြီး (၈) မျိုးမှ လူမျိုးတခုခုအောက်တွင် ထိုလူမျိုးကြီး၏ မျိုးနွယ်စုအဖြစ် အတင်းသွတ်သွင်းသတ်မှတ်ခဲ့ကြသည်။ တိုင်းရင်းသားလူမျိုး အချင်းချင်း ပဋိပက္ခကြီးထွား လာမည်ကို သိပါလျှက်နှင့် လက်ခံ နေကြဆဲဖြစ်သည်။

ဖိနှိပ်မှုပိုကြီးလေ တော်လှန်မှုပိုအားကောင်းလေနှင့် ပြည်တွင်းစစ်အနှစ်ခြောက်ဆယ်

လွတ်လပ်ရေးရသည့်ကာလမှစတင်၍ ဗိုလ်ချုပ်နေ၀င်း၏ တပါတီအာဏာရှင် မဆလ ခေတ်၊ စစ်အာဏာရှင် ခေတ်၊ ယခု ဒီမိုကရေစီနိုင်ငံရေးပြောင်းလဲရေးပြုလုပ်သည်ဟုဆိုသည့် မြန်မာအရပ်သားအစိုးရ လက်ထက်အထိ အဓိကလူမျိုးကြီး (၈) မျိုးမှာ အမည်ခံသာဖြစ်ပြီး မြန်မာ-ဗမာ လူမျိုးကြီးတို့ကသာ အားလုံးကို လက်ဝါးကြီးအုပ် ထိန်းချုပ်ဆုံးဖြတ်ခဲ့ကြသည်။ ထိုကဲ့သို့တင်းကျပ်သည့် ဗဟိုချုပ်ကိုင်မှုကြောင့် မြန်မာပြည်သည် ပြဿနာပေါင်းမြောက်များစွာရင်ဆိုင်ပြီး လူထုတရပ်လုံး ဆင်းရဲမွဲတေမှုဒါဏ်ကို ခါးသီးစွာရင်ဆိုင်နေကြရသည်။

ပွင်းလင်းမြင်သာမှု ပိုမိုအားကောင်းလာသည့် ယနေ့ကမ္ဘာ့နိုင်ငံရေးသည် နိုင်ငံရေးအသိနည်းသူ၊ ရိုးသားသူ၊ ပညာအားနည်းသူ၊ ဖွံ့ဖြိုးမှုနောက်ကျနေသူ လူမျိုးများကို နိုင်ထက်စီးနင်း အင်အားသုံး ဖိနှိပ်ချုပ်ချယ်ကန့်သတ်မှုများပြုလုပ်ပြီးအုပ်ချုပ်ရန် မဖြစ်နိုင်တော့ကြောင်း သမိုင်းဖြစ်ရပ်များ သက်သေထူ လာနေပါပြီ။ လူမျိုးတိုင်း၏ မျိုးဆက်သစ်များသည် ထိုက်သင့်သည့် ပညာရပ်၊ ဘာသာရပ်များ လေ့လာ ဆည်းပူးပြီး မိမိလူမျိုးအတွက်ထမ်းဆောင်ရမည့် တာဝန်အသိများကို ပုခုံးပေါ်သို့ အနည်းနှင့်အများဆိုသလို ထမ်းရွက်တတ်လာကြသည်။

ဖိနှိပ်မှုပိုကြီးလေ တော်လှန်မှုပိုအားကောင်းလေ ဟူသောနိယာမ သဘောပင်ဖြစ်သည်။
မည်မျှပင် စူပါပါဝါအင်အားကြီးသည့်လူမျိုးဖြစ်ပါစေ အခြားလူမျိုးကို အကြောင်းအမျိုးမျိုးပြပြီး ထိုလူမျိုး ၏နိုင်ငံရေးအခွင့်အရေးနှင့် ဖွံ့ဖြိုးမှုအခွင့်အလမ်းကို နည်းအမျိုးမျိုးဖြင့် ကန့်သတ်ပိတ်ပင်ထိန်းချုပ်ခြင်း မပြုသင့်ပေ။ ထိုကဲ့သို့ ပိတ်ပင်တားဆီးမှုကြီးလာပါက ထိုနိုင်ငံ၊ ထိုလူ့အဖွဲ့အစည်းသည် ပဋိပက္ခနိုင်ငံ၊ ပဋိပက္ခလူ့အဖွဲ့အစည်း သာလျှင်ဖြစ်နေပေလိမ့်မည်။

ဗမာလူမျိုးအများစုဖြစ်သည့် စစ်ခေါင်းဆောင်များ၏ တရားမျှတမှုကင်းမဲ့သည့် ဗဟိုချုပ်ကိုင်မှုကြောင့် တိုင်းရင်းသားတိုင်း လက်နက်ကိုင်တော်လှန်ရေးတပ်မတော်များဖွဲ့စည်းကာ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲကို ဆင်နွှဲလာကြသည်။ နှစ်ပေါင်းခြောက်ဆယ်ကျော်သည့်တိုင် အဖြေမထွက်နိုင်သေးပဲ တိုင်းပြည် တခုလုံး ဖွတ်ဖွတ်ကြေကာ အောက်ကျနောက်ကျဖြစ်ခဲ့ရသည်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်ခဲ့ရသည်။

တိုင်းရင်းသားလူမျိုးစုများမှာ တောတွင်းရွာပုန်းရွာရှောင်ဘ၀ကို ဆယ်စုနှစ်များစွာ ရင်ဆိုင်ဖြတ်သန်း နေကြရသည်။ အချို့မှာလည်း အိုးပစ်အိမ်ပစ် ဒုက္ခသည်စခန်းတွင် ခိုလုံကြရသည်။ ဒုက္ခသည်စခန်းတွင် မွေးဖွားပြီး ဒုက္ခသည်စခန်းတွင်ပင် ကြီးပြင်းလာကြရသည်။ အိုးမင်းရင့်ရော် သေဆုံးကြရသည်။ ပြည်နယ်မဲ့ နိုင်ငံသားမဲ့ တိုင်းရင်းသားစစ်ဘေးဒုက္ခသည်များဘ၀မှာ ခက်ခဲကြမ်းတမ်းလှသည်။

လူတစုချင်း၊ လူတဦးချင်း၏ အခွင့်အရေးကိုလေးစားသည့် ကမ္ဘာ့စံနှုန်းနှင့် ဥရောပနိုင်ငံရေးရေချိန်
         
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးထွန်းကားလာသည့် ယနေ့ကမ္ဘာသည် လူတစုချင်း၊ လူတဦးချင်း၏ အခွင့်အရေးကို လေးစားတန်ဖိုးထားလာသည်။ အားလုံးနှင့်သက်ဆိုင်သည့် အမြင့်ဆုံးအာဏာကို နည်းနိုင်သမျှ နည်းအောင်ကန့်သတ်ပြီး အားလုံးကိုယ်စားပြုသည့် ဗဟိုချုပ်ကိုင်မှုကျင့်သုံးလာကြသည်။ ဒေသတခုချင်းစီ အခွင့်အရေး၊ လူတစုချင်းစီ အခွင့်အရေး၊ လူတဦးချင်းစီ အခွင့်အရေးကို ကာကွယ်နိုင်သမျှ မြှင့်တင်နိုင်သမျှ ကာကွယ်မြှင့်တင်လာကြသည်။ ထိုကဲ့သို့သောနိုင်ငံများသည် ပြည်တွင်းစစ်ဘေးဒဏ် ဗလာနတ္တိ။ လူမျိုးရေးပဋိပက္ခမရှိ။ လူ့အဖွဲ့အစည်းအတွင်း အကြမ်းဖက်မှုပြဿနာနည်းပါးပြီး တိုင်းပြည် နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

၁၇၇၆ တွင် နိုင်ငံအဖြစ်ပေါ်ထွန်းလာသည့် အမေရိကန်ပြည်ထောင်စုသည် ၁၃ ပြည်နယ်အစပြုပြီး ယနေ့ခေတ်ကာလတွင် ပြည်နယ် ၅၀ ကျော်ဖြင့်ဖွဲ့စည်းထားသည့် အမေရိကန်ပြည်ထောင်စုဖြစ်လာသည်။ ၂၀ ရာစုနှစ်တွင် ထိန်းချုပ်ကန့်သတ်မှုများရုပ်သိမ်းပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရ နိုင်ငံငယ်မြောက်များစွာ ထွက်ပေါ်လာသော ဥရောပနိုင်ငံငယ်လေးများသည် အမြင့်ဆုံးအာဏာကို နည်းနိုင်သမျှနည်းအောင် ကန့်သတ်ပြီး အားလုံးလွှမ်းခြုံသည့် ဥရောပသမဂ္ဂ (EU) ကိုအားကောင်းစွာ ထူထောင်လာကြသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်လာကြသည်။

ပင်လယ်နက် ဘော်လ်ကန်ဒေသတွင် လူမျိုးစုပြဿနာ၊ နယ်မြေပြဿနာများကိုအကြောင်းပြုပြီး ဗဟို ထိန်းချုပ်မှုစနစ်ဖြင့် အင်အားသုံးအကြမ်းဖက်ဖြေရှင်းခဲ့ကြသည်။ ဆယ်စုနှစ်ကြာပြည်တွင်းစစ် တိုက်ပွဲများတွင် လူမျိုးစုပေါင်းများစွာ ကျဆုံးခဲ့ကြသည်။ တိုင်းပြည်ဘဏ္ဍာများကို အချင်းချင်းသတ်ဖြတ်ရာတွင် လွှဲမှားစွာ အသုံးပြုပြီး ပြဿနာဖြေရှင်းရန် ကြိုးပမ်းခဲ့ကြသည်။ နောက်ဆုံးတွင် ဗဟိုချုပ်ကိုင်မှုကိုဖြိုချပြီး လွတ်လပ်သော နိုင်ငံနယ်မြေများ အဖြစ်ရပ်တည်နိုင်သည့်နည်းလမ်းဖြင့်အဖြေရှာရာ အားလုံးငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး အသီးအပွင့်ကို ခံစားခွင့်ရလာကြသည်။ ထိုကဲ့သို့ပေါ်ပေါက်လာသည့် ခရိုအေးရှား၊ ဘော့စနီးယား၊ ဆာ့ဗ်ဗီးယား၊ ရိုမေနီးယား၊ အယ်ဘေးနီးယား၊ မက်ဆီဒိုးနီးယား အစရှိသည့် နိုင်ငံငယ်များသည် စီးပွားရေးအင်အားတောင့်တင်း လာပြီး အားလုံးစုဆုံသည့် ဥရောပသမဂ္ဂတွင် ချစ်ကြည်စွာပြန်လည်ပေါင်းစည်း လာကြသည်။

ဗုဒ္ဓဘာသာထွန်းကားသည့် အာရှဒေသသည် ဥရောပ၏ နိုင်ငံရေးယဉ်ကျေးမှုကို လိုက်မမီပါ။ အာရှတန်ဖိုး ဘမ်းပြပြီး လူမျိုးတမျိုး၊ လူတစုက ရှိသမျှအာဏာကိုထိန်းချုပ်လိုကြသည်။ ထွက်သမျှ သယံဇာတကို မောင်ပိုင်စီးချင်ကြသည်။ သို့သော် ထိုအာဏာရှင်များကို ၂၁ ရာစုလူသားများက လက်မခံနိုင် တော့ပါ။ လူတစုပိုင် အာဏာရှင်များ တဖြုတ်ဖြုတ် ပျက်သုန်းလာပြီ။ အမည်ခံ အာဏာရှင်များအတွက် အုပ်ချုပ်ရေးအာဏာ နေရာမရှိတော့ပြီ။

သို့သော် မြန်မာပြည်တွင် အာဏာရှင်မျိုးဆက် ရေခံမြေခံများကို ဆက်လက်ထိန်းသိမ်းကာကွယ်နေဆဲ ဖြစ်သည်။ အုပ်ချုပ်ရေးအရ အာဏာရှင်အမြစ်တွယ်ထားသည်။ ဥပဒေအရ အာဏာရှင်ကို အကာကွယ် ပေးထားသည်။ စီးပွားရေးအရ အာဏာရှင်နှင့်အပေါင်းအပါကို မျက်နှာသာပေးထားသည်။ ထိုလူတစု အာဏာရှင်များ အာဏာဆက်လက်ရှိရန်အတွက် အခြားလူမျိုးစုများမှ ရေပေါ်ဆီခေါင်းဆောင်များ မွေးထုတ်ကာ အာဏာရှင်ဝေစုများ ခွဲဝေကြသည်။ မြန်မာပြည်တိုင်းရင်းသား ပြည်သူလူထုမှာ ဆင်းရဲတွင်း နက်သထက်နက်လာကြသည်။ မွဲတေသထက် မွဲတေလာကြသည်။

တိုင်းရင်းသားလူမျိုးစုံမြန်မာပြည်ထဲက ပြည်နယ်မဲ့တအာင်းလူမျိုးများ

တအန်း(ပလောင်)လူမျိုးသည် မြန်မာပြည်ထဲမှ ပြည်နယ်မဲ့ လူမျိုးတမျိုးဖြစ်သည်။ စစ်အာဏာရှင် ဖိနှိပ်မှု၊ လူမျိုးရေးအရ ခွဲခြားဖိနှိပ်ခံရမှု၊ ပြည်တွင်းစစ်ဘေးဒါဏ်နှင့် ခေတ်ပေါ်အာဏာရှင်များဖန်တီးသည့် မူးယစ်ဆေးဝါး ဒါဏ်တို့ကြောင့် ဘက်စုံ ဖွံ့ဖြိုးမှုနောက်ကျ အောက်ကျလျှက်ရှိသည်။ နိုင်ငံရေးသမား၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အဆက်ဆက် ပေါ်ထွန်းခဲ့သော်လည်း ရည်မှန်းချက်ပန်းတိုင်ကို မရောက်နိုင် သေးချေ။ နိုင်ငံရေးအသိ၊ တော်လှန်ရေးသတိ အားနည်းမှုကြောင့် အာဏာရှင်များ၏အကြိမ်ကြိမ်အခါခါ လှည့်ဖြားမှုကို ခံနေရဆဲဖြစ်သည်။

ပင်လုံညီလာခံအပါအ၀င် မြန်မာပြည်လွတ်လပ်ရေးအစပြုကြိုးပမ်းမှုကာလတွင် တအန်းလူမျိုး ခေါင်းဆောင် တောင်ပိုင်စော်ဘွားကြီး ခွန်ပန်းစိန်မှာ ဆုံးဖြတ်ချက်ချမှတ်သည့် ဦးဆောင်မှုအပိုင်းတွင် ပါဝင်ခဲ့သော်လည်း တအန်းလူမျိုးအားလုံးအတွက် လက်တွေ့ကျသည့် ဦးဆောင်မှုမပေးနိုင်ခဲ့ချေ၊ အခွင့်ထူးခံ စော်ဘွားမျိုးနွယ်တို့သည် နမ့်ဆန်၊ နမ္မတူတခွင် တောင်ပိုင်နယ်ခပ်ကျဉ်းကျဉ်းကိုသာ အာဏာယစ်မူးခဲ့ပြီး အဖိနှိပ်ခံကျန်တအန်းမျိုးနွယ်နှင့် တအန်းဒေသများကို လစ်လျှူရှူခဲ့သည်။ အသိနည်းခဲ့ကြသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တို့ပေါ်ထွန်း လာသော်လည်း တအန်းလူမျိုးတို့၏နိုင်ငံရေးမှာ ပြည်တွင်းစစ်မီးကြားက ပါလီမန်ဒီမိုကရေစီလက်ထက်တွင် လူမသိသူမသိ နိမ့်ပါးခဲ့ကြသည်။ ပါလီမန် လွှတ်တော်တွင်း ကြိုးပမ်းမှုများမှာ လူမျိုးရေးအမြင်ကွဲပြားမှုကြောင့် အရာမရောက်ခဲ့ချေ။

ပါလီမန်လွှတ်တော်အတွင်း နိုင်ငံရေးနည်းလမ်းအရ နိုင်ငံရေးတိုက်ပွဲနွှဲရန် လမ်းစပိတ်သွားသည့် စစ်အာဏာသိမ်းလိုက်သော ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးများ ပိုမိုပေါ်ပေါက်လာခဲ့သည်။ ရှမ်း၊ ကချင် တော်လှန်ရေးအဖွဲ့များနှင့်အတူ တအန်းလူမျိုးကိုယ်စားပြု PSLO မှ PSLA တအန်းတပ်မတော် ပေါ်ပေါက်ခဲ့သော်လည်း တအန်းလူထုအားလုံးကို စည်းရုံးနိုင်ရန်အားနည်းခဲ့သည်။

လူမျိုးစုအမျိုးသားရေးဝါဒနှင့် ကွန်မြူနစ်ဝါဒတို့အကြား သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားလူမျိုးများ အချင်းချင်း လက်နက်ကိုင်ပဋိပက္ခတို့တွင် တအန်းလူငယ်များ အသက်စတေးခဲ့ကြရသည်။ ကွန်မြူနစ် ပါတီအတွက် တအန်းအမျိုးသား ရာထောင်ချီကျဆုံးခဲ့ကြရသည်။ ရှမ်းပြည်နယ်အမည်ခံ ရှမ်းအမျိုးသား တော်လှန်ရေးအတွက် တအန်းလူငယ် ရာထောင်ချီ အသက်ပေးခဲ့ကြရသည်။ ကချင်အမျိုးသား တော်လှန်ရေးအတွက် တအန်းလူငယ် မြောက်များစွာ အသက်ရင်းခဲ့ကြရသည်။

ယခုလည်း ရှမ်းအမျိုးသားတော်လှန်ရေး၊ ကချင်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်းများတွင် တအန်းအမျိုးသား ဦးရေထောင်ဂဏာန်းမက တာဝန်ထမ်းဆောင်လျှက်ရှိသည်။ အသက်အိုးအိမ်၊ သွေးချွေးပေးဆပ် နေကြရသည်။ ဘ၀တူ တိုင်းရင်းသားများလွတ်မြောက်ရေးအတွက် တအန်းလူမျိုးတို့ အသက်ပေးဆပ်ကြရသည်။

ပို၍ရင်နင့်ဖွယ်ကောင်းသည်မှာ တိုင်းရင်းသားလူမျိုးများကိုသတ်ဖြတ်ချေမှုန်းနေသည့် မြန်မာ့ တပ်မတော်နှင့် လူသားများကို အသံတိတ်သတ်ဖြတ်နေသည့် မူးယစ်ဆေးဝါးထုတ်လုပ်သော မြန်မာစစ်တပ် လက်အောက်ခံ ပြည်သူ့စစ်များတွင် တအန်းလူငယ် ရာထောင်ချီပါဝင်နေရခြင်းပင်ဖြစ်သည်။ အိမ်ကြက် အချင်းချင်း အိုးမဲသုတ် ခွပ်ခိုင်းသည့် မြန်မာ့နိုင်ငံရေးယဉ်ကျေးမှုအောက်တွင် တအန်းလူမျိုးများ အလုံးအရင်းလိုက် နစ်နာဆုံးရှူံး သေကြေပျက်ဆီးကြရသည်။

ရှမ်းပြည်ရှိ မြန်မာအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတိုင်းတွင် တအန်းလူမျိုးများ သဘောဆန္ဒအလျှောက် သို့တည်းမဟုတ် အတင်းအဓမ္မပါဝင်ကြရသည်။ ရှေ့ထွက်အသေခံကြရသည်။ သို့သော် မည်သည့်အဖွဲ့အစည်းတွင်မှ တအန်းလူမျိုးဦးဆောင်မှုအပိုင်း တာဝန်ပေးသည်ကိုမတွေ့ရှိရပေ။ ရှိခဲ့လျှင်လည်း အလွန်နည်းပါးသည်။ လက်နက်ကိုင်သည့် တအန်းလူမျိုးအားလုံးကို တဖွဲ့တည်းစုစည်း လိုက်ပါက အင်အား ငါးထောင်-တသောင်းကြား ရှိပေလိမ့်မည်။

တအန်းအမျိုးသားလွတ်မြောက်ရေး ရှေ့ဆောင်ပါတီ ပီအက်အယ်အေ ၂၀၀၅ ခုနှစ်တွင် လက်နက်ဖြုတ်သိမ်း ခံရပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအရ နမ့်ဆန်၊ မန်တုံနှစ်မြို့နယ်ဖြင့်ဖွဲ့စည်းထားသည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဟန်ပြအုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၁၀ တွင် ပေါ်ပေါက်လာသည့် တအန်းအမျိုးသားပါတီသည် မိမိတို့လူထု၏ သဘောဆန္ဒကို သေချာစမ်းစစ်ပြီး ဆောင်ရွက်ခြင်းမပြုဘဲ ကြံ့ခိုင်ရေးပါတီနှင့် နားလည်မှုယူကာ လူထုဆန္ဒမဲ မပါဘဲ လွှတ်တော် အမတ်နေရာကို ခွဲဝေမျှယူခဲ့ကြသည်။ အတုအယောင် ပြည်ထောင်စုလွှတ်တော်နှင့် အတုအယောင် လွှတ်တော် ကိုယ်စားလှယ်များ အတင်းအဓမ္မ ရွှေရည်စိမ်ပြီး ရွှေရောင်လွှမ်းခဲ့ကြသည်။

နမ့်ဆန်၊ မန်တုံ ဟူ၍ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြင့် ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်နှင့်အခြားမြို့နယ်များရှိ တအန်းလူမျိုးများနှင့် အတုအယောင်အုပ်ချုပ်ခွင့်ရဒေသ တအန်းလူမျိုးအကြား သပ်လျှိုသွေးခွဲမှုပင်ဖြစ်သည်။ ထိုသမိုင်းကို တုံးတိတိရေးဝံ့သည့်အာဏာရှင်များက ရေးခဲ့ကြပြီး၊ ရိုးအသည့် တအန်းခေါင်းဆောင်အချို့ကလည်း အခြေအနေအမျိုးမျိုးကြောင့် အရေးခံခဲ့ကြသည်။ ယင်းကို တအန်းမျိုးဆက်သစ်တို့က လက်မခံနိုင်ပါ။

သို့သော်လည်း မြန်မာစစ်အုပ်စုတို့ပြုလုပ်သည့် အမျိုးသားညီလာခံတွင် ၁၃ မြို့နယ်ပါ တအန်းဒေသ ပေါ်ထွန်းရေးအတွက် PSLA တအာင်းတပ်မတော် တင်ပြခဲ့သည်။ တာဝန်ကျေခဲ့သည်။ တောင်းခဲ့သည်။ သို့သော် မရခဲ့ပါ။

တအန်းမျိုးဆက်သစ်တို့အတွက် တော်လှန်ရေးစိန်ခေါ်မှုများ
မျိုးဆက်သစ် တအန်းတော်လှန်ရေးအဖွဲ့အစည်းနှင့်လူငယ်အမျိုးသမီးများ အမျိုးသားရေးအတွက် ဆောင်ရွက်သည့်အချိန်တွင် မြန်မာအပါအ၀င် တိုင်းရင်းသားအဖွဲ့အစည်းအများစုက တအန်းလူမျိုးကို လူမျိုးစုငယ်အဖြစ်သာ သတ်မှတ်ကြသည်။ ရှမ်းလူမျိုး၏ ရှမ်းမျိုးနွယ်စု ၃၃ ခုအောက်တွင် အတင်းသွတ်သွင်း ကြသည်။ တအန်းလူမျိုးလူဦးရေ ၁ သန်းကျော်ဟု ပြောလျှင် မယုံသင်္ကာ အကြည့်ဖြင့် မျက်မှောင်ကုတ်ကြ သည်။ အာဏာရှင်စနစ် ဦးစားပေးတိုက်ဖျက်ရေးအတွက် လူမျိုးစုငယ်ကိစ္စ မဖွင့်ဟရန် ဟန့်တားကြသည်။ တိုင်းရင်းသားညီညွတ်ရေးအတွက် တအန်းအရေးမဆိုရန် ပိတ်ပင်ကြသည်။

သို့ဆိုလျှင် တအန်းအရေးကို မည်သည့်အချိန်တွင် လက်ခံဆွေးနွေးကြမည်နည်း။ တိုင်းရင်းသား တန်းတူညီမျှရေးသည် လူမျိုးကြီးဟုဆိုသော အဓိကလူမျိုးကြီး (၈) မျိုးအတွက် တန်းတူညီမျှရေးလော။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးသည် တအန်း ကဲ့သို့သော လူမျိုးတို့နှင့် မထိုက်တန်ဟု သတ်မှတ်ယူဆ ကြလျှင် သင့်လျှော်မျှတမှုရှိနိုင်ပါအုံးမည်လော။ သို့ဆိုလျှင် မြန်မာပြည်၏ ပြည်တွင်းစစ်မီးလျှံသည် အဘယ်မှာငြိမ်းသတ်နိုင်ပါမည်နည်း။

တအန်း(ပလောင်)လူမျိုးတို့သည် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟူ၍မပေါ်ပေါက်မီကတည်းကပင် မြန်မာနိုင်ငံ အပါအ၀င် အင်ဒိုးချိုင်းနား ကျွန်းဆွယ်ဒေသတွင် မွန်-ခမာ အနွယ်ဝင် မွန်၊ ခမာ၊ ၀ လူမျိုးတို့နှင့် အတူအခြေချ နေထိုင်ခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်ကျော်ကတည်းက ဤနေရာဒေသသို့ ရေကြည်ရာမြက်နုရာ ရွေ့ပြောင်းနေထိုင်လာခဲ့ကြပါသည်။ ရိုးသားပြီး အေးချမ်းသည့် လူနေမှုဘ၀ကို ခုံမင်မြတ်နိုးသည့် တအန်းလူမျိုးတို့သည် အခြားလူမျိုးများကျူးကျော်ရန်မူလာပါက ပြန်လည်တုန့်ပြန်ခြင်း မပြုဘဲ အဝေးတနေရာသို့သာ ပြောင်းရွေ့အခြေချခဲ့ကြသည်။

မှတ်တမ်းမှတ်ရာမဲ့ ဖွဲ့စည်းတည်ထောင်အုပ်ချုပ်လာခဲ့သော တအန်းဘုရင်၊ စော်ဘွားအဆက်ဆက် အကြောင်းကို ညအိပ်ယာဝင်ပုံပြင်သဖွယ် ဘိုးဘွားလူကြီးများက ပြောပြခဲ့ကြသည်။ မျိုးချစ်ခေါင်းဆောင်များ က တအန်းသမိုင်းများကို ရှာဖွေတူးဖော်ပြီး ပုံပြင်ဒဏ္ဍာရီသဖွယ် မှတ်တမ်းပြုခဲ့ကြသည်။ တဖက်တွင်လည်း ကျန်ရှိသည့်မှတ်တမ်းမှတ်ရာများကို လူမျိုးကြီးအုပ်စိုးသူတို့က အမြစ်ပြတ်ဖျောက်ဖျက်ပစ် ရန်ကြိုးပမ်း လုပ်ဆောင်ခဲ့ကြသည်။ ပညာရေး နိမ့်ကျသဖြင့် မိမိလူမျိုးမှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းရန် ပျက်ကွက်ခဲ့ကြသည်။

သို့သော် တအန်းလူမျိုးကား ပျောက်ကွယ်မသွားဘဲ ကံကောင်းထောက်မစွာဖြင့် ကျန်ရှိနေသေး သည်။ ပလောင်၊ ပလေး၊ ယင်းနက်၊ ရိန်း(ခ)ယင်းကျား၊ လွယ်၊ တိုင်းလွယ်၊ လွယ်လ၊ ရအန်း၊ အဲန်း စသဖြင့် ပုံစံအမျိုးမျိုး ရပ်တည်နေလျှက်ရှိသည်။ မူဆယ်၊ နမ့်ခမ်း၊။ ကွတ်ခိုင်၊ လောက်ကိုင်၊ ကွမ်းလုံ၊ သိန္နီ၊ လားရှိုး၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ တန့်ယန်း၊ မိုင်းရယ်၊ ကျေးသီး၊ မိုင်းကိုင်၊ မိုင်းလား၊ ကျိုင်းတုံ၊ တာချီလိတ်၊ ကွန်ဟိန်း၊ ကလော၊ ယင်းတယ၊ ရပ်စောက်၊ နမ့်စန်၊ ရွာငံ အစရှိသည့် ရှမ်းပြည်နယ် အနှံ့အပြားရှိမြို့နယ်များတွင် တအန်းလူမျိုးများနေထိုင်ကြသည်။ အမြင့်ပေ ၃၀၀၀ အထက်တွင် ရှိသော ရှမ်းပြည်၏ တောင်တန်းကုန်းမြင့်အများစုမှာ တအန်းလူမျိုးများအခြေစိုက်သည့် ကျေးလက်တောင်တန်းများ ဖြစ်သည်။

ထိုပြင် မျိုးဆက်သစ်တို့အတွက် တော်လှန်ရေးစိန်ခေါ်မှု အသစ်တရပ်မှာလည်းကြီးမားစွာ တည်ရှိ နေသည်။ ဟန်ပြပြုပြင် ပြောင်းလဲမှုအောက်တွင် ̏ တိုင်းရင်းသားလူမျိုးများကို ဒေသဖွံ့ဖြိုးရေးလုပ်ပေးလိုက်၊ စီးပွားရေး ကောင်းအောင်လုပ်ပေးလိုက်၊ စာပေ၊ ယဉ်ကျေးမှုအလိုက်သင့်ခွင့်ပြုအားပေးလိုက်၊ ဒါဆိုရင် ဘာလက်နက်ကိုင်တော်လှန်ရေးမှ သူတို့လုပ်မှာမဟုတ်ဘူး˝ ဟူသော ရှည်ကြာသည့်တော်လှန်ရေးကို ဒေသဖွံ့ဖြိုးရေးဖြင့် အစားထိုးရန်ကြိုးပမ်းမှုဖြစ်သည်။

တရုတ်နိုင်ငံတွင် ထိုပေါ်လစီအောင်မြင်သည်ဟု ကောက်ချက်ချနိုင်သည်။ တရုတ်နိုင်ငံရှိ တအန်း၊ ကချင်၊ ရှမ်း အပါဝင်အခြားလူမျိုးစုငယ်များကို ဒေသဖွံ့ဖြိုးရေးနှင့်အခြားအထူးအခွင့်အရေးများပေးရန် တရုတ်ကွန်မြူနစ်ပါတီမှ ဆုံးဖြတ်ချက်ချမှတ်အကောင်အထည်ဖော်ခဲ့သည်။ တရုတ်ပြည်ရှိ လူမျိုးစုငယ် ပေါင်းများစွာ ဖွံ့ဖြိုးမှုအရသာ၊ လုပ်ပိုင်ခွင့်များကို ခံစားစေခဲ့သည်။ အစိုးရ၀န်ထမ်းများရွေးချယ်ရာတွင် တရုတ်လူမျိုးထက် ကျန်တိုင်းရင်းသား လူမျိုးများကို အခွင့်ထူးခံပေးထားသည်။ ပညာတတ်သူ၊ ထက်မြက်သူ အများစုမှာ တရုတ်အစိုးရလက်အောက်ခံ ၀န်ထမ်းများဖြစ်ကြသည်။ လူနေမှု အဆင့်မြင့်ကြသည်။

ယခုလည်း  ̏တရုတ်ကိုလည်း ကြောက်ရပါတယ်˝ ဟုဆိုသည့် မြန်မာပြည်ငြိမ်ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီခေါင်းဆောင်တဦးဖြစ်သည့် ဦးအောင်မင်းကိုယ်တိုင် ̏ တိုင်းရင်းသားတွေကို ဒေသဖွံ့ဖြိုးရေး လုပ်ပေးလိုက်ရင် စီးပွားရေးကောင်းရင် ဘယ်သူမှ လက်နက်ကိုင်တော်လှန်ရေးလုပ်မှာ မဟုတ်ဘူး။ လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်နဲ့အဖွဲ့တွေကို တိုက်တလုံး၊ ကားတစီးပေးဖို့အတွက် ငြိမ်းချမ်းရေး ဘတ်ဂျတ်အများကြီးလိုတယ်˝ ဟု လူသိရှင်ကြားပြောကြားခဲ့သည်။ တချို့တိုင်းရင်းသား အဖွဲ့အစည်းများ သည် အခြေအနေအရထိုဖွံ့ဖြိုးရေးစီမံချက်နောက် လိုက်ပါသွားသည်ကိုလည်း တွေ့မြင်ကြားခဲ့ရပါသည်။

သို့သော် ဒေသဖွံ့ဖြိုးရေးသည် လက်နက်ကိုင်တော်လှန်ရေးဆောင်ရွက်ရခြင်း၏ တခုတည်းသော အကြောင်းရင်းခံ မဟုတ်ပါ၊ ထိုကဲ့သို့ ဒေသဖွံ့ဖြိုးရေးတခုတည်းဆောင်ရွက်ခြင်းဖြင့် လက်နက်ကိုင် တော်လှန်ရေးကို အဆုံးမသတ်နိုင်ပါ။ ပြည်တွင်းစစ် မရပ်စဲနိုင်ပါ။ အခိုက်အတန့်ဖြေရှင်းမှုသာဖြစ်သည်။ အရင်းခံ နိုင်ငံရေးပြဿနာကို မရှင်းနိုင်ပါ။

တရုတ်ပြည်၏ တိုင်းရင်းသားလူမျိုးငယ်များအတွက် ဒေသဖွံ့ဖြိုးရေးနှင့်အခြားအထူးအခွင့်အရေး ပေါ်လစီ နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလတွင် အစိုးရ၀န်ထမ်းဖြစ်သွားသည့်တိုင်းရင်းသားများမှာ တရုတ်လူမျိုး နှင့် လက်ထပ်သူကော၊ မိမိလူမျိုးချင်း လက်ထပ်သူပါ မိမိတို့၏ဘာသာစကားကို မပြောတော့ပါ။ မွေးဖွား လာသည့် သားသမီးများမှာ တရုတ်ဖြစ်သွားကြသည်။ တရုတ်အစိုးရက သက်ဆိုင်ရာ ယဉ်ကျေးမှုပွဲတော် ကျင်းပရန်၊ အဆောက်အအုံဆောက်လုပ်ရန်၊ စာပေယဉ်ကျေးမှုအဖွဲ့ ဖွဲ့စည်းလှုပ်ရှားရန် ဘတ်ဂျတ်များ ထုတ်ပေးသော်လည်း ရုပ်ပိုင်းဆောင်ရွက်ချက်များသာတွေ့ရသည်။ စိတ်ဓါတ်ပိုင်းဆိုင်ရာ တိုးတက်မှုက အားရဖွယ်ရာမရှိပါ။ တအန်းရိုးရာ ၀တ်စုံဝတ်ထားသော်လည်း တအန်းစကား မပြောတတ်တော့ပါ။

နိုင်ငံရေးလုပ်ပိုင်ခွင့်မပါသည့် ဒေသဖွံ့ဖြိုးရေးနောက်ဆက်တွဲအဖြစ် နိုင်ငံတော်ဆိုသည့်အဖွဲ့အစည်း နှင့် ပူးပေါင်းလုပ်စားနိုင်သည့် စီးပွားရေးလုပ်ငန်းရှင်ခရိုနီများ၏ ကြီးစိုးမှုဒါဏ်ကိုခံစားနေကြရသည်။ လယ်ယာမြေများ၊ သဘာဝတောတောင်များ သိမ်းဆည်းခံရခြင်း၊ အတင်းဝယ်ယူခံရခြင်းတို့ကြောင့် စိုက်ပျိုး လုပ်ကိုင်မည့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများပါ ပျက်ကြရသည်။ အစိုးရပိုင်းတွင် တာဝန်ထမ်းဆောင် သည့် တိုင်းရင်းသား လူကြီးများလည်း မကယ်နိုင်ပါ။ ရာစုနှစ်ဝက်အတွင်း မျိုးဆက်တဆက်၊ နှစ်ဆက် ဖြတ်သန်းယုံမျှဖြင့် တိုင်းရင်းသား လူမျိုးများကို သမိုင်းပြတိုက်နှင့် ယဉ်ကျေးမှုအလှအကများကြားတွင် ထားရစ်နိုင်ခဲ့ကြသည်။ နောက်မျိုးဆက်များမှာ တရုတ်လူမျိုး ဖြစ်သွားကြပါပြီ။
ထိုကဲ့သို့သောနည်းလမ်းများဖြင့် လူမျိုးသုဉ်းမည့်အန္တရာယ်မျိုးကြား မိမိတို့ တအန်းမျိုးဆက်သစ် အရောက်မခံနိုင်ပါ။

ထို့ကြောင့် မျိုးဆက်သစ် တအန်းတော်လှန်ရေးအဖွဲ့အစည်းနှင့်လူငယ်အမျိုးသမီးများသည်
(က) တအန်းအမျိုးသားသွေးစည်းညီညွတ်မှုကို အမြန်တည်ဆောက်ရမည်။
(ခ) တအန်းသမိုင်းအမှန်များကို ဖော်ထုတ်ပြုစုရမည်။ ပြန့်ပွားရမည်။
(ဂ) တအန်းလူမျိုးတို့အတွက် သင့်တင့်သည့်နယ်မြေဒေသဖြင့် ပြည်နယ်သစ်ဖော်ဆောင်ကြရမည်။
(ဃ) တအန်းလူမျိုးကို ကာကွယ်ရှေ့ဆောင်မည့် နိုင်ငံရေးအဖွဲ့အစည်းတရပ် အခိုင်အမာတည်ဆောက်ရမည်။
(င) တအန်းလူမျိုးတိုင်း ဖိနှိပ်မှုမှန်သမျှကို ရဲရဲဝံ့ဝံ့တော်လှန်တိုက်ခိုက်ဝံ့သည့် မျိုးချစ်စိတ်များ ပြုစုမွေးမြူရမည်။

တအန်းမျိုးဆက်သစ်တိုင်း ခေတ်သစ်တအန်းသမိုင်းကို အောင်မြင်စွာ ထုဆစ်မှတ်တမ်းပြုနိုင်ရန် အတွက် တအန်းလူမျိုးကိုကာကွယ်မည့် အကျိုးပြုမည့် လက်တွေ့လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်။

ဤကဲ့သိုသော တအန်းလူမျိုးအတွက် မွန်မြတ်သည့်ရည်မှန်းချက်များချမှတ်ပြီး လက်တွေ့လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်နိုင်ရန်အတွက်နှင့် မှန်ကန်သည့် သတင်း အချက်အလက်များ ရရှိကိုးကားအသုံးပြုနိုင်ရန်အတွက် သုတေသနစာတမ်းများ၊ အစီရင်ခံစာများ၊ သတင်းအချက်အလက်များ များစွာလိုအပ်သည်။ မိဘဘိုးဘွားများ ပြောဆိုခဲ့သည့် ညအိပ်ပုံပြင်ဒဏ္ဍာရီများကို လက်တွေ့အရှိတရားအပေါ် အခြေခံကာ အသေအချာရှာဖွေလေ့လာစူးစမ်းခွဲခြမ်းစိတ်ဖြာပြီး တိကျခိုင်မာ သည့် အချက်အလက်များ၊ သက်သေသာဓကများ၊ ခုနှစ်သက္ကရာဇ်များ ဖော်ထုတ်ကြရပါမည်။ မှတ်တမ်းပြု ကြရမည်။ ပြီးလျှင် လက်တွေ့ အခြေအနေနှင့် ပေါင်းစပ်ကြ ရပါမည်။ မိမိတို့၏ တအန်းလူမျိုးသမိုင်းအမှန်ကို မိမိတို့ တအန်းလူမျိုးကိုယ်တိုင် ရေးသားထုဆစ်ကြရပါမည်။

သို့မှသာ တအန်းမျိုးဆက်သစ်များ တော်လှန်ရေးစိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်လွှားဖြတ်သန်း နိုင်မည်။ တအန်းတော်လှန်ရေး ဦးတည်ရည်မှန်းချက်များ ပြည့်စုံအောင်မြင်စွာရရှိနိုင်မည်ဖြစ်ပါသည်။

̏ဘ်ုပ်ဘိုန် ကုင်တအာင်း … ကုင်တအာင်း ဘ်ုပ်ဘိုန်˝

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F
တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် T.N.L.A

(တအာင်းတပ်မတော် ဗဟိုဌာနချုပ်မှ စိမ်းလန်းစိုပြေ တအန်းဌာနေ - တအန်းလူမျိုးများအခြေချနေထိုင်ရာ ဌာနေဒေသများ စာအုပ်ကို မကြာမီထုတ်ဝေဖြန့်ချီပါတော့မည်။ စာအုပ်အဖွင့်လွှာကို တအာင်းအားလုံး ဖတ်ရှုခံစားပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွက် စွမ်းနိုင်သည့်ဖက်မှ ပါဝင်နိုင်ရန် မျှဝေ လိုက်ပါသည်။ ဖတ်ရှုပြီး ထွက်ပေါ်လာသည့် တန်ဖိုးရှိသည့် အကြံပြုချက်များ အမြင်များ အားလုံးကို စောင့်မျှော်ကြိုဆိုနေပါမည်။) 

သတင်းရင်းမြစ် - Zaw(FB)စာမျက်နှာမှ

0 comments: